အပိုင်း ၈၉
Viewers 18k

Chapter 89


တကယ်တမ်းတွင် ဖန့်ချန်ကျွင့်မှာလည်း မပုလှ။ သူနှင့် ကျောက်လင်းယွီကသာ အရပ်ရှည်လွန်းနေကြခြင်းဖြစ်သည်။ သူက Gerd ကို မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းတို့ဖြင့် စိုက်ကြည့်လိုက်သည်။ 


"အမြှောင်မယားဖြစ်ချင်တာတောင် မဖြစ်နိုင်တဲ့လူတွေထက်တော့ သာပါသေးတယ် ..." 


သူနှင့် ထိုမိန်းကလေး ချစ်ကြိုက်သွားသည်အထိ Gerd မှာ လက်မလျော့သေး။ နောက်ပိုင်း သူတို့နှစ်ဦး ပြတ်ဆဲသွားခဲ့သည့်တိုင် ထိုမိန်းကလေးသည် သရုပ်မှန်ကို ဖုံးကွယ်ထားသည့် Gerd ကို စောင်းငဲ့၍ပင် မကြည့်ခဲ့ချေ။ 


"ငါက တစ်ချို့တစ်ချို့သောသူတွေလိုမျိုး အချစ်မှာ လွယ်လွယ်ကူကူနဲ့ ကျရှုံးမသွားဘူးလေ ..." 


သူက ဖန့်ချန်ကျွင့်ကို အထင်အမြင်သေးလေဟန်ဖြင့် ကြည့်လိုက်သည်။ ရမ်ရှန့်၏ဆေးကို မြန်မြန်ယူကာ ကလေးမြန်မြန်ရလိုနေပြီဖြစ်သည်။ 


ကျောက်လင်းယွီနှင့် ရမ်ရှန့်တို့မှာမူ အစောကတည်းကပင် ထိုနေရာတွင် မရှိတော့ချေ။ ကျောက်လင်းယွီက ဧည့်သည်အားလုံးကို လိုက်လံနှုတ်ဆက်လိုသော်ငြား ရမ်ရှန့်ကမူ ထိုသို့လုပ်ရန် စိတ်မရှည်လှသည့်အတွက် အနီးအနားရှိ အသိအကျွမ်းများကိုသာ စကားပြောနေလိုက်သည်။ 


ပြီးခဲ့သည့်ပွဲကို တက်ရောက်ခဲ့သော အကြီးအကဲဖန့်သည် ယနေ့ပွဲကိုပါ တက်ရောက်လာသည်။ ဝိုင်တစ်ခွက်ကိုကိုင်ကာ အကြီးအကဲထန့်အနီးသို့ လျှောက်လာရင်း ပြောလိုက်သည်။ 


"မတွေ့တာ ကြာပြီနော် ..." 


"တော်တော်ကြာသွားပြီပဲ မင်းက ဒီလောက်အထိ အိုသွားလိမ့်မယ်လို့ ထင်ကို ထင်မထားမိဘူး ..."


အကြီးအကဲထန့်က မညှာမတာ ပြောလိုက်သော်ငြား သူ့မျက်ဝန်းထဲတွင်မှု ဝမ်းနည်းမှုတို့ ရစ်သိုင်းနေပေသည်။ 


"ဟုတ်တယ် ငါတို့တွေက အိုလာကြပြီ ဒီလိုဆိုမှ‌တော့ အေးအေးချမ်းချမ်းလေးပဲ စကားပြောကြရင် မကောင်းဘူးလား ..." 


အကြီးအကဲဖန့်က ပြောလိုက်သည်။ 


မစ္စတာထန့်လည်း သက်ပြင်းအရှည်ကြီးချကာ သဘောတူလိုက်သည်။ 


ထိုအချိန်တွင် ပြီးခဲ့သည့်နှစ်ရက်လုံးလုံး ကျောက်အိမ်တော်ရှေ့တွင်သာ လမ်းသလားနေသည့် အယ်လီနာမှာလည်း ဇနီးဖြစ်သူကို တွေ့သွားလေပြီ။ အခုမှသာ သူမကို မြင်တွေ့ရသည့်အတွက် လွန်စွာ စိတ်လှုပ်ရှားနေတော့သည်။ 


"ခဲ့ရှင်း ကလေးက ..." 


