အပိုင်း ၈၈
Viewers 18k

Chapter 88


ရမ်ရှန့်၏ တစ်ကိုယ်လုံး တောင့်တင်းသွားကာ ကျောက်လင်းယွီကို တင်းတင်းကြပ်ကြပ် ဖက်တွယ်လိုက်တော့သည်။ သူမှာ ပြောစရာစကား မရှိလောက်အောင်ပင် ကြောက်ရွံ့နေပြီဖြစ်သည်။ ကနဦးက လူသားပုံစံအတိုင်း တင်းခံနေသေးသော်ငြား နောက်ပိုင်းတွင်တော့ ခြေလက်တို့မှာ အမြစ်ပုံစံ ပြောင်းသွားကာ ကျောက်လင်းယွီကို ရစ်ပတ်ထားလိုက်သည်။ 


ရုပ်ရှင်ထဲရှိ သရုပ်ဆောင်တစ်ယောက်မှာ အစာစားနေရင်းတန်းလန်း ပါးစပ်ထဲသို့ ပိုးကောင်ဝင်သွားသည်။ လက်တွေ့တွင်မူ ရမ်ရှန့်၏ အမြစ်များက ကျောက်လင်းယွီ၏ လျှာကို ရစ်ပတ်ထားခြင်းဖြစ်သည်။ 


ရမ်ရှန့်က တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသည့်တိုင် မနာကျင်လှပေ။ သို့သော် လှုပ်၍ပင် မရလောက်အောင် ချုပ်နှောင်ခံထားရသည့် ခံစားချက်မှာ မကောင်းလှသည့်အပြင် ရမ်ရှန့်ကို မကိုက်မိစေရန် အလို့ငှာ ပါးစပ်ကိုလည်း ကျယ်ကျယ်ဟထား‌ရသေးသည့်အတွက် ကျောက်လင်းယွီမှာ နောင်တရလာမိတော့သည်။ 


ရုပ်ရှင်ပြီးသည်အထိ ရမ်ရှန့်မှာ တဆတ်ဆတ်တုန်ကာ ကြောက်လန့်နေဆဲ ဖြစ်သည့်အတွက် ကျောက်လင်းယွီသည် ပို၍ပင် နောင်တရမိလာတော့၏။ 


ရုပ်ရှင်ကြည့်တာက သူစိတ်ကူးယဉ်ထားသလိုမျိုးလည်း မချိုမြိန်ပါ့လား ... 


ရမ်ရှန့်က အဝတ်အစားများကို ပြန်ပြင်ရင်း သူ့ကို ဆွဲထားလိုက်သည်။ 


"လုံးလုံးလျားလျားကြီး ဂျင်ဆင်းပုံစံပြောင်းသွားပြီး အဝတ်တွေကို ဖြဲပစ်မိတာမျိုး မဖြစ်လို့ တော်သေးတယ် လင်းယွီ အပြင်လောကကလည်း ဒီလိုပဲ ကြောက်စရာကောင်းတယ်လား အခုကနေစပြီးတော့ မြို့တော်ကြယ်မှာပဲ နေကြရအောင် ..." 


"...." 


"ဒါတွေက အတုတွေပါ ..." 


"အတု‌ဆိုပေမယ့်လည်း ကြောက်စရာကောင်းတာပဲလေ ..." 


ရမ်ရှန့်မှာ အမှန်တကယ်ပင် ကြောက်ရွံ့နေပေသည်။ ဇာတ်သိမ်းတွင် ဇာတ်လိုက်မင်းသားမှာ စစ်သင်္ဘောစီးကာ ထွက်ပြေးနိုင်ခဲ့သော်ငြား သူ့မျက်နှာတွင်မူ ပိုးကောင်များ ကပ်ပါလာဆဲဖြစ်သည်။ 


ရမ်ရှန့် စိတ်သက်သာရာရသွားသည့်အတွက်  ပြန်ကြတော့မည့်အချိန်တွင် လူတစ်ယောက်က သူတို့ကို အားတက်သရော နှုတ်ဆက်လာသည်။ 


"ညီအစ်ကိုရေ ခင်ဗျားကိုကြည့်ရတာ ပျော်နေတဲ့ပုံပဲ အလှလေးက တကယ်ကြီးကို ခင်ဗျားရင်ခွင်ထဲ ပြေးဝင်လာတာနော် ကျွန်တော့်ကောင်မလေးကတော့ဗျာ ကျွန်တော့်ကို ရိုက်ပုတ်သွားတဲ့အပြင် နောက်တစ်ခါ ဒီလို ရွံစရာရုပ်ရှင်မျိုး ပြရဲပြကြည့် အသေသတ်ပစ်မယ်တဲ့ ..." 


