အပိုင်း ၉၁
Viewers 18k

Chapter 91


ကျောက်လင်းယွီက မျက်နှာသေဖြင့် ထိုင်စရာနေရာရှာပြီး သူ့ကိုယ်ပိုင်စွမ်းရည်ပေါ်တွင်သာ မှီခိုရန် ဆုံးဖြတ်လိုက်တော့သည်။ 


ကလေးအရုပ်များသည် တကယ့်ကလေးအစစ်များ၏ အရွယ်အစားနှင့် တစ်ထပ်တည်းဖြစ်ကာ တစ်ခုခု မှားယွင်းသွားသည်နှင့်တစ်ပြိုင်နက် ငိုသံထွက်ပေါ်လာမည်ဖြစ်သည့်အတွက် အချိန်တိုင်း ချော့မြှူနေရန် လိုအပ်ပေသည်။ အစောပိုင်းက ကျောက်လင်းယွီသည် လွယ်ကူမည်ဟု ထင်ခဲ့သော်ငြား ယခုမူ အမှန်တကယ်ကို ခက်ခဲကြောင်း သဘောပေါက်သွားတော့သည်။ 


"ဘော့စ် ပြောကြတာတော့ ဒီအရုပ်တွေက ထိန်းရအခက်ဆုံး ကလေးတွေကို တုပပြီး ပြုလုပ်ထားတာတဲ့ သူတို့တွေက ကလေးဆိုး‌တွေရဲ့ အချက်အလက်တွေကိုတောင် စုဆောင်းထားကြသေးတယ် ပြောတယ် ဒီအရုပ်တွေကိုသာ ကောင်းကောင်း ဂရုစိုက်နိုင်ရင် ကိုယ့်ကလေးကို မထိန်းနိုင်စရာ မရှိတော့ဘူးတဲ့ ဒါပေမယ့် ..." 


ဝူရွှိုက်က သူ့အနားကပ်ကာ ပြောလိုက်သည်။ 


"ဒါပေမယ့် ဘာဖြစ်လဲ ..." 


သူက မေးလိုက်သည်။ 


"ဒီအတန်းကို တက်ပြီးတာနဲ့ ကလေးမယူတော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့သူတွေ အများကြီးပဲတဲ့ ဒါပေမယ့် သာမန်လူတွေကပဲ ဒီလိုမျိုး ဆုံးဖြတ်တာ များပါတယ်..." 


ဝူရွှိုက်က ပြောလိုက်သည်။ 


ယခုအချိန်တွင် သာမန်လူတို့၏ သက်တမ်းမှာ နှစ်နှစ်ရာကျော်အထိ ရှိလာပြီး အသက်တစ်ရာခန့်အရွယ်တွင် စတင်ကလေးမွေးဖွားနိုင်ပြီ ဖြစ်သည်။ ထိုကဲ့သို့ အချိန်ကာလ ကြာမြင့်လှသည့်အတွက် မိမိသာ အလိုရှိပါလျှင် ကလေးများကို စိတ်ကြိုက်မွေးဖွားနိုင်မည်ဖြစ်သည်။ သို့သော် အချို့ကမူ ကလေးကို သဘောမကျကြသည့်အတွက် မမွေးရန် ရွေးချယ်ကြသည်။ 


ထိုသူများ၏ ကျေးဇူးကြောင့်သာ ဖက်ဒရယ်မှာ လူဦးရေးတိုးတက်နှုန်းကို ထိန်းချုပ်နိုင်ခြင်းဖြစ်သည်။ 


ကျောက်လင်းယွီက စကားတစ်ခွန်းမှမဆိုဘဲ တလေးတနက် သင်ယူနေလိုက်သည်။ သူ့တွင် ကလေးလေးယောက် ရှိနေပြီဖြစ်သည့်အတွက် ယခုအချိန်တွင် ကောင်းစွာ လေ့လာမထားပါလျှင် အနာဂတ်တွင် သူ့ကလေးများကို ထိန်းခွင့်ပင် ရလိမ့်မည် မဟုတ်ချေ။ 