"ကလေးက အဆင်ပြေပါတယ် ..." 


သူမက ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။ 


"ခဲ့ရှင်း ကိုယ်နဲ့ ပြန်လိုက်ခဲ့ပါ ..." 


သူက ထပ်ပြောလိုက်သည်။ 


"ကျွန်မကြားတာတော့ ရှင့်ရာထူးကို ပြန်ယူတော့မလို့ဆို ..." 


သူမက မေးလိုက်သည်။ 


"မဟုတ်ဘူး ကိုယ် မြို့စောင့်တပ်ကို ပြန်မသွားတော့ဘူး ဒီအလုပ်က ကိုယ့်မိသားစုကြောင့် ရခဲ့တာဆိုတော့ အချိန်မရွေး ဆုံးရှုံးသွားနိုင်တယ်လေ အနာဂတ်မှာ ဒီလိုမျိုး လုံးဝ ထပ်မလုပ်တော့ဘူး ..." 


သူက ပြောလိုက်သည်။ သူသည် မိသားစုကိုသာ ဦးစားပေးနေခဲ့ပြီး အခုအချိန်မှသာ သူ့လုပ်ရပ်အချို့မှာ မှားယွင်းကြောင်း သိသွားခြင်းဖြစ်သည်။ 


"ကျွန်မ စောင့်နေမယ် ..." 


သူက ဗိုက်ကို အုပ်မိုးကာကိုင်ရင်း ပြောလိုက်သည်။ အာဟာရဆေးတောင့်၏ အာနိသင်မှာ ကောင်းလှသည့်တိုင် ရွှေရောင်ပုံဆောင်ခဲမှာ ပို၍ပင် စွမ်းလှသည့်အတွက် နဂိုထက်ပင်ပိုကာ ကျောက်မိသားစုတွင် နေထိုင်လိုလာတော့သည်။ 


အယ်လီနာ၏ မျက်နှာမှာ ရုတ်ချည်း ခါးသီးသွားတော့သည်။ 


"မြို့စောင့်တပ်မှာ မလုပ်တော့ဘူးဆိုရင်တောင် အလုပ်ထပ်မရှာတော့ဘူးလား ရှင့်ကလေးတွေကို ဗိုက်ဟောင်းလောင်းထားဖို့များ ကြံနေတာလား ..." 


သူမက ထပ်ပြောလိုက်သည်။ 


"ကိုယ် မနက်ဖြန် အလုပ်သွားရှာလိုက်မယ်နော် ..." 


သူမ၏ စကားသံကို ကြားလိုက်ရမှသာ အယ်လီနာလည်း သူ့ကိုယ်သူ အချိန်ဖြုန်းနေမိကြောင်း သတိထားမိတော့သည်။ သူ့တွင် ရင်သွေးရှိနေပြီဖြစ်သည့်အတွက် သူ့ကို ကောင်းကောင်းမွန်မွန် ထားနိုင်ရန် ငွေရှာရဦးမည်ဖြစ်သည်။ 


ထိုသူများက လွတ်လွတ်လပ်လပ် စကားစမြည် ပြောနေကြသည့်အတွက် ကျောက်လင်းယွီလည်း စိတ်လက်ပေါ့ပါးလာတော့သည်။ သူ့ကို ခွက်ချင်းတိုက်ကာ သောက်ခိုင်းသူ အများအပြား ရှိနေသော်ငြား ၎င်းမှာ သူ့ခံနိုင်ရည်ကို ‌မကျော်လွန်သည့်အတွက် များစွာ အာရုံထားမနေပေ။ သို့သော် နှစ်ခွက်ခန့် သောက်ပြီးနေသည့် ရမ်ရှန့်မှာမူ အင်္ကျီအရောင်ဟပ်ကာ မျက်နှာတစ်ခုလုံး နီမြန်းနေတော့သည်။ 


ဂျင်ဆင်းတွေကလည်း အရက်မူးတယ်လား ဝိုင်ကို အာဟာရအဖြစ် မစုပ်ယူနိုင်ဘူးလား ... 


