အပိုင်း ၈၅
Viewers 18k

Chapter 85


သိမ်မွေ့တဲ့စွမ်းအင်ဆိုတော့ ... ဟိုရွှေရောင်စွမ်းအင်ခဲကြောင့်များလား ... 


"အခုပြောနေတာတွေက တကယ်ပဲလား ..." 


ကျောက်လင်းယွီက အထဲသို့ ခပ်သွက်သွက်ဝင်လာကာ မျက်မှောင်တို့ကို စုကြုတ်ရင်း မေးလိုက်သည်။ 


"ဟုတ်တယ် ..." 


ရှန်းချိုးရှစ်က ပြန်ဖြေလိုက်သည်။ 


"ဒီဟာကြောင့်များလား ..." 


သူက အနည်းငယ် စဉ်းစားပြီးနောက် သူမလက်မောင်းထဲရှိ ဥကို ယူကာ ရွှေရောင်စွမ်းအင်ခဲတစ်ပိုင်းကို ပေးလိုက်သည်။ 


"ဒီကျောက်တုံးဆီကနေ ဘာကိုမှ ထူးထူးဆန်းဆန်း မခံစားမိပါဘူး ..." 


သူမက စွမ်းအင်ခဲကို ယူလိုက်သော်ငြား အစောပိုင်းကကဲ့သို့ မခံစားမိပေ။ 


"အမေ့ရဲ့ စွမ်းရည်နဲ့ စမ်းကြည့်ပါလား ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


"ကောင်းပြီလေ ..." 


သူမက ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက်တွင်တော့ အံ့အားသင့်နေသည့် အမူအယာတစ်ခု ထွက်ပေါ်လာတော့သည်။ 


"ဒီကျောက်တုံးထဲက စွမ်းအင်တွေကို စွမ်းရည်ပိုင်ရှင်က စုပ်ယူလို့ ရတယ် ..." 


သူမ၏ စွမ်းရည်ကို အသုံးပြုပြီးလေတိုင်း ပြန်လည်ကာ ကုစားခဲ့ရသော်ငြား ယခုမူ ဤစွမ်းအင်ခဲထဲရှိ စွမ်းအင်ကို စုပ်ယူနိုင်နေသည်။ 


ဒီစွမ်းအင်ခဲက ရမ်ရှန့် လိုအပ်တဲ့အရာလို့ပဲ တွေးခဲ့ပေမယ့် တကယ်လိုတာက ရမ်ရှန့်မဟုတ်ဘဲ သူ့ကလေးတွေ ဖြစ်နေတာပဲ ... 


သူ့ကလေးတွေမှာ ရမ်ရှန့်၏ သွေးတွေလည်း တစ်ဝက်ပါနေတော့ စိတ်စွမ်းအင်လိုအပ်တယ်ဆိုတာက ပုံမှန်ပါပဲ ဒါပေမယ့် ဘာလို့များ ဒီလို စွမ်းအင်ခဲကိုပါ လိုအပ်ရတာလဲ ... 


ယမန်နေ့ညက ထိုပုံဆောင်ခဲမှာ စွမ်းရည်ပိုင်ရှင်များနှင့် ဆက်နွယ်နေရမည်ဟုသာ ကောက်ချက်ချခဲ့သော်ငြား ယခုမူ လုံးဝ ကျိန်းသေသွားပြီဖြစ်သည်။ 


ရမ်ရှန့်က စွမ်းရည်ပိုင်ရှင် မဟုတ်ဘူး သူ့စွမ်းရည်ကလည်း အလုပ်မလုပ်တော့ဘူးဆိုတော့ သူတို့နှစ်ယောက်အတွက် ဒီစွမ်းအင်သတ္ထုရိုင်းတွေက အသုံးမဝင်ဘူး ဒါပေမယ့် ရှန်းချိုးရှစ်နဲ့ တစ်ခြားသူတွေအတွက်တော့ အသုံးဝင်နေတယ် ... 


