အပိုင်း ၉၃
Viewers 18k

Chapter 93


ထိုမြင်ကွင်းမှာ ရယ်မောဖွယ် ကောင်းလှသော်ငြား ကျောက်လင်းယွီအတွက်မူ စိတ်မကောင်းစရာဖြစ်သည်။ အကြောင်းပြချက်ကို ရေရေရာရာ မသိရသော်ငြား ရမ်ရှန့်လုပ်ခဲ့သမျှတိုင်းသည် သူ့ကောင်းကျိုးအတွက် ဖြစ်ကြောင်းကိုတော့ သဘောပေါက်ပေသည်။ 


အခြားသူများ၏ အမြင်တွင် သူက ရမ်ရှန့်ကို ကူညီပေး၊ ဂရုစိုက်ပေးသူ ဖြစ်ကောင်းဖြစ်နိုင်သော်ငြား အမှန်စင်စစ်တွင်မူ ရမ်ရှန့်ကသာ ပိုပြီး ဂရုစိုက်ပေးခဲ့သူဖြစ်သည်။ ရမ်ရှန့်၏ ကျေးဇူးကြောင့်သာ မဟုတ်ပါလျှင် သူ့အခြေအနေသည် အမှိုက်တစ်စနှင့် ဘာမှ ထူးမည်မဟုတ်တော့ချေ။ 


ဤတစ်ကြိမ်တွင် ကျောက်လင်းယွီ၏ အပြုအမူများမှာ တစ်ကြိမ်တစ်ခါမှပင် မကြုံဖူးလောက်အောင် ငြင်သာနေပေသည်။ 


"မြန်မြန်လေး လုပ်ပေးပါ ဘာလို့ တအားနှေးနေတာလဲ ..." 


မျက်စိမှိတ်ကာ အနားယူနေသော ရမ်ရှန့်က မျက်စိပြန်ဖွင့်ပြီး သူ့ကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်သည်။ ခပ်သွက်သွက် အနားယူလိုသော်ငြား ‌‌ထိုကျောက်လင်းယွီမှာ စိတ်ရှုပ်‌စရာ ကောင်းလောက်အောင်ကို နှေးကွေးနေသည်။ 


.... 


ကျောက်လင်းယွီ ပြီးစီးသွားချိန်တွင် သူ့အောက်ရှိ ရမ်ရှန့်မှာ အိပ်ပျော်သွားချေပြီ။ သို့သော် အိပ်မောကျသွားသည့်တိုင် သူ့ညီငယ်လေးကိုတော့ မမေ့မလျော့ သန့်ရှင်းပေးသွားသေးသည်။ 


ကွဲပြားသော မျိုးနွယ်စုများနှင့် ချစ်ကျွမ်းဝင်ရာတွင် များစွာ လိုက်လျောညီထွေဖြစ်ရန် လိုအပ်ပေသည်။ မာရှယ်လည်း သူ့ဗဟုဟုတများမှာ မလုံလောက်သေးကြောင်း သဘောပေါက်သွားတော့သည်။ 


စောင်အသစ်တစ်ထည်ထုတ်ကာ ရမ်ရှန့်နှင့် ဖက်အိပ်ရန် ပြင်လိုက်ချိန်တွင်တော့ ကောင်းကင်မှာ မိုးစင်စင်လင်းနေပြီဖြစ်သည်။ 


တစ်ညလုံး အလုပ်ကြိုးစားခဲ့ရသူ ကျောက်လင်းယွီလည်း အဝတ်အစားလဲကာ တံခါးဖွင့်ပြီးနောက် စားသောက်ရန် ထွက်လာစဉ် တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေသော မိခင်ဖြစ်သူကို တွေ့လိုက်ရသည်။ 


"ကလေးတွေရော ..." 


သူ့ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် သူမက အလောတကြီး မေးလိုက်သည်။ 


နေပါဦး တစ်ညလေးပဲ ခွဲအိပ်ရတာကို ဘာလို့ တစ်နှစ်လောက် မတွေ့ရတဲ့ ပုံစံမျိုးနဲ့ လာမေးနေရတာလဲ ... 