သူ့အတန်းမှာ သိပ်မကြာခင်မှာပင် ပြီးသွားကာ ရမ်ရှန့်ကလည်း ကျောင်းဆင်းလာပြီဖြစ်သည့်အတွက် ကွန်ပျူတာမှတ်ဉာဏ်ဖြင့် ဖန်တီးထားသော virtual ကုန်တိုက်ထဲသို့ သွားလိုက်ကြသည်။ 


ယနေ့ခေတ်တွင် တကယ့်အစစ်အမှန် ကုန်တိုက်တွင် ဈေးဝယ်ရခြင်းထက် virtual ကုန်တိုက်တွင် ဈေးဝယ်ရခြင်းကို ပိုပြီး လူကြိုက်များကြသောကြောင့် ကုန်တိုက်တစ်ခုလုံး လူစည်ကားနေသည်။ ရမ်ရှန့်တွင် ငွေကြေးတစ်စုံတစ်ရာမှ မရှိသည့်အတွက် သူလိုချင်သည့်အရာတိုင်းကို ကျောက်လင်းယွီ၏ ကတ်ဖြင့်သာ ဝယ်လိုက်သည်။ 


"ယုလင်း ကျွန်တော် ဒီဘက်စုံသုံးအိပ်ယာကို လိုချင်တယ် ..." 


ရမ်ရှန့်က အခန်းအလယ်ရှိ အနှိပ်အိပ်ယာကို ချက်ခြင်း မြင်လိုက်သည်။ 


"ယုလင်း ကျွန်တော် ဒီဗီရိုကို လိုချင်တယ် ..." 


သူက နောက်ထပ်ဗီရိုတစ်လုံးကို ကြည့်ကာ ပြောလိုက်သည်။ 


"ယုလင်း ဒီရေနွေးရေချိုးကန်က မိုက်လိုက်တာ ..." 


ရမ်ရှန့်က ရေချိုးကန်ကို ညွှန်ပြရင်း ပြောလိုက်သည်။ 


..... 


(ယုလင်းက ကျောက်လင်းယွီရဲ့ နာမည်ဝှက်ပါ ရှေ့အခန်းတွေမှာတော့ ပါပေမယ့် ရောကုန်မယ်ထင်လို့) 


သူ့ဂျင်ဆင်းလေးက တကယ်ကို မြင်တတ်တာပဲ သူရွေးလိုက်သမျှက တကယ့်ကို ကောင်းပေ့ညွန့်ပေးဆိုတာတွေကြည့်ပဲ သူရွေးခဲ့တာတွေ အများစုက ဘယ်သူမှ မဝယ်နိုင်လို့ မောလ်ထဲမှာ သေသေချာချာ သိမ်းဆည်းပြသထားရတဲ့ ပစ္စည်းတွေ ... 


"ဒီအိပ်ယာလေးက လှလိုက်တာ ဒါရောပဲ ယူမယ် ..."


ရမ်ရှန့်က ရှေးခေတ်သစ်သားကုတင်တစ်လုံးကိုပါ ထပ်ယူလိုက်သည်။ 


ထိုကုတင်ကို ခရမ်းရောင်အနည်းငယ် သမ်းနေသော သစ်သားဖြင့် ထွင်းထုထားပြီး မွှေးရနံ့ ခပ်ဖျော့ဖျော့ သင်းပျံ့နေသည်။ ထိုထွင်းထုမှုမျိုးမှာ လက်ဖြင့်ဖန်တီးရန် ခဲယဉ်းလှကာ နာမည်ကျော်ကြား လူသိများသည့် ဒီဇိုင်နာတစ်ဦးက ဒီဇိုင်းဆွဲထားခြင်းဖြစ်သည်။ ၎င်းမှာ အင်မတန် တင့်တယ်ကာ ပန်းပြောက်အကြီးထဲတွင် ပန်းပြောက်အသေးများကို အနုစိတ် ခြယ်မှုန်းထားပြီး မှန်ဘီလူးဖြင့် အနီးကပ်ကြည့်ပါလျှင် သက်ဆိုင်ရာ ကဗျာများ ရေးထိုးထားသည်ကို တွေ့ရမည်ဖြစ်သည်။ 


