အပိုင်း (၂၂၁)
Viewers 31k

Chapter 221


ယွမ်ရှက ထိုသို့တွေးပြီးနောက် မန်နေဂျာကို အကြောင်းကြားလိုက်သည်။ သူမ ခန့်မှန်းထားသည်များ မှန်ကန်ပါက မန်နေဂျာက ဤအကြောင်းကို ချင်ယွီအား သေချာပေါက် အသိပေးတော့မည်ဖြစ်သည်။


သူမက မန်နေဂျာ၏အခန်းသို့ ကတိုက်ကရိုက်သွားပြီး တံခါးခေါက်လိုက်သည်။


မန်နေဂျာက တံခါးဖွင့်လိုက်သည်။  သူမ မနက်ပိုင်းက ကမ်းခြေသို့ သွားခဲ့သောကြောင့် မျက်နှာတွင် facial maskကပ်ထားသည်။ ယွမ်ရှကို မြင်သည့်အခါ သူမ အနည်းငယ် အံ့အားသင့်သွားသည်။

" ယွမ်ရှ  တို့ကိုဘာလို့ရှာတာလဲ ..."


ယွမ်ရှက မန်နေဂျာကို မျက်လုံးချင်းဆုံအောင်ကြည့်ပြီး ပြုံးပြလိုက်သည်။ ယခုချိန်တွင် သူမ၏ သရုပ်ဆောင်ချက်က အလွန်သ‌ဘာဝကျသည်ဟု ထင်လိုက်မိသည်။


" ကျွန်မ အမျိုးသားနဲ့ သားလေးက ကျွန်မကိုလာတွေ့ကြတယ် ... ကျွန်မနေတဲ့အခန်းကကြီးတော့ မိသားစုသုံးယောက်နေလို့ရမယ်ထင်တယ် ... ကျွန်မ ကုမ္ပဏီရဲ့ စည်းကမ်းချက်တွေကိုသိပါတယ် ... တကယ်လို့ အဲ့လိုလုပ်တာ အဆင်မပြေဘူးဆိုရင် ကျွန်မအမျိုးသားနဲ့သားလေးနေတဲ့ ဟိုတယ်ကို ပြောင်းသွားလို့ရမလား ... ဒီနားမှာ ဟိုတယ်တစ်ခု ရှိတယ် ... တော်တော်လေး နီးတယ်ဆိုတော့ အဖွဲ့လိုက်လှုပ်ရှားမှုတွေလုပ်ရင်လည်း ပါဖို့အဆင်ပြေပါတယ် ..."


မန်နေဂျာက အံ့အားသင့်သွားသည်ကို သူမ သိသာစွာခံစားလိုက်ရသည်။


မန်နေဂျာက အပြုံးတစ်ခုဖြင့် တုံ့ပြန်ရန် အချိန်အတော်ကြာလိုက်သည်။


" ဒါက တို့တစ်ယောက်တည်း ဆုံးဖြတ်ချက်ချလို့မရဘူး ... တခြားမန်နေဂျာတွေနဲ့ ဆွေးနွေးလိုက်ဦးမယ် ခဏနေရင် အကြောင်းပြန်မယ် ရတယ်မလား ..."


ယွမ်ရှ စိတ်ထဲတွင် ရယ်ချင်လာသည်။ သူမက အလုပ်ဝင်ခါစ ဝန်ထမ်းတစ်ယောက်သာ ဖြစ်သည့်အပြင် ဤကိစ္စကလည်း ရေးကြီးခွင်ကျယ်မဟုတ်ပေ။ ဤနေရာ၌ပင် မန်နေဂျာက သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ ထိုအကြောင်းပြချက်နှစ်ခုလုံးက သင့်လျော်သည်။ သို့သော်လည်း။မန်နေဂျာက အခြားမန်နေဂျာများနှင့် ဆွေးနွေးရန်လိုသည်ဟု ပြောလိုက်သဖြင့် သူမ၏ ခန့်မှန်းချက်များက မှန်ကန်နေကြောင်း အတည်ပြုလိုက်နိုင်သည်။


မန်နေဂျာက အခြားမန်နေဂျာများနှင့် သွားရောက်ဆွေးနွေးမည်မဟုတ်ပဲ ချင်ယွီကိုမေး၍ သူ့ ညွှန်ကြားချက်များကို စောင့်ဆိုင်းနေရခြင်းသာဖြစ်သည်။


" ကောင်းပါပြီ ... ကျွန်မ ဒုက္ခပေးမိသွားတယ် ..."