ကလေးတွေကိုက အနွေးသေတ္တာထဲ ထည့်ပြီး စောင်နဲ့အုပ်ထားတာ မဟုတ်ဘူးလား ... 


အတွေးများစွာ ယှက်ပြေးသွားသည့်တိုင် သူ့မျက်နှာမှာတော့ အမူအယာမဲ့နေဆဲဖြစ်သည်။ 


"ကျွန်တော် ခေါ်လာခဲ့ပေးမယ်..." 


"ဟုတ်ပြီ ရမ့်ကိုလည်း သွက်သွက်လေး နှိုး‌လာခဲ့ သူ့အတွက် အရသာရှိတာလေးတွေ ချက်ခိုင်းထားပေးမယ် အတူတူစားရအောင် သွက်သွက်လေး ထွက်လာခဲ့ကြ ..." 


သူမ၏ ချွေးမလေးကိုလည်း သတိရနေပြီဖြစ်သည်။ 


"ရမ်က နည်းနည်းလေး ဖျားနေလို့ စားစရာကို အခန်းထဲပဲ ပို့ပေးလိုက်ပါ့မယ်..." 


"မနေ့ကတောင် အကောင်းကြီး မဟုတ်ဘူးလား ဘယ်လိုဖြစ်ပြီး ချက်ခြင်းကြီး ဖျားသွားရတာလဲ ရုတ်တရက်ကြီး ကြီးထွားလာတာရဲ့ ဘေးထွက်ဆိုးကျိုးလား ..." 


သူမက စိုးရိမ်တကြီးဖြင့် မေးရင်း အခန်းထဲ ဝင်မည်ပြုလိုက်သည်။ 


ထို့နောက်တွင်မှ အနည်းငယ် သံသယဖြစ်စွာဖြင့် မေးလိုက်သည်။ 


"ရမ်က ပင်ပန်းနေတာလား ..." 


ကျောက်လင်းယွီက ခေါင်းငြိမ့်ပြလိုက်သည်။ 


ထိုအခါမှသာ သူမလည်း စိတ်သက်သာရာ ရသွားတော့သည်။ 


သူမရဲ့ ကလေးက သေချာပေါက်ကို ဟိုကိစ္စမှာ ချို့ယွင်းချက် မရှိဘူးပဲ ရမ်ရှန့် ဘယ်လောက် ပင်ပန်းသွားသလဲပဲ ကြည့်ပါလား ... 


နပေါဦး ... 


သူမရဲ့ အမူအယာမှာ ရုတ်ချည်း ပြောင်းလဲသွားသည်။ 


ရမ်ရှန့်ရဲ့အသက်က ဘယ်နှနှစ် ရှိပြီလဲ ဒီအပေါစား သားကတော့ ဆင်ခြင်တုံတရားဆိုတဲ့ အဓိပ္ပါယ်ကိုရော နားလည်ရဲ့လား ပြီးတော့ ကလေးတွေကိုတောင် အခန်းထဲ ခေါ်သိပ်လိုက်သေးတယ် သူ့အဖေနဲ့ မျိုးရိုးလိုက်သွားတာများလား ... 


"မင်းက အရမ်းကို လွန်လွန်သွားပြီ ‌အနာဂတ်မှာ ရမ်ရှန့်ကို လုံးဝ အနိုင်ကျင့်ခွင့်မရှိဘူး ..." 


သူမက သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူမရဲ့သားက တကယ်ကို သားရဲဆန်နေတာပဲ ... 


ကျောက်လင်းယွီက ခေါင်းငြိမ့်ပြလိုက်သည်။ 


ဒါပေါ့ သူလည်း ရမ်ရှန့်ကို လုံးဝ အနိုင်ကျင့်မှာ မဟုတ်ဘူး ... 