ကျောက်လင်းယွီက သူ့ကတ်ကို နောက်တစ်ဖန် ထုတ်ပေးလိုက်ပြန်သည်။ 


"ဆရာ ကုတင်နှစ်လုံးတောင် ဝယ်ထားပြီးပြီဆိုတော့ ဒီဟာကိုရော ထပ်ယူမယ်ဆိုတာ သေချာပါပြီလား ..." 


ရမ်ရှန့် ကျောက်လင်းယွီတို့သည် များစွာ ဝယ်ယူထားသည့်အတွက် ဈေးဝယ်စင်တာက သူတို့အတွက် တကယ့်သက်ရှိ ဈေးဝယ်လမ်းညွှန်တစ်ဦးကို ပေးပို့ပေးထားပြီး ထိုသူက သူတို့ကို အကြံပြုနေခြင်းဖြစ်သည်။ 


"သေချာတယ် ..." 


ကျောက်လင်းယွီက ခေါင်းငြိမ့်ပြလိုက်သည်။ ယခင်က ရမ်ရှန့် မျက်စိကျသည့်အရာဟူ၍ တစ်ခုတစ်လေမှ မရှိခဲ့ရာ ယခု သူလိုချင်လာသည့်အရာ တစ်ခုကိုမှ ငြင်းဆန်မည် မဟုတ်ချေ။ 


"ဒါကို ဝယ်ပြီး အိမ်မှာ အလှထားမလို့လား ..." 


‌ဈေးဝယ်တစ်ယောက်က မနေနိုင်တော့ဘဲ ထုတ်မေးလိုက်သည်။ ကျောက်လင်းယွီနှင့် ရမ်ရှန့်တို့သည် ပစ္စည်းများစွာ ဝယ်ယူထားကြပြီး ဝယ်သမျှမှာလည်း ဈေးကြီးသည့်အတွက် အားလုံးက အာရုံစိုက်မိလာကြတော့သည်။ 


ကျောက်လင်းယွီက ထိုသူစိမ်း၏ စကားကို ပြန်မတုန့်ပြန်သော်ငြား အခြားသူများကမူ အာရုံစိုက်မိလာကြသည်။ 


"အစ်ကိုကြီးရေ မင်းမှာ ပိုက်ဆံတွေ ပေါနေတယ်ဆိုရင်တောင် ဒီလိုမျိုး သုံးပစ်လို့ မရဘူးလေ မင်းချစ်သူကို မျက်နှာလုပ်ချင်တယ်ဆိုရင်တောင် အခြေအနေကိုတော့ နည်းနည်းချင့်ချိန်ဦးမှပေါ့ ..."


တစ်ဖန် နောက်တစ်ယောက်က ဟာသလုပ်လိုက်ပြန်သည်။ 


"လူချောလေး တို့ကိုရော ဘယ်လိုမြင်လဲ ကျွန်မက ကိုယ့်ရုပ်အစစ်ကိုပဲ သုံးပြီး လှအောင်ပအောင် ပြင်မထားဘူးနော် တို့တွေ တစ်ယောက်နဲ့တစ်ယောက် လိပ်စာလေး ဖလှယ်ကြမလား ..." 


