အပိုင်း ၉၆
Viewers 18k

Chapter 96


ရန်ယဲ့မှာ ဆက်သွယ်ရေးစက်၏ တစ်ခြားတစ်ဖက်ရှိ ထိုအမျိုးသားကို ကြည့်ကာ ခြောက်ကပ်ကပ် အပြုံးတစ်ခုကို မနည်းကြိုးစား ပြုံးပြလိုက်ရသည်။ 


"မစ္စတာကော်ဘီယန် ခင်ဗျားက အခုမြို့တော်ကြယ်မှာ ရှိနေတာလား ..." 


ကော်ဘီယန်က သူ့ကို တိုက်ရိုက်ဆက်သွယ်လာခဲ့သည်မှာ ထိုကြယ်ဓားပြသည် မြို့တော်ကြယ်တွင် ရှိနေသည့် အဓိပ္ပါယ်ပင်ဖြစ်သည်။ 


ဖက်ဒရယ်ရဲ့ ဗိုလ်ချုပ်ကြီးက ကြယ်ဓားပြတစ်ယောက်နဲ့ အဆက်အသွယ်ရှိနေတယ် ဒါကိုသာ လူတွေသိသွားရင် ... 


ရန်ယဲ့မှာ သူ့အရှေ့ရှိ ကြယ်ဓားပြကို သတ်ပစ်လိုစိတ်များ ပေါက်ဖွားလာတော့သည်။ 


"ငါ့ကို သတ်ချင်နေတာလား အဲ့ဒီလိုအတွေး ရှိနေရင် အခုကတည်းကသာ ဖျောက်ထားလိုက်..." 


ကော်ဘီယန်က သူ့ကို သရော်ပြုံး ပြုံးပြရင်း စာရွက်စာတမ်းဖိုင်တစ်ခုကို ပေးပို့လိုက်သည်။  


"မင်းက မတွေးသင့်တဲ့ အတွေးတွေကိုပါ တွေးနေတဲ့အတွက် ငါ့ကို ဆေးခြောက်ပုလင်းပေးတော့ ..." 


သူပို့ပေးလိုက်သည့် စာရွက်စာတမ်းထဲတွင် ရန်ယဲ့လုပ်ခဲ့သမျှတိုင်းကို မှတ်တမ်းတင်ထားသည်။ ရန်ယဲ့မှာ ထိုစာရွက်များကို တစ်ချက်မျှသာ စောင်းငဲ့ကြည့်ပြီး သက်ပြင်းအေးတစ်ချက် ချလိုက်တော့သည်။ 


"ငါက တော်တော်ကို သက်ညှာပေးထားတာနော် မင်းမိန်းမမှာ ကိုယ်ဝန်ရှိနေလို့သာ မဟုတ်ရင် မင်းအတွက် တစ်ပုလင်းတောင် ချန်ပေးထားမှာ မဟုတ်ဘူး ..." 


သူက ရန်ယဲ့ကို မျက်ခုံးပင့်ပြကာ လိပ်စာတစ်ခုကို ပေးလိုက်သည်။ 


"အာဟာရဆေး‌ရည်တွေကို ဒီလိပ်စာကို ပို့ပေး ..." 


"ကောင်းပါပြီ ..." 


ရန်ယဲ့က အံတင်းတင်းကြိတ်ကာ သဘောတူလိုက်သည်။ ကော်ဘီယန်နှင့် အဆက်အသွယ် လုပ်ခဲ့သည်မှာ ကြယ်ဓားပြများကို အသုံးချပြီး သူ့ကိုယ်ရေးကိုယ်တာကိစ္စအချို့ကို ကိုင်တွယ်လို၍ ဖြစ်သည်။ သို့သော် မထင်မှတ်ပဲ ထိုကြယ်ဓားပြများ၏ ချုပ်ကိုင်မှုကို ခံလိုက်ရသည်။ 


သူ့ကိုယ်ပိုင် ဆက်သွယ်ရေးစက်နဲ့လည်း ကော်ဘီယန်ကို တစ်ခါမှ မဆက်သွယ်ဖူးပါဘူး ဘယ်လိုလုပ်ပြီးများ သူ့ကို တိုက်ရိုက်ခေါ်နိုင်ရတာလဲ ကြယ်ဓားပြတွေရဲ့ နည်းပညာက ဒီလောက်တောင် ကောင်းနေပြီလား ... 


