အပိုင်း ၉၅
Viewers 18k

Chapter 95


"သန်းငါးထောင် ..." 


Gerd က ထပ်ပြောလိုက်သည်။ Gerd ၏ မိသားစုမှာ များစွာ ကြွယ်ဝသည့်အပြင် သူကိုယ်တိုင်သည်လည်း စစ်တပ်မှ ထွက်ကာ စစ်သင်္ဘောနှင့် လက်နက်ကိရိယာများအကြောင်း ပြောင်းလဲလေ့လာခဲ့သည့်အတွက် ဝင်ငွေကောင်းလာသည့်အပြင်ကုန်ကြမ်းပစ္စည်းများ ဝယ်ယူရန်မှတစ်ပါး လက်ဖွာသူလည်း မဟုတ်သဖြင့် ယခင်ထက်ပင် အဆပေါင်းများစွာ ကြွယ်ဝလာတော့သည်။ ကုန်ကြမ်းပစ္စည်းများအတွက်မူ သူ၏ သတ္ထုစွမ်းရည်ကြောင့် ၎င်းတို့ကို အကြိမ်ပေါင်းမြောက်များစွာ ပြန်လည်အသုံးပြုနိုင်ပေသည်။ 


"ငါးထောင်နဲ့ ဆယ်သန်း ..." 


ဖန့်ချန်ကျွင့်က ခပ်လေးလေး ပြောလိုက်သည်။ ထို့နောက်တွင်တော့ သူ၏ ဆက်သွယ်ရေးစက်ထဲသို့ Gerd ထံမှ စာတိုတစ်စောင် ရောက်လာတော့သည်။ 


"မင်း ဖန့်မျိုးရိုးနဲ့ ငမွဲကောင် ..." 


Gerd က ဆက်သွယ်ရေးစက်မှတစ်ဆင့် ကြိမ်းမောင်းပြီးနောက် ချက်ခြင်းလက်ငင်း ဈေးပြိုင်ပေးလိုက်သည်။ 


"ဆယ်ဘီလီယံ ..." 


"ဆယ်ဘီလီယံနဲ့ ယူလိုက်တော့ ..." 


ဖန့်ချန်ကျွင့်က ခပ်ပြုံးပြုံးဖြင့် ဆက်သွယ်ရေးစက်မှတစ်ဆင့် လှမ်းပြောလိုက်သည်။ 


ဆယ်ပုလင်းကို ဆယ်ဘီလီယံ ... ဈေးကတော့ တကယ်ကို ချိုမနေဘူးပဲ ... 


Gerd က သူ၏ ခါးသီးနေသော မျက်နှာကို တွေ့လိုသော်ငြား ဖန့်ချန်ကျွင့်မှာ ပြုံးပြနေသည့်အတွက် ဆက်သွယ်ရေးစက်ကို ဒေါသတကြီး ပိတ်ချလိုက်သည်။ 


သူတို့နှစ်ဦး အပြိုင်အဆိုင် လေလံဆွဲနေကတည်းက ကျန်သူများ၏ အသံများ တိတ်သွားတော့သည်။ နောက်ဆုံးတွင်တော့ ပထမအသုတ် ဆယ်ပုလင်းကို Gerd က ဆယ်ဘီလီယံဖြင့် ရရှိသွားသည်။ 


ဒုတိယအသုတ်ကိုလည်း သူတို့နှစ်ဦးကပင် အပြိုင်ဝယ်လိုက်ကြပြန်ကာ ဖန့်ချန်ကျွင့်က ၁၀.၀၁ ဘီလီယံဖြင့် ရရှိသွားသည်။ 


