အပိုင်း (၂၁၈)
Viewers 31k

Chapter 218


ဒီကုမ္ပဏီကို တစ်ခါမှ အလုပ်မလျှောက်ဖူးပဲနဲ့ သူတို့က သူမကို ဘယ်လိုသိတာလဲ ...


အိုကေ ... တစ်ထစ်လျှော့ပြီး စဉ်းစားကြည့်လိုက်မယ် ... အခုခေတ်မှာ ကိုယ်ရေးအချက်အလက်တွေကို လုံခြုံအောင်ထားဖို့က သိပ်မဖြစ်နိုင်တော့ဘူး ... Telemarketing လုပ်တဲ့ဖုန်းတွေက လူတိုင်းဆီကို ဆက်နေတယ်ဆိုတည်းက လူတွေရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေက လုံခြုံမှု သိပ်မရှိဘူးဆိုတဲ့ သဘောပဲ ... အဲ့အပြင် ဒီကုမ္ပဏီက သာမန်ကုမ္ပဏီငယ်လေးမဟုတ်တော့ အင်တာဗျူးအတွက် လူခေါ်ဖို့ကို ဒီလိုနည်းလမ်းတွေသုံးမှာ မဟုတ်ဘူး ...ပြီးတော့ ဒီမှာက လုပ်အားခအပြင် အလုပ်သမားအကျိုးခံစားခွင့်တွေလည်း ရှိတယ်ဆိုတော့ ကုမ္ပဏီက သူ့ရဲ့လစာနဲ့ အကျိုးခံစားခွင့်တွေကို ကြော်ငြာထားရင် အလုပ်ဝင်ချင်တဲ့လူတွေ တန်းစီနေမှာပဲ ...


ပြီးတော့ သူမ အလုပ်လျှောက်ထားတာလည်း အချိန်တွေကြာခဲ့ပြီလေ ... အချိန်ဒီလောက်ကြာပြီးတော့မှ အင်တာဗျူးဖြေဖို့ ရုတ်တရက်ကြီး အကြောင်းကြားတာပါလိမ့် ...


ယွမ်ရှက လျှို့ဝှက်ကြံစည်သည့် သီအိုရီများကို ယုံကြည်တတ်သူ မဟုတ်ပေ။ ယနေ့အချိန်ထိသာ ကုမ္ပဏီပိုင်ရှင်သူဌေးက ချင်ယွီမဟုတ်ခဲ့လျှင် ထိုအကြောင်းများကို သူမ တွေးနေမိမည်မဟုတ်ပေ။  သို့ရာတွင် ယခုအခါ၌ တွေးတောရန် လိုအပ်လာသည်။ အကယ်၍ သူမခေါင်းကို သဲထဲတွင်နှစ်ပြီး ဘာမှမဖြစ်သကဲ့သို့ သူမကိုယ်သူမနှစ်သိမ့်နေလိုက်ပါက  တစ်စုံတစ်ခု ဖြစ်ပေါ်လာခဲ့လျှင် မျက်ရည်ကျရန်ပင် အချိန်မရတော့ပေ။ 


ယခု ပြန်လည်စဉ်းစားလိုက်မိသည့်အခါ ထူးဆန်းသောအရာများက သူမအင်တာဗျူးဖြေသည့်နေ့တည်းက ဖြစ်ခဲ့သည်။ ထိုစဉ်က ကုမ္ပဏီက ဝန်ထမ်းများကို ကောင်းမွန်စွာဆက်ဆံလွန်းသည်ဟုပင် စုန့်ထင်ရှန်းကို ပြောပြခဲ့သည်။ ထို့အပြင် HRမန်နေဂျာ ၊ သူမတို့ဌာနမှ မန်နေဂျာနှင့် ဧည့်ကြိုမိန်းကလေးတို့က သူမကို သူတို့သူဌေး၏ပုံရိပ်ယောင်ကဲ့သို့ တရိုတသေ တလေးတစားဆက်ဆံကြသည်။


သူမက ချင်ယွီအတွက် အရေးကြီးတဲ့လူဖြစ်လို့ ချင်ယွီက ဒါတွေအကုန်လုပ်ပေးခဲ့တာများလား ...


တစ်လစာ လုပ်အားခ ယွမ်နှစ်သောင်းရပြီး အလုပ်လုပ်ချိန်က စိတ်ကြိုက်ဖြစ်ပြီး အလုပ်ကလည်းပါးတဲ့အပြင် တိုက်တိုက်ဆိုင်ဆိုင်ကိုပဲ အိမ်နဲ့အရမ်းနီးတဲ့အလုပ်မျိုး ကမ္ဘာပေါ်မှာ ရှိပါဦးမလား ...


အဲ့လိုအလုပ်မျိုးရှိတယ် ဆိုရင်တောင် သူမ အဲ့အလုပ်လုပ်ခွင့်ရယ်မထင်ဘူး ... အနည်းဆုံးတော့ အဲ့လောက်တိုက်ဆိုင်မနေဘူး ...


ဒါဆိုရင် ဒီကိစ္စအားလုံးကို ချင်ယွီက အကွက်ကျကျစီစဉ်ထားတာပေါ့ ...