သက်ပြင်းအနည်းငယ် ချပြီးနောက် စိတ်ကို ငြိမ်ငြိမ်ထားကာ အီသန်ကို ဆက်သွယ်လိုက်တော့သည်။ 


"အီသန် ငါ ငွေသား အရေးတကြီး လိုအပ်နေလို့ ..." 


မျက်မှောက်ခေတ် ဖက်ဒရယ်တွင် ဆင်းရဲချမ်းသာ ကွာဟမှုမှာ အလွန်တရာ ကြီးမားလာပေသည်။ 


သာမန်သူအများစုမှာ ဘဝတစ်သက်တာလုံး မြို့တော်ကြယ်တွင်သာ အခြေချ နေထိုင်ကြသော်ငြား အထက်တန်းလွှာ မိသားစုကြီးများနှင့် စီးပွားရေးသမားများအတွက်မူ လက်ထဲတွင် အရင်းအမြစ်ဂြိုဟ် တစ်ခုတစ်လေပင် မရှိပါလျှင် ချမ်းသာသည်ဟု မဆိုနိုင်ပေ။ 


ဥပမာအားဖြင့် ကြယ်အမှတ် ၁၂၅၃၄ သည် ဖန့်မိသားစုအပိုင်ဖြစ်ကာ နှစ်စဉ်နှစ်တိုင်း မရေမတွက်နိုင်သော စွမ်းအင်သတ္ထုရိုင်းများကို တူးဖော်ရရှိသည်။ ထိုမိုင်းတွင်းများအတွက် ဖက်ဒရယ်သို့ ပေးဆောင်ရသည့် အခွန်အခကပင်လျှင် သာမန်သူတို့အဖို့ အိပ်မက်ပင် မမက်ဖူးသည့်ပမာဏ ဖြစ်သည်။ 


ဖန့်မိသားစုမှာ ထိုဂြိုဟ်တစ်လုံးသာ ပိုင်ဆိုင်ထားခြင်း မဟုတ်။ နောက်ထပ် မြောက်များစွာသော စွမ်းအင်အရင်းအမြစ်ဂြိုဟ်များအပြင် အာကာသယာဉ်များစွာကိုလည်း ပိုင်ဆိုင်ထားသေးသည်။ 


၎င်းတို့နှင့်ထပ်တူ ကြွယ်ဝသည့် မိသားစုကြီးများလည်း အများအပြား ရှိနေသေးကာ ရန်ယဲ့တစ်ဦးတည်း၏ ပိုင်ဆိုင်မှုသည်ပင်လျှင် မနည်းလှချေ။ 


သို့သော် သူ့ပိုင်ဆိုင်မှုများမှာ ကြီးမားလှသည့်တိုင်  ဘီလီယံရာ‌ပေါင်းများစွာကို လက်ငင်းထုတ်ယူနိုင်သည်ဟု မဆိုနိုင်ပေ။ ထို့အပြင် ရန်မိသားစုမှာ သူတစ်ဦးတည်းပိုင် မဟုတ်ချေ။ 


ငွေအရေးတကြီး လိုအပ်ပါလျှင် ဘဏ်မှ ချေးငွေယူခြင်းသည် အကောင်းဆုံးဖြစ်သည်။ ရန်ယဲ့၏ လက်ရှိအခြေအနေအရဆိုလျှင် ဘဏ်က သူ့ကို သေချာပေါက် ချေးပေးမည် ဖြစ်သော်ငြား ဆုံးရှုံးမှုအတွက်ကို မတတ်နိုင်ချေ။ 


"မင်းလည်း အာဟာရဆေးရည် ဝယ်မလို့လား ..." 


အီသန်က မေးလိုက်သည်။ 


"လည်းပဲ? ဒါဆို မင်းရော ဝယ်မလို့လား ..." 


"ဖန့်ချန်ကျွင့်က င့ါကိုလည်း အခုလေးတင် ဆေးပုလင်းတစ်စုံ ရောင်းသွားတယ်လေ ဒါပေမယ့် ငါ့မိဘတွေစီကနေ ပိုက်ဆံစုရဦးမှာ ..." 