သူက အလုတ်အနည်းငယ် စားပြီးနောက် ရမ်ရှန့်အတွက် စားစရာကိုသယ်ကာ အခန်းထဲသို့ ပြန်လာလိုက်သည်။ ရမ်ရှန့်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသေးသည့်အတွက် အာဟာရဖျော်ရည်ပုလင်း အနည်းငယ်ကိုပါ ထပ်ယူလိုက်သည်။ 


ထိုအချိန်အထိ ရမ်ရှန့်က နိုးမလာသေး။ 


ကုတင်အစွန်းတွင် ထိုင်ကာ ရမ်ရှန့်၏ ဖွေးဆွတ်နေသော အသားအရေကို ကြည့်နေရင်း ကျောက်လင်းယွီ၏ နှစ်လိုမှုများမှာ အဆပေါင်းများစွာ တိုးများလာပြန်တော့သည်။ ခံစားချက်ကို မချုပ်တည်းနိုင်တော့သည့်အတွက် နူးညံ့အိစက်နေသော နှုတ်ခမ်းကို ဖြေးဖြေးလေး ငုံ့နမ်းလိုက်တော့သည်။ 


ရမ်ရှန့်က စောင်ကို ဆွဲယူကာ ခေါင်းမြီးခြုံရင်း ပြောလိုက်သည်။ 


"အိပ်ချင်သေးတယ်လို့ ..." 


ကျောက်လင်းယွီက ခပ်ဖွဖွ ရယ်မောလိုက်သည်။ သူသည် နေ့အချိန်များတွင် အိပ်ယာထဲလှဲရင်း အချိန်မဖြုန်းတတ်သော်ငြား ယခုမူ ရမ်ရှန့်ဘေးတွင် ဝင်လှဲရင်း အိပ်မက်ကမ္ဘာထဲသို့ ချဉ်းနင်းဝင်ရောက်သွားတော့သည်။ 


ရမ်ရှန့်က နေ့လည်ရောက်မှသာ နိုးလာကာ အစားအသောက်အားလုံးနှင့် အာဟာရဖျော်ရည်များကိုပါ တစ်ထိုင်တည်း စားသောက်ပစ်လိုက်တော့သည်။ အားလုံးကို အပြောင်ရှင်းပြီးနောက် သူက ကျောက်လင်းယွီကို ခိုးကြည့်ရင်း ပြောလိုက်သည်။


"ကျွန်တော့်အရပ်က ရှည်လည်း မလာတော့ဘူး ..." 


ပြန်ပြီး ကျုံ့ဝင်မသွားတာပဲ တော်သေးတယ် ပြောရမယ် ... 


"ဒီညတော့ ကိုယ်တို့ မင်္ဂလာဦးညကလိုပဲ လုပ်ကြမယ်လေ အဲဒါဆို မင်းအရပ်လည်း ပိုရှည်လာမှာပါ ..." 


သူက ပြောလိုက်သည်။ 


"အဲ့လိုပဲ လုပ်ကြတာပေါ့ ..." 


ရမ်ရှန့်မှာ ယမန်ညက သူ၏ အနစ်နာခံခဲ့မှုအပေါ် နောင်တရနေပြီဖြစ်သည်။ အနည်းဆုံးတော့ ကျောက်လင်းယွီ၏ ဒဏ်ရာများကို မကုသခင် သူ့ကိုယ်သူ ထွားကြိုင်းအောင် အရင်ဆုံး ကြိုးစားခဲ့ရမည်ဖြစ်သည်။ 


ထိုသို့ တွေးခဲ့သော်ငြား ညပိုင်းရောက်ချိန်၌ ကျောက်လင်းယွီ၏ ယိုယွင်းနေသော ခန္ဓာကိုယ်ကို မြင်လိုက်ရချိန်တွင်တော့ မကူညီပေးဘဲ မနေနိုင်တော့ချေ။ သို့သော် ကောင်းမွန်စွာ ပြင်ဆင်ထားခဲ့သည့်အတွက် သူ့အသွေးအသားများအစား ဂျင်ဆင်းစေ့ကိုသာ ထောက်ပံ့ပေးလိုက်သည်။ 


သူ့ဆရာကလည်း အလွန်အကျူး အသုံးပြုခြင်းသည် လူသားများအဖို့ အဆင်မပြေလှဟု ပြောခဲ့သည့်အပြင် ကျောက်လင်းယွီ၏ ကိုယ်ထဲတွင် အသုံးမပြုနိုင်သည့် သန့်စက်မြေနှင့် အားကောင်းသော စွမ်းအင်များ အများအပြားရှိနေဆဲဖြစ်သည်။ 


