အပိုင်း (၂၁၉)
Viewers 34k

Chapter 219


ယွမ်ရှ ထိုနေ့ညက အိပ်မပျော်ပဲ လူးလိမ့်နေခဲ့ပြီး မနက် ၃- ၄နာရီမှ အိပ်ပျော်သွားခဲ့သည်။ သူမ မနက်ပိုင်းလှုပ်ရှားမှုများအတွက် အချိန်မီ နိုးတော့မည်မဟုတ်ပေ။ 


နောက်နေ့မနက်တွင် ဧည့်ကြိုမိန်းကလေးက အခန်းတံခါးလာခေါက်သော်လည်း သူမ မနိုးလာပေ။ အဆုံးတွင် အခြားလူများက သူမ အိပ်နေသည်ကို မနှောင့်ယှက်တော့ပဲ ကမ်းခြေသို့ သူမ မပါပဲ ထွက်သွားကြသည်။ နေမြင့်သည့်အချိန် မဟုတ်သောကြောင့် ကမ်းခြေတွင် အဖွဲ့လိုက်လှုပ်ရှားမှုများ ပြုလုပ်ရခြင်းက မပင်ပန်းလှပေ။


ကမ်းခြေက သူတို့တည်းခိုရာအိမ်နှင့် နီးလှသည်။ နိုင်ငံခြားဌာနခွဲမန်နေဂျာက နေလောင်ခံခရင်မ်ကိုမေ့လာခဲ့၍ ပြန်လာယူသည်။ ဧည့်ခန်းထဲရောက်သည့်အခါ ချင်းယွီက ဆိုဖာပေါ်တွင် ထိုင်ပြီး သတင်းစာဖတ်နေသည်ကို မြင်လိုက်ရ၍ လန့်သွားသည်။


" စီ ... စီအီးအိုချင် ကောင်းသောမနက်ခင်းပါ ..."


ချင်ယွီ ဤနေရာတွင် ရှိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့သော်လည်း ဤနေရာရောက်နေသည့် အကြောင်းပြချက်ကို လျင်မြန်စွာသဘောပေါက်သွားသည်။ 

ယွမ်ရှက အပေါ်ထပ်မှာ အိပ်ပျော်နေတာပဲ ...


ချင်ယွီ ခေါင်းငြိမ့်ပြလိုက်သည်။ သူ၏ မျက်ခွံများက တစ်ချက်မှ လှုပ်ရှားမသွားပဲ သတင်းစာကိုသာ ဖတ်နေသည်။


မန်နေဂျာက သူမအခန်းထဲသို့ ကတိုက်ကရိုက်ပြေးဝင်သွားပြီး နေလောင်ခံခရင်မ်ကို ရှာတွေ့သွားသည်။ ယွမ်ရှ၏ အခန်းရှေ့မှဖြတ်လာချိန်တွင် သူမ တွန့်ဆုတ်နေမိသည်။ ယွမ်ရှကို အိပ်ယာနှိုးရန် တွေးလိုက်သော်လည်း သူမနှင့်မသက်ဆိုင်သော ကိစ္စဖြစ်၍ ထိုအကြံကို လက်လျှော့လိုက်သည်။ သူမ အောက်ထပ်သို့ မြန်နိုင်သမျှမြန်မြန် ဆင်းသွားသည်။ သူမ ကမ်းခြေ သို့ မြန်မြန်ပြေးသွားပြီး လုပ်ဖော်ကိုင်ဖက်များနှင့်သာ တွေ့ချင်နေသည်။


သူမ တံခါးနားသို့ မရောက်မီမှာပင် ချင်ယွီက သူ့ကိုမေးလိုက်သည်။

" သူ အိပ်နေတုန်းလား ..."


မန်နေဂျာက သတိကြီးကြီးထားပြီး ဖြေလိုက်သည်။

" ဟုတ် သူအိပ်နေတုန်းထင်ပါတယ် ... ညတုန်းက အိပ်ယာဝင်တာ နောက်ကျလို့ဖြစ်မှာ အဲ့ဒါနဲ့ ကျွန်မတို့လည်း သူ့ကိုမနှိုးလိုက်ဘူး ... ကမ်းခြေက အဖွဲ့လိုက် လှုပ်ရှားမှုတွေက ..."


သူမ စကားမဆုံးမီမှာပင် ချင်ယွီက သတင်းစာကိုအောက်ချလိုက်ပြီး မပြတ်သားသည့် တုံ့ပြန်မှုတစ်ခု ပြုလုပ်လိုက်သည်။


" ရပါတယ် ... သူက အဲ့ဒါမျိုးအရာတွေ စိတ်ဝင်စားတဲ့ မိန်းကလေးမှ မဟုတ်တာ ..."


မန်နေဂျာ ဘာပြန်ပြောရမည်ပင် မသိတော့ပေ။


သို့သော် ချင်ယွီက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။

" မင်းကိစ္စပဲ သွားလုပ်ပါ ..."