အီသန်က ပြောလိုက်သည်။ 


"တစ်စုံစာကို သန်းခြောက်ရာတဲ့ ဖန့်ချန်ကျွင့်ဆိုတဲ့ကောင်က တကယ်ကို ဝမ်းတွင်းမည်းပဲ ..." 


"သန်းခြောက်ရာ ဟုတ်လား ..." 


ရန်ယဲ့၏ မျက်နှာမှာ ပို၍ပင် အရုပ်ဆိုးလာတော့သည်။ 


သူ့လက်ထဲတွင် ဘီလီယံဆယ်ဂဏန်းသာ ရှိသည့်အတွက် အာဟာဆေးရည်ကို မရခင် ဖန့်ချန်ကျွင့်ကို ကုန်သွယ်ရေးယာဉ်များစွာ လွှဲပြောင်းပေးလိုက်ရသေးသည်။ သူက ဈေးနှုန်းအကြောင်း မေးမြန်းခဲ့သေးသော်ငြား ဖန့်ချန်ကျွင့်သည် ပြုံးရုံသာ ပြုံးပြနေခဲ့သည်။ 


"မတတ်နိုင်ဘူးလေ လော့ခဲမိသားစုက ဆေးကို မင်းလိုမျိုး အသည်းအသန်လိုအပ်နေတာမှ မဟုတ်တာ အဲ့ဒီလိုဆိုတော့ သူတို့ကို ဈေးလျှော့ပေးရုံပဲ ရှိတော့တာပေါ့ ..." 


မင်းမေကြီးပဲ သန်းခြောက်ရာက ဈေးချိုနေလိုက် ... 


သူက ဖန့်ချန်ကျွင့်၏မျက်နှာကို အာဟာရဆေးရည်ဖြင့် ပက်လိုက်ချင်သော်ငြား သူ့ဇနီးမှာ အရေးတကြီး လိုအပ်နေ၍သာ သည်းခံလိုက်ရသည်။ ထို့အပြင် ကော်ဘီယန်ကလည်း သူ့ဆေးရည်များကို မျှော်နေသည့်အတွက် ခပ်သွက်သွက်ငွေချေကာ ပြန်လာရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ချေ။


သူ့ဇနီးလောင်းနှင့် စေ့စပ်ပွဲကို ကျောက်လင်းယွီအား ဖိတ်ခဲ့သော်ငြား ထိုသူက ကလေးများကို ပြုစုစောင့်ရှောက်နေရ၍ဟု အကြောင်းပြလာသည်။ မူလက လက်ထပ်ရန်အထိ ကြံရွယ်ထားသော်ငြား ဇနီးလောင်း၏ လက်ရှိ ခန္ဓာကိုယ်အအနေအထားအရ လက်ထပ်ပွဲ ကျင်းပနိုင်ရန် မဖြစ်နိုင်တော့ချေ။ 


ရန်ယဲ့က သူ့ဇနီးလောင်းကို အာဟာရဆေးရည် ပေးပြီးနောက် ကျန်ခြောက်ပုလင်းကို ရင်နာနာဖြင့် ကော်ဘီယန့်ထံ ပို့ပေးလိုက်ရတော့သည်။ ထိုအချိန်တွင် ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့သည် သူတို့စိုက်ပျိုးထားသော စိတ်ဝိဉာဉ်ဆေးပင်များကို စူးစမ်းလေ့လာနေကြ၏။ 


မြင့်မားသော နည်းပညာနှင့် သန့်စင်မြေတို့ကို ပေါင်းစပ်လိုက်သည့်အခါ ထိုဆေးပင်များသည် အလွန်အမင်း ကြီးထွားလာကြတော့သည်။ ၎င်းတို့မှာ မရင့်မှည့်သေးသော်ငြား စိမ်းစိုသန်စွမ်းနေကာ သိပ်မကြာခင် အပြည့်အဝ သီးမှည့်လာတော့မည်ဖြစ်သည်။ 