အပြန်ပြန်အလှန်လှန် ကူးလူးဆက်နွယ်နေခြင်းကသာ သူ့ကို အသက်ပိုရှည်စေမည်ဖြစ်သည်။ သူ့အရပ်မှာ အနည်းငယ် ရှည်လျားလာသည့်အတွက် ကျောက်လင်းယွီသည် သူ့ကို ယခင်လို ပွေ့ချီမထားနိုင်တော့ပေ။ 


ရမ်ရှန့်၏ အတွေးများကို သူ့မျက်နှာမှတစ်ဆင့် ဖတ်၍ရနေသော ကျောက်လင်းယွီ၏ နှလုံးသားမှာလည်း နူးညံ့လာတော့သည်။

93.2


"ရမ် ဒီတိုင်းသာ ဆက်လုပ်နေရင် ကိုယ့်ဒဏ်ရာက သက်သာလာမှာလို့ ပြောခဲ့တယ် မဟုတ်လား ကိုယ့်ကို အဲ့ဒီ ကျင့်ကြံရေးနည်းလမ်း ပေးကြည့်လေ ကိုယ် ကျွမ်းကျွမ်းကျင်ကျင် ဖြစ်တဲ့အထိ ကျင့်ကြံလိုက်မယ် ..." 


သူသာ မည်ကဲ့သို့ ကျင့်ကြံရမည်မှန်း သိပါလျှင် ကိုင်တွယ်ရခက်သော စွမ်းအင်များဖြင့် ပြွတ်သိပ်နေတော့မည် မဟုတ်ပေ။ 


"Mm-hmm ..." 


ရမ်ရှန့်က ခေါင်းငြိမ့်ပြကာ ကျောက်စိမ်းစာလိပ်တစ်လိပ်ကို ထုတ်ပေးလိုက်သည်။ 


"ခင်ဗျားအတွက် ဘယ်တစ်ခုက အဆင်ပြေမလဲ အတူတူ ကြည့်ကြည့်ရအောင် ..." 


"ကောင်းပြီလေ ..." 


ထို့နောက်တွင်မှ သူက တစ်စုံတစ်ခုကို သတိရသွားသည်။ 


"ဂျင်ဆင်းစေ့တွေရော ဘယ်နှစေ့ကျန်သေးလဲ ..." 


ထိုဂျင်ဆင်းစေ့များကို စားလိုက်ချိန်တွင် သူ့အတွေးတို့မှာ ရှုပ်ထွေးလာတော့သည်။ 


ဒီဂျင်ဆင်းစေ့တွေကလည်း သူ့သားတွေနဲ့ သွေးတစ်ဝက်တော်တဲ့ ညီအစ်ကိုတွေပဲ မဟုတ်ဘူးလား မဟုတ်သေးဘူး ဒီလိုတွေးနေလို့လည်း မရသေးဘူး သူတို့က ရမ်ရှန့်ရဲ့ အစေ့တွေ ဆိုပေမယ့် တစ်ခြားမျိုးစေ့တွေလိုပဲ မြေကြီးပေါ်ချစိုက်မှ ကြီးထွားမှာလေ ... 


တွေးလေလေ သူထင်ထားသည်ထက် ဆိုးရွားသည်ဟု ခံစားမိလာလေဖြစ်သည်။ 


"၉၈ စေ့ ရှိသေးတယ် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ ကျောက်လင်းယွီသည် ၎င်းတို့ကို ရက်အတော်ကြာ မစားခဲ့ရသော်ငြား ယခုတစ်ဖန် ပြန်စားရန် လိုအပ်လာမည်ကို စိုးရိမ်မိသည်။ အကယ်၍သာ သူ့ခန္ဓာကိုယ်မှာ အားပြန်ပြည့်မလာ၊ မရိဒန်သွေးကြောများလည်း မပွင့်သေးပါလျှင် သူ့ကို ကုသရန်နည်းလမ်း မရှိတော့ပေ။ 


"ဒါဆို မင်းပဲ သိမ်းထားလိုက်ပါ ..." 