ရွံရှာသည့် ခံစားချက်မျိုး ရခဲ့ရှာသည့် ကျောက်လင်းယွီမှာလည်း လုံးဝ ပျော်မနေခဲ့ပေ။ 


"ကောင်မလေးနဲ့သာ ကြောက်စရာကောင်းတဲ့ ဇာတ်ကားမျိုး သွားကြည့်လိုက် ရင်ခွင်ထဲကို လှစ်ခနဲ ဝင်လာလိမ့်မယ်ဆိုတဲ့ စကားကြီးက တကယ်ကို ယုံကြည်စရာ မကောင်းဘူးပဲ ..." 


ထိုသူက သက်ပြင်းချကာ ပြောလိုက်သည်။ 


ကောင်မလေးက ရင်ခွင်ထဲ ဝင်လာအောင် သရဲကားကြည့်တယ် ဟုတ်လား သူ့အနေနဲ့ဆို ရမ်ရှန့်ကို သရဲကားကြည့်ဖို့ ခေါ်မလာရင်တောင် သူ့ရင်ခွင်ထဲ ပျော်ပျော်ကြီး ဝင်လာဦးမှာပဲကို ... 


ထိုအခါမှသာ ကျောက်လင်းယွီလည်း သူ့လုပ်ရပ်များမှာ အနည်းငယ် လွန်ကျူးသွားကြောင်း သတိထားမိလိုက်သည်။ 


သူက တကယ်ကို ရို့မန်တစ်ဆန်တာတွေနဲ့ မကိုက်ညီဘူးပဲ ပြီးတော့ သူတို့မှာ ကလေးလေးယောက်တောင် ရနေပြီဆိုတော့ ရိုမန့်တစ်ဖြစ်နေစရာလည်း မလိုတော့ပါဘူး ... 


ထိုညတွင် အိုင်ဗာ့ကို ဗီဒီယိုကောလ်ခေါ်ကာ အလုပ်ကိစ္စဆွေးနွေးနေစဉ် ဂျင်ဆင်းလေးက သူ့လည်ပင်းကို ပွေ့ဖက်ကာ အနာဂတ်တွင် ရို့မန်တစ်ဆန်သည့် လုပ်ရပ်များ လုပ်မည့်အစား အချိန်ရလျှင် စစ်သင်္ဘောမောင်းနှင်ရေးသို့သာ ခေါ်သွားပေးရန် သဘောတူညီလိုက်ကြသည်။ 


နောက်နေ့မနက်တွင် ရမ်ရှန့်က တစ်ခုခုကို စိုက်ပျိုးလိုကြောင်း တောင်းဆိုလာပြီး သူ့စကားဆုံးသည်နှင့်တစ်ပြိုင်နက် အိမ်ထိန်းအိုကြီးက ကျောက်မိသားစု၏ နောက်ဖေးခြံဝန်းကို ရှင်းလင်းအဆင့်မြှင့်တင်ရန် စက်ရုပ်များကို မှာယူခဲ့သည်။ 


ကျောက်မိသားစုနေထိုင်သည့် ကျွန်းမှာ ‌မသေးလှသည့်အတွက် မြေနေရာလွတ်များစွာ ရှိနေဆဲဖြစ်သည်။ ရှင်းလင်းပြီးနောက် အိမ်တော်ထိန်းက နေရောင်ခြည်နှင့် လေထုစိုထိုင်းမှုကို ချိန်ညှိကာ ပတ်ဝန်းကျင်အမျိုးအစားအမျိုးမျိုး ပြောင်းလဲသတ်မှတ်နိုင်သည့်  မှန်လုံအိမ်ရာပေါင်းများစွာကိုပါ တည်ဆောက်လိုက်သည်။ ထိုမှန်လုံအိမ်ထဲတွင် ဖက်ဒရယ်တစ်ဝှမ်းရှိ မည်သည့်အပင်ကိုမဆို စိတ်ကြိုက်စိုက်ပျိုးနိုင်ပေသည်။