"မင်းလက်ထဲမှာ ရတနာတွေ ရှိနေတာလား အဲဒါက ကိုယ်ပိုင်နယ်မြေလား ငါငယ်ငယ်က ဖတ်ဖူးတဲ့ အွန်လိုင်းပေါ်က ဝတ္ထုတွေထဲမှာဆို ဇာတ်လိုက်ဆီမှာ အပင်တွေရဲ့ ကြီးထွားမှုကို တိုးမြှင့်ပေးနိုင်တဲ့ ကိုယ်ပိုင်နယ်မြေ ရှိပြီး‌တော့ အဲဒီ့အထဲမှာ ရှားပါးဆေးပင်တွေစိုက်ရင်း အသက်မွေးတာတဲ့ ..." 


အကြီးအကဲထန့်က အပင်များကို လေ့လာနေရင်း ပြောလိုက်သည်။ 


သူက အပင်အများစုကို ဂရုတစိုက် ပျိုးထောင်နေသော်ငြား ရမ်ရှန့်ကမူ ၎င်းတို့ကို လှည့်ပင်မကြည့်ချေ။ သဘာဝအတိုင်းသာ ကြီးထွားစေသည့်တိုင် ၎င်းတို့မှာ ကောင်းစွာ ရှင်သန်လာကြသည်။ 


"ကိုယ်ပိုင်နယ်မြေ ဟုတ်လား ..." 


ရမ်ရှန့်၏ အာရုံမှာ တစ်ခြားတစ်ခုထံ ရောက်ရှိသွားတော့သည်။ 


"အဲဒါက ကုန်းမြေအပြည့်နဲ့ နေရာလွတ်လေ ပြီးတော့ များသောအားဖြင့် အဲဒီ့အထဲမှာ စိတ်စွမ်းအင်ရေပူစမ်းလည်း ရှိတတ်တယ် ..." 


အကြီးအကဲထန့်က ရှင်းပြလိုက်သည်။ 


ရမ်ရှန့်က တစ်ခုခုကို ရှင်းပြမည့်ဟန် ပြုလိုက်သော်ငြား နှုတ်ခမ်းတို့ကိုသာ လှုပ်ပြီး အသံထွက်မလာခဲ့။ ကျောက်လင်းယွီက သူ့လက်ကို ဆွဲယူလိုက်သည်။ 


"မနေ့က ကျွန်တော်တို့တွေ အလုပ်များနေခဲ့လို့ ကလေးတွေကို အရင်သွားကြည့်လိုက်ဦးမယ် ..." 


အကြီးအကဲထန့်မှာ သူတို့နှစ်ဦး ထွက်သွားသည်ကိုသာ စိတ်ပျက်လက်ပျက် ကြည့်နေလိုက်ရတော့သည်။ 


ဒါပေမယ့် ကျောက်လင်းယွီက သူ့ကို မျက်စိမနောက်စေချင်လို့နေမှာပါ ထားလိုက်တော့ သူ့ရဲ့ ချစ်စရာအပင်လေးတွေကိုပဲ ဆက်စိုက်နေလိုက်တော့မယ် ... 


သူက ဖန်လုံအိမ်တစ်ခုထဲသို့ ဝင်သွားပြီး အတွင်းထဲရှိ အပူချိန်ကို ဂရုစိုက်မနေဘဲ ဖန်ရောင်မှန်ရောင်သဖွယ် တဖိတ်ဖိတ်တောက်နေသည့် ပန်းပွင့်များကို အရူးအမူး ကြည့်နေလိုက်သည်။ 


"တကယ်ကို အရမ်းလှတာပဲ ..." 


ဘာလို့များ ဒီအပင်တွေ၊ ပန်းတွေကို တစ်ခါမှ မတွေ့ဖူးရတာလဲ ဒါတွေကို သေချာပေါက် စမ်းသပ်ကြည့်ရမယ်  ...

96.2


ထိုအချိန်တွင် ရမ်ရှန့်က ကျောက်လင်းယွီလက်ကို ဆွဲကာ မေးလိုက်သည်။ 


"လင်းယွီ ခင်ဗျားရော ဒီကမ္ဘာမှာ ကျင့်ကြံသူတွေ ရှိတယ်လို့ ထင်လား အဲဒီ့နေရာလွတ်ထဲမှာ သန့်စင်မြေတွေ ရှိနေပြီးတော့ စိတ်စွမ်းအင်ရေပူစမ်းအတွက် ...အထဲမှာ အရမ်းအရည်အသွေးမြင့်တဲ့ စိတ်ဝိဉာဉ်ကျောက်တုံးတွေ ရှိနေမယ်ထင်တယ်နော် ဟုတ်တယ်မဟုတ်လား ..." 


