အပိုင်း ၈၆
Viewers 18k

Chapter 86


"ဘယ်လိုဖြစ်လို့ ပုံတစ်ပုံပဲပါပြီး ကျင့်ကြံရမယ့်နည်းလမ်းက ပါမလာတာလဲ ..." 


နောက်ပုံများကို လှန်လှောကြည့်လိုက်သော်ငြား အဝတ်ဗလာနှင့် အမျိုးသားနှစ်ဦးကိုသာ တွေ့နေရပြီး ကိုယ်နေဟန်ထားသာ ပြောင်းလဲသွားသည့်အတွက် အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားတော့သည်။ 


"တူနှစ်ကိုယ်ကျင့်ကြံဖို့ လိုအပ်တာက ဒါအကုန်ပဲလား ..." 


"ရမ် ကလေးတွေကို ကြည့်နေလိုက်ဦးနော် အန်တီ လုပ်စရာရှိလို့ အပြင်ခဏ သွားလိုက်ဦးမယ် ..." 


သူမက ဆက်သွယ်ရေးစက်ကိုယူကာ သားဖြစ်သူကို အမောတကော သွားရှာလိုက်တော့သည်။  

ရမ်ရှန့်၏ မျက်လုံးတို့မှာ ရုတ်ချည်း တောက်ပလာသည်။ 


"တူနှစ်ကိုယ်ကျင့်ကြံရေးလမ်းစဉ် ..." 


သူသာ တူနှစ်ကိုယ်ကျင့်ကြံရေးနည်းလမ်းကို ကျင့်ကြံပါလျှင် အခြားသူ၏ စိတ်စွမ်းအင်ကို မစုပ်ယူနိုင်သည့်အတွက် အကျိုးရှိမည်မဟုတ်ဟု သူ့ဆရာက ပြောခဲ့ဖူးသည်။ သို့သော် ကျောက်လင်းယွီကတော့ မတူပေ။ သူ့ကိုယ်ထဲတွင် သန့်စင်မြေရှိနေသည့်အတွက် သူသည်လည်း ဆေးပင်တစ်မျိုးပင် ဖြစ်သည်။ 


ဤလောကတွင် စိတ်စွမ်းအင် မရှိသောကြောင့်သာ ကျောက်လင်းယွီမှာ စိတ်စွမ်းအင်ကျင့်ကြံရေးနည်းလမ်းများအစား ခန္ဓာကိုယ်သန့်စင်ရေးလမ်းစဉ်ကို ကျင့်ကြံရခြင်းဖြစ်သည်။ သို့သော် ထိုနည်းလမ်းကပင်လျှင် သူ့ကို နှစ်ပေါင်းများစွာ အသက်ရှင်လာသည့်တိုင် ဆယ်ကျော်သက်ဟုသာ ထင်နေရသည့် ရမ်ရှန့်ကဲ့သို့ အသက်ကို ဆွဲမဆန့်ပေးနိုင်ပေ။ ဆိုတော့ တူနှစ်ကိုယ်ကျင့်ကြံရေးနည်းလမ်းဆိုရင်ရော... 


တကယ်လို့ သူတို့နှစ်ယောက်သာ တူနှစ်ကိုယ်ကျင့်ကြံလိုက်ရင် ကျောက်လင်းယွီကိုလည်း ကျင့်ကြံဖို့ ကူညီပေးနိုင်မှာပဲ ...


ရမ်ရှန့်မှာ ထိုအကြောင်းကို တွေးလေလေ သင့်တော်သည်ဟု ခံစားမိလာလေပင်ဖြစ်သည်။ အစောပိုင်းက သူတွေ့ခဲ့သည့်ပုံများကို ပြန်စဉ်းစားလိုက်သော်ငြား တစ်ချို့တစ်လေကိုသာ မှတ်မိတော့သည်။ 


ဒါဆို သူလိုက်ရှာသင့်လား ... 


