အပိုင်း (၂၂၂)
Viewers 31k

Chapter 222


ယွမ်ရှက မန်နေဂျာကို နှုတ်ဆက်ပြီးနောက် နေကာမျက်မှန်တပ်၍ ဦး‌ထုတ်ဆောင်းလိုက်သည်။ ပင်လယ်ကမ်းခြေရှု့ခင်းက လှပသောလည်း ခရမ်းလွန်ရောင်ခြည်များက ကမ်းခြေတစ်ဝိုက်တွင် အလွန်ပြင်းထန်လွန်းသည်။ တစ်ချက်သတိလွတ်သွားသည်နှင့် နေလောင်ခံရနိုင်သည်။


တက္ကစီက သူမနှင့် မီတာတစ်ရာခန့်မရောက်မီအချိန်ထိ သူမ ဧည့်ခန်းထဲတွင် ထိုင်စောင့်နေသည်။


ကားတံခါးဖွင့်လိုက်သည်နှင့် ဝမ်လေးက ကားပေါ်မှ ပြေးဆင်းလာသည်။ သူက နေကာမျက်မှန်အသေးလေးတပ်ထားပြီး အဖြူရောင်တီရှပ်နှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားကာ  သူမထံသို့ အမြောက်ဆန်လုံးလေးကဲ့သို့ ပြေးဝင်လာသည်။


အိုး ... ကြောင်ပေါက်စလေးတစ်ကောင်က ကြောင်ကြီးတစ်ကောင်ဆီကို ပြေးဝင်လိုက်သလိုပဲ ...


ယွမ်ရှက ဝမ်လေးကိုချီလိုက်သည်။ သူမ၏ လက်မောင်းကြွက်သားများက လွန်ခဲ့သည့် လအနည်းငယ်အတွင်း ပိုမိုသန်မာလာခဲ့သည်။ သူမက ဝမ်လေးကိုချီပြီး လေပေါ်မြှောက်လိုက်သည့်အခါ ကလေးလေးက သဘောတကျရယ်မောနေသည်။


" မာမားကို သားအရမ်းလွမ်းနေတာ ..."


ဝမ်လေးက ယွမ်ရှ၏ပါးကိုအကြိမ်များစွာ နမ်းလိုက်သည်။ သူ၏ ပါးဖောင်းဖောင်းလေးက ပျော်ရွှင်မှုကြောင့်လားမသိ ရှက်ရွံ့မှုကြောင့်လားမသိ နီရဲနေသည်။


စုန့်ထင်ရှန်းက ခရီးဆောင်အိတ်ကို ဆွဲလာသည်။ သူက ယနေ့တွင် ရှားရှားပါးပါး အနောက်တိုင်းဝတ်စုံ မဝတ်လာပေ။ ပေါ့ပေါ့ပါးပါးသာ ဝတ်ဆင်ထားပြီး နေကာမျက်မှန်လည်း တပ်ထားသဖြင့် အသက်နှစ်ဆယ်ကျော် ကောင်လေးတစ်ယောက်နှင့်ပင်တူနေသည်။


ယွမ်ရှက သူ့ကိုပြုံးပြလိုက်သည်။

" တော်တော် ပင်ပန်းသွားမှာပဲ ..."


စုန့်ထင်ရှန်း ခေါင်းငြိမ့်ပြလိုက်သည်။

" ပြီးတော့ ရေလည်းဆာတယ်.."


ယွမ်ရှ၏ ကုမ္ပဏီအပေါ်တွင် အခွင့်အရေးယူသည်ဟု ခံစားလိုက်ရသဖြင့် စုန့်ထင်ရှန်း နေရခက်နေမိသည်။သို့သော်လည်း။ ယွမ်ရှက အပန်းဖြေအိမ်တွင်သာနေထိုင်၍ ရဟည်ဟုပြောလိုက်ပြီး သူမလေသံက အဖြေကိုတောင်းခံနေသည်နှင့်မတူပဲ အသိပေးနေသည်နှင့်သာတူနေသည်။ သူက သူမကို မငြင်းဆန်တော့ပဲ ဤနေရာတွင်သာ နေရတော့သည်။


" ကျွန်မနေတဲ့အိမ်က ဒီနားလေးမှာလေ ..."

ယွမ်ရှက ဝမ်လေးလက်ကိုဆွဲပြီး စုန့်ထင်ရှန်း၏ဘေးမှ လျှောက်လာသည်။ မိသားစုက နေရောင်ပြင်းပြင်းအောက်တွင် ဗီလာရှိရာသို့ လျှောက်လာကြသည်။