ယွမ်ရှ သူမအခန်းသို့ ပြန်လာခဲ့သည်။ လေဆိပ်မှ ဤနေရာသို့လာရန် မိနစ်လေးဆယ်ခန့် ကြာမြင့်မည်ဖြစ်သည်။


အကယ်၍ ချင်ယွီက တစ်စုံတစ်ခုကြံစည်နေမည်ဆိုပါက သိသာသွားလိမ့်မည်။ သူမ အထင်မှန်ပါက ချင်ယွီက သေချာပေါက်သည်းညည်းခံပြီး စုန့်ထင်ရှန်းနှင့် ဝမ်လေးကို ဤနေရာတွင်သာ နေခိုင်းမည်ဖြစ်သည်။


သူမတို့က မိသားစုဖြစ်သည့် တစ်ခန်းတည်းတွင် နေမည်က သ‌ဘာဝကျသည်။ ကံကောင်းသည်မှာ အိပ်ယာက ၁.၉မီတာကျယ်ဝန်းသည့်အပြင် စုန့်ထင်ရှန်းနှင့် သူမကလည်း တစ်ကုတင်တည်း အိပ်ဖူးကြသည်။ ထို့အပြင် ဝမ်လေးလည်းရှိသောကြောင့် စုန့်ထင်ရှန်းနှင့် တစ်ကုတင်တည်းအိပ်ရခြင်းကလည်း သူမအတွက် အဆင်ပြေသည်။


စုန့်ထင်ရှန်းက တည်နေရာကို Wechatတွင် ရှဲလိုက်ပြီး  ဤနေရာတစ်ဝိုက်ရောက်နေပြီဖြစ်ကြောင်း ယွမ်ရှကို အသိပေးလိုက်သည်။ သူတို့နှစ်ယောက်က အပန်းဖြေအိမ်သို့ မိနစ်နှစ်ဆယ်အတွင်း ရောက်လာတော့မည်ဖြစ်သည။


ယွမ်ရှ မိတ်ကပ်ပြန်လိမ်းလိုက်ပြီး အောက်ထပ်သို့ ဆင်းသွားသည့်အခါ မန်နေဂျာရောက်လာသည်။


မန်နေဂျာ၏ အမူအယာက ရှုပ်ထွေးနေပုံမပေါ်သော်လည်း အနည်းငယ် နေရခက်နေသည့်ပုံဖြစ်နေသည်။


" တို့ တခြားမန်နေဂျာတွေနဲ့ ပြောပြီးပြီ ... မင်းက အမြဲတမ်းဝန်ထမ်းမဟုတ်ပေမယ့် ကုမ္ပဏီက ဝန်ထမ်းတစ်ယောက်ပဲလေ ဒီကာလအတွင်း အလုပ်လည်းသေချာလုပ်တယ် ... ပြီးတော့ မင်းရဲ့သားလေးက အမေကိုလွမ်းလို့ လိုက်လာတာဖြစ်လိမ့်မယ် အဲ့တော့ ခွဲနေလို့မှ မရတာ ... ဒီအိမ်က အခန်းကလည်း ကြီးတယ်ဆိုတော့ မင်းရဲ့အမျိုးသားနဲ့ သားလေး လာလို့ရပါတယ် ..."


ယွမ်ရှက ဤရလဒ်ကို အံ့ဩသွားခြင်းမရှိခဲ့ပေ။ သို့သော်လည်း ဝမ်းသာပျော်ရွှင်သွားသည့် အမူအယာပြသလိုက်သည်။


" ကောင်းလိုက်တာ ... ကုမ္ပဏီက အရမ်းသဘောကောင်းတာပဲ ကျေးဇူးအများကြီးတင်ပါတယ် ..."


ယွမ်ရှ၏ ပုံစံကြောင့် မန်နေဂျာက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။


" ကျွန်မအမျိုးသားနဲ့သားလေး ရောက်တော့မယ် သွားကြိုလိုက်ဦးမယ်နော် ..."

ယွမ်ရှက သူမ မျက်နှာကို လက်ဖြင့်အုပ်ကာ ရှက်သွားဟန်ဆောင်လိုက်သည်။


" တကယ်တော့ ကျွန်မ အမျိုးသားနဲ့ ကျွန်မက လက်ထပ်ထားတာ နှစ်အနည်းငယ်ပဲရှိသေးတာ ... ဒါက မြို့ပြင်ကို ခရီးထွက်ရုံလေးပဲလေ တနင်္လာနေ့ကျရင် ပြန်လာမှာကို သူလိုက်လာမယ်လို့ မထင်ထားဘူး ... သူ့စိတ်ထဲ ဘာတွေတွေးနေလဲ မသိတော့ပါဘူး ... ကျွန်မ အိမ်ကနေထွက်လာတာ ဒုတိယမြောက်နေ့ပဲရှိသေးတယ် သူက အလုပ်တွေတောင်ရွှေ့ထားပြီး ဒီနေရာထိလိုက်လာတယ် ... ပြောကာမှပဲ ကျွန်မတို့မိသားစု အရင်က အားလပ်ရက်ခရီးကောင်းကောင်းမထွက်ဖူးဘူး ... ဒီတစ်ခါ တကယ်ကံကောင်းသွားတာ ကုမ္ပဏီကိုပဲ ကျေးဇူးတင်ရတော့မယ် ..."


မန်နေဂျာက ပြုံးရုံသာ ပြုံးပြပြီး ဘာမှထပ်မပြောတော့ပေ။


xxxxxxxxx