သူက ပြောလိုက်သည်။ ထိုဂျင်ဆင်းစေ့များမှာ ရမ်ရှန့်အတွက်လည်း အ‌သုံးဝင်ပေရာ သူတစ်ယောက်တည်းအတွက် အသုံးပြုလိုက်မည်ကို မလိုလားချေ။ 


"ဒါတွေအားလုံးက ခင်ဗျားအတွက်ပဲလေ တစ်ခြားဘယ်သူ့ကိုမှ ပေးမှာမဟုတ်ဘူး ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


သူ့ရဲ့ လက်တွဲဖော်လေးက တစ်နေ့ထက်တစ်နေ့ကို အပြောချိုလာတာပဲ ... 


ကျောက်လင်းယွီ၏ နှလုံးခုန်သံမှာ ယခင်ထက် မြန်ဆန်လာတော့၏။ 


သုံးစင်တီမီတာခန့် အရပ်ရှည်လာခြင်းမျိုး ထပ်မဖြစ်တော့သော်ငြား ရမ်ရှန့်မှာ တစ်နေ့ပြီးတစ်‌နေ့ တစ်စင်တီမီတာခန့်စီ အရပ်ရှည်လာကာ အာဟာရဆေးတောင့် တရားဝင် ရောင်းချချိန်တွင် စုစုပေါင်း တစ်ဆယ်စင်တီမီတာတိတိ ရှည်နေပြီဖြစ်သည်။ 


သူစိုက်ပျိုးထားသည့် စိတ်ဝိဉာဉ်ဆေးပင်များမှာ မကြီးထွားသေးသည့်တိုင် ကျောက်လင်းယွီ၏ လက်ထဲတွင် အာဟာရဆေးတောင့် စုစုပေါင်း ပုလင်းတစ်ရာ ရှိနေပြီဖြစ်သည်။ သူက ပုလင်းသုံးဆယ်ကို သိမ်းထားကာ ကျန် ၇၀ ကို ကျောက်မ်ိသားစုပိုင် လေလံအိမ်သို့ ပို့လိုက်သည်။ 


ဆေးပုလင်းများကို ဆယ်ပုလင်းတစ်စုနှင့် စုစုပေါင်း ၇စု ခွဲထားသည်။ သို့သော် လေလံအိမ်သို့ မဝင်ရောက်မီ အကဲဖြတ်မှုကို ခံယူရမည်ဖြစ်ပြီး အကဲဖြတ်မှု အောင်မြင်မှသာ လေလံဝင်ဆွဲနိုင်မည်ဖြစ်သည်။ 


ထိုသို့ အကဲဖြတ်ခြင်းသည် လုံခြုံရေးအတွက်သာမက လေလံဆွဲသူများလက်ထဲတွင် ငွေလုံလုံလောက်လောက် ရှိနေကြောင်းလည်း သေချာစေရန် ဖြစ်သည်။ သို့သော် ... 


လော့ခဲမိသားစုနှင့် ရန်မိသားစု ... ထိုမိသားစုနှစ်စုလုံးမှာ အကဲဖြတ်မှုကို မအောင်မြင်ကြပေ။ 


သို့သော် ထိုမိသားစုနှစ်စုလုံးက အရှုံးမပေးသေး။ ကျောက်လင်းယွီကို ချဉ်းကပ်လိုက်ကြသည်။ 


"မင်းတို့က ငါတို့ကို တစ်ချိန်လုံး အထင်သေးနေတော့ ကျောက်မိသားစုရဲ့ သိမ်နုပ်တဲ့ ဆေးဝါးလေးကို မလိုအပ်လောက်ဘူးပဲ ထင်တာပေါ့ ..." 


ကျောက်လင်းယွီက သူ့ရှေ့ရှိ အပူတပြင်းဖြစ်နေသူနှစ်ဦးကို စိုက်ကြည့်ရင်း ဖုန်းခေါ်ဆိုမှုကို ဖြတ်တောက်လိုက်သည်။ ထို့နောက် ရမ်ရှန့်အတွက် အဝတ်အစားအသစ် ဝယ်ပေးကာ လေလံအိမ်သို့ ခေါ်သွားလိုက်သည်။ 


"ရမ် ကိုယ်တို့တွေ ဒီနေ့ ဆေးကို လေလံတင်ပြီးရောင်းမှာ အချိန်ကျလာရင် အဲ့ဒီဆေးကို လေလံဝင်ဆွဲရလိမ့်မယ် ..."