ကိုယ့်စွမ်းရည်ကို အရင်ဆုံး ထုတ်မပြမချင်းတော့ ဒီပုံဆောင်ခဲက ဘာမှ ထူးခြားလာမှာ မဟုတ်ဘူးပေါ့ ဖုန့်ခဲ့ရှင်းနဲ့ တစ်ခြားသူတွေ ဥကို ကိုင်လိုက်ရုံနဲ့ သက်တောင့်သက်သာ ဖြစ်တယ်ဆိုတာကလည်း သူ့ကလေးတွေ စုပ်ယူထားတဲ့ စွမ်းအင်တွ​ကေနေ အနည်းအကျဉ်း လွင့်ထွက်လာလို့ပဲ ဖြစ်ရမယ် ... 


ကြယ်ဓားပြတွေက ဒါကို ငမ်းငမ်းတက်လိုချင်နေတာ မထူးဆန်းတော့ပါဘူး ဒီကျောက်တုံးက သူ့ကလေးတွေကို ဘာတွေများ ပြောင်းလဲသွားစေမလဲဆိုတာကိုတော့ မသိသေးဘူးပေါ့ ... 


ထို့နောက် ကျောက်လင်းယွီသည် သူအပြင်ဘက်သို့ ထွက်လာပြီးနောက် ကြုံတွေ့ခဲ့ရသည်ကို အမှတ်ရလိုက်သည်။ 


အပြင်ဘက်သို့ ထွက်သွားသည်မှာ မကြာမီ လက်ထပ်တော့မည် ဖြစ်ပြီး လက်ထပ်ပွဲ ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် အာဟာရဆေးတောင့်ကို ရောင်းချမည်ဖြစ်ကြောင်း ကြေငြာရန်ဖြစ်သည်။ ထို့နောက် ရမ်ရှန့်နှင့် ကလေးများထံ အမြန်ပြန်သွားမည်ဟု တွေးထားသော်ငြား မထင်မှတ်ထားစွာဖြင့် လမ်းတွင် ယွမ်ရှင်းတုန်နှင့် တွေ့ဆုံခဲ့သည်။ယွမ်ရှင်းတုန်က သူ့ကို လှမ်းခေါ်ကာ သူ့ကလေးများမှာ ဥမပေါက်သေးသည့်တိုင် စွမ်းအင်များမှာ သူမွေးဖွားစဉ်ထက်ပင် ပိုပြီး သန်မာနေသည်ဟု ပြောလာသည်။ 


ကျောက်လင်းယွီသည် မွေးကင်းစကတည်းက  ဖက်ဒရယ်တစ်ခုလုံးတွင် အကောင်းဆုံး S အဆင့် စွမ်းရည်ပိုင်ရှင်အဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။  


သူ့ကလေးတွေက သူ့ထက်တောင် သန်မာနေတယ်ဆိုတော့ ... 


အဲဒါက ဟိုစွမ်းအင်ပုံဆောင်ခဲကြောင့်များလား ...


လူသားတို့၏ စွမ်းရည်များမှာ အဆင့်မြင့်မျိုးနွယ်စုများထံမှ မျိုးရိုးဗီဇထောက်ပံ့မှု ရရှိပြီးမှသာ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် မူလစွမ်းရည်ပိုင်ရှင်များမှာ အမှန်စင်စစ်တွင် စမ်းသပ်ခံများသာ ဖြစ်သည်။ 


ထိုအချိန်က အဆင့်မြင့်မျိုးနွယ်စုမှ ထောက်ပံ့ပေးထားသည့် ဗီဇပြောင်းဆေးဝါးများ ထိုးသွင်းမှုကြောင့် လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည်။ သို့သော် အများစုမှာ အသက်ရှင်ကျန်ရစ်ခဲ့သည့်အတွက် ထိုကျန်ရစ်သူများ၏ စွမ်းရည်အပေါ် အခြေတည်ကာ စကြ၀ဠာထဲတွင် အခြေချနေထိုင်နိုင်ခဲ့ခြင်းဖြစ်သည်။ 