ရမ်ရှန့်စိုက်ပျိုးလိုသည်မှာ စိတ်ဝိဉာဉ်ဆေးပင်များသာ ဖြစ်သည်။ 


အတိတ်ကာလများက သူသည် အပင်များ၏ ကြီးထွားမှုကို တိုးမြှင့်ရန် သန့်စင်မြေနှင့် စိတ်စွမ်းအင်ကိုသာ အသုံးပြုခဲ့ပြီး အပင်၏ ဝန်းကျင်သဘာဝကို လျစ်လျူရှုထားမိခဲ့သည်။ ယခုမူ စာအုပ်ထဲတွင် ပြထားသည့်အတိုင်း မှန်လုံအိမ်တိုင်းတွင် မတူညီသည့် ပတ်ဝန်းကျင်ကို ဖန်တီးကာ သီးခြားစိုက်ပျိုးပြီး သာမန်မျက်စိဖြင့် မမြင်နိုင်သည့် သန့်စင်မြေကို စပါးစေ့တစ်ထောက်စာမျှ ထည့်သွင်းလိုက်သည်။ 


သန့်စင်မြေ၏ အကူအညီကြောင့် စိတ်စွမ်းအင် ထည့်သွင်းမထားသည့်တိုင် အပင်များသည် အစောတလျင် ကြီးထွားလာကြသည်။ သန္ဓေတည်ဆေးအတွက် လိုအပ်သည့် ဆေးပင်များကို စိုက်ပျိုးပြီးနောက် ရမ်ရှန့်လည်း မင်္ဂလာပွဲအတွက်သာ ဝမ်းသာအားရ ပြင်ဆင်လိုက်တော့သည်။ 


ငါးရက်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကုန်ဆုံးသွားကာ လက်ထပ်ပွဲနေ့သို့ ရောက်လာတော့သည်။ 


ယနေ့ခေတ် ကြယ်များရှိ လက်ထပ်ပွဲများမှာ ရိုးစင်းနိုင်သလို ကရိကထလည်း များနိုင်ပေသည်။ သိပ်မကြာခင်က လူသိများသော စီးပွားရေးသမားတစ်ဦးသည် ဂြိုဟ်ပေါ်ရှိ ပြည်သူအားလုံးကို သူ့မင်္ဂလာညစာစားပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ပြီး တစ်လတိုင် ပွဲကျင်းပခဲ့သည်။ တစ်ချိန်တည်းတွင်ပင် လက်ထပ်မှတ်ပုံတင်သာ ယူခဲ့ကြသူများလည်း ရှိနေသေးသည်။ 


ကျောက်မိသားစုက ထိုလူချမ်းသာ လုပ်ခဲ့သည့်အတိုင်း အကျယ်ချဲ့မည် မဟုတ်သော်ငြား လက်ထပ်မှတ်ပုံတင်သာ ယူလိုက်မည့် သာမန်ကာလျှံကာ လုပ်ရပ်မျိုးကိုလည်း လက်ခံမည် မဟုတ်ချေ။ မနက်ခင်းတွင် လက်ထပ်မှတ်ပုံတင်ယူကာ နေ့လည်တွင် မိသားစုစုံညီကာ ‌စားသောက်ကြပြီး ညနေပိုင်းတွင် အသိမိတ်ဆွေများနှင့် ဆွေမျိုးများကို ဧည့်ခံမည်ဖြစ်သည်။ 


ပြဿနာဖြစ်ပွားခြင်းကို ရှောင်ကြဉ်ရန် ကျောက်လင်းယွီသည် လက်ထပ်မှတ်ပုံတင် ယူချိန်တွင်  အထူးခွင့်ပြုမိန့်ကို အသုံးပြုခဲ့သည်။ နေ့ခင်းပိုင်းတွင်မူ ကျောက်မိသားစုအနေဖြင့် သာမန်နေ့ရက်များနှင့် မကွဲပြားလှသည့်အတွက် ညနေပိုင်းဧည့်ခံပွဲသာ ကျန်ပေတော့သည်။ 


"နောက်ထပ်ဧည့်ခံပွဲ ..." 