အကယ်၍ သာမန်သူများသာ ၎င်းကို အသီးအရွက် စိုက်ပျိုးရန် အသုံးပြုပါလျှင် နှစ်တစ်သောင်းခန့် ကြာမှသာ သန့်စင်မြေ စပါးစေ့တစ်ထောက်စာခန့် ကုန်ဆုံးသွားမည်ဖြစ်သည်။ အရည်အသွေးမြင့် စိတ်ဝိဉာဉ်ကျောက်တုံးများမှာမူ ဘေးနားတွင် ထားထားရုံဖြင့်ပင် အကျိုးထူးခံစားရမည်ဖြစ်သည်။ 


"ဒါတွေအားလုံးက ယုံတမ်းတွေပါ ..." 


ကျောက်လင်းယွီက သူ့ခေါင်းကို ထိုးဖွရင်း‌ ပြောလိုက်သည်။ 


"ဒါပေမယ့် အဲဒီ့အကြောင်းတွေက ဟုတ်မဟုတ် စစ်ဆေးခိုင်းလိုက်မယ် ထူးဆန်းတာ တစ်ခုခုတွေ့ရင် ကိုယ်ပြောမယ်လေ..." 


"ကောင်းပါပြီ ..." 


သူက ပြောလိုက်သည်။ 


"ကလေးတွေကို သွားကြည့်ရအောင် ကျွန်တော် သူတို့ကို လွမ်းနေပြီ ..." 


ဥလေးလုံးမှာ ဘဲဥအရွယ်ခန့်အထိ ကြီးထွားလာကြပြီဖြစ်သည်။ သူတို့နှစ်ဦး ဝင်လာချိန်တွင် ၎င်းတို့သည် ဘေးချင်းကပ်ထိုင်ကာ ဆွယ်တာထိုးနေသည့် ရှန်းချိုးရှစ်နှင့် ဖုန့်ခဲ့ရှင်းတို့အနားရှိ အနွေးသေတ္တာထဲတွင် လဲလျောင်းရင်း သီချင်းနားထောင်နေကြသည်။ 


"အန်တီ ဘာတွေလုပ်နေတာလဲ ..." 


ရမ်ရှန့်က သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။ 


"ကလေးတွေအတွက် ဆွယ်တာထိုးပေးမလို့လေ ဒါပေမယ့် ပြီးအောင်ရော သင်နိုင်ပါ့မလား မသိဘူး တကယ်လို့ ဆွယ်တာမထိုးနိုင်ခဲ့ရင်တောင် မင်းအတွက် လည်စည်းတစ်ထည် ထိုးပေးမယ်လေ ..." 


သူမ လက်ထဲရှိ ကောက်ကွေ့ရွဲ့စောင်းနေသော ချည်များကိုကြည့်ကာ ပြောလိုက်သည်။ ဖုန့်ခဲ့ရှင်းကြောင့် ဆွယ်ထားထိုးလိုစိတ်များ ဖြစ်ပေါ်လာခဲ့ကာ မူလကမူ လွယ်ကူသည်ဟု ထင်ခဲ့မိသော်ငြား ယခုအချိန်တွင် ချည်ကိုပင် မကိုင်လိုတော့ချေ။ 


"လည်စည်းက ထိုးဖို့လွယ်ပါတယ် ..." 


ဖုန့်ခဲ့ရှင်းက ဝင်ပြောလိုက်သည်။ ထို့နောက် သူမက ရုတ်တရက် သတိရသွားဟန်ဖြင့် ရမ်ရှန့်ကို ပြောလိုက်သည်။ 


"ရမ် မင်းနဲ့ လင်းယွီက လက်ထပ်ပြီးသွားပြီလေ ဘာလို့ ချိုးရှစ်ကို အန်တီလို့ ခေါ်နေသေးတာလဲ ..." 