တတိယအသုတ်ကိုမူ Gerd က ၁၀.၁ ဘီလီယံဖြင့် ရရှိသွားသည်။ 


စတုတ္ထအသုတ်မှာမူ ၁၀.၁၁ ဘီလီယံဖြင့် ဖန့်ချန်ကျွင့် ပိုင်ဆိုင်သွားခဲ့သည်။ 


ပုလင်းအရေအတွက် သုံးဆယ်သာ ကျန်တော့သည့်အတွက် အထက်တန်းလွှာ ငါးဆယ်ထက်မနည်း စိတ်ဝင်စားလာကြပြန်တော့သည်။ 


ပဉ္စမအကြိမ် လေလံဆွဲချိန်တွင် ဖန့်ချန်ကျွင့်တို့နှစ်ဦးလုံး ရပ်တန့်လိုက်ကြသည့်အတွက် ကျန်သူများက သူ့ထက်ငါ အပြိုင်အဆိုင် ဈေးပိုပေးလိုက်ကြတော့သည်။ 


ရှေ့တွင် လေလံအောင်ထားခဲ့သည့် ဈေးနှုန်းများကြောင့် ပဉ္စမအသုတ်မှာ ၁၀.၇ ဘီလီယံဖြစ်ပြီး ဆဌမအသုတ်သည် ၁၀.၉ ဘီလီယံအထိ မြင့်တက်သွားခဲ့သည်။ 


နောက်ဆုံးကျန်သည့် ဆယ်ပုလင်းကို လိုချင်သူများ များပြားနေသည့်အတွက် A အဆင့် စွမ်းရည်ပိုင်ရှင်တစ်ဦး၏ ၁၂ ဘီလီယံဟူသော စကားသံပင် မဆုံးခင် တစ်ယောက်က ရုတ်တရက် ထအော်လိုက်သည်။ 


"ငါးဆယ်ဘီလီယံ ..." 


ငါးဆယ်ဘီလီယံတောင် ... 


ငွေကြေးကြွယ်ဝသူများ များပြားလှသည့်တိုင် ငါးဆယ်ဘီလီယံဟူသော ပမာဏမှာ မနည်းလှသည့်အတွက် အားလုံး၏ အကြည့်များသည် ထိုသူရှိနေသည့် အခန်းထဲသို့ စုပြုံသွားကြတော့သည်။ ကျောက်လင်းယွီကလည်း အံ့ဩသွားသည့်အတွက် မျက်မှောင်တို့ကို စုကြုတ်ကာ စစ်ဆေးလိုက်ချိန်တွင် အကြောင်းအရင်းကို သဘောပေါက်သွားတော့သည်။ 


ငါးဆယ်ဘီလီယံအထိ တန်ဖိုးကို တိုးမြှင့်လိုက်သူမှာ အခြားသူမဟုတ်၊ ကုန်သွယ်ရေးဌာနချုပ်၏ ဥက္ကဌပင် ဖြစ်သည်။ 


ရွိုင်းသည် ယာဉ်ပျံပေါ်ရှိ ဝန်ထမ်းပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့်အတွက် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခံရကာ တစ်သက်လုံး ထောင်ထဲမှ ထွက်လာနိုင်တော့မည် မဟုတ်ချေ။ ထိုကိစ္စများအပြီးတွင် ကုန်သွယ်ရေးဌာနချုပ်မှ တောင်းပန်စာတစ်စောင် ပေးပို့လာသည်။ 


ကျောက်လင်းယွီက ထိုစာကို တစ်ချက်သာ ကြည့်ပြီး လွှင့်ပစ်လိုက်သည်။ သူ့အနေဖြင့် ကုန်သွယ်ရေးဌာနချုပ်အပေါ် အကောင်းမမြင်တော့သည်မှာ ကြာလှပြီဖြစ်သည်။ သူနဲ့ လက်မထပ်ချင်ပါဘူးဆိုတဲ့သူကို ပို့ရတဲ့အထိ ဘာတွေကို တပ်မက်နေရတာလဲ ... 