ရမ်ရှန့်က မျက်မှောင်ကြုတ်ကာ သူ့အတွက် အထူးပြုလုပ်ထားသော တရုတ်ရိုးရာဝတ်စုံကို ဝတ်ဆင်လိုက်သည်။

88.2


မူလက ရှန်းချိုးရှစ်သည် သူ့အတွက် အဖြူရောင် အနောက်တိုင်းဝတ်စုံနှင့် ကျောက်လင်းယွီအတွက် နက်ရောင် အနောက်တိုင်းဝတ်စုံကို ပြင်ဆင်ပေးထားပြီး ရမ်ရှန့်က ၎င်းကို ဝတ်ဆင်ရန် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။ 


တူနှစ်ကိုယ်ကျင့်ကြံရေးအတွက် လက်ထပ်ရာတွင် အနီရောင်ဝတ်စုံကို ဝတ်ဆင်ရမည်ဟု သူ့ဆရာက ပြောထားခဲ့ဖူးသည့်အတွက် သူကိုယ်တိုင် ဒီဇိုင်းဆွဲကာ ချုပ်လုပ်စေခဲ့ခြင်းဖြစ်သည်။ 


နှစ်ဦးလုံးမှာ အမျိုးသားများ ဖြစ်သည့်အတွက် လက်ဝကျယ်ကျယ်နှင့် အနီရောင် ရှေးခေတ်ဝတ်စုံနှစ်စုံကိုသာ ဖန်တီးလိုက်သည်။ ရမ်ရှန့်ဝတ်ဆင်လိုက်ချိန်တွင် သူ့အသားအရေမှာ နဂိုထက်ပင် ဝင်းလက်တောက်ပသွားသော်ငြား ကျောက်လင်းယွီမှာမူ ... 


ကျောက်လင်းယွီမှာ အရပ်ရှည်ကာ လူကောင်ထွားသည့်အပြင် အသားအရောင်ကလည်း အညိုရောင်သမ်းသည့်အတွက် သူ့ကို  အနီရောင်ဝတ်စုံနှင့် မြင်လိုက်ရသည်မှာ အနည်းငယ် သည်းမခံနိုင်စရာပင် ဖြစ်သည်။ ရမ်ရှန့်တစ်ဦးတည်းကသာ သူ့ကို ကြည့်ကောင်းသည်ဟု ထင်မြင်ပေသည်။ 


နောက်ဆုံးတွင်တော့ ရှန်းချိုးရှစ်မှာ ကျောက်လင်းယွီကို အနောက်တိုင်းဝတ်စုံ ဝတ်ခိုင်းပြီး ရမ်ရှန့်ကတော့ သူ့စိတ်ကြိုက် အနီရောင်ရိုးရာဝတ်စုံကို ဝတ်ဆင်ရန် ဝင်ဆုံးဖြတ်ပေးလိုက်ရတော့သည်။ 


"ရမ်ရှန့် ဘာလို့ ဂါဝန်ကြီး ဝတ်ထားတာလဲ ..." 


သတို့သားအရံရာထူးကို ယူထားရသည့်အတွက် အစောကြီး ရောက်လာသော ဝူရွှိုက်က သူ့ကို ဇဝေဇဝါဖြင့် မေးလိုက်သည်။ 


"မာရှယ်က မင်းကို ဒါဝတ်အောင် လှည့်ဖျားထားတာလား ..." 


ရမ်ရှန့်ကို လှည့်ဖျားကာ အနီရောင်ဂါဝန် ဝတ်ခိုင်းသည်မှာ အနည်းငယ် အကြင်နာမဲ့ရာကျသော်ငြား ရမ်ရှန့်မှာ ဤဝတ်စုံမျိုးဖြင့် အလွန်လိုက်ဖက်လှပေသည်။ 


ဘာမှမလုပ်သော်ငြား မှားယွင်းစွပ်စွဲခံလိုက်ရပြန်သည့် မာရှယ်ကတော့ တိတ်တဆိတ်သာ ကြေကွဲလိုက်ရတော့သည်။ 


"ဒါက စကတ်မဟုတ်ဘူး အမျိုးသားဝတ်အင်္ကျီ ..." 