သူက ပြောလိုက်သည်။ စိတ်ဝိဉာဉ်ဆေးပင်များမှာ အမြောက်အများ စိုက်ပျိုး၍ မရ‌သည့်အတွက် အာဟာရဆေးတောင့် ထုတ်လုပ်မှုမှာလည်း နည်းပါးပေလိမ့်မည်။ ထို့ကြောင့် အစောပိုင်းကတည်းက  ဆေး၏ တန်ဖိုးကို တိုးမြှင့်ထားရမည်ဖြစ်သည်။ 


"ကောင်းပြီလေ ..." 


ရမ်ရှန့်မှာ ငွေကြေးတစ်ပြားတစ်ချပ်ပင် မရှိသော်ငြား ထိုအကြောင်းကို များစွာ အာရုံမထားချေ။  


ကျောက်မိသားစုပိုင် လေလံအိမ်မှာ မြို့တော်ကြယ်တစ်ခုလုံးတွင် အကြီးမားဆုံးဖြစ်သည်။ ၎င်းကို အထပ်ပေါင်းများစွာ ပိုင်းခြားထားပြီး အထပ်တိုင်းတွင် လေလံပွဲမျိုးစုံ ကျင်းပကြသည်။ အရင်းအမြစ်ကြွယ်ဝသည့် ဂြိုဟ်မှအစ တစ်ပတ်ရစ် ‌ယာဉ်ပျံအဆုံး ဥပဒေကို မချိုးဖောက်သရွေ့ ရောင်းချနိုင်ပြီး ပစ္စည်းတန်ဖို့ပေါ် မူတည်ကာ အထပ်များလည်း ကွာခြားသွားသည်။ 


ဤတစ်ကြိမ်ကျင်းပမည့် လေလံပွဲမှာ အမြင့်ဆုံးဖြစ်သည့် ဆယ်ထပ်မြောက်တွင် ကျင်းပမည်ဖြစ်သည်။ 


လေလံအိမ်၏ အကျယ်အဝန်းမှာ အလွန်ကြီးမားလှကာ ဆယ်ထပ်မြောက်သည်ပင်လျှင် ၄၀၀၀ စတုရန်းမီတာရှိပြီး ၎င်း၏ အောက်ထပ်ရှိ လေလံအိမ်မှာမူ ၁၅ မီတာသာ ရှိပေသည်။ 


လေလံတင်မည့် ပစ္စည်းများမှာ အလွန်တရာ တန်ဖိုးကြီးမားလှသည့်အတွက် သမားရိုးကျအတိုင်း ထိုင်ခုံများ ခင်းကျင်းမထားဘဲ လေလံစင်မြင့်ကို ဝန်းရံကာ ဧည့်သည်တိုင်းအတွက် သီးသန့်အခန်းငယ်များ ဖွဲ့စည်းပေးထားသည်။ 


အခန်းများကို အဆင့်လေးဆင့် ပိုင်းခြားထားပြီး သာမန်အခန်း ၂၀၀ နှင့် ဇိမ်ခံအခန်း ၂၀ ပါရှိပေသည်။ ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့သည် အဆငြအမြင့်ဆုံးအခန်းထဲတွင် ရပ်နေပြီး ထိုအခန်းသည် လေလံစင်‌မြင့်၏ အရှေ့တည့်တည့်တွင် ရှိနေပေသည်။ 


"လူတွေအများကြီး လာကြတာပဲ ..." 


ရမ်ရှန့်က အခန်းထဲရှိ စခရင်မှတစ်ဆင့် အပြင်ဘက်ကို လှမ်းကြည့်နေလိုက်သည်။ 


"ဒါပေါ့ အာဟာရဆေးတောင့်ကို ဘယ်သူတွေကရော မလိုချင်မှာတဲ့လဲ ..." 