သို့သော်ငြား ၎င်းတို့ကို အမြင်မကြည်တော့သည့်တိုင် ကျောက်လင်းယွီအနေဖြင့်လည်း မအားလပ်‌ သေးသဖြင့်သာ သူတို့ကို တစ်စုံတစ်ရာမှ မဖိနှိပ်ခြင်းဖြစ်သည်။ 


ဒါပေမယ့် ဒီနေ့ပုံစံကို ကြည့်ရသလောက်တော့ သူက တောင်းပန်ဖို့ ရောက်လာတာလား ... 


"နောက်ဆုံးလူက ဘယ်သူလဲ ..." 


ရှန်းချိုးရှစ်က မေးလိုက်သည်။ ကျောက်ဖမ်းသည်လည်း သူမနှင့် ထပ်တူပင် အံ့ဩနေပြီး ငါးဆယ်ဘီလီယံဟူသည့် ပမာဏကို မသိရှာသည့် ရမ်ရှန့်တစ်ဦးတည်းကသာ တပျော်တပါး စားသောက်နေနိုင်သည်။ သူက ကျောက်ဖမ်းနှင့် ရှန်းချိုးရှစ်တို့ သတိလက်လွတ်ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ ကော်ဖီခွက်ထဲသို့ပင် လက်ချောင်းများကို နှစ်လိုက်သေးသည်။ 


ဒီကော်ဖီဆိုတဲ့ သောက်စရာကြီးက အာဟာရဓာတ်တွေ အများကြီး ပါပေမယ့် အရသာကကျ ဆိုးရွားလိုက်တာကို ... 


"ကုန်သွယ်ရေးဌာနချုပ်ရဲ့ ဥက္ကဌ ..." 


သူက ပြောလိုက်သည်။ 


ထိုအဖြေကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ရှန်းချိုးရှစ်လည်း မျက်မှောင်တို့ကို စုကြုတ်လိုက်သည်။ ငွေကြေးအတွက်ဖြင့် သားဖြစ်သူကိုပင် ကျောက်မိသားစုထံ ရောင်းစားနိုင်သူကို သူမအနေဖြင့် အမြင်မကြည်လှပေ။


နှိုင်းယှဉ်ကြည့်ပါလျှင်မူ ရွိုင်းကိုသာ ပိုပြီး မုန်းတီးပေသည်။ ရွိုင်းအနေဖြင့် သူသာ လင်းယွီကို လက်မထပ်လိုသည့်တိုင် မဟာမိတ်တပ်ပေါင်းစုကြောင့် ငြင်းဆန်၍ မရပါလျှင် ကျောက်မိသားစုသို့ ရောက်သည့်အခါ သူမကို ပွင့်ပွင့်လင်းလင်း ပြော၍ရပေသည်။ သူမသည်လည်း သားဖြစ်သူကို ပြုစုစောင့်ရှောက်ရန် စိတ်မပါလှသူကို အတင်းအကြပ် ဆွဲထားမည် မဟုတ်ချေ။ သို့သော် ထိုရွိုင်းကမူ အတင့်ရဲစွာဖြင့် လေယာဉ်ကိုပင် ဖောက်ခွဲလိုက်သေးသည်။ 


ရမ်ရှန့်က ရွိုင်းမဟုတ်ကြောင်း သိသည်နှင့်တစ်ပြိုင်နက် ကုန်သွယ်ရေးဌာနချုပ်ကို အကြောင်းကြားခဲ့သေးသည်။ သို့သော် ရွိုင်းက လက်ထပ်ရန် သဘောတူညီခဲ့ကြောင်း သိခဲ့ရသည့်အတွက် ... 