ဖြစ်နိုင်ချေများပေါ်လာသည့်အခါ ယွမ်ရှ ပင့်သက်ရှိုက်လိုက်သည်။


အကယ်၍ သူမ၏ယူဆချက်များ မှန်ကန်နေခဲ့ပါက ကျိုးကြောင်းဆီလျော်မှုမရှိဟု တွေးထားခဲ့သည့်အရာများက အကျိုးသင့်အကြောင်းသင့် ဖြစ်သွားပြီဖြစ်သည်။ သူမ၏ HRမန်နေဂျာက အလွန်အမင်းယဉ်ကျေးနေခြင်း၊ လစာများ၍ အလုပ်နည်းခြင်း အိမ်နှင့်နီးခြင်းစသည့် အကြောင်းအရင်းသုံးချက်နှင့်ပင် သူမဤအလုပ်ကို မငြင်းဆိုနိုင်တော့ပေ။ 

မဟုတ်ဘူး သာမန်လူဘယ်သူမှ ဒီလိုအလုပ်မျိုးကို ငြင်းမယ်မထင်ဘူး ... တကယ်လို့ အဲ့လိုအခွင့်အရေးကောင်းကြီးက ရုတ်တရက် ကိုယ့်လက်ထဲရောက်လာရင် ဖမ်းဆုပ်ထားကြမယ့် လူတွေကြီးပဲ ဘယ်သူကငြင်းနိုင်မှာလဲ ...


ဒါက သူမအတွက် သီးသန့်ဆင်ထားတဲ့ ထောင်ခြောက်ကြီးပဲ ... 


ဒါပေမဲ့ ချင်ယွီကရော ဘာလို့ ဒီလိုလုပ်ရတာလဲ ...


ဝတ္ထု၏ ဇာတ်လမ်းဇာတ်ကွက်အရဆိုလျှင် ချင်ယွီနှင့် မူလပိုင်ရှင်က စုန့်ထင်ရှန်းသေဆုံးပြီး နှစ်ဝက်ခန့်အကြာမှ တွေ့ဆုံကြမည်ဖြစ်သည်။ မူလပိုင်ရှင်က စုန့်ထင်ရှန်းချန်ထားခဲ့သည့် ပိုင်ဆိုင်မှုများကို မထိန်းသိမ်းထားနိုင်ပဲ သူမ၏ပျင်းရိမှုများကို ဖြေဖျောက်ရန်အတွက် ခရီးသွားလာခြင်းဖြင့်သာ အချိန်ဖြုန်းခဲ့သည်။ ကံအားလျော်စွာဖြင့် သူမ ချင်ယွီနှင့် ဆုံခဲ့သည်။ သူမ၏ နည်းလမ်းကျကျ အစီအစဉ်ချထားမှုများအောက်တွင် ချင်ယွီက သူမကို မြင်မြင်ချင်း သဘောကျသွားခဲ့သည်။ ဒုတိယအကြိမ်တွေ့ဆုံမှုတွင် သူမကို ပိုမိုချစ်မြတ်နိုးသွားခဲ့ပြီး လက်ထပ်ရန် တောင်းဆိုခဲ့သည်။


ယခုဖြစ်နေသည်များအရဆိုလျှင် ချင်ယွီက သူမကို သိမနေသင့်ပေ။ အရာအားလုံးက ဝတ္ထုအတိုင်းဖြစ်နေလျှင် ချင်ယွီက သူမနှင့်တွေ့ပြီး ချစ်ကြိုက်သွားရန် အခွင့်အရေးမရှိပေ။

ဒါမှမဟုတ် ...


ယွမ်ရှ အလွန်ကြောက်လန့်သွားသဖြင့် ထထိုင်လိုက်သည်။


သူမက ဝတ္ထုများစွာဖတ်ထားသည့်လူဖြစ်သဖြင့် ခန္ဓာကိုယ်ကူးပြောင်းခြင်းများကို အတွေ့အကြံရှိပြီး ဤကမ္ဘာတွင် မဖြစ်နိုင်သည့်အရာမရှိဟု ခံယူထားသူဖြစ်သည်။ 


တကယ်လို့ ... တကယ်လို့များ ချင်ယွီက ပြန်လည်မွေးဖွားလာခဲ့ရင်ရော ...


ဂြိုဟ်ဆိုးဝင်ပြီ ...


ယွမ်ရှက ရှိသမျှ နတ်ဘုရားမျိုးစုံနှင့် ဗုဒ္ဓကိုသာ ဆုတောင်းနေရသည်။ 

ကျေးဇူးပြုပြီး အတွေးလွန်နေတာ​ပဲ ဖြစ်ပါစေ ... ကျေးဇူးပြုပြီး သူမထင်တာ မှားနေပါစေ ...


ထိုညက သူမ လုံးဝ အိပ်မရခဲ့ပေ။ 


ဒီလိုဇာတ်ကွက်မျိုးက ဘာလို့ သူမဆီမှာမှ  ဖြစ်လာရတာလဲ ...


xxxxxxxxx