ကျောက်လင်းယွီက ကလေးများကို ထည့်ထားသည့် လုံခြုံမှုအာမခံ အနွေးသေတ္တာကို ဆိုဖာပေါ်သို့ ဂရုတစိုက် နေရာချထားရင်း ပြောလိုက်သည်။ 


ကလေးများမှာ အလွန်သန်မာကာ အလွယ်တကူ ကွဲအက်မသွားနိုင်ကြောင်း သိသော်ငြား သူနှင့် ရှန်းချိုးရှစ်တို့သည် အလွန်အမင်း ဂရုတစိုက် ပြုမူနေဆဲပင် ဖြစ်သည်။ အထူးသဖြင့် ရှန်းချိုးရှစ်က ပိုပြီး အလွန်အကျူး ဂရုစိုက်လွန်းသည့်အတွက် ထိုဥများကို  ပြင်းပြင်းထန်ထန် ဖိညှစ်လျှင်ပင် ရော်ဘာအရုပ်ကဲ့သို့ အနည်းငယ်သာ အရာထင်မည်ဖြစ်ကြောင်းကို ယခုအချိန်အထိ သတိမပြုမိသေးပေ။ 


"တကယ်တမ်းတော့ ဒီဆေးက အဲ့ဒီလောက်ကောင်းတာလည်း မဟူတ်ပါဘူး ..." 


ရမ်ရှန့်မှာ အနည်းငယ်ပင် ရှက်ရွံ့မိလာတော့သည်။ 


"သေချာပေါက်ကို ကောင်းတာပေါ့ အနည်းဆုံးတော့ ဒီလောက်ကောင်းတာမျိုး မရှိခဲ့ဖူးဘူးလေ ..." 


ကျောက်လင်းယွီက ဘေးနားရှိ အသီးတစ်လုံးကိုယူကာ အခွံနွှာပြီး ရမ်ရှန့်ကို ခွံ့ကျွေးလိုက်သည်။ 


ရမ်ရှန့်ကလည်း ဘေးနားရှိ သူတို့ကို မမြင်ချင်ဟန်ဆောင်ထားသော ကျောက်စုံတွဲနှင့် အကြီးအကဲထန့်တို့ကို စောင်းငဲ့ကြည့်ရင်း ပါးစပ်ကိုဟကာ စားလိုက်သည်။ 


"ဒီအသီးမျိုးက အရသာရော အာဟာရရော အပြည့်ပဲ ..." 


ရမ်ရှန့်က ကျောက်လင်းယွီ အသီးနွှာနေစဉ်က သူ့ဘာသာ စားရန် နွှာနေသည်ဟုသာ တွေးမိခဲ့သေးသည်။ 


သိူ့သော် ကျောက်လင်းယွီက သူ့ကို နွှာကျွေးလာသည့်အတွက် ဝမ်းသာအားရပင် စားသောက်လိုက်သည်။ 


ရှန်းချိုးရှစ်က သူတို့ကို ကြည့်မနေသော်ငြား ကျောက်ဖမ်းက အသီးပန်းကန်ကိုယူကာ သူမအတွက် တိတ်တဆိတ် အခွံနွှာပေးလိုက်သည်။ 


ဒါက တစ်ကိုယ်တည်းခွေးတွေကို နှိပ်စက်နေတာပဲ ... 


အကြီးအကဲထန့်က အဝေးသို့ စိတ်ဓာတ်ကျစွာဖြင့် ငေးကြည့်နေချိန်တွင် သူ့ဆက်သွယ်ရေးစက်ထဲသို့ စာတိုတစ်ကြောင်း ရောက်လာသည်။ 


"ငါက မင်းဘယ်ဘက်က အခန်းထဲမှာ ..." 


သူလည်း ပန်းရောင်လေပူဖောင်းတို့ဖြင့် ပြည့်‌နှက်နေသော အခန်းထဲမှ ထွက်လာခဲ့လိုက်တော့သည်။ ထို့အချိန်တွင် လေလံစင်မြင့်မှာ နှစ်ခြမ်းကွဲသွားပြီး ကျောက်လေလံစံအိမ်၏ ဆွဲဆောင်မှု မရှိသော်ငြား အင်မတန် ကျော်ကြားလှသည့် လေလံအစီအစဉ်တင်ဆက်သူအမျိုးသမီး ထွက်ပေါ်လာသည်။ 


လေလံပွဲ တရားဝင် စတင်လေပြီ။ 


Xxxxxx