မျက်မှောက်ခေတ်နည်းပညာမှာ အံ့ဩဖွယ်ကောင်းလောက်အောင်ပင် တိုးတက်နေကာ အရာတိုင်းကို အွန်လိုင်းပေါ်တွင် ရှာ‌ဖွေ၍ ရနေပေသည်။ သူလည်း ကိုယ်ပိုင် PDA စက်ကို ထုတ်ကာ ရှာဖွေလိုက်သည်။ 


ကျောက်လင်းယွီ ပြန်လာချိန်တွင် လိင်ပညာပေးဗီဒိယိုတစ်ခုကို ကြည့်နေသော ရမ်ရှန့်ကို တွေ့လိုက်ရသည်။ 


သူနှင့် ရမ်ရှန့်တို့ လက်ထပ်မည့်ရက်နှင့်  အာဟာရဆေးတောင့်ကို နောက်လတွင် ထုတ်ဝေမည်ဖြစ်ကြောင်း လူသိရှင်ကြား ကြေငြာပြီး ပြန်လာစဉ် မိခင်ဖြစ်သူက သူ့ကို ဆွဲခေါ်ကာ ရမ်ရှန့်ကို သွေးဆောင်ပါသည်ဟု စွပ်စွဲပြစ်တင်တော့သည်။ 


နွေဦးအိပ်မက် မက်ရုံလေးနဲ့ ရမ်ရှန့်မှာ ကိုယ်ဝန်ရသွားတယ်ဆိုတဲ့ အဖြစ်မှန်ကိုတော့ သူနဲ့ ဘုရားသခင်ပဲ သိနိုင်မှာပဲ ... 


ရမ်ရှန့်က ဒီလိုဗီဒီယိုမျိုးကို ကြည့်နေတော့ ... 


ကျောက်လင်းယွီသည် ရမ်ရှန့်၏ အင်တာနက် ရှာဖွေမှုကို ကန့်သတ်ထားသည့်အတွက် သူသည် အသက်မပြည့်သေးသူများနှင့် သက်ဆိုင်သည့် အကြောင်းအရာများကိုသာ ကြည့်၍ရပေသည်။ သို့သော် ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် အသက်မပြည့်သေးသူများသည်လည်း လိင်ပညာပေးဗဟုသုတများကို သိရှိရန် လိုအပ်သည့်အတွက် ကွက်ကွက်ကွင်းကွင်း ဖော်ပြမထားသော ကာတွန်းအချို့တော့ ရှိနေပေသည်။ 


"ဒါကို ဘယ်လိုလုပ်ပြီး ရှာတွေ့လာတာလဲ ..." 


ကျောက်လင်းယွီမှာ အနည်းငယ် ကူကယ်ရာမဲ့သွားတော့သည်။ 


"တူနှစ်ကိုယ်ကျင့်ကြံရေးအကြောင်း လိုက်ရှာကြည့်လိုက်တော့ အဲဒါက လိင်ဆက်ဆံတာပဲတဲ့ ဒါနဲ့ ဆက်ရှာကြည့်လိုက်တော့ PDA က ဒီဟာကို အကြံပြုလာတယ်လေ ..." 


သူက ထိုသို့ပြောရင်း ကျောက်လင်းယွီ၏ ဗိုက်နှင့် ပေါင်းအကြား နေရာကို စိုက်ကြည့်လိုက်သည်။ 


တူနှစ်ကိုယ်ကျင့်ကြံရေးလမ်းစဉ်၏ မူလအစကို ပထမဆုံးအကြိမ် သိလိုက်ခြင်းဖြစ်သည်။ အကယ်၍ သူသာ ကျောက်လင်းယွီနှင့် တူနှစ်ကိုယ် ကျင့်ကြံပါလျှင် သန့်စင်မြေများသည် သူ့ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်စီးဝင်လာပြီး စုပ်ယူသည့် လုပ်ငန်းစဉ်မှာ ပိုမိုမြန်ဆန်မည်ဖြစ်သည်။ ထိုသည်သာမက သန့်စင်မြေများကိုလည်း ယခင်ထက်များစွာ စုပ်ယူနိုင်မည်ဖြစ်သည်။ 


သူ့ဆရာက ဘာလို့များ ဒီနည်းလမ်းတွေကို ဖျက်ဆီးပစ်ရတာလဲ မသိဘူး ... 


"တူနှစ်ကိုယ်ကျင့်ကြံရေးနဲ့က ဘာဆိုင်လို့လဲ ..." 