အိပ်ယာဝယ်လိုသူမှာ အထက်တန်းလွှာအစစ်သာ ဖြစ်ပါလျှင် virtual ဈေးဝယ်စင်တာသို့ လာဝယ်နေမည် မဟုတ်ချေ။ စိတ်ကြိုက်ဖန်တီးပေးနိုင်မည့် ပညာရှင်ကိုသာ အလုပ်အပ်လိုက်မည် ဖြစ်သည်။ ထို့ကြောင့် ဤယုလင်းမှာ ဒုတိယမျိုးဆက်လူချမ်းသာ သို့မဟုတ် ထူးဆန်းသည့် အကြိုက်ရှိသော သူဌေးလက်သစ်သာ ဖြစ်ပေလိမ့်မည်။ ထိုသို့ တွေးမိကြသည့်အတွက် ဈေးဝယ်သူများသည် သူ့ကို ကြောက်ရွံ့မနေတော့ချေ။ 


ရမ်ရှန့်က ရုတ်ချည်း စိတ်မချမ်းမသာ ဖြစ်သွားတော့သည်။ 


"ငါတို့က လက်ထပ်ပြီးသား ..." 


ထိုသို့ပြောကာ ကျောက်လင်းယွီ၏ လက်မောင်းကို ဆွဲယူလိုက်သည်။ သို့သော် သူ၏ လက်ရှိအရပ်မှာ ကျောက်လင်းယွီထက် မြင့်မားနေသည့်အတွက် အနည်းငယ် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတော့သည်။ 


လူချမ်းသာလေးက ဘယ်လိုဖြစ်လို့ ဒီတစ်ယောက်နဲ့လက်ထပ်လိုက်ရတာလဲ မသိဘူး ... 


ကျောက်လင်းယွီကမူ ဝမ်းသာအားရဖြင့် ကတ်ကို တစ်ဖန် ဖြတ်လိုက်သည်။

91.2


ကြယ်တာရာကွန်ယက်သို့ ရှောင်တခင် စစ်ဆေးရေးဝင်လာသော ဖန့်ချန်ကျွင့်မှာလည်း ပစ္စည်းများစွာ ဝယ်ယူနေသော လူချမ်းသာကြီး၏ သတင်းကို ကြားလိုက်ရသည့်အတွက် ဗီဒီယိုကို ဖွင့်ကြည့်လိုက်ချိန်တွင် သာမန်ရုပ်ရည်ဖြင့် လူပုလေးကို မှီတွယ်နေသော လူသန်ကြီးအား တွေ့လိုက်ရသည့်အတွက် မိုးကြိုးပစ်ခံလိုက်ရသည့်နှယ် မျက်ပြူးဆန်ပြာ ဖြစ်သွားတော့သည်။ 


အချက်အလက်တို့ကို မြင်လိုက်ရချိန်တွင် ပို၍ပင် ထိတ်လန့်သွားတော့သည်။ 


"ဂျင်ဆင်း ယုလင်း ပြီးတော့ ဒီလိပ်စာက ..." 


ကျောက်လင်းယွီသည်လည်း တစ်စုံတစ်ဦး စိတ်ကျေနပ်စေရန်အလို့ငှာ ငွေကို ရေလိုသုံးစွဲတတ်ကြောင်း ယခုမှသာ သိလိုက်ရတော့သည်။ 


သူက နှုတ်ဆက်ရန် ‌ရှေ့တစ်လှမ်းတိုးလိုက်သော်ငြား သူတို့၏ ရုပ်ဖျက်ထားသည့် မျက်နှာများကို တွေ့လိုက်ရ၍ နေရာတွင်သာ ရပ်နေလိုက်သည်။ 


ကျောက်လင်းယွီနဲ့ ရမ်ရှန့်က လူသိမခံချင်ကြဘူးနဲ့တူတယ် ဒီလိုဆိုမှတော့ မနှုတ်ဆက်တာပဲ ကောင်းပါတယ်လေ ... 