ကျောက်လင်းယွီမှာ စိတ်ပူသွားသည့်အတွက် စောစောပြန်အနားယူရန် တွေးလိုက်သည်။ 


ရမ်ရှန့်ကို ပွေ့ချီရင်း သူက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ 


"အားလုံးပဲ အားနာပါတယ် ကျွန်တော့်လက်တွဲဖော်က ကောင်းကောင်းမသောက်နိုင်တော့ သူ့ကို အရင်ဆုံး အနားယူခိုင်းလိုက်ပါဦးမယ် ..." 


"ကျွန်တော် မမူးသေးဘူး ..." 


ရမ်ရှန့်မှာ လက်ရှိအခြေအနေကို အနည်းငယ် ဝေဝါးနေသည်။ 


"မူးနေတဲ့သူတွေကလည်း အဲဒီ့လိုပဲ ပြောကြတာပဲ ..." 


ကျောက်လင်းယွီက သူ့ကိုနမ်းကာ ပွဲထဲမှ ထွက်လာလိုက်သည်။ ရမ်ရှန့်၏ အခြေအနေကို မြင်ပြီးနောက် အခြားသူများ၏အမြင်ကို ဂရုမစိုက်အားတော့ပေ။ 


သူမရဲ့သားက ရမ်ရှန့်ကို တကယ်ကြီး ခေါ်ထုတ်သွားတာပဲ ... 


ရှန်းချိုးရှစ်မှာ သက်ပြင်းနာနာချကာ ဧည့်ခံရေးတာဝန်ကို လွှဲပြောင်းယူလိုက်ရတော့သည်။ 


သားဖြစ်သူ၏ လက်ထပ်ပွဲ ဖြစ်သော်ငြား တာဝန်အားလုံးမှာမူ သူမ၏ ခေါင်းပေါ်သို့သာ ကျလာတော့သည်။ ဒါပေမယ့် သူမလည်း ကျောက်ဖမ်းနဲ့အတူတူ သွေးပူလေ့ကျင့်ခန်းလေး လုပ်ချင်နေပြီလေ ... 


ရမ်ရှန့်မှာ ဝိုင်ကို အာဟာရဓာတ်အဖြစ် မပြောင်းလဲနိုင်သည့်တိုင် မမူးသေးပေ။ ထိုအရက်ပါဝင်မှုပမာဏ နည်းနည်းလေးသည် သူ့စိတ်ကို ထွေပြားအောင် လုံးဝ မစွမ်းနိုင်ပေ။ 


သို့သော် ကျောက်လင်းယွီက သူ့ကို ပွေ့ချီလာသည့်အတွက် ဘာမှ ဆက်မပြောတော့ပေ။ 


ကျောက်လင်းယွီအနေဖြင့် ခြံဝန်းထဲရှိ သတ္ထုအိမ်ထဲတွင် နေထိုင်ရန် မလိုအပ်တော့သော်ငြား ထိုနေရာသည် သူနှင့်ရမ်ရှန့်တို့ စတင်သိကျွမ်းခဲ့ရာနေရာ ဖြစ်သည့်အတွက် ယခင်အခန်းဟောင်းသို့ ပြန်မပြောင်းတော့ဘဲ ထိုအိမ်ကိုသာ သူ့အိမ်သစ်အဖြစ် သဘောထားလိုက်သည်။ 


အခန်းထဲရောက်သည်နှင့်တစ်ပြိုင်နက် ရမ်ရှန့်က သူ့နှုတ်ခမ်းကိုကိုက်ကာ အဝတ်များကို ဆွဲချွတ်လိုက်တော့သည်။ 


ကျောက်လင်းယွီမှာ ယခင်ကကဲ့သို့ အကာအကွယ်ဝတ်စုံများကို ဝတ်ဆင်ရန် မလိုအပ်တော့သည့်အပြင် ယနေ့ သူဝတ်ထားသည်မှာလည်း အနီးအနားရှိ စိုက်ပျိုးရေးဂြိုဟ်တွင် မွေးမြူထားသော တိရစ္ဆာန်၏ ပိုးချည်မျှင်ဖြင့် ရက်လုပ်ထားသော အင်္ကျီဖြစ်သည်။ ထိုအဝတ်စမျိုးမှာ သက်သာချောင်ချိသော်ငြား လွယ်လွယ်ကူကူ စုတ်ပြဲသွားနိုင်ပြီး ရမ်ရှန့်၏ လက်ချက်ကြောင့် ပြဲစပြုနေပြီဖြစ်သည်။

89.2


"ကိုယ့်ကို အဝတ်ဗလာဖြစ်သွားတဲ့အထိ ဆွဲချွတ်‌ချင်နေတာလား ..." 