ကျောက်လင်းယွီက မေးလိုက်သည်။ 


ရမ်ရှန့်ကလည်း အသေးစိတ် ရှင်းပြပေးလိုက်သည်။ ၎င်းမှာ အနည်းငယ် ရှုပ်ထွေးနေသည့်တိုင် ကျောက်လင်းယွီ၏ နားလည်နိုင်သည့် အတိုင်းအတာထဲတွင် ရှိနေဆဲဖြစ်သည်။ 


"လင်းယွီ တူနှစ်ကိုယ် ကျင့်ကြံရအောင်နော် ..." 


သူက ကျောက်လင်းယွီကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ 


ကျောက်လင်းယွီမှာလည်း သဘောတူမိလုနီးပါးပင်။ ချက်ခြင်း အသိကပ်နိုင်၍သာ တော်သေးသည်။ 


"လက်ထပ်ပြီးမှ ..." 


ဤသို့သော ‌ဖျားယောင်းမှုမျိုးမှာ သူ့အဖို့ မချုပ်တည်းနိုင်ဖွယ်ရာပင် ဖြစ်သည်။ သို့သော် သူ့အနေဖြင့် ပြင်ဆင်စရာများ  ‌အမြောက်အများ ရှိနေသေးသည့်အပြင် ရမ်ရှန့်ကိုလည်း အနည်းငယ် အားတုံ့အားနာ ‌ဖြစ်နေမိဆဲဖြစ်သည်။ 


သူ့အတွေးတို့ကို မသိရှာလေသော ရမ်ရှန့်မှာတော့ အငြင်းခံလိုက်ရသည့်အတွက် စိတ်ပျက်လက်ပျက် ဖြစ်သွားတော့သည်။ သို့သော် နောက်ငါးရက်အတွင်း လက်ထပ်ရတော့မည်ဟု တွေးလိုက်မိချိန်တွင်တော့ တစ်ဖန် စိတ်လှုပ်ရှားသွားပြန်သည်။ 


ထိုသည်ကို မြင်လိုက်သော ကျောက်လင်းယွီက သူ့ကို မေးလိုက်သည်။ 


"ရမ် အခု ကလေးတွေလည်း မွေးပြီးသွားပြီဆိုတော့ သန့်စင်မြေကို လိုအပ်သေးလား အာဟာရဆေးတောင့်အတွက် အပင်နည်းနည်းလောက် စိုက်ပေးလို့ ရမလား  ..." 


"သန့်စင်မြေ အများကြီးကိုတော့ သုံးလို့မရဘူး ..." 


သူက ထိုသို့ပြောပြီးကာမှ တစ်ခုကို ချက်ခြင်း သတိရလိုက်သည်။ 


"လင်းယွီ တကယ်တမ်းတော့လေ မြေနေရာရှာပြီး အဲဒီ့ထဲမှာ သန့်စင်မြေနည်းနည်းလောက်ထည့်လိုက်ရင် အပင်တွေကို စိုက်လို့ရပြီ ကြီးထွားနှုန်းကတော့ နည်းနည်းလေး နှေးသွားလိမ့်မယ် ဒါပေမယ့် တစ်ချိန်တည်းမှာ အများကြီးစိုက်နိုင်တော့ ကျွန်တော့်ရဲ့ စိတ်စွမ်းအင်တွေလည်း အလေအလွင့် မဖြစ်တော့ဘူးပေါ့ ..." 


သူ့တစ်ကိုယ်ရေ လိုအပ်ချက်ကပင်လျှင် ပမာဏ များလှသော်ငြား ရမ်ရှန့်မှလွဲ၍လည်း မည်သူမှ မစိုက်ပျိုးနိုင်ချေ။ ကျောက်လင်းယွီမှာ တွေးရခက်လာတော့သည်။

86.2


အကြီးအကဲထန့်၏ စမ်းသပ်ခန်းထဲတွင် မျက်နှာအားဖြည့်ဆေးမှုန့်အချို့ ရှိနေသေးရာ သူတို့‌တိုင်ပင်ထားသည့် အချိုးအစားရဆိုလျှင် အာဟာရဆေးတောင့် တစ်ရာခန့် ထုတ်နိုင်ဦးမည်ဖြစ်ပြီး အပင်များ ကြီးထွားလာမှသာ နောက်တစ်ကြိမ် ပြန်ထုတ်လုပ်တော့မည်ဖြစ်သည်။ 


"ဒါဆို ရမ် အပြင်ထွက်ပြီး တစ်ခုခု သွားဝယ်ချင်လား ..." 