ရမ်ရှန့်မှာ ဈေးဝယ်ခဲ့စဉ်က သတိမထားမိသော်ငြား အိမ်သို့ရောက်လာသည့် အထုပ်ကြီးအထုပ်ငယ်များစွာတို့ကို တွေ့လိုက်မှသာ အနည်းငယ် အဝယ်ကျူးသွား‌ကြောင်း သတိထားမိလိုက်တော့သည်။ 


"ဒီလောက်အများကြီး ဖြစ်နေလိမ့်မယ်လို့ မထင်ထားမိဘူး ဘယ်လိုလုပ်ရမလဲဟင် ..." 


ရမ်ရှန့်က စိုးရိမ်တကြီး မေးလိုက်သည်။ 


ရမ်ရှန့်က စိုးရိမ်တကြီး မေးလိုက်သည်။ 


"ကိစ္စမရှိပါဘူး ကိုယ်လည်း ဒီကျွန်းရဲ့ အထက်မှာ ကျွန်းမျောတစ်ခု ထပ်လုပ်မလို့ ဆုံးဖြတ်ထားတာဆိုတော့ အခန်းတွေကို အလှဆင်တဲ့နေရာမှာ သုံးလေ ..." 


သူက ပြောလိုက်သည်။ 


ကုန်ကျစရိတ်မှာ မြင့်မားသော်ငြား ၎င်းသည် ကျွန်း၏ လုံခြုံရေးကို တိုးမြှင့်ပေးနိုင်သည့်အပြင် လူနေဧရိယာနှင့် စိုက်ပျိုးမြေပမာဏလည်း ကျယ်ဝန်းလာနိုင်သည့်အတွက် များစွာ အကျိုးထူးပေသည်။ 


"တကယ်ဆိုရင်တော့ ကောင်းတာပေါ့ ..." 


ရမ်ရှန့်က ထိုသို့ပြောကာ အားလုံးကို သိမ်းဆည်းလိုက်သည်။ 


"အချိန်ကျလာရင် ကိုယ်တို့လည်း အခန်းတိုင်းမှာ တူနှစ်ကိုယ်ကျင့်ကြံလို့ ရတယ်လေ ..." 


ကျောက်လင်းယွီသည် အိပ်ယာများကို ဝယ်ကတည်းက ထိုသို့ တွေးထားခြင်းဖြစ်သည်။


"အဲဒါက မကောင်းဘူး အမြဲတမ်း နေရာပြောင်းနေတာက ကျင့်ကြံရေးအပေါ် အာရုံစိုက်တဲ့နေရာမှာ ဒုက္ခရောက်စေနိုင်တယ် ..." 


ရမ်ရှန့်က ခေါင်းကိုယမ်းကာ ငြင်းပယ်လိုက်သည်။ ထိုအိပ်ယာများမှာ လှပကာ အသုံးဝင်လွန်းသည့်အတွက် ၎င်းတို့၏ ဆွဲဆောင်မှုမှ ရုန်းမထွက်နိုင် ဖြစ်နေရ‌သည်။ 


ကျင့်ကြံရေး ကျင့်ကြံရေး တစ်ချိန်လုံး ကျင့်ကြံရေးပဲ ... ဒါပေမယ့် သူရော ရမ်ရှန့်ရော နှစ်ယောက်လုံးက အားဖြည့်ဖို့ လိုအပ်နေတာဆိုတော့ ရမ်ရှန့်လည်း နည်းနည်းလေး အရပ်ပိုရှည်လာပြီး သူ့ခွန်အားတွေလည်း နည်းနည်းလောက် ပိုကောင်းလာတဲ့အထိ စောင့်လိုက်ပါ့မယ်လေ အဲဒါမှ သေသေချာချာ လုပ်နိုင်မှာ ... 


သူက ရမ်ရှန့်၏ နှုတ်ခမ်းကို ငုံ့နမ်းလိုက်သည်။ 


"ညစာ သွားစားရအောင် ဒါနဲ့ ကလေးတွေကို ကလေးထိန်းစက်ရုပ်နဲ့ပဲ ထားထားလိုက်လေ ကိုယ်တို့တွေ ဒီည တူနှစ်ကိုယ်ကျင့်ကြံရအောင် ..." 


