အပိုင်း ၉၄
Viewers 18k

Chapter 94


ကျောက်မိသားစုလေလံအိမ်တွင် မိန်းမလှပေါင်းများစွာ ရှိသော်ငြား အကျော်ကြားဆုံးမှာ ဤရွက်ကြမ်းရည်ကျိုအမျိုးသမီးသာ ဖြစ်သည်။ အရေးကြီးပစ္စည်းတစ်ခုခုကို လေလံတင်ရမည့်အချိန်တိုင်း သူမကသာ ဦးဆောင်ဦးရွက် ပြုရသည်။ 


အနည်းစုက အံ့ဩနေကြသော်ငြား လေလံပွဲ စတင်သည်နှင့်တစ်ပြိုင်နက် အကြောင်းအရင်းကို ချက်ခြင်း နားလည်သွားကြတော့သည်။ ထိုအမျိုးသမီးသည် လေလံပွဲခင်း၏ လေထုကို အမြဲလိုလို တက်ကြွနေရန် ဖန်တီးနိုင်သည့်အပြင် ဈေးနှုန်းမြင့်မြင့်ဖြင့် လေလံတင်လိုသည့် အရာတိုင်းကိုလည်း အောင်အောင်မြင်မြင် ရောင်းချနိုင်ပေသည်။ သူမ၏ ရုပ်ရည်မှာမူ ... အရေးပါသည့် ပစ္စည်းတစ်ခုကို လေလံဆွဲလိုပါလျှင် အစီအစဉ်တင်ဆက်သူ၏ ရုပ်ရည်လှပမှုတစ်ခုတည်းကြောင့် ငွေကုန်ခံမည် မဟုတ်ချေ။ 


အမှန်စင်စစ်တွင် လေလံဆွဲသူအများစုသည် ရွက်ကြမ်းရည်ကျို အစီအစဉ်တင်ဆက်သူကိုသာ ပိုပြီး သဘောကျကြပေသည်။ သို့မှသာ သူမ၏ ရုပ်ရည်ကြောင့် အာရုံထွေပြားရခြင်းမျိုးကို မကြုံရတော့မည်ဖြစ်သည်။ 


"အာဟာရဆေးတောင့်ရဲ့ အကြီးမားဆုံးအခန်းကဏ္ဍကတော့ ခန္ဓာကိုယ်ကို အားဖြည့်ပေးတာပါ ဒါက ပျက်စီးနေတဲ့ ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ပြုပြင်ပေးနိုင်သလို ပုန်းအောင်းနေတဲ့ ဒဏ်ရာဟောင်းတွေကိုလည်း ကုသပေးနိုင်သေးတယ် အော် ဒါနဲ့ မပြီးသေးဘူး ရုပ်ရည်ကို ပိုပြီး လှပသွားစေမယ့် အာနိသင်လည်း ရှိနေသေးတယ်နော် ဒီလိုမျိုး အာနိသင်တွေ အများကြီး ရှိနေတဲ့အထဲကမှ ..." 


သူမက အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။ သူမက အာဟာရဆေးတောင့်၏ အချက်အလက်အားလုံးကို စာရွက်ပင် လှန်မကြည့်ဘဲ လက်တန်းပြောသွားခြင်းဖြစ်သည်။ 


"ဒီနေ့လေလံပွဲကို လာတဲ့သူ အများစုက အာဟာရဆေးတောင့်ရဲ့ သန္ဓေတည်မှုအပေါ် လွှမ်းမိုးနိုင်စွမ်းကို သိချင်ကြလို့လို့ ထင်ပါတယ် ဒီဆေးတောင့်က သန္ဓေတည်နိုင်စွမ်းကို တိုးမြှင့်ပေးနိုင်ပါတယ်လို့ တိတိကျကျ သက်သေမပြနိုင်ပေမယ့် သူ့မှာပါတဲ့ စွမ်းအင်က အလွန်ကို နူးညံ့တဲ့အတွက် သန္ဓေသားအပေါ်ကို အကျိုးသက်ရောက်မှုကောင်းကောင်း ပေးနိုင်ပါတယ် ..." 


သူမက အသေးစိတ် ရှင်းပြသည့်အပြင် အလိမ်အညာတစ်ခွန်းတစ်လေမှ မပါဝင်သည့် ဗီဒီယိုတစ်ခုကိုပါ ပြင်ဆင်ထားသေးသည်။ 


"ဒါက သ‌န္ဓေတည်နိုင်စွမ်းကို တိုးတက်မလာစေဘူးပဲ ..." 