ကုန်သွယ်ရေးဌာနချုပ်ဥက္ကဌက ကျောက်အိမ်တော်သို့ ရောက်မလာဘဲ‌ လေလံအိမ်ကိုသာ သူဝယ်ထားသော အာဟာရဆေးတောင့်များကို ချက်ခြင်းပို့ဆောင်ပေးရန် တောင်းဆိုခဲ့သည်။ အစောပိုင်းက ကျောက်မိသားစုသည် သူ့ကို အရင်းအမြစ်နှင့် အထောက်အပံ့များစွာ ပေးခဲ့သော်ငြား ထိုထက်တော့ ပိုမလာတော့ပေ။ 


သူ့အနေဖြင့် ထိုကဲ့သို့ လုပ်ခဲ့ခြင်းမှာ သူ၏ အပြစ်မကင်းစိတ်ကို ဖော်ပြလိုရုံသာမက ကျောက်မိသားစုက သူ့အား ဒုက္ခပေးလာမည်ကို စိုးရိမ်သည့်အတွက် စိတ်ရင်းမှန်ကို ပြသလာခြင်းဖြစ်သည်။ 


"ပိုက်ဆံပဲ ယူထားလိုက် သူ့ကို အာရုံစိုက်မနေနဲ့တော့ ..." 


ရှန်းချိုးရှစ်က ပြောလိုက်သည်။ 


"နားလည်ပါပြီ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ ထို့နောက် လေလံအိမ်၏ အုပ်ချုပ်သူကို ညွှန်ကြားလိုက်သည်။ 


"ဒီတစ်သုတ်ကို ဆယ့်နှစ်ဘီလီယံနဲ့ လေလံဆွဲခဲ့တဲ့ A အဆင့် စွမ်းရည်ပိုင်ရှင်ကို ပေးလိုက် ..." 


ထို A အဆင့် စွမ်းရည်ပိုင်ရှင်မှာ သာမန်သူတစ်ဦးဖြင့် ချစ်ကျွမ်းဝင်နေကာ ထိုသူမှာလည်း အသက်ရနေပြီး  သူမကို ကိုယ်ဝန်မရစေနိုင်တော့ပေ။ ကလေးရနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဝယ်ယူခဲ့သော ကျန်နှစ်ဦးနှင့် မတူညီဘဲ သူမသည် ထိုအမျိုးသား၏ ဘဝသက်တမ်းကို ဆွဲဆန့်လို၍ ဖြစ်သည်။ 


တာဝန်ရှိသူက ခေါင်းငြိမ့်ပြကာ ခပ်သွက်သွက် အောက်ဆင်းသွားသည်။ ထို့နောက် ‌ကျောက်လင်းယွီက ရမ်ရှန့်ကို ဆွဲခေါ်လိုက်သည်။ 


"ရမ် ကိုယ် လူသွားရှာမလို့ လိုက်ခဲ့ပေးဦး ..." 


"ဘယ်သူ့ကို ရှာမလို့လဲ ..." 


သူက အံ့ဩတကြီး မေးလိုက်သည်။ 


"ဖန့်ချန်ကျွင့် ..." 


ကျောက်လင်းယွီက ပြန်ဖြေလိုက်သည်။ 


အာဟာရဆေးတောင့် နှစ်စုံကို လေလံအောင်ပြီးနောက် ဖန့်ချန်ကျွင့်သည် အလောတကြီး ပြန်မသွားဘဲ ပုလင်းတစ်လုံးကို ဖွင့်ကာ သူ့အဘိုးကို ပေးလိုက်သည်။ 


"အဘိုး ဒါကို သောက်လိုက်ပါ ..." 


"ကျောက်မိသားစုက ဒါအကုန်ပဲလို့ ပြောခဲ့တယ် မဟုတ်လား ငါ့ကို ပေးဖို့ မလိုအပ်ဘူးလေ  ..." 