ကျောက်လင်းယွီက သူ၏ အဝတ်ဗလာနှင့် ကိုယ်လုံးကို ငုံ့ကြည့်ရင်း ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်သည်။ 


"ခဏလေး ..." 


ရမ်ရှန့်က ထိုသို့ပြောကာ သူ့အဝတ်အစားများကိုပါ ဆွဲချွတ်ပစ်လိုက်သည်။


"ကျွန်တော်လည်း အခု ကိုယ်တုံးလုံးဖြစ်သွားပြီ ..." 


ရမ်ရှန့်၏ ဆိုးသွမ်းမှုမှာ မဆန်းလှတော့ချေ။ ကျောက်လင်းယွီအနေဖြင့် သူ့ခန္ဓာကိုယ်ကို ကြိမ်ဖန်များစွာ မြင်ဖူးထားသော်ငြား ယခုအချိန်အထိ သူ့အတွက် ဆွဲဆောင်မှုရှိနေဆဲပင်ဖြစ်သည်။ 


"တူနှစ်ကိုယ်ကျင့်ကြံရအောင် ..." 


ရမ်ရှန့်က သူ့ကို တိုက်ရိုက် ပွေ့ဖက်လိုက်သည်။ ယမန်နေ့သည် ကျောက်လင်းယွီက သူ့ကို မျိုးစေ့ပေးရမည့်နေ့ ဖြစ်သော်ငြား ယနေ့တွင် တူနှစ်ကိုယ်ကျင့်ကြံမည်ဖြစ်သည့်အတွက် ထိုမျိုးစေ့များကို မလိုချင်ပေ။ 


"ရမ် ကိုယ့်မှာ သန့်စင်မြေမရှိရင်ရော ကိုယ့်ကို ကြိုက်နေဦးမှာလား ..." 


"မသိဘူး ..." 


ရမ်ရှန့်က ခေါင်းကို ယမ်းပြလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ ပူပြင်းလာချေပြီ။ ကျောက်လင်းယွီနှင့်အတူ တူနှစ်ကိုယ်ကျင့်ကြံရန် စောင့်ဆိုင်းခဲ့ရသည်မှာ ရက်အတော်ကြာနေပြီဖြစ်သည်။ 


"တကယ်လို့ တစ်ခြားတစ်ယောက်ရဲ့ ကိုယ်ထဲမှာ သန့်စင်မြေရှိတယ်ဆိုရင်ရော အဲဒီ့လူကို သဘောကျမှာလား ..." 


သူက ထပ်မေးလိုက်ပြန်သည်။ 


"အစပိုင်းတုန်းက ခင်ဗျားကိုလည်း သဘောမကျခဲ့ဘူး ..." 


ရမ်ရှန့်က ပြောလိုက်သည်။ ကျောက်လင်းယွီကို သန့်စင်မြေခဲကြီးဟုသာ တွေးခဲ့သော်ငြား နောက်ပိုင်းတွင် ထိုအတွေးတို့မှာ တစ်ဖြေးဖြေး ယုတ်လျော့သွားသည်။ 


သူ့အဖြေမှာ အင်မတန် ရိုးသားလှကာ ကျောက်လင်းယွီ ကြားလိုသည်နှင့် တစ်ထပ်တည်းပင်ဖြစ်သည်။ သူ့နှုတ်ခမ်းတို့ကို ခပ်ပြင်းပြင်း နမ်းရှိုက်ကာ ထပ်မေးလိုက်သည်။ 


"အဲဒါက ဘယ်လိုလဲဆိုတာ သိလို့လား ..." 