ဖန့်ချန်ကျွင့်က သက်ပြင်းအသာချကာ ပြောလိုက်သည်။ 


"ဘာလို့လဲ စိတ်ပျက်သွားတာလား ..." 


အကြီးအကဲထန့်က ဝင်မေးလိုက်သော်ငြား သူ့အကြည့်တို့မှာမူ အကြီးအကဲဖန့်ထံတွင်သာ ကျောက်ချနေသည်။ 


အကြီးအကဲဖန့်က ပြုံးပြလိုက်သည်။ 


"တကယ်တမ်းတော့ ကလေးရတယ် မရဘူးဆိုတာ ကံကြမ္မာပေါ်မှာလည်း မူတည်ပါသေးတယ် ချန်ကျွင့် မင်းအနေနဲ့ အရမ်းကြီး ဇွဲကောင်းနေစရာ မလိုပါဘူး မင်းစိတ်ထဲကနေ နှစ်နှစ်ကာကာ သဘောကျတဲ့သူကိုသာ ရှာပါ ဒီအဘိုးကြီးက ဒါတွေကို ကြိုတွေးပြီးသားပါ ..." 


အကြီးအကဲဖန့်သည် အသက်ငါးရာကျော်နေပြီဖြစ်သော ရေခဲစွမ်းရည်ပိုင်ရှင်ဖြစ်သည်။ စွမ်းရည်ပိုင်ရှင်များ၏ အိုမင်းနှုန်းမှာ နှေးကွေးသည့်တိုင် သူသည် မီးစာကုန် ဆီခမ်းချိန်နား နီးနေပြီဖြစ်သည့်အတွက် ထိုအကြောင်းကို ပြောလိုက်ချိန်တွင် စိတ်သက်သာရာရမှုတစ်ခုကို ခံစားလိုက်ရသည်။ 


"ဒီဆေးရဲ့ အာနိသင်တွေက တကယ်ကောင်းပါတယ် မင်းရဲ့ ဘဏ္ဍာရေးအခြေအနေနဲ့ဆို မင်းခန္ဓာကိုယ်ကို တိုးမြှင့်စေဖို့ နည်းနည်း‌ပါးပါးလောက် ဝယ်လို့ရသားပဲ ..." 


အကြီးအကဲထန့်က ဝင်ပြောလိုက်သည်။ သူသည် အကြီးအကဲဖန့်၏ အိုမင်းချည့်နဲ့နေသော မျက်နှာကို မြင်တွေ့လိုခဲ့သော်ငြား အမှန်တကယ် မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရချိန်တွင်မူ ကျေနပ်ရမည့်အစား စိတ်မကောင်းဖြစ်လာတော့သည်။ 


"ငါ့လို လူအိုကြီးက ဒါမျိုးတွေ မလိုတော့ပါဘူးကွာ ..." 


သူက ပြုံးကာ ပြောလိုက်သည်။ 


"ချန်ကျွင့် စောင့်ပြီး နှစ်စုလောက် ဝယ်လိုက်ဦး နောက်ပိုင်း ကျောက်မိသားစုက ထပ်ရောင်းဦးမယ်ဆိုလည်း ဝယ်လို့ ရနေသေးတာပဲ မင်းကြိုက်တဲ့သူ တွေ့တဲ့အချိန်ကျ နှစ်ယောက်သား အတူတူ ခန္ဓာကိုယ်ကို ထိန်းသိမ်းကြပေါ့ ..." 


"အဘိုး ဒါတွေက ‌ဖြစ်လာဖို့ ဝေးပါသေးတယ် ..." 


သူက ခါးသီးစွာ ပြုံးလိုက်သည်။ 


"မင်းကိုမင်းပဲ ဂရုစိုက်စမ်းပါ ..." 