မစ္စတာဖန့်က ခေါင်းယမ်းပြလိုက်သည်။ သူ့အနေဖြင့် လုံလောက်အောင် အသက်ရှင်ပြီးဖြစ်ရာ အကြီးအကဲထန့်နှင့် ထပ်မတွေ့လျှင်ပင် သေရတော့မည့်အရွယ် ဖြစ်သည်။ 


"အဘိုး တကယ်လို့ မသောက်ဘူးဆိုရင် ဒီနေရာမှာပဲ အကုန်သွန်ပစ်လိုက်မယ် ပြီးတော့ အဘိုးပဲ ကျွန်တော် သဘောကျတဲ့သူကို စိတ်ကြိုက်ရွေးနိုင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား မိန်းမရှိဖို့ ကလေးရှိဖို့ အရေးတကြီး လိုအပ်နေတာ မဟုတ်လို့ ဒီဆေးက ကျွန်တော့်အတွက် မရှိမဖြစ် မဟုတ်ဘူး ..." 


သူက ပြောလိုက်သည်။ သူ့အဘွားမှာ အဘိုးနှင့် လက်မထပ်ဘဲ ဖန့်မိသားစုထံမှ ငွေအမြောက်အများ ယူသွားကာ အခြားသူနှင့် လက်ထပ်ခဲ့သည်။ သူ့အမေမှာလည်း သူ့ကို ဂရုမစိုက်သည့်အပြင် သူ့ဖခင်အရင်းအကြောင်းကိုလည်း လုံးဝ မသိခဲ့ရပေ။ အဘိုးဖန့်ကသာ သူ့ကို ဂရုစိုက်ခဲ့သည့်အတွက် သူတစ်ဦးတည်းကိုသာ နက်နက်ရှိုင်းရှိုင်း သံယောဇဉ်ရှိပေသည်။ 


"သွက်သွက်လေး သောက်လိုက် ..." 


အကြီးအကဲထန့်ကလည်း ဝင်ပြောလိုက်သည်။ 


အကြီးအကဲဖန့်မှာ အသံတိတ်နေသေးသော်ငြား နောက်ဆုံးတွင်တော့ အာဟာရဆေးရည်တစ်ပုလင်းကို သောက်လိုက်တော့သည်။

95.2


ထိုအချိန်တွင် တံခါးဝရှိ အချက်ပေးသံ မြည်လာကာ တံခါးအပြင်ဘက်တွင် ရပ်နေသူများ၏ ပုံရိပ်မှာ စခရင်တွင် ပေါ်လာသည်။ 


ကျောက်လင်းယွီနှင့် ရမ်ရှန့်ဖြစ်ကြောင်း သိရသည်နှင့် တစ်ပြိုင်နက် သူက ချက်ခြင်း ဝင်ခွင့်ပေးလိုက်သည်။ 


"ဝင်ခဲ့ပါ ..." 


"ဘာလို့ ရောက်လာကြတာလဲ ..." 


အကြီးအကဲထန့်က တထူးတဆန်း မေးလိုက်သည်။ 


"ကိစ္စရှိလို့ ..." 


ကျောက်လင်းယွီက ထိုသို့ပြောကာ ဖန့်ချန်ကျွင့်၏ အရှေ့သို့ ဝင်ထိုင်လိုက်သည်။ 


"ဘာဖြစ်လို့လဲ ..." 


သူက မေးလိုက်သည်။ 


ကျောက်လင်းယွီက စကားများများစားစား ပြောမနေဘဲ လေလံမတင်ရသေးသည့် ဆေးရည်နှစ်စုံကို သူ့ရှေ့သို့ ချပေးလိုက်သည်။ 


"မင်းကို ရောင်းခိုင်းချင်လို့ ..." 


"ဒါတွေကို ရောင်းချင်ရင် ဘာလို့ လေလံမတင်တာလဲ ..." 


သူက မေးလိုက်သည်။ 


"ရန်ယဲ့ကို ရောင်းခိုင်းချင်တာလား ..." 