သူမသည် ယခင်က ထိုအကြောင်းကို များစွာ ဂရုမထားခဲ့။  ယနေ့မှသာ သတိရသွားခြင်းဖြစ်သည်။


ကလေးများမှလွဲ၍ ကျန်ကိစ္စများကို များစွာ အလေးမထားသည့် ရှန်းချိုးရှစ်ကလည်း ခပ်သွက်သွက် ဝင်ပြောလိုက်သည်။ 


"ဟုတ်သားပဲ ရမ်ရေ အမေလို့ ခေါ်ရတော့မှာလေ ဟိုကောင်လေး လင်းယွီက အမေ့ကို တရိုတသေကြီး ခေါ်ပေမယ့် မင်းကတော့ သူ့လိုလုပ်လို့ မရဘူးနော် လာပါ မားလို့ခေါ်မလား မာမီလို့ ခေါ်မလားပြော ..." 


"မား အဲဒါ ဘာကြီးလဲ လက်ထပ်ပြီးသား ‌ယောကျာ်းတစ်ယောက်အနေနဲ့ဆို ‌ယောက္ခမကြီးလို့ပဲ ခေါ်ရမှာ မဟုတ်ဘူးလား ..." 


"..." 


ရှန်းချိုးရှစ်က သားဖြစ်သူကို ဆတ်ခနဲ လှမ်းကြည့်လိုက်သည်။ 


"ရမ် မားဖြစ်ဖြစ် မာမီဖြစ်ဖြစ် တစ်ခုခု ခေါ်လိုက်ပါ ..." 


သူက အနွေးသေတ္တာအဖုံးကို လှပ်ကြည့်ရင်း ပြောလိုက်သည်။ 


အ‌နွေးသေတ္တာထဲတွင် လဲလျောင်းနေသည့် သူ့ကလေးလေးများမှာ အင်မတန် ချစ်စရာကောင်းလှသည်။ ဥတစ်လုံးကို လှမ်းကိုင်လိုက်ချိန်တွင် သူ့မျက်နှာမှာ ရုတ်ချည်းပြောင်းလဲသွားတော့သည်။ 


ရင်းနှီးနေတဲ့ စွမ်းအင်တစ်ခုကို ခံစားနေရတယ် သူ့စွမ်းရည်တွေ ပြန်ကောင်းလာတာလား ... 


၎င်းမှာ အားနည်းနေသေးသည့်တိုင် ပြန်လည်သက်သာနေပြီဖြစ်သည်။ 


"ဘာဖြစ်လို့လဲ ..." 


သူ့အမူအယာကို သတိပြုမိသည့် ရမ်ရှန့်က မေးလိုက်သည်။ 


"ဘာမှမဟုတ်ပါဘူး ..." 


သူက ပြောလိုက်သည်။ ရမ်ရှန့်သည် သူ့ဒဏ်ရာများကို နေ့စဉ်ရက်ဆက် ကုသပေးနေသည့်အတွက် သူ၏ အသွေးအသားများဖြင့်ပင် ပြန်လည်ပေးဆပ်လိုစိတ်များ တိုးပွားသွားတော့သည်။ 


သူက ဘာမှ မပြောသည့်အတွက် ရမ်ရှန့်လည်း ထပ်မေးမနေတော့ဘဲ ကလေးများကိုသာ ကြည့်နေလိုက်သည်။ 


"ကလေးတွေက အရမ်းချစ်ဖို့ကောင်းတာပဲ ..." 


"သူတို့က ချစ်ဖို့အကောင်းဆုံးပဲ ..." 


သူက ပြောလိုက်သည်။ သူ့ဘဝတစ်လျှောက်လုံး အနီရောင်ကို မုန်းတီးခဲ့သော်ငြား ယခုမူ သူ့အကြိုက်မှာ လုံးဝပြောင်းလဲသွားချေပြီ။ ဥနီနီလေးများကသာ ကမ္ဘာပေါ်တွင် အလှဆုံးအရာဖြစ်သည်။ 


"ကျွန်တော်ကရော ..." 


ရမ်ရှန့်က မကျေမနပ်ဖြင့် မေးလိုက်သည်။ 


"