ကနဦးကာလများတွင် စွမ်းရည်များမှာ မတည်ငြိမ်သေးချေ။ နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ပြီးမှသာ တည်ငြိမ်လာခဲ့သည်။ သို့သော် စွမ်းရည်ပိုင်ရှင်တို့မှာတော့ တစ်ဖြည်းဖြည်း အားအင်ယုတ်လျော့လာတော့သည်။ 


ထိုမှတ်တမ်းများကို ဟန်ဆောင်ဖုံးကွယ်ထားသည့်အတွက် ကျောက်လင်းယွီလို လူမျိုးကသာ သူတို့အကြောင်း အနည်းငယ် သိရခြင်းဖြစ်သည်။ 


ကော်ဘီယန်မှာ အဆင့်မြင့်မျိုးနွယ်စုမှ ဖြစ်ရမည်ဟု ခန့်မှန်းခဲ့သော်ငြား ယခုအချိန်တွင်မူ အားလုံးကို ချိတ်ဆက်စဉ်းစားနိုင်သွားပြီဖြစ်သည်။ 


ကော်ဘီယန်က ကြယ်အမှတ် ၁၂၅၃၄ ကို ဓားပြတိုက်ချင်တာ မထူးဆန်းတော့ပါဘူး ဒီရွှေရောင်စွမ်းအင်ပုံဆောင်ခဲကြောင့်ပဲ နေမှာပေါ့ ... 


ရမ်ရှန့် ဒီကျောက်တုံးကို ယူလာတုန်းက ဘယ်သူမှ မမြင်လိုက်လို့ တော်သေးတယ် ဒါပေမယ့် ရှေ့လျှောက် သူတို့လည်း ပိုပြီး သတိထားမှ ဖြစ်တော့မယ် ... 


"ဒီစွမ်းအင်ခဲတွေက အရမ်းအရေးပါတယ် အဲဒါကြောင့် ဘယ်သူ့ကိုမှ ထုတ်ပြလို့ မရဘူး ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ ရှန်းချိုးရှစ်နှင့် မစ္စတာထန့်တို့မှာ ကိစ္စမရှိသော်ငြား ဖုန့်ခဲ့ရှင်းကိုမူ အနည်းငယ် သံသယဝင်နေဆဲဖြစ်သည်။ 


"ဒါကို လျှို့ဝှက်ထားပါ့မယ် ..." 


ဖုန့်ခဲ့ရှင်းက ပြောလိုက်သည်။ ရှန်းချိုးရှစ်နှင့် အကြီးအကဲထန့်တို့ကလည်း အာမခံလိုက်ကြသည်။ 


"ဒါကို ယူထားလိုက်ပါ ကလေးအတွက် သင့်လျော်ပါလိမ့်မယ် ..." 


သူက စွမ်းအင်ပုံဆောင်ခဲတစ်ခုကို ဖုန့်ခဲ့ရှင်းထံ ပေးလိုက်သည်။ သူ့ခန့်မှန်းချက်သာ မှန်ကန်ပါလျှင် ဤပုံဆောင်ခဲမျိုးသည် သန္ဓေသား၏ စွမ်းရည်အဆင့်အတန်းကို တိုးမြှင့်ရာတွင် အသုံးပြုခြင်း ဖြစ်ရမည်။ ယခုအချိန်တွင်တော့ သူလည်း ဂဃဏန မသိသေးချေ။ 


အနာဂတ်တွင် သူ့ကိုယ်ပိုင် သားသမီးများကိုသာမက ဖုန့်ခဲ့ရှင်း၏ ကလေးကိုပါ သတိထားပြီး စောင့်ကြည့်ရဦးမည်ဖြစ်သည်။ 


ဖုန့်ခဲ့ရှင်းက သူ့ကို ယုံကြည်သည့်အတွက် ခေါင်းငြိမ့်ပြလိုက်သည်။ 


"ကျေးဇူးတင်ပါတယ် ..." 


"အယ်လီနာက အပြင်ဘက်မှာ စောင့်နေတယ် ..." 