အကြီးအကဲထန့်က ဝင်ပြောလိုက်သည်။ သူက အကြီးအကဲဖန့်ကို စိုက်ကြည့်နေရင်း ငယ်ရွယ်စဉ်က သူတို့နှစ်ဦး၏ ရုပ်ရည်သွင်ပြင်များကို သတိရလာမိတော့သည်။ 


မူလက ကျန့်ရှောက်ကျွင့်ဟု သိကြသော အကြီးအကဲထန့်သည် အကြီးအကဲဖန့်၏ ဖခင်နှင့် တစ်ဝမ်းကွဲဖြစ်သည်။ 


ကျန့်မိသားစုမှာ အပင်စွမ်းရည်ပိုင်ရှင်များ ဖြစ်ကြကာ S အဆင့် စွမ်းရည်ပိုင်ရှင် မရှိသော်ငြား မြို့တော်ကြယ်၏ ထင်ရှားသော  A အဆင့် စွမ်းရည်ပိုင်ရှင်များ ဖြစ်ကြသည်။ သို့သော် အခြားမိသားစုများကဲ့သို့ပင် သူတို့မှာလည်း မိသားစုဝင် နည်းပါးကြပေသည်။ 


အကြီးအကဲထန့်၏ ဖခင်လက်ထက်က ကျန့်မိသားစုတွင် ရှားရှားပါးပါး သားသမီးနှစ်ဦး ထွန်းကားခဲ့သည်။ အကြီးဆုံးကျန့်သခင်မလေးနှင့် ဖန့်မိသားစုခေါင်းဆောင်တို့မှာ ကိုက်ညီနှုန်း မြင့်မားကြသည့်အတွက် လက်ထပ်ကာ အကြီးအကဲဖန့်ကို မွေးဖွားလိုက်ကြသည်။ ကျန့်မိသားစု၏ ကျန်ရစ်သော သားကမူ အကြီးအကဲထန့်တစ်ဦးတည်းကိုသာ မွေးဖွားနိုင်ခဲ့သည်။


သူတို့နှစ်ဦးမှာ အတူတူ ကြီးပြင်းလာခဲ့ကြပြီး တစ်ဦးက S အဆင့် စွမ်းရည်ပိုင်ရှင်၊ ကျန်တစ်ဦးက A အဆင့် စွမ်းရည်ပိုင်ရှင်များ ဖြစ်ကာ ရုပ်ရည်ရူပကာမှာလည်း ပြိုင်ဘက်ကင်းလောက်အောင် ချောမောခဲ့ကြသည့်အတွက် မြို့တော်ကြယ်၏ ပျိုတိုင်းကြိုက်သော နှင်းဆီခိုင်များ ဖြစ်လာခဲ့သည်။ 


သို့သော် အကြီးအကဲထန်က အကြီးအကဲဖန့်အပေါ် ချစ်ကျွမ်းဝင်ခဲ့ကာ သူ့ဝမ်းကွဲအစ်ကိုကို နှစ်ရှည်လများ စောင့်ရှောက်ပေးခဲ့သည့် အကြီးအကဲဖန့်မှာလည်း ခံစားချက်တို့ ထပ်တူကျခဲ့ကြသည်။ 


ဖက်ဒရယ်သည် လိင်တူလက်ထပ်မှုကို ဟိုးယခင်ကတည်းက ခွင့်ပြုခဲ့သည့်အတွက် သူတို့သာ သာမန်ပြည်သူများ ဖြစ်ပါလျှင် လက်ထပ်နိုင်ရုံသာမက နည်းပညာအကူအညီဖြင့်ပင် ကလေးမွေးနိုင်ဦးမည်ဖြစ်သည်။ သို့သော် သူတို့နှစ်ဦးမှာ ဖက်ဒရယ်၏ ရှားပါး S အဆင့်နှင့် A အဆင့် စွမ်းရည်ပိုင်ရှင်များ ဖြစ်သည့်အတွက် သူတို့မိသားစု မဆိုထားနှင့် ဖက်ဒရယ်ကပင်လျှင် သူတို့နှစ်ဦး၏ ချစ်ကြိုက်မှုကို လက်မခံခဲ့ပေ။ 


ထိုအကြောင်းကို အခြားသူများ သိသွားချိန်တွင် နှစ်ဦးလုံး ပြစ်တင်ပြောဆိုခံခဲ့ရသော်ငြား များသောအားဖြင့် အကြီးအကဲထန့်ကသာ ခါးစည်းခံခဲ့ရသည်။ 