"ဘာလို့ ကလေးထိန်းနဲ့ ထားရမှာလဲ ဒီည ကျွန်တော်တို့နဲ့ အိပ်ခိုင်းလိုက်ပါ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


ကျောက်လင်းယွီသည် ကောင်းကောင်းအနားယူရန် လိုအပ်နေကာ ယနေ့ညတွင် တူနှစ်ကိုယ်ကျင့်ကြံခြင်းကိုလည်း မပြုလုပ်နိုင်မည် ဖြစ်သည့်အတွက် ကလေးများကိုသာ အဖော်ပြုပေးတော့မည်။ ထို့အပြင် ကလေးများသည် အသေးအဖွဲပြဿနာလေးများကို ကိုင်တွယ်နိုင်ကာ သူ့ကို စိတ်စွမ်းအင်ဖြင့် အနည်းငယ်  ဆက်သွယ်နေနိုင်ပြီဖြစ်သည်။ 


ထိုညတွင် သူက ကလေးများကို စောင်ဖြင့်ထုပ်ပြီး ရင်ခွင်ထဲထည့်ကာ အိပ်စက်လိုက်သည်။ 


ကလေးများကို နာကျင်အောင် ပြုလုပ်မိမည်စိုး၍ ကျောက်လင်းယွီမှာ ရမ်ရှန့်ကိုပင် မပွေ့ဖက်ရဲ။ ထိုစိုးရိမ်မှုကြောင့် တစ်ညလုံး အိပ်မပျော်ခဲ့ရသော်ငြား သူ့အသီးများကို အလွန်ယုံကြည်စိတ်ချလေရှာသည့် ရမ်ရှန့်ကမူ သိပ်ပြီး အာရုံစိုက်မနေ။ ဥများကို ထုပ်ထားသည့်စောင်မှာ ကုတင်အောက် ကျနေပြီး ဥတစ်လုံးကိုပင် ဖိထားလိုက်သေးသည်။ 


ကျန်ဥသုံးလုံးကလည်း အကြိမ်အနည်းငယ် ခုန်ပေါက်ကာ သူ့ခန္ဓာကိုယ်အောက်ထဲသို့ ဝင်လာကြသည်။ 


နောက်တစ်နေ့မနက် မိုးလင်းချိန်တွင် ကျောက်လင်းယွီသည် အိပ်မောကျနေဆဲဖြစ်သော ရမ်ရှန့်ကိုသာ တွေ့လိုက်ရပြီး သူ့ကလေးများကို အစပင် ရှာမရတော့ချေ။ 


အခန်းထဲသို့ လှန်လှောရှာဖွေသည့်တိုင် မတွေ့ရသေးသည့်အတွက် မတတ်သာဘဲ ရမ်ရှန့်ကိုသာ နှိုးလိုက်ရတော့သည်။ 


"ကလေးတွေရော ..." 


ရမ်ရှန့်က သူ့ဗိုက်နှင့် တင်ပါးကို မြှောက်လိုက်သည်။ သူ့ဗိုက်မှာ နီမြန်းနေပေသည်။ 


"ဗိုက်က နာလိုက်တာ ..." 


ကျောက်လင်းယွီလည်း စိုးရိမ်တကြီး ကြည့်လိုက်ကာမှ အဖိခံထားရသည့် ဥများကို တွေ့လိုက်ရတော့သည်။ ဆိုတော့ ရမ်ရှန့်က တစ်ညလုံး ဥဝပ်ပေးနေတာလား ... 


"ကိစ္စမရှိဘူး သူတို့တွေက မကွဲပါဘူး ..." 


ရမ်ရှန့်က ဥတစ်လုံးကိုယူကာ နှစ်ကြိမ်ခန့် ခေါက်လိုက်လျှင် ခြစ်ရာတစ်ချို့ ထွက်ပေါ်လာတော့သည်။ 


"ဒါပေမယ့် ဂရုစိုက်ရဉီးမယ်လေ ..." 