သူက ‌ဆက်ပြောလိုက်သည်။ 


"အခုအချိန်မှာတော့ သူ့ကို ထွက်မတွေ့နိုင်သေးဘူး ..."

85.2


သူမက ပြောလိုက်သည်။ သူမသည် ကျောက်မိသားစု၏ လျှို့ဝှက်ချက်ပေါင်းများစွာ သိနေရာ အကယ်၍ ယခုအချိန်တွင် ထွက်သွားခဲ့ပါလျှင် သူတို့က သူမကို လွယ်လွယ်ဖြင့် သွားခွင့်ပေးမည် မဟုတ်ချေ။ ထို့အပြင် ဤနေရာတွင် ဆက်နေနေခြင်းက သူ့ရင်သွေးအတွက် ပိုပြီး အကျိုးရှိပေသည်။ 


ထို့အပြင် အယ်လီနာ၏ သဘောထားကိုလည်း စမ်းသပ်‌လိုသေးသည်။ အကယ်၍ သူမမှာ ကိုယ်ဝန်ရှိနေသေးသည့်အပြင် ကျောက်မိသားစုနှင့်လည်း ဆက်ဆံရေးကောင်းမွန်နေကြောင်းသာ ဝယ်စလေမိသားစု သိသွားပါလျှင် သူတို့သည် အယ်လီနာနှင့် ပြန်ဆက်သွယ်ကြတော့မည် ဖြစ်သည်။ အယ်လီနာ၏ သားသမီးဝတ္တရား ကျေပွန်မှုအပေါ် စိတ်မကွက်သော်ငြား သူမအနေဖြင့်  ထိုမိသားစုထဲရှိ မည်သူတစ်ဦးတစ်ယောက်နှင့်မျှ မဆက်ဆံလိုသည့်အတွက် သူ့လုပ်ရပ်ကို စောင့်ကြည့်နေဦးမည် ဖြစ်သည်။ 


"နားလည်ပါပြီ ..." 


ကျောက်လင်းယွီက ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် အနွေးသေတ္တာထဲရှိ ဥများကို  နူးညံ့မှုတို့ ပြည့်နှက်

နေသော အကြည့်များဖြင့် ကြည့်ကာ အပြင် ပြန်ထွက်လာလိုက်သည်။ 


သူထွက်သွားပြီးနောက် ရမ်ရှန့်က မကျေမချမ်းဖြင့် နှာမှုတ်လိုက်သည်။ 


ကျောက်လင်းယွီက သူ့ကို စကားလေးတစ်ခွန်းတောင် ပြောမသွားဘူး ဒီ မကောင်းတဲ့ကောင်ကတော့ ... 


ထိုသို့ တွေးနေစဉ်မှာပင် သူ့လက်ထဲရှိ ဆက်သွယ်ရေးစက်မှာ အသံမြည်လာကာ ကျောက်လင်းယွီထံမှ ပေးပို့ထားသည့် စာတိုတစ်‌စောင်ကို တွေ့လိုက်ရသည်။ 


"ကိုယ် မကြာခင် ပြန်လာခဲ့မယ်နော် ..." 


"ဟမ့် ..." 


ရမ်ရှန့်က နှစ်ကြိမ်ခန့် နှာမှုတ်လိုက်သေးသော်ငြား သူ့မျက်‌နှာပေါ်ရှိ အပြုံးတို့မှာတော့ ဖုံးဖိ၍ မရနိုင်အောင်ပင် ထွက်ပေါ်လာတော့သည်။ 


ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ရှန်းချိုးရှစ်ကသာ ကြိတ်မနိုင် ခဲမရ ဖြစ်နေပေသည်။ 


ရမ်ရှန့်က သွေးဆောင်ဖို့ လွယ်ကူလိုက်တာ ပြီးတော့ သူ့သားကလည်း ရမ်ရှန့်ကို လွယ်လွယ်ကူကူနဲ့ကို လိုက်နိုင်ခဲ့တာပဲ ဒီလိုရိုးစင်းတဲ့ ကလေးမျိုးက ဆန်ကုန်မြေလေးကောင်တွေရဲ့ သစ္စာဖောက်တာခံရဖို့ အလွယ်ဆုံးပဲ နှလုံးသားကို အပိုင်မရခင်ကတည်းက ခန္ဓာကိုယ်ကို ပေးလိုက်ပြီး သိပ်မကြာခင် လက်ထပ်ကြတော့မယ် တော်သေးတာပေါ့ သူမရဲ့သားက ငါးဆားနူမဟုတ်လို့ ... 