သူက မေးလိုက်သည်။ လက်ထပ်ပွဲမှာ ငါးရက်အတွင်း ကျင်းပတော့မည်ဖြစ်သော်ငြား ယခုအချိန်အထိ ရမ်ရှန့်ကို အခြားစုံတွဲများကဲ့သို့ ရုပ်ရှင်လိုက်ပြကာ အချိန်ကောင်းလေးများကို အတူတူ မကုန်ဆုံးရသေးပေ။ သူက တကယ်ကို ပေါ့တီးပေါ့ဆနိုင်ခဲ့တာပဲ... 


"ကောင်းသားပဲ ..."


ရမ်ရှန့်က ခေါင်းငြိမ့်ပြလိုက်သည်။ မြို့တော်ကြယ်တွင် လည်ပတ်စရာနေရာများ ပေါများလှပေသည်။ သူ့အနေဖြင့် တစ်နေ့လုံး အိမ်ထဲတွင်သာ နေနေရလျှင်လည်း ကိစ္စမရှိသော်ငြား အခွင့်အရေးရလျှင်မူ အပြင်ထွက်ကာ လည်ချင်ပါသေးသည်။ 


"လက်စွပ်ယူဖို့ အရင်ခေါ်သွားပေးမယ်နော် ပြီးမှ ရုပ်ရှင်သွားကြည့်ကြတာပေါ့ ..." 


သူက ပြောလိုက်သည်။ 


ရမ်ရှန့်က ဝမ်းသာအားရ ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။ 


ယခုမှ နေ့လည်ခင်းသာ ရှိသေးရာ လက်စွပ်ရွေးပြီးပါလျှင် ညစာစားပြီး ရုပ်ရှင်ကြည့်ရန် အချိန်ကောင်းပင် ဖြစ်သည်။ သူက ရမ်ရှန့်ကို လေယာဉ်ဆီသို့ ခေါ်လာလိုက်သည်။ 


ယာဉ်ပျံ၏ အရှိန်မှာ အလွန်မြန်ဆန်ရာ အချိန်တိုအတွင်း ဦးတည်ရာနေရာသို့ ရောက်ရှိသွားသည်။ မြို့တော်ကြယ်ရှိ စတိုးဆိုင်အများစုမှာ ကုန်သွယ်ရေးဌာနချုပ်တွင်သာ တည်ရှိသည့်အတွက် သူသည် ရမ်ရှန့်ကို ထိုနေရာရှိ အကြီးဆုံးလက်ဝတ်ရတနာဆိုင်သို့ ခေါ်သွားလိုက်သည်။ 


"လက်ထပ်မယ်ဆိုရင် လက်စွပ်တစ်ကွင်း မဖြစ်မနေ ဝတ်ရမှာ မင်းကြိုက်တာလေးများ တွေ့မလား သွားကြည့်ရအောင်လေ ဒါမှမဟုတ် သီးသန့်မှာလည်း ရတယ် ..." 


သူက ရမ်ရှန့်ကို ရတနာဆိုင်ထဲသို့ ခေါ်သွားလိုက်သည်။ 


ထိုရတနာဆိုင်မှာ အလွန်ကျယ်ဝန်းကာ အတွင်းတွင် အရောင်းကွန်ပျူတာ ထောင်ပေါင်းများစွာ ရှိနေသည်။ ထိုကွန်ပျူတာထဲ၌ ရရှိနိုင်သော လက်စွပ်ဒီဇိုင်းပေါင်းများစွာကို ထည့်သွင်းထားပြီး တစ်ခုကို ရွေးချယ်လိုက်သည်နှင့် တစ်ပြိုင်နက် စမ်းဝတ်ကြည့်ရန် ထွက်ပေါ်လာမည်ဖြစ်သည်။ 


ရမ်ရှန့်က ကွန်ပျူတာများရှိရာသို့ ပြေးဝင်သွားမည်ပြုစဉ် ကျောက်လင်းယွီက သူ့ကို လှမ်းဆွဲထားလိုက်သည်။ 


"အပေါ်ထပ်ကို သွားရအောင် ..." 