ကျောက်လင်းယွီက ကြယ်တာယာကွန်ယက်ပေါ်ရှိ ကလေးစက်ရုပ်များကို ပြန်စဉ်းစားကြည့်မိလိုက်သည်။ ထိုစက်ရုပ်များနှင့် နှိုင်းယှဉ်ပါလျှင် သူ့ကလေးများသည် စိုးရိမ်ဖွယ်ရာ မရှိလောက်အောင် သန်မာပေသည်။ သို့သော် တကယ်တမ်းတွင် သူ့ကလေးများမှာ အကောင်ပင် ပေါက်မလာသေးချေ။ 


ထိုညတွင်လည်း ရမ်ရှန့်သည် ကလေးများကို ကလေးထိန်းထံ မပို့ပေးသည့်အတွက် ရှန်းချိုးရှစ်က လာရောက်မေးမြန်းတော့သည်။ 


"ရမ် မင်းနဲ့ လင်းယွီက ညားကာစ လင်မယားတွေလေ ဒီအချိန်က နှစ်ယောက်တစ်ကမ္ဘာ လုပ်နေရမှာကို တကယ်လို့ ကလေးတွေကို သူတို့အခန်းထဲ ထားရမှာ စိတ်မချရင် အန်တီတို့ အခန်းထဲ ပို့ထားလိုက်လေ ..." 


"မဟုတ်တာ မနက်ဖြန်ကျ ပို့ပေးပါ့မယ် ..." 


ရမ်ရှန့်က အသည်းအသန် ခေါင်းယမ်းပြလိုက်သည်။ ကလေးများနှင့်သာ အတူတူ ရှိမနေပါလျှင် ကျောက်လင်းယွီကို တူနှစ်ကိုယ်ကျင့်ကြံရန် ဇွတ်အတင်း တိုက်တွန်းမိမည်ဖြစ်သည်။ 


ဒီကလေးနှစ်ယောက်ကြားမှာ ဘာများ ဖြစ်ထားပါလိမ့် တကယ်ဆို အသစ်စက်စက် စုံတွဲတွေဆိုတာ ပူးကပ်နေရမှာလေ ... 


ရှန်းချိုးရှစ်မှာ တစ်ဖန် သံသယဝင်လာပြန်တော့သည်။ 


အခန်းထဲသို့ ပြန်ရောက်ချိန်တွင် ကျောက်လင်းယွီက သူ့ကို မေးလိုက်သည်။ 


"ရမ် ဘာလို့ ကလေးတွေကို ကိုယ်တို့အခန်းထဲ ခေါ်ထားတာလဲ တူနှစ်ကိုယ်ကျင့်ကြံတာ မလုပ်တော့ဘူးလား ..." 


လုံးဝ မကျင့်ကြံခြင်းနှင့် နှိုင်းယှဉ်ပါလျှင် အနည်းငယ်မျှ ကျင့်ကြံရခြင်းကို ပိုပြီး အားသန်နေပေသည်။ 


"ကျင့်ချင်တာပေါ့ ဒါပေမယ့် ခင်ဗျားလည်း အနားယူဖို့ လိုအပ်တယ်လေ ခင်ဗျားပြောတော့ အလွန်ဆုံးမှ တစ်ရက်ခြားတစ်ခါပဲ လုပ်ရမှာဆို ခင်ဗျားကျန်းမာရေးအတွက် နှစ်ရက်ခြားတစ်ခါပဲ လုပ်မယ်လို့ အစောကြီးကတည်းက ပြောခဲ့သားပဲ ..." 


ရမ်ရှန့်က သူ့ကို မျက်လုံးစိမ်းကြီးများဖြင့် စိုက်ကြည့်လိုက်သည်။ 


"......"


Xxxxxxxx