လက်ထပ်ပွဲအကြောင်း အတွေးရောက်ကာမှသာ သူမလည်း  ကလေးလေးယောက်၏ ရင်းမြစ်ကို သတိရသွားတော့သည်။


မူလက အနိုင်ကျင့်သူမှာ သူမ၏ သားဟု ထင်ခဲ့သော်ငြား သေချာနားထောင်ကြည့်ကာမှသာ သွေးဆောင်သူမှာ ရမ်ရှန့်ဖြစ်နေကြောင်း သိလိုက်ရသည်။ သူမက သူ့ကို အတော်ကြာ ငေးကြည့်နေပြီးနောက် တစ်ခုခုကို ရှာဖွေတွေ့ရှိလိုက်သည်။ 


ရမ်ရှန့်နဲ့ လင်းယွီရဲ့ ခန္ဓာကိုယ်အရွယ်အစားက တော်တော်ကွာခြားတာပဲ တကယ်ရော အဆင်ပြေပါ့မလား ရမ်ရှန့်က နာများ နာမလား မသိဘူး ... 


အကြီးအကဲထန့်နှင့် ဖုန့်ခဲ့ရှင်းတို့ ထွက်သွားပြီးနောက် သူမက မအောင့်အည်းနိုင်တော့၍ ထုတ်မေးလိုက်သည်။ 


"ရမ် မင်းနဲ့ လင်းယွီနဲ့က ဟိုဟာလုပ်တဲ့အချိန်မှာ အပေးအယူတော့ မျှပါတယ်နော် ..." 


"ဘယ်ဟာလုပ်တဲ့အချိန်လဲ ..." 


"ကလေးမွေးအောင် လုပ်တာလေ ..." 


သူမက အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်သည်။ ထိုမေးခွန်းမျိုးကို မမေးသင့်မှန်း သိသော်ငြား ရမ်ရှန့်တွင် တိုင်ပင်ရန် မိသားစုရော သူငယ်ချင်းပါ မရှိချေ။ 


"အပေးအယူမျှပါတယ် ..." 


သူက ပြောလိုက်သည်။ 


"အဲဒါက မကြီးလွန်းဘူးလား ..." 


သူမက ထပ်မေးလိုက်သည်။ 


"မဟုတ်တာ အရမ်းအရမ်းကို သေးတယ် ..." 


သူက ပြောလိုက်သည်။ 


သေးတယ် အရမ်းကို သေးတယ် ဟုတ်လား မဖြစ်နိုင်လိုက်တာနော်  ... 


ရှန်းချိုးရှစ်၏ အမူအယာမှာ ရုတ်ချည်း ထူးဆန်းသွားသည်။ 


ရမ်ရှန့်က ထပ်ပြောလိုက်သည်။ 


"မမြင်ရလုနီးပါးပဲ ..." 


အကယ်၍ သူ့တွင်သာ စိတ်စွမ်းအင်မရှိပါလျှင် ကျောက်လင်းယွီ၏ မျိုးစေ့များကို မြင်ရမည်ပင် မဟုတ်ချေ။ 


သူ့အမူအယာမှာ အတည်ပေါက်ကြီး ဖြစ်နေသည့်အတွက် ရှန်းချိုးရှစ်လည်း သူမနှင့် ရမ်ရှန့်အကြား တစ်ခုခု လွဲမှားနေပြီဖြစ်ကြောင်း  သဘော ပေါက်လိုက်သည်။ ထို့နောက် သူမက ဆက်သွယ်ရေးစက်ကို ထုတ်ကာ ရုပ်ပုံအချို့ကို ရှာဖွေပြီး ဆင်ဆာဖြတ်ပြီးနောက် ရမ်ရှန့်ကို ပြလိုက်သည်။ 


"ဒါကို ပြောနေတာ နာလား ..." 