အောက်ထပ်ရှိ ကွန်ပျူတာများတွင် သမားရိုးကျဒီဇိုင်းများကိုသာ ရွေးချယ်နိုင်ပြီး ဈေးကြီးသည့် ဒီဇိုင်းများမှာ အပေါ်ထပ်တွင်သာ ရှိကာ ထိုနေရာသို့ တက်ရောက်ရန်လည်း ခွင့်ပြုချက် လိုအပ်သေးသည်။ 


ကျောက်လင်းယွီ၏ ဂုဏ်ပုဒ်အရမူ ခွင့်ပြုချက်ရရန် မခဲယဉ်းလှပေ။ 


သူက ကတ်ကိုဖြတ်ကာ ‌ရမ်ရှန့်ကို အပေါ်ထပ်သို့ ခေါ်လာခဲ့လိုက်သည်။ ထိုအချိန်တွင် မနီးမဝေးရှိ သတ္ထုအမျိုးအစားမျိုးစုံ ပုံထားသော အိမ်ကြီးတစ်လုံးထဲ၌ ဖောင်းအစ်နေသော မျက်နှာနှင့် အမျိုးသားတစ်ဦးက အချက်ပေးသံကို ကြည့်ကာ ထခုန်လိုက်သည်။ 


"ကျောက်လင်းယွီ ..." 


ငါးထပ်မြောက်မှ စတင်ကာ အထူးတလည် ကောင်းမွန်လှသည့် ရတနာအနည်းငယ်ကိုသာ ခင်းကျင်းပြသထားပြီး အထပ်မြင့်လာလေ ရတနာ၏ တန်ဖိုးလည်း များလာလေဖြစ်သည်။ ဆယ်ထပ်နှင့် အထက်တွင်တော့ ဒီဇိုင်နာအမျိုးမျိုး ရှိနေပေသည်။ 


ကျောက်လင်းယွီက ရမ်ရှန့်ကို ကိုးထပ်မြောက်သို့ တိုက်ရိုက်ခေါ်သွားလိုက်သည်။ 


ခန်းမကျယ်တစ်ခုလုံး အမျိုးမျိုးသော လက်ဝတ်ရတနာများဖြင့် ပြည့်နှက်နေသည်မှာ ရင်သပ်ရှုမောဖွယ်‌ ကောင်းလှသည်။ ခန်းမ၏ အလယ်ဗဟိုတွင် ကျောက်မြတ်ရောင်စုံတို့ဖြင့် စီခြယ်ထားသော မျှော်စင်တစ်ခုရှိနေပြီး ၎င်းမှ ဖြာထွက်လာသည့် အလင်းရောင်က ခန်းမတစ်ခုလုံးကို ရင်သပ်ရှုမောဖွယ် ဖြစ်နေစေသည်။ 


"လှလိုက်တာ ..." 


ရမ်ရှန့်သည် လက်ဝတ်ရတနာများတွင် စွမ်းအင်မရှိသည့်အတွက် ဝတ်ဆင်ထားလျှင် ခန္ဓာကိုယ်ကို လေးလံစေရုံသာ ရှိမည်ဟု တွေးခဲ့မိသော်ငြား ယခု ထိုမျှော်စင်ကို မြင်လိုက်ရချိန်တွင်တော့ ကျောက်မျက်ရတနာများကို ရုတ်ချည်း သဘောကျမိလာတော့သည်။ 


"ကြိုက်လား ကြိုက်ရင် မင်းကို ပေးမယ်လေ ..." 