ရမ်ရှန့်က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ 


"လင်းယွီကိုလည်း ဒါမျိုး ဝတ်ခိုင်းမလို့ပဲ ဒါပေမယ့် သူက ဒါနဲ့ သိပ်မလိုက်ဖက်လို့ မဝတ်ခိုင်းရတာ ..." 


ရမ်ရှန့်မှာ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်သွားသော်ငြား ရိုးရာဝတ်စုံဝတ်ထားသည့် ကျောက်လင်းယွီ၏ ဓာတ်ပုံကိုမူ သူ့ဆက်သွယ်ရေးစက်ထဲတွင် သိမ်းဆည်းလိုက်သည်။ 


"‌ဗိုလ်ကြီးဝူရွှိုက် ..." 


ကျောက်လင်းယွီက ရုတ်ချည်း ဝင်ပြောလိုက်သည်။ 


"မင်းအတွက် ရှေးခေတ်ကမ္ဘာရဲ့ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုအတန်းကို အပ်ပေးထားတယ် မနက်ဖြန်ကနေစပြီး စောစောစီးစီး ဘွဲ့ရဖို့ ရေကုန်ရေခမ်း ကြိုးစားတော့ ..." 


"မာရှယ် အယ်လီကလည်း ကျွန်တော့်အတွက်ဆိုပြီး မွေးကင်းစကလေး ပြုစုစောင့်ရှောက်ရေးအတန်းတစ်တန်း အပ်ပေးထားသေးတယ် ..." 


သူက ဝမ်းနည်းပက်လက်ဖြင့် ပြောလိုက်သည်။ 


"ဖက်ဒရယ်သမိုင်းကြောင်းအတန်းအတွက်လည်း ပြင်ဆင်ဖို့ လိုသေးတော့ ရှေးခေတ်ကမ္ဘာသမိုင်းကြောင်းက ..." 


"အဲဒါကြောင့်ကို ပိုပြီး တက်သင့်တာပေါ့ ဒီလိုမျိုး အွန်လိုင်းကနေ သင်ရတဲ့ အတန်းတွေက အချိန်မရွေး သင်လို့ ရတယ်လေ ပြီးတော့ တစ်ရက်မှ တစ်တန်းပဲ တက်ရုံပဲကို ဒါပေမယ့် မင်း သွားမတက်တဲ့အကြောင်းကို ပြန်ကြားရရင်တော့  ..." 


ကျောက်လင်းယွီက သူ့ကို ခြိမ်းခြောက်သည့် အကြည့်တို့ဖြင့် ကြည့်လိုက်သည်။ 


ဝူရွှိုက်မှာ စကားပင် မပြောရဲတော့ချေ။ 


ပြီးခဲ့သည့် ဧည့်ခံပွဲတွင် ကျောက်လင်းယွီကို ကန့်လန့်တိုက်လိုသူများ တက်ရောက်ခဲ့သော်ငြား ယနေ့ပွဲကို တက်ရောက်လာသူများမှာမူ မင်္ဂလာမောင်နှံကို စိတ်ရင်းဖြင့် ဝမ်းသာဂုဏ်ပြုပေးကြသည့်အတွက် ပွဲကျင်းပနေသည့်တစ်ချိန်လုံး ငြိမ်သက်အေးဆေးနေပေသည်။ 


လောလောလတ်လတ်လေးတင်မှ ထွက်ပေါ်ထားသည့် အာဟာရဆေးတောင့်သတင်းကြောင့် လော့ခဲမိသားစုနှင့် ရန်မိသားစုသည်ပင် သူ့ကို စိတ်အနှောင့်အယှက် မပေးရဲတော့ပေ။ 


"ရမ်ရှန့် မင်းက ဒီနေ့ အရမ်းလှတာပဲ ..." 