ထိုပုံထဲတွင် အမျိုးသားနှစ်ဦးသည် ထပ်လျက် လဲလျောင်းနေကြသည်။ စုတ်ချက်အနည်းငယ်ဖြင့်သာ ရေးဆွဲထားသော်ငြား ဆိုလိုရင်းကို ပြတ်ပြတ်သားသား မြင်နေရကာ ရမ်ရှန့်၏ မှတ်ဉာဏ်ထဲရှိ တစ်စုံတစ်ခုနှင့် တစ်ထပ်တည်း ကျနေသည်။ 


"တူနှစ်ကိုယ်ကျင့်ကြံရေးလမ်းစဉ် ..." 


"တူနှစ်ကိုယ်ကျင့်ကြံရေးလမ်းစဉ် အဲဒါ ဘာကြီးလဲ ..." 


ရှန်းချိုးရှစ်က တစ်စူးတစမ်း မေးလိုက်သည်။ 


"ဒါက တူနှစ်ကိုယ်ကျင့်ကြံရေးလမ်းစဉ်ပဲလေ လူနှစ်ယောက်ကသာ ဒီနည်းလမ်းကို အတူတူကျင့်ကြံရင် ပိုပြီး စွမ်းအားကြီးလာမှာ ..." 


သူက ပြောလိုက်သည်။ သူ့ဆရာထံမှ မြောက်များစွာသော တူနှစ်ကိုယ်ကျင့်ကြံရေးနည်းလမ်းများကို အမွေရရှိထားခဲ့သည်။ ထိုနည်းလမ်းမှာ စွမ်းအားကြီးကာ အင်မတန် အကျိုးများလှသည့်အတွက် သူ့ဆရာကိုပင် မေးကြည့်ခဲ့ဖူးသေးသည်။ 


ဆရာဖြစ်သူ၏ စကားအရမူ ထိုနည်းလမ်းမှာ လူသားများအတွက် အကျိုးများလှသော်ငြား သူ့အတွက်တော့ မဟုတ်ချေ။ 


သူ့ခန္ဓာကိုယ်မှာ စိတ်ဝိဉာဉ်ဆေးဝါး ဖြစ်သည့်အတွက် အခြားသူများနှင့် တူနှစ်ကိုယ်ကျင့်ကြံလိုလျှင်တောင် ကိုက်စားမခံရစေရန် ဂရုစိုက်ရမည် ဖြစ်သည်။ 


တူနှစ်ကိုယ် ကျင့်ကြံရေးနည်းလမ်း ဟုတ်လား ဒါက ကျားပါးစပ်ထဲကို ဝင်မယ့် သိုးနဲ့ တူမနေဘူးလား ဒါကြောင့်လည်း သူ့ဆရာက တူနှစ်ကိုယ်ကျင့်ကြံရေးနည်းလမ်းတွေကို ဖျက်ဆီးပစ်ဖို့ နှမြောမနေတာ နေမှာပေါ့ ... 


ဒါက လိင်သရုပ်ပြတွေလေ ဘယ်လိုဖြစ်ပြီး တူနှစ်ကိုယ်ကျင့်ကြံရေးနည်းလမ်း ဖြစ်သွားရတာလဲ ... 


ရှန်းချိုးရှစ်က မျက်မှောင်တို့ကို စုကြုတ်ကာ အတော်ကြာ အတွေးလွန်နေပြီးကာမှ တစ်ခုခုကို သဘောပေါက်လိုက်သည်။ 


သူမရဲ့ သားကများ ရမ်ရှန့်ကို လှည့်စားထားတာလား ... 


xxxxxxxx