ထိုအသံနှင့်အတူ ချောမောသော အမျိုးသားတစ်ဦး ရုတ်ချည်း ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ ကျောက်လင်းယွီနှင့် မတူ။  ရွှေရောင်ဆံပင်ကို နောက်လှန်ဖြီးထားပြီး ပါးသိုင်းမွှေးရေးစစနှင့် ထိုလူမှာ အင်မတန် ညှို့ချက်ပြင်းလွန်းလှသည်။ သို့သော် သူ၏ အသက်အရွယ်ကိုမူ ခန့်မှန်း၍ မရပေ။ စွမ်းရည်ပိုင်ရှင်များ၏ ရုပ်ရည်မှာ အသက်နှစ်ဆယ်မှ နှစ်သုံးရာအတွင်း များစွာ ကွဲပြားမသွားချေ။ 


"ကြိုက်တယ် ..." 


ရမ်ရှန့်က ထိုသို့ပြောကာ သူ့ကို ပြန်ကြည့်လိုက်သည်။ 


"ခင်ဗျားက တကယ်ပဲ ပေးချင်တာလား ..." 


ရမ်ရှန့်၏ တုန့်ပြန်မှုမှာ ထိုသူကို အံ့ဩသွားစေသည်။ သို့သော် သူက ချက်ခြင်း ပြုံးပြကာ ပြန်ပြောလိုက်သည်။ 


"ဒါပေါ့ မင်းကြိုက်တယ်ဆိုရင်ကို ကိုယ့်အတွက် ဂုဏ်ယူစရာ ဖြစ်နေပါပြီ မင်းကို ညစာလိုက်ကျွေးလို့ ရမလား ..." 


"ဟင့်အင်း လင်းယွီနဲ့ပဲ စားမှာ ..." 


ရမ်ရှန့်က ခေါင်းယမ်းပြလိုက်သည်။ 


ထိုသူမှာ ကြက်သေသေသွားတော့သည်။ 


"ဒီလိုမျိုး တုန့်ပြန်လာလိမ့်မယ်လို့ တကယ် ထင်မထားမိဘူး ..." 


"အန်ကယ် Gerd ကျွန်တော်လည်း ဒီရတနာမျှော်စင်ကို ဝယ်နိုင်တယ် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ သူ့ရှေ့တွင် ရပ်နေသူမှာ အခြားသူမဟုတ်။ မိသားစုကြီးငါးစုအနက် တစ်ခုအပါအဝင်ဖြစ်သည့် Ged မိသားစု၏ တစ်ဦးတည်းသော မိသားစုဝင် ဖြစ်သည်။ 


တတိယတပ်ဖွဲ့ကို ထိန်းချုပ်ရသော Ged မိသားစုသည် လူရှေ့ပေါ်မလာတော့သည်မှာ နှစ်နှစ်ရာကျော်နေပြီဖြစ်သည့်အတွက် ကျောက်မိသားစုထက် အင်အားနည်းပါးလာတော့သည်။ 


ပြီးခဲ့သော နှစ်နှစ်ရာကျော်က Ged မိသားစုခေါင်းဆောင် ဆုံးပါးသွားခဲ့ပြီး သူ့ရှေ့တွင် ရပ်နေသူမှာ ထိုစဉ်က ငါးနှစ်သားအရွယ်သာ ရှိသေးသည်။ 


"ဒါက ရောင်းဖို့မဟုတ်ဘူး ..." 


သူက ရမ်ရှန့်ကို ပြုံးပြရင်း ပြောလိုက်သည်။ 


"တကယ်ပဲ ကိုယ်နဲ့အတူတူ ညစာမစားချင်တာလား မင်းသာ ခေါင်းငြိမ့်လိုက်တာနဲ့ တစ်ပြိုင်နက် မင်းကို ‌ပေးမှာနော် ..." 


"ခင်ဗျားက လူလိမ်ပဲ ..." 


ရမ်ရှန့်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ 


"လူလိမ် ..." 


Gerd မှာ ဆွံ့အသွားရှာတော့သည်။ 


"ခင်ဗျားပဲ ကျွန်တော့်ကို ပေးမယ်လို့ ပြောခဲ့တာလေ အခုကျ မပေးချင်ပြန်ဘူး ..."


ရမ်ရှန့်က ပြောလိုက်သည်။ 


Gerd မှာ တစ်ဖန် ဆွံ့အသွားရပြန်သည်။ 


xxxxx