မန်နေဂျာက လွတ်ငြိမ်းချမ်းသာခွင့် ရသွားသကဲ့သို့ အိမ်မှ အလျင်အမြန် ပြေးထွက်သွားသည်။



ယွမ်ရှ နိုးလာသည့်အခါ နေ့လယ်ခင်းအချိန်သို့ ရောက်နေပြီဖြစ်သည်။ သူမ၏ လုပ်ဖော်ကိုင်ထက်များက ကမ်းခြေမှ ပြန်လာကြပြီး အသားအရည်များ နေလောင်လာကြသည်။ သူတို့နှင့်လိုက်သွားပါက သူမလည်း နေလောင်လာမည်ဖြစ်၍ မသွားဖြစ်သည်ကို ကျေးဇူးတင်နေမိသည်။


ချင်ယွီ မရှိသဖြင့် ယွမ်ရှ စိတ်အေးလက်အေးဖြင့် သက်ပြင်းချလိုက်သည်။ သူမ မနေ့ညကထက် ပို၍ကောင်းကောင်းစားနိုင်နေသည်။ အကယ်၍ ဘေးနားတွင် ချင်ယွီရှိနေပါက တံတွေးပင် မမျိုချရဲပေ။


ယွမ်ရှက နောက်ရက်အနည်းငယ်အထိ သတိလက်လွတ်ဖြင့် ကြောက်လန့်နေရဦးမည်ဟု တွေးလိုက်မိသော်လည်း စုန့်ထင်ရှန်းက ဖုန်းခေါ်လာသည်။


ထိုအချိန်မှသာ သူမက ဝမ်လေးကို လွမ်းနေရုံသာမက စုန့်ထင်ရှန်းကိုပါ သတိရနေကြောင်း သိရှိသွားသည်။ သူမ မသိလိုက်ခင်မှာပင် စုန့်ထင်ရှန်းက သူမ၏ အားကိုးရာတစ်ခု ဖြစ်လာခဲ့သည်။ သူရှိနေသရွေ့ သူမကို ပြဿနာဖြစ်စေနိုင်သော ကိစ္စများက ရေးကြီးခွင်ကျယ် မဟုတ်တော့ပေ။ 


အင်း ... အားလုံးအဆင်ပြေသွားမှာပါ ... သူမသာ စိတ်မယိမ်းယိုင်ရင် ဇာတ်ကွက်ကိုလည်း ကြောက်နေစရာ မလိုတော့ဘူး ...


မည်သူကမှ သူမကို မထိန်းချုပ်နိုင်ပေ။ သူမက မူလပိုင်ရှင် မဟုတ်သည့်အတွက် မူလပိုင်ရှင်ကဲ့သို့ ဘဝမျိုးတွင် နေစရာမလိုပေ။

ချင်ယွီက ပြန်လည်မွေးဖွားလာတော့ရော ဘာဖြစ်လဲ ... သူက သူမကို စိတ်အလိုအတိုင်း မထိန်းချုပ်နိုင်ပါဘူး ... ကောင်းကင်ကြီး ပြိုလဲသွားရင်တောင် သူမမှာ အရပ်ရှည်ရှည်နဲ့ အားကိုးလို့ရတဲ့ စုန့်ထင်ရှန်းဆိုတဲ့လူ ရှိတာပဲမလား ...


ယွမ်ရှ ဖုန်းကိုင်လိုက်သည်။ တစ်ဖက်မှ အသံက ဆူညံနေသောကြောင့် အသံကို ကြည်လင်ပြတ်သားစွာ မကြားရပေ။


" မာမား ..."


သူမ ခဏတာ အံ့အားသင့်သွားသည်။

ဝမ်လေးက စုန့်ထင်ရှန်းရဲ့ဖုန်းနဲ့ ဘာလို့ ဖုန်းခေါ်တာပါလိမ့် ... ဒီအချိန်ဆို ဝမ်လေးက ကျောင်းမှာ ရှိနေရမှာလေ ...


" ဝမ်လေး ပါပါးဖုန်းနဲ့ ဘာလို့ဆက်တာလဲ ... ဒီအချိန်ဆို အတန်းထဲမှာ ရှိနေရမှာမလား ..."


" သားနဲ့ ပါပါးက မာမားကို လာတွေ့နေပြီ အဲ့ဒါမှ သုံးယောက်တူတူ ဆော့လို့ရမှာလေ ..."


ဝမ်လေးက အလွန်ပင် ပျော်ရွှင် တက်ကြွနေသည့်ပုံပင်။ ကလေးလေး ပျော်ရွှင်နေရသော အကြောင်းအရင်းနှစ်ချက်ရှိသည်။ ပထမတစ်ချက်က ကျောင်းမတက်ရသောကြောင့်ဖြစ်ပြီး ဒုတိယအချက်က သူ့အမေနှင့်‌ တွေ့ပြီး ဆော့ကစားနိုင်တော့မည် ဖြစ်သောကြောင့်ပင်။


" မာမားကို သားအရမ်းလွမ်းနေတာ ... အခု ဘယ်မှာလဲ ... ပါပါးနဲ့သား လာနေပြီ ..."


xxxxxx