အပိုင်း (၂၂၀)
Viewers 31k

Chapter 220


ယွမ်ရှ စိတ်မငြိမ်ဖြစ်သွားမိသည်။

" ကလေးလေးရေ ပါပါးကို ဖုန်းပေးလိုက်နော် ..."


စုန့်ထင်ရှန်းက ကလေးကိုပါ ခေါ်လာပြီး သူမကို လာတွေ့တာများလား ... ဘာလို့လဲ သူအလုပ်များနေတယ်မလား ...


" ဟုတ် ..."


မကြာမီ စုန့်ထင်ရှန်း၏ အသံဩဩကို ကြားလိုက်ရသည်။

" ကိုယ်ပါ ..."


အဲ့အသံကြီးနဲ့ လာလာ မဆွဲဆောင်စမ်းပါနဲ့ ...


ယွမ်ရှက သူမအသံကို တတ်နိုင်သမျှ တည်ငြိမ်အောင်ထားပြီး ပြောလိုက်သည်။

" ရှင် ဝမ်လေးကို ကျွန်းပေါ် ခေါ်လာတာလား ..."


" ဟုတ်တယ် သူက တဗျစ်တောက်တောက်လုပ်ပြီး ကိုယ့်ကို ဂျီကျနေလို့လေ အဲ့ဒါနဲ့ ကိုယ်လည်း အလုပ်မလုပ်နိုင်ဖြစ်နေတာ ... သူက မင်းကို အရမ်းတွေ့ချင်နေတာနဲ့ ခေါ်လာခဲ့တာ ... ကိုယ်တို့ကြာကြာ မနေပါဘူး မင်းကိုလည်း အနှောင့်အယှက် မပေးဘူး ..."


စုန့်ထင်ရှန်းက ထိုစကားများပြောနေစဉ် ဝမ်လေး၏ခေါင်းကို ခပ်ဖွဖွပုတ်ပေးနေသည်။


သူ့အဖေနှင့် ယမန်နေ့ညက ဆွေးနွေးထားပြီးဖြစ်၍ ဝမ်လေးက သူ့အဖေ၏ အလိမ်အညာများကိုကြားသည့်အခါ  နှာမှုတ်လိုက်ပြီး ဘာမှမပြောတော့ပေ။ သူက ငယ်ရွယ်သည့် ကလေးတစ်ယောက်ဖြစ်သော်လည်း ကတိတည်ရမည်ကို ကောင်းစွာနားလည်သည်။


အမှန်တွင် သူက ထိုမျှအထိ ကြိုတင်ပြင်ဆင်စရာမလိုပေ။ သူမက ဤကျွန်းသို့ လာနေသည်လားဟုသာမေးပြီး ဘာကြောင့်လာနေခြင်းကို မမေးပေ။


" ကောင်းပြီလေ ..."

ယွမ်ရှက လုပ်ဖော်ကိုင်ဖက်များနှင့် အချိန်မဖြုန်းချင်သည့်အပြင် အဖွဲ့လိုက်လှုပ်ရှားမှုများတွင်လည်း မပါဝင်လိုပေ။ 


" ရှင်တို့တွေ လေဆိပ်မှာလား ..."


မူလက စုန့်ထင်ရှန်းကို ဟိုတယ်အခန်းတစ်ခန်း ဘိုကင်ယူထားလိုက်ရန် သူမ ပြောလိုခဲ့သည်။ သို့မှသာ သူတို့ကိုသွားတွေ့နိုင်ပြီး အဖွဲ့လိုက်လှုပ်ရှားမှုမှ လစ်ထွက်ရန် အကြောင်းပြချက် ရသွားမည်ဖြစ်သည်။ ထိုသို့ဆိုပါက ချင်ယွီကို တွေ့စရာမလိုတော့သော်လည်း နောက်ဆုံးတွင် ထိုစကားများကို မပြောလိုက်ပေ။


" ကျွန်မ နေတဲ့လိပ်စာကို မက်ဆေ့ပို့ပေးလိုက်မယ် ... ဒီကို တက္ကစီ စီးလာခဲ့ကြလေ ... ကျွန်မ ရှင်တို့ကို အပြင်မှာစောင့်နေမယ် ..."


စုန့်ထင်ရှန်း တွန့်ဆုတ်သွားမိသည်။

" အဲ့ဒါ အဆင်ပြေပါ့မလား ... မင်းက ကုမ္ပဏီက လူတွေနဲ့လေ ..."