သူမ၏ လုပ်ဖော်ကိုင်ဖက်များက စုန့်ထင်ရှန်းနှင့် ဝမ်လေးကိုမြင်၍ အလွန် အံ့အားသင့်သွားကြသည်။ ယွမ်ရှက အရပ်ရှည်ရှည်နှင့်ချောမောခံ့ညားသော ခင်ပွန်းရှိ၍ အမျိုးသမီးဝန်ထမ်းများက ယွမ်ရှ၏ အမြင်အာရုံက အတော်ကောင်းသည်ဟု ပြောနေကြသည်။ ယွမ်ရှနှင့် အလုပ်တူတူလုပ်ရသည်ဖြစ်၍ သူတို့အားလုံးက သူမချမ်းသာကြောင်းကို သိကြသည်။ သူမက နေ့တိုင်းဇိမ်ခံကားတစ်စီးကာ ရုံးတက်ပြီး နာမည်ကြီးဘရန်းအဝတ်အစားများကိုလည်း ဝတ်ဆင်သောကြောင့်ဖြစ်သည်။ သူမက အလွန်ချမ်းသာသော်လည်း အဘယ့်ကြောင့် အလုပ်လုပ်နေသည်ကို သူတို့နားမလည်နိုင်ဖြစ်နေသည်။

အိမ်မှာနေပြီး ချမ်းသာတဲ့ အိမ်ထောင်ရှင်မ ဘဝကို ခံစားတာ ပိုမကောင်းဘူးလား ...


ဝမ်လေးကလည်း ချစ်ခင်စဖွယ်ဖြစ်သည်။ အမျိုးသမီးဝန်ထမ်းများက သူတို့၏မုန့်များထုတ်ကျွေးပြီး သူ့ကိုဖျစ်ညှစ်ရန် အချိန်က သိပ်မကြာလိုက်ပေ။


ကြည့်ရတာတော့ အနာဂတ်မှာ အရမ်းစန်းပွင့်တော့မှာပဲ ...


ယွမ်ရှက စုန့်ထင်ရှန်းကို အပေါ်ထပ်မှ သူမအခန်းကိုခေါ်သွားသည်။ တံခါးပိတ်ပြီးသည့်နောက် သူမက သူ့ကိုပြောလိုက်သည်။

" ကျွန်မတို့ ဒီည ဒီမှာနေကြတာပေါ့ ..."


ပျော်ရွှင်မှုများက လျင်မြန်စွာရောက်ရှ်ိလာသကဲ့သို့ စုန့်ထင်ရှန်း အနည်းငယ် အံ့အားသင့်သွားသည်။

" ကိုယ်တို့ ဒီညတူတူအိပ်ကြမှာလား ..."


သူ အထင်လွဲသွားတာတော့ မဟုတ်လောက်ပါဘူးနော် ...


" ဟုတ်တယ် ..."

ယွမ်ရှ ခေါင်းငြိမ့်ပြလိုက်သည်။


" ကျွန်မ တစ်ခုတော့ ပြောပြထားဦးမယ် ... ခဏနေရင် ကျွန်မရဲ့ စကားတွေ အပြုအမူတွေကြောင့် အံ့ဩသွားရင်တောင် လိုက်လျော‌ညီထွေဖြစ်ဖို့ အကောင်းဆုံးကြိုးစားပါ အဲ့လိုလုပ်နိုင်မလား ..."


သူ စကားပြောမှားပြီး သူမက သူ့ကိ လျစ်လျူရှု့ပြီးနောက်မှစ၍ စုန့်ထင်ရှန်း ဘာမှမမေးမြန်းမီ သေချာအောင် မေးရတော့သည်။


" ကိုယ့်ကို ဘာကြောင့်လဲဆိုတာ ပြောပြလို့ရမလား ..."


" အဲ့ဒါက စကားလုံးနည်းနည်းလေးနဲ့ သေချာရှင်းပြလို့မရဘူး ..."


သူ့ကို ရှင်သေသွားပြီး‌တဲ့နောက် မူလပိုင်ရှင်ရဲ့ ဒုတိယမြောက်ယောက်ျားပေါ်လာပြီး သူမကို စိတ်ကူးယဉ်ဆန်ဆန်နည်းလမ်းတွေနဲ့ ပရောပရည်လာလုပ်နေတယ်လို့ ပြောရမှာလား ... အဓိက အချက်ကတော့ စုန့်ထင်ရှန်းကို အမှန်တွေ ပြောပြလိုက်ရင်တောင် သူက ယုံမယ်တဲ့လား ... ယုံမယ်ဆိုရင်တောင် ဒီဆက်ဆံရေးကြီးက ရှုပ်ထွေးလွန်းနေတယ်... သူ လက်ခံနိုင်ပေမယ့် မပြောပြတာက အကောင်းဆုံးပါပဲ ..


သို့ဖြစ်၍ သူမနှင့် စုန့်ထင်ရှန်းက ချစ်ခင်နှစ်သက်ဖွယ်ကောင်းသော မိသားစုလေးအဖြစ်သရုပ်ဆောင်ရန် ပူးပေါင်းရတော့မည်ဖြစ်သည်။ အကယ်၍ သူမတို့၏ သရုပ်ဆောင်ချက်က ချင်ယွီကို ဝမ်းနည်းသွားစေပါက သူမဘေးနားတွင် သူ ဘယ်တော့မှပေါ်လာတော့မည် မဟုတ်ပေ။


xxxxxxx