ဖန့်ချန်ကျွင့်က သူ့ကို ကြည့်ကာ ကြက်သေသေသွားတော့သည်။ 


"မင်းကို စတွေ့ကတည်းက မလိုက်ခဲ့မိတာ နောင်တရနေပြီ ..." 


ရမ်ရှန့်ကို စတွေ့ကတည်းက သူ့အပေါ် ခံစားချက်ကောင်း ရှိခဲ့သော်ငြား နှလုံးသားစေရာအတိုင်း မလှုပ်ရှားခဲ့မိပေ။ ယခု ပြန်တွေးမိကာမှ နောင်တရလာတော့သည်။ 


ကလေးလေးယောက်လေ အဲဒီ့ကလေးလေးယောက်က သူ့ကလေးတွေ ဖြစ်လာနိုင်တာကို ... 


"ကြည့်လေ ငါမပြောဘူးလား မင်းကောင်လေးကို မလိုက်လိုက်ရလို့ နောင်တရနေတဲ့သူတွေ အများကြီးပါဆို အဲဒါကြောင့် ဖန့်ချန်ကျွင့်ကို သတိကြီးကြီးထားနေတော့  ..." 


ဆံပင်တိုတိုညှပ်ကာ နှုတ်ခမ်းမွေးတို့ကို ရိတ်သင်ထားသည့်အတွက် ချောမောခန့်ငြားနေသော Gerd က ပြောလိုက်သည်။ 


"ငါ့ဆေးကရော အဆင်သင့်ဖြစ်ပြီလား ..." 


ချက်ခြင်းကြီးကို စကားလမ်းကြောင်း လွှဲပစ်လိုက်တာပဲ ... 


ကျောက်လင်းယွီက သူ့ကို လျစ်လျူရှုကာ ဖန့်ချန်ကျွင့်၏ အကြည့်အောက်တွင်ပင် ရမ်ရှန့်၏လက်ကို ဆုပ်ကိုင်လိုက်သည်။ 


"သူက ငါတစ်ယောက်တည်းကိုပဲ သဘောကျတာ မင်းက ငါ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး ..." 


"...." 


အသည်းကွဲနေတာတောင်မှ ဒီလို အပြောခံနေရဦးမှာလား ဆိုးဝါးလိုက်တာ ... ဒါပေမယ့် အသည်းကွဲနေတယ်လို့လည်း ပြောလို့မရပါဘူးလေ ရမ်ရှန့်အပေါ် ခံစားချက်ကောင်းရှိတယ်ဆိုပေမယ့် အဲဒါက အချစ်မှ မဟုတ်တာ ကျောက်လင်းယွီကို မယားတွဲလောင်း သားတွဲလောင်းနဲ့ တွေ့နေရလို့ မနာလိုဖြစ်မိရုံလေးတင်ပဲကို ..." 


"တူလေးဖန့်ရေ အမြှောင်မယားတစ်ယောက်မှာ အနာဂတ်ဆိုတာ မရှိဘူးနော် ..." 


Gred က သူ့ကို ဘဝင်မြောက်စွာဖြင့် ကြည့်လိုက်သည်။ သူသည် ဖန့်ချန်ကျွင့်ထက် အသက်ကြီးသည့်အတွက် နှစ်ဦးအကြားတွင် မပြေလည်မှုများ မရှိသင့်သော်ငြား လွန်ခဲ့သည့်နှစ်ငါးဆယ်ခန့်က သူသည် မိန်းကလေးတစ်ဦးကို ချစ်ကျွမ်းဝင်ခဲ့သည်။ သို့သော် သူမကမူ ဖန့်ချန်ကျွင့်ကိုသာ ရူးရူးမူးမူး စွဲလမ်းနေပေသည်။ 


အရပ်ပုရုံတင်မကဘူး မိန်းမတစ်ယောက်ထက်တောင် ကြည့်ကောင်းနေတဲ့ ဖန့်ချန်ကျွင့်လိုလူမျိုးက ဘာများ ကောင်းတာရှိလို့လဲ ... 


ထိုအချိန်ကတည်းက သူသည် ဖန့်ချန်ကျွင့်ကို အမြင်မကြည်တော့ပေ။ 


xxxxxxxx