သူ့ကို အမြဲလိုလို ချစ်ခင်ဂရုစိုက်ပေးခဲ့သည့် အဒေါ်ဖြစ်သူ အကြီးအကဲဖန့်၏ မိခင်မှာလည်း ထိုအကြောင်းကို သိရှိသွားချိန်တွင် သူ့ကို သေလုမတတ် မုန်းတီးသွားသည့်အပြင် သူ့မိဘများကပါ ထပ်တူ ပြစ်တင်ခဲ့ကြသည်။ ထိူအချိန်က ပထမဆုံး စတင်ချစ်ကြိုက်ခဲ့သူမှာ အကြီးအကဲထန့်ဖြစ်ပြီး နှစ်ဦးအနက် သူကသာ တက်ကြွသူဖြစ်သည်။ 


ထိုအချိန်က နှစ်ဦးစလုံးမှာ အလွန်ငယ်ရွယ်သေးသည့်အတွက် မိဘများ၏ စကားကို ပယ်ရှားနိုင်စွမ်း မရှိခဲ့ပေ။ မိသားစုနှစ်ခု၏ ခေါင်းဆောင်များက သူတို့နှစ်ဦးကို သဘောတူရမည့်အစား သေလမ်းကိုသာ ရွေးချယ်မည်ဟု ပြောလာသည့်အပြင် အစာအငတ်ခံ ဆန္ဒပြနေသော အကြီးအကဲထန့်ကိုပါ ကိုမာဝင်သွားစေမည့် ဆေးတစ်မျိုး ထိုးနှံခဲ့သည့်အတွက် နောက်ဆုံးတွင် အကြီးအကဲဖန့်လည်း ညှိုနှိုင်းသဘောတူလိုက်ရတော့သည်။ 


သူက အမှားကို ဝန်ချတောင်းပန်ကာ လမ်းခွဲပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ ထို့နောက် ဖန့်မိသားစု၏ တောင်းဆိုမှုကြောင့် ထန့်မိဘများက သူ့ကို မြို့တော်ကြယ်နှင့် အဝေးသို့ ခေါ်ဆောင်သွားခဲ့ရတော့သည်။ 


ဆယ်နှစ်အကြာတွင် ဖန့်မိသားစုသည် သူနှင့် ကိုက်ညီမှု မြင့်မားသည့် အဆင့်နိမ့် ရေစွမ်းရည်ပိုင်ရှင်တစ်ဦးကို ရှာတွေ့ခဲ့သည့်အတွက် လက်မထပ်ဘဲ အတူတူနေရန် သဘောတူစာချုပ် ချုပ်ဆိုကာ ပေါင်းသင်းလိုက်ကြသည်။ နောက်ဆယ်နှစ်အကြာတွင် သမီးတစ်ဦး ထွန်းကားလာခဲ့သည်။

94.2


ထိုအချိန်တွင် အကြီးအကဲဖန့်သည် ဖန့်မိသားစုတစ်ခုလုံးကို ခြေကုပ်ယူမိနေပြီဖြစ်သည်။ သူ့မိဘများက ယခုအချိန်အထိ လက်မထပ်သည့်အပေါ် မကျေနပ်ကြသော်ငြား ကလေးရနေပြီဖြစ်သည့်အတွက် များစွာ မတိုက်တွန်းကြတော့ပေ။ ထိုအချိန်တွင် အကြီးအကဲထန့်လည်း မြို့တော်ကြယ်သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။ 


မြို့တော်ကြယ်မှ ထွက်ခွါလာပြီးနောက် သူ့မိဘနှစ်ပါးလုံးမှာ မတော်တဆမှု ဖြစ်ပွါးကာ အသက်ဆုံးရှုံးခဲ့ရသည့်အတွက် အကြီးအကဲဖန့်၏ သမီး မွေးနေ့ပွဲ ကျင်းပချိန်မှသာ မြို့တော်ကြယ်သို့ ပြန်လာနိုင်ခဲ့သည်။ 


ထိုမွေးနေ့ပွဲကျင်းပသည့်အချိန်တွင် သူသည် ရှောင်လွီနှင့် တွေ့ဆုံးပြီးနေပြီဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မမြင့်မားလှသော်ငြား ရှောင်လွီ၏ အကူအညီကို ထည့်ပေါင်းပါလျှင် အခြေအနေမှာ တစ်ဆစ်ချိုး ပြောင်းလဲသွားတော့သည်။ ထိုနေ့က သူသည် ဧည့်သည်အားလုံးကို နှင်ထုတ်ခဲ့ရုံသာမက ဖန့်စံအိမ်ဟောင်းကိုပါ ဖျက်ဆီးခဲ့ရုံသာမက ဖန့်မိသားစုတည်ရှိရာ ကျွန်းမျောတစ်ခုလုံးကိုပါ ဗုံးခွဲခဲ့သေးသည်။ 