"ကျွန်တော့်ရဲ့ ကျင့်ကြံဆင့်ကို တိုးမြင့်မပေးနိုင်ရင်တောင် ကိစ္စမရှိဘူး ခင်ဗျားနဲ့ပဲ တူနှစ်ကိုယ် ကျင့်ကြံခြင်တာ ..." 


ရမ်ရှန့်က သူ့လက်ချောင်းများကိုသုံးကာ ကျောက်လင်းယွီ၏ ရင်ဘက်ပေါ်ရှိ ပဲစေ့နှစ်စေ့ကို ဆိတ်ဆွဲလိုက်သည်။ တူနှစ်ကိုယ်ကျင့်ကြံရေးနည်းလမ်းများကို မေ့လျော့သွားပြီဖြစ်သည့်အတွက် သူ့လုပ်ရပ်မှာ မှန်မမှန် မသေချာပေ။ 


ဒါကိုသာ သည်းခံနေနိုင်ရင် သူက ယောကျာ်းမဟုတ်တော့ဘူး ... 


..... 


ရမ်ရှန့်၏ ခန္ဓာကိုယ်ကို စိုးရိမ်နေရှာသော ကျောက်လင်းယွီက အလွန်ဂရုတစိုက်ဖြင့် လှုပ်ရှားလိုက်သည်။ သို့သော် အမှန်စင်စစ်တွင် သူတစ်ယောက်တည်း အတွေးလွန်နေခြင်းဖြစ်သည်။ ဂျင်ဆင်းမျိုးနွယ်ဖြစ်သည့်အတွက် ရမ်ရှန့်၏ ခန္ဓာကိုယ်သည် လူသားမျိုးနွယ်များထက် သန်မာကာ အလွယ်တကူ မထိခိုက်နိုင်ချေ။ 


ကျောက်လင်းယွီ ဝင်လာပြီး မကြာလိုက် တူနှစ်ကိူယ်ကျင့်ကြံရေးနည်းလမ်းအချို့ကို ပြန်အမှတ်ရသွားတော့သည်။ 


ကျင့်ကြံရေးတွင် အာရုံစိုက်နေရင်း ပေါက်ကွဲထွက်တော့မည့် အချိန်တွင် ကျောက်လင်းယွီသည် သူ့အောက်ရှိ ဆယ်ကျော်သက်ကလေးကိုကြည့်ကာ အားတုံ့အားနာ ဖြစ်မိလာပြန်သည်။ သူသည် နှစ်ရှည်လများ အလုပ်ပုံကြားတွင် ခေါင်းစိုက်ခဲ့ရသူ ဖြစ်သည့်အတွက် ခပ်ကြာကြာ မင်္ဂလာဦးခြင်းသည် မကောင်းဟု တွေးခဲ့မိသော်ငြား ရမ်ရှန့်က သူ့ကို ထုတ်လွှတ်ခွင့် ‌မပေးသေးပေ။ 


နောက်တစ်နေ့မနက် နိုးလာချိန်တွင် သူ့ဘေးရှိလူ၏ အရွယ်အစားမှာ တစ်ခုခုမှားယွင်းနေကြောင်း တွေ့လိုက်ရသည်။ 


ရမ်ရှန့်ခန္ဓာကိုယ်က ဒီလောက် မကြီးပါဘူး ... 


ကျောက်လင်းယွီက ရုတ်ခြည်းထထိုင်ကာ မျက်လုံးဖွင့်လိုက်ချိန်တွင် ရမ်ရှန့်မှာ နေ့ချင်းညချင်း ကြီးထွားလာကြောင်း တွေ့လိုက်ရသည်။ 


"လင်းယွီ နိုးလာပြီလား ..." 