"ဟုတ်တယ် ရန်ယဲ့ကို ရောင်းလိုက် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


"မင်းနဲ့ Gerd အပြင် နောက်ထပ်လေလံအောင်တဲ့ နှစ်ယောက်က သူတို့ရဲ့ ကိုယ်ဝန်သည်ဇနီး သန္ဓေမြဲဖို့အတွက် ဈေးကြီးကြီးပေးပြီး ဝယ်ထားကြတာ သူတို့ကို ခပ်သွက်သွက်သောက်ဖို့ အကြံပေးလိုက်ဆိုပြီးလည်း လေလံအိမ်ကို ညွှန်ကြားထားပြီးပြီဆိုတော့ လော့ခဲမိသားစုနဲ့ ရန်မိသားစုက မင်းဆီကနေပဲ လာဝယ်ကြမှာ အဲဒါကြောင့် သူတို့ကို ဒီနှစ်စု ရောင်းလိုက် ..." 


"ဈေးကရော ..."


သူက ကျောက်လင်းယွီ ဆိုလိုချင်သည်ကို ချက်ခြင်း သဘောပေါက်လိုက်သည်။ ထိုဆေးမျိုးကို အနာဂတ်တွင်လည်း ထပ်မံထုတ်လုပ်ဦးမည်ဖြစ်ရာ ရန်မိသားစုနှင့် လော့ခဲမိသားစုသည် ယခု မဝယ်နိုင်သည့်တိုင် တစ်ချိန်ချိန်တွင် ဝယ်ယူနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လက်ဦးမှုယူကာ အပေးအယူ လုပ်ထားနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ 


"နောက်ဆုံး လေလံဆွဲသွားတဲ့ တစ်ယောက်က ငါးဆယ်ဘီလီယံ အဲ့ဒီဟာထက် နည်းလို့ မရဘူး ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


"ဈေးက များလိုက်တာ ..." 


ဖန့်ချန်ကျွင့်က သူ့လက်ထဲရှိ သေတ္တာနှစ်လုံးကို ယူရင်း ပြောလိုက်သည်။ 


"မင်းကို ရောင်းရတာရဲ့ ဆယ်ပုံတစ်ပုံပေးမယ် ..." 


သူက ပြောလိုက်သည်။ 


"ရောင်းပေးမယ် ..." 


ဖန့်ချန်ကျွင့်က ချက်ခြင်းလက်ငင်း သဘောတူလိုက်သည်။ 


ထိုအချိန်တွင် တံခါးဝက အသံမြည်လာပြန်ကာ Gerd ဝင်လာသည်။ 


"ရှောင်ကျောက် ဒီကို ဘာလို့ ရောက်နေတာလဲ ..." 


သူက ပွဲပြီးပြီးချင်း ကျောက်လင်းယွီကို လာရှာခဲ့သော်ငြား ထိုသူက ဖန့်ချန်ကျွင့်ထံ သွားသည်ဟု သိရသဖြင့် အလောတကြီး ပြေးလာခဲ့ခြင်းဖြစ်သည်။ 


"ဘာဖြစ်လို့လဲ ..." 


ကျောက်လင်းယွီက မေးလိုက်သည်။ 


"ကလေးမွေးနိုင်ဖို့ အာမခံပေးနိုင်တယ်ဆိုတဲ့ ဆေးအကြောင်း မေးဖို့လာတာပါ အခု အာဟာရဆေးကိုလည်း ဝယ်ပြီးပြီဆိုတော့ ကလေးလိုချင်နေပြီ ..." 


ထိုဆေးအကြောင်း တစ်လုံးမျှပင် မသိရှာသေးသည့် ဖန့်ချန်ကျွင့်ကို အကြည့်စူးစူးတို့ ပစ်လွှတ်ရင်း မေးလိုက်သည်။ 


"ကလေးရဖို့ အာမခံပေးနိုင်တယ် ..." 


ဖန့်ချန်ကျွင့်က ဝမ်းသာအားရ ဝင်ပြောလိုက်သည်။ 


"အဲဒီလိုဆေးမျိုး ရှိတယ်လား ဘယ်လောက်ကုန်ကုန် ငါဝယ်မယ် ..." 