သူထွက်သွားသည်အထိ အကြီးအကဲဖန့်က မတားမြစ်ခဲ့။ အပျက်အစီးများကို ရှင်းလင်းကာ သတင်းထောက်များကိုလည်း နှုတ်ပိတ်ခဲ့သေးသည့်အတွက် မည်သူမှ သူ လာသွားခဲ့ကြောင်း မသိလိုက်ကြပေ။ 


ထိုအချိန်မှစ၍ အကြီးအကဲထန့်သည်လည်း မြို့တော်ကြယ်ကို စွန့်ခွါလာကာ နှစ်ရာပေါင်းများစွာ ကြာမြင့်သည်အထိ ခြေဦးပင် မလှည့်တော့ချေ။ 


ဖန့်မိသားစုကို မျက်နှာဖြတ်ရိုက်ခဲ့ပြီးနောက် ရာဇဝတ်ကောင်အဖြစ် ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် အချိန်အတော်ကြာ ပုန်းအောင်းနေခဲ့သော်ငြား ဖန့်မိသားစုက အလိုရှိစာရင်းပင် မထုတ်ပြန်ခဲ့သည့်အတွက် ဒေါသတစ်ဖက်၊ အားနာစိတ်တစ်ဖက် လွန်ဆွဲနေရင်း မြို့တော်ကြယ်သို့ ပြန်မလာဖြစ်တော့ချေ။ 


ထိုခံစားချက်ကြောင့် ဖန့်ချန်ကျွင့်ကို ရှောင်ပုန်းနေခဲ့ခြင်း ဖြစ်သော်ငြား အမှန်တကယ် ဆုံတွေ့ရချိန်တွင်တော့ သူ့ကို အမှားမရှာဘဲ မနေနိုင်ခဲ့တော့ချေ။ 


သူ မျက်နှာအားဖြည့်ဆေး မသောက်ခဲ့စဉ်ကထက်ပင် အိုမင်းရင့်ရော်နေသော အကြီးအကဲဖန့်ကို ငေးကြည့်ရင်း အတိတ်က အမှတ်တရများထဲသို့ နစ်မြုပ်သွားပြန်တော့သည်။ 


အချိန်ကာလမှာ ကြာမြင့်လွန်းလှပြီဖြစ်သည့်အတွက် အကြီးအကဲဖန့်အပေါ် သူ့ခံစားချက်များကို မဝေခွဲတတ်တော့ပေ။ ထိုလူကို ချစ်ခဲ့မိသော်ငြား လမ်းခွဲရန် တောင်းဆိုလာစဉ်က အနာဂတ်တွင် သူ့စိတ်ကို ပြောင်းလဲနိုင်ပါလျှင် မိတ်ဆွေများအဖြစ် ပြန်ဆုံနိုင်လိမ့်ဦးမည်ဟု တွေးခဲ့မိသည်။ သို့သော် ဖန့်မိသားစုက သူ့မိဘများကို မြို့တော်ကြယ်မှ နှင်ထုတ်ခဲ့သဖြင့် ကြယ်ဓားပြများနှင့် တွေ့ဆုံကာ အသက်ဆုံးရှုံးခဲ့လိုက်ရသည်။


ဖက်ဒရယ်နှင့် အဝေးရှိ လူနေဂြိုဟ်တစ်လုံးတွင် ဆယ်နှစ်ကျော် အချိန်ဖြုန်းနေပြီးနောက်တွင်မှ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ကာ ချစ်ရသူ၏ ရင်သွေး  ပထမဆုံးကျင်းပသည့် မွေးနေ့ပွဲကို တက်ရောက်ရန် မြို့တော်ကြယ်သို့ ပြန်လာနိုင်ခြင်းဖြစ်သည်။ 


သို့သော် ထိုကိစ္စများအားလုံးမှာ အတိတ်တွင်ပင် ကျန်နေခဲ့ပြီဖြစ်သည်။ သူတို့၏ အရွယ်မှာလည်း သင်္ချိုင်းသို့ ခြေတစ်ဖက်လှမ်းနေပြီ ဖြစ်သည့်အတွက် အတိတ်က ရန်ငြှိုးတို့ကို သယ်ပိုးမထားလိုတော့ပေ။ 


"အာဟာရဆေးတောင့်ကို စတင်လေလံဆွဲပါတော့မယ် ဆယ်ပုလင်းပါ ပထမတစ်သုတ်အတွက် ကြမ်းခင်းဈေးကတော့ ဆယ်သန်းပါ ..." 