ဘေးနားရှိ လှုပ်ရှားမှုကို အာရုံခံစားမိလိုက်သော ရမ်ရှန့်က သူ့ကို ပြုံးပြရင်း မေးလာသည်။ 


ယခုအချိန်တွင် များစွာ သက်တောင့်သက်သာ မဖြစ်လှသေးသော်ငြား သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာတော့ ချောမွေ့နေပေသည်။ 


ကျောက်လင်းယွီ ပထမဆုံး ဝင်ရောက်လာစဉ်က အနည်းငယ် နာကျင်သော်ငြား နောက်ပိုင်း သူ့စိတ်စွမ်းအင်ကို လှည့်ပတ်ရန် ကြိုးစားကြည့်ချိန်တွင်မူ နာကျင်မှုအားလုံး ပျောက်ကွယ်သွားတော့သည်။ ထိုသည်သာမက သူ့စွမ်းအင်သည် ကျောက်လင်းယွီ၏ ကိုယ်ထဲရှိ စွမ်းအင်နှင့် ချိတ်ဆက်နိုင်ကြောင်းကိုပါ တွေ့လိုက်ရသည်။ 


ကျောက်လင်းယွီ၏ ကိုယ်ထဲရှိ စွမ်းအင်မှာ သန်မာပြီး ကသောင်းကနင်း ဖြစ်နေသော်ငြား ဧရာမ သန့်စင်မြေခဲကြီးလည်း ရှိနေပေသည်။ စွမ်းအင်နှစ်ခုကို ဆက်သွယ်လိုက်ချိန်တွင် တစ်စုံတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ကူးလူးဝင်ရောက်လာတော့သည်။ 


ခန္ဓာကိုယ်ထဲသို့ စွမ်းအင်ကူးပြောင်းသည်မှာ နာကျင်လှသော်ငြား တစ်ချိန်တည်းတွင် သက်တောင့်သက်သာလည်း ရှိလှသည်။ ကျင့်ကြံဆင့်လည်း တိုးမြင့်လာသည့်အတွက် ရမ်ရှန့်မှာ အင်မတန် ကျေနပ်မိသွားတော့သည်။ 


မဟုတ်ဘူး မကျေနပ်ချက် နည်းနည်းလေးတော့ ရှိနေသေးတယ် ကျောက်လင်းယွီက ကောင်းကောင်း မကျင့်ကြံဘဲ လှုပ်ရွနေတာ ... 


"ထရအောင် ..." 


ကျောက်လင်းယွီက သူ့ကို တအံ့တဩ စိုက်ကြည့်ရင်း ပြောလိုက်သည်။ 


ရမ်ရှန့်ကို အစောပိုင်းကတည်းက တွေ့ထားပြီးဖြစ်၍ သူ့အရပ်မှာ သုံးစင်တီမီတာခန့် ထပ်ရှည်လာကာ အရိုးအဆစ်များမှာလည်း အနည်းငယ် ရှည်လျားလာကြောင်း ပြောနိုင်ပေသည်။ တစ်ကိုယ်လုံးကို ခြုံငုံကြည့်ပါလျှင်လည်း ကြီးထွားလာမှုမှာ မြင်သာပေသည်။ တစ်ခါလုပ်ရုံဖြင့် သုံးစင်တီမီတာ ကြီးထွားလာခြင်းသည် မများပြားလှသော်ငြား ဆယ်ကြိမ်လုပ်ပြီးပါလျှင် သုံးဆယ်စင်တီမီတာ ဖြစ်လာမည်ဖြစ်သည်။ 


နပေါဦး ... 


ကျောက်လင်းယွီမှာ ရုတ်ချည်း အတွေးပေါက်သွားတော့သည်။ 


ရမ်ရှန့်မှာ သေးငယ်သည်ဟု ထင်ရသော်ငြား အမှန်စင်စစ်တွင်တော့ မသေးကွေးလှပေ။ နောက်ထပ်သုံးဆယ်စင်တီမီတာ ထပ်ရှည်လာလျှင်ပင် ၁၈၀ စင်တီမီတာသာ ရှိဦးမည်ဖြစ်သည့်အတွက် သူတို့နှစ်ဦးမှာ လိုက်ဖက်နေဦးမည်ဖြစ်သည်။ သို့သော် သူသာ ထပ်ပြီး ကြီးထွားလာဦးမည်ဆိုလျှင်တော့ ... 


ရမ်ရှန့်သာ ဆက်တိုက် ကြီးထွားလာပြီး လူထွားကြီး ဖြစ်သွားရင်တော့ ... 


Xxxxxxxx