"အဲဒီဆေးက စောင့်ရဦးမှာ မင်းတို့လိုချင်ရင် လုပ်ပေးမယ် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


ရမ်ရှန့်၏ ကလေးလေးယောက် မွေးဖွားမှုမှာ ဆန်းကြယ်လွန်းလှသည့်အတွက် အာဟာရဆေးရည်သည် အများ၏ အာရုံဝင်စားမှုကို သိမ်းယူသွားနိုင်သည့်တိုင် မလုံလောက်သေးပေ။ ထို့ကြောင့် ဤသန္ဓေတည်ဆေးကို အစဖော်လာရခြင်းဖြစ်သည်။ 


ဆေးအကြောင်း လူသိသွားခြင်းသည် ရမ်ရှန့်၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံအကြောင်း လူသိသွားသည်ထက်တော့ တော်ပါသေးသည်။ သို့သော် အဆင့်မြင့်မျိုးနွယ်စုများကပင် သူတို့ကို စောင့်ကြည့်နေကာ သင်္ဘောပေါ် ခိုးတက်လာသည့် ကော်ဘီယန်မှာလည်း သူ့မျိုးရိုးဗီဇများကို ရကောင်းရသွားနိုင်ပေမည်။ 


"မင်းက သူ့အတွက် လုပ်ပေးမလို့လား ..." 


Gerd က အလောတကြီး မေးလိုက်သည်။ ထိုအခိုက်အတန့်တွင် ဖန့်ချန်ကျွင့်ကို ကြွားလုံးထုတ်ချင်စိတ်များလည်း ပျောက်ကွယ်နေပြီဖြစ်သည်။ 


"ဦးလေး Gerd ဖန့်ချန်ကျွင့်က ကျွန်တော့်သူငယ်ချင်းလေ ..." 


သူက ပြောလိုက်သည်။ Gerd နှင့် နှိုင်းယှဉ်ပါလျှင် သူသည် ဖန့်ချန်ကျွင့်နှင့် ပိုပြီး ရင်းနှီးပေသည်။ 


Gerd က သူ့ကို ပိုပြီး မုန်းတီးစွာ စိုက်ကြည့်လိုက်တော့သည်။ 


သူတို့နှစ်ဦးသား အံကို တင်းတင်းကြိတ်ကာ အပြန်ပြန်အလှန်လှန် စိုက်ကြည့်နေကြစဉ် ကျောက်လင်းယွီက ရမ်ရှန့်၏ လက်ကိုဆွဲကာ ပြန်ထွက်လာလိုက်သည်။ ယခု သူ့တွင် ကျွန်းမျောတစ်ခု တည်ဆောက်ရန် ပိုက်ဆံရှိနေပြီဖြစ်သည်။ 


ထိုအချိန်တွင် ရန်ယဲ့က Gerd ကို ဆက်သွယ်လာသည်။ 


"ဦးလေး Gerd ဒီနေ့ ဆေးရည်နှစ်စုံစာ ရလာတယ်လို့ ကြား  ..." 


"အဲ့ဒီတော့ ဘာဖြစ်လဲ ..." 


သူသည် စိတ်တိုနေဆဲဖြစ်သည့်အတွက် ရန်ယဲ့အပေါ် မယဉ်ကျေးနိုင်တော့ချေ။ 


"ကျွန်တော့်ကို တစ်ဖုံလောက် ရောင်းပေးနိုင်မလား ဦးလေးသိတဲ့အတိုင်းပဲ ကျွန်တော့်ဇနီးလောင်းက ကျန်းမာရေး သိပ်မကောင်းတော့ ..." 


"ရောင်းဖို့ မဟုတ်ဘူး ဒါက ငါ့ဇနီးလောင်းသန္ဓေမြဲအောင်လို့ကွ ..." 


သူက ချက်ခြင်း ဖုန်းချလိုက်သည်။ 


စောက်ကျိုးနည်း ရည်းစားတောင် မရှိဘဲနဲ့ သန္ဓေသားကို ကုသပေးချင်သေးတယ်ပေါ့ ... 