အစီအစဉ် တင်ဆက်သူ၏ အသံထွက်လာမှသာ အကြီးအကဲထန့်လည်း အတွေးနွံထဲမှ ရုန်းထွက်လာနိုင်တော့သည်။ 


ဖက်ဒရယ်ရှိ ပြည်သူများ၏ တစ်လပျမ်းမျှဝင်ငွေမှာ သုံးထောင်ဖြစ်ပြီး ဆင်းရဲသားများအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေမှာ ရှစ်ရာဖြစ်သည်။ အာဟာရဆေးတောင့် ဆယ်ပုလင်း၏ တန်ဖိုး ဆယ်သန်းမှာ အလွန်အံ့ဩဖွယ် ကောင်းလှသော်ငြား ၎င်း၏ အာနိသင်နှင့် နှိုင်းစာပါလျှင် မများလှချေ။ ထို့အပြင် မြို့တော်ကြယ်ရှိ မိသားစုကြီးများအတွက်မူ ထိုပမာဏသည် လေယာဉ်တစ်စီးစာသာ ရှိပေသည်။ 


"သန်းနှစ်ဆယ် ..." 


"သန်းငါးဆယ် ..." 


"...." 


"သန်းနှစ်ရာ ..." 


"သန်းသုံးရာ ..." 


"သန်းငါးရာ ..." 


တစ်ယောက်ပြီးတစ်ယောက် အပြိုင်အဆိုင် ဈေးခေါ်ကြရင်း တန်ဖိုးမှာ သန်းငါးရာအထိ မြင့်တက်လာတော့သည်။ ဖန့်ချန်ကျွင့်က သန်း‌တစ်ထောင်ဟု မဆိုင်းမတွ အော်လိုက်သည်။ 


"အခန်းနံပါတ်နှစ်က သန်းတစ်ထောင် ပေးနေပါတယ် ပိုပေးမယ့်သူ ..." 


အစီအစဉ်တင်ဆက်သူပင် စကားမဆုံးသေး အခန်း ၃ ထဲရှိ Gerd ၏အသံက ထွက်ပေါ်လာတော့သည်။ 


"သန်းနှစ်ထောင် ..." 


"ဒီလူကတော့ ..." 


သူ့အသံကို ကြားလိုက်ရချိန်တွင် ဖန့်ချန်ကျွင့်မှာ အာစေးမိသွားရှာတော့သည်။ ဖန့်မိသားစုမှာ ကြွယ်ဝကာ အရင်းအမြစ်ဂြိုဟ်များစွာ ပိုင်ဆိုင်ထားသည့်တိုင် ထိုငွေအားလုံးကိုတော့ မသုံးလိုပေ။ ထို့အပြင် စိတ်မထိန်းနိုင်ဘဲ Gerd ထံ ပြေးဝင်‌သွားမိမည်ကို စိုးရိမ်နေမိသေးသည်။ 


Gerd မှာ သူ့ထက် ဝါကြီးသူဖြစ်ပြီး သူအနှစ်သက်ဆုံးမိန်းမကို လုယူရန်လည်း မရည်ရွယ်ခဲ့ပေ။ သို့သော် သူ့သရုပ်မှန်ကို ဖုံးကွယ်မထားသည့်တိုင် ထိုအမျိုးသမီးက သူ့ထံ ရောက်လာမည် မဟုတ်ချေ။ 


သူ တကယ်ကို အစွပ်စွဲခံနေရတာပဲ ပြီးတော့ ပိုဆိုးတာက အဲဒီ့မိန်းမကို လက်‌ဖျားလေးနဲ့တောင် မထိခဲ့ဖူးဘူးလေ ... 


"သန်းနှစ်ထောင်နဲ့ ဆယ်သန်း ..." 


ဖန့်ချန်ကျွင့်က ပြောလိုက်သည်။ 


"သန်းသုံးထောင် ..." 


"သုံးထောင်နဲ့ ဆယ်သန်း ..."


Xxxxxxxxx