ယခင်က ဝန်ထမ်းတစ်ယောက်ဖြစ်ခဲ့သည့်အပြင် ယခုတွင်လည်း သူဌေးဖြစ်နေသည့် စုန့်ထင်ရှန်းက ဤကဲ့သို့သော ကုမ္ပဏီလှုပ်ရှားမှုများတွင် အပြင်လူများမပါလျှင် အကောင်းဆုံးဖြစ်သည်ဟု တွေးနေမိသည်။ သူက ယွမ်ရှနေသောနေရာနှင့် အနီးအနားမှ ဟိုတယ်တစ်ခုတွင်သာ နေထိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ သူက သူမနှင့် မျက်နှာချင်းဆိုင် စကားပြောလိုသည်။ အကယ်၍ စကားပြောအဆင်ပြေသွားပါက ဝမ်လေးကို နှစ်ရက်အတွင်း မြို့တော်သို့ ပြန်ခေါ်သွားမည်ဖြစ်သည်။ သူမ၏ ကုမ္ပဏီခရီးစဉ်တွင် သူတို့၏လာရောက်ခြင်းကို အကျိုးသက်ရောက်မှုများ နည်းနိုင်သမျှနည်းအောင် ပြုလုပ်လိုခြင်းဖြစ်သည်။


ယွမ်ရှ ကတိပေးလိုက်သည်။


" ပြဿနာ မရှိပါဘူး ... အဲ့ဒါကို စိတ်မပူပါနဲ့ ... မန်နေဂျာနဲ့ ကျွန်မတို့ ကုမ္ပဏီသူဌေးက စကားပြောရလွယ်ပါတယ် ... ပြီးတော့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း မိသားစုဝင်တွေ ခေါ်လာကြတယ်လေ ... ကျွန်မက ရှင်တို့ကို မခေါ်လာဖြစ်ဘူးဆိုတာ အစမ်းခန့်ဝန်ထမ်းဖြစ်နေလို့လေ ဒါပေမဲ့ ရှင်တို့က ကိုယ့်စရိတ်နဲ့ကိုယ် ရောက်လာတယ်ဆိုတော့ ပြဿနာမရှိပါဘူး ... ဒီကိုပဲ လာခဲ့ပါ ... ကျွန်မလည်း ဝမ်လေးကိုလွှမ်းလှပြီ ..."


သူမတွင် အကြံအစည်ငယ်လေးတစ်ခုရှိသည်။ ချင်ယွီက ဖုံးကွယ်ထားခြင်းများရှိသည် ​ဖြစ်စေ ပြန်လည်မွေးဖွားလာသည်ဖြစ်စေ စုန့်ထင်ရှနမ်းက သူမ၏ အမည်ခံခင်ပွန်းဖြစ်ပြီး ချစ်စရာကောင်းသော သားလေးတစ်ယောက် ရှိနေဆဲဖြစ်သည်။ သူမကို မသင့်လျော်စွာတွေးနေသည့် ချင်ယွီကို စုန့်ထင်ရှန်းနှင့် ဝမ်လေးတို့ရောက်လာခြင်းအား မြင်စေချင်သည်။


သူမက မိသားစုရှိတဲ့ လူတစ်ယောက်ပဲ ... သူမအတွက် သမားရိုးကျ လမ်းကြောင်းကသွေဖယ်ပြီး အပြင်မှာ ဖောက်ပြန်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အရာပဲ ... သူမကို စိတ်မဝင်စားသင့်ဘူး ... သနားစရာကောင်းတဲ့ သူမကို ဒီတိုင်းလွှတ်ထားလိုက်ပါ ...


ဟုတ်တယ် ချင်ယွီ ဒီမှာရှိနေရင်တောင် သူမနဲ့ စုန့်ထင်ရှန်းက အရမ်းချစ်ကြတဲ့ စုံတွဲတွေလိုမျိုး နေပြရတော့မယ် ... အချိန်ကျလာရင်သာ စုန့်ထင်ရှန်းက သူမနဲ့ ပူးပေါင်းဖို့ မျှော်လင့်ရတော့မှာပဲ ...


အကယ်၍ သူမ မျှော်မှန်းထားသည့်အတိုင်း ချင်ယွီ ဤနေရာတွင် ရှိမနေပါကလည်း သူမနှင့် သူမခင်ပွန်း၏ အပြန်အလှန် ဆက်ဆံတုံ့ပြန်မှုများက ချင်ယွီ၏ နားထဲ ပြန်ရောက်မည်သာ ဖြစ်သည်။


သူမက ပျော်ရွှင်စွာဖြင့် အကြံအစည်တစ်ခု ပြုလုပ်ထားလိုက်သည်။


xxxxxxx