သူက ဖန့်ချန်ကျွင့်ကို ဆက်သွယ်လိုက်သည်။ 


"ဖန့်ချန်ကျွင့် မင်းရဲ့ အာဟာရဆေးရည်ကို ..." 


"ဝယ်ချင်လို့လား ..." 


သူက တဲ့တိုး မေးလိုက်သည်။ 


"ဟုတ်တယ် ဈေးပြော ..." 


ရန်ယဲ့ကလည်း ကွေ့ဝိုက်မနေတော့။ 


"ငါက စီးပွားရေးလုပ်တိုင်းလုပ်တိုင်း အမြတ်ကို ဆယ်ပြန်ယူတယ် ..." 


"ဆယ်ပြန် ..." 


ရန်ယဲ့၏ မျက်လုံးတို့မှာ ပြူးကျယ်သွားတော့သည်။ 


ဒီကောင်က တစ်ရာဘီလီယံ လိုချင်တယ်လို့ ပြောနေတာလား ... 


"မလိုချင်ရင်လည်း ထားလိုက် ငါ့မှာ ကလေးမရှိ‌ေးပေမယ့် ငါ့အဘိုး သောက်လို့ရတယ် ..." 


သူက ဖုန်းချမည့်ဟန် ပြင်လိုက်သည်။ 


"နေဦး ..." 


ရန်ယဲ့က ပြောလိုက်သည်။ သူက အခြားဝယ်သူများထံမှသာ ပြန်လည်ဝယ်ယူလိုသော်ငြား ထိုသူများမှာလည်း အရေးတကြီး လိုအပ်နေသူများ ဖြစ်သည့်အတွက် ပြန်မရောင်းလိုကြပေ။ ခိုးလည်း မခိုးယူနိုင်သည့်အတွက် ဖန့်ချန်ကျွင့်ထံမှ ဝယ်ယူရန်သာ ရှိတော့သည်။ 


"နည်းနည်းလေး လျော့ပေးဦး ငါးဆယ်ဘီလီယံထား ..." 


"ငါးဆယ်ဘီလီယံ ဟုတ်လား စိတ်တောင် မကူးနဲ့ ..." 


ဖန့်ချန်ကျွင့်က ပြောလိုက်သည်။ 


"၉၅ ဘီလီယံ အနည်းဆုံးပဲ..." 


"၆၀ ဘီလီယံ ..." 


"၉၅ ဘီလီယံ ..." 


"၇၀ ဘီလီယံ ..." 


"၉၅ ဘီလီယံ ..." 


..... 


ဖန့်ချန်ကျွင့်က တစ်လက်မပင် လျှော့မပေးသည့်အတွက် ၉၅ ဘီလီယံဖြင့် သဘောတူလိုက်ရသည်။ 


၉၅ ဘီလီယံရဲ့ တစ်ရာခိုင်နှုန်းဆိုတော့ သန်း၉၅၀ ပေါ့ ...


ဖန့်ချန်ကျွင့်က ဝမ်းသာအားရ ပြုံးနေလိုက်သည်။ ထို့နောက် လော့ခဲမိသားစုက သူ့ကို လာရှာပြန်သည်။ 


ထိုအချိန်တွင် ဘဏ်လက်ကျန်ကို ကြည့်ရင်း စိတ်ဓာတ်ကျနေသော ရန်ယဲ့ထံ ကော်ဘီယန်က ဆက်သွယ်လာသည်။ 


"မင်းလည်း အာဟာရဆေးရည် ရလိုက်တယ်လို့ ကြားတယ် ငါ့ကို ငါးပုလင်းပေး ..." 


ဘီလီယံ ရာပေါင်းများစွာ သုံးထားရသည့် ရန်ယဲ့မှာ ရင်ထဲ တင်းကြပ်ကာ သွေးတစ်လုပ် အန်ချလိုက်တော့သည်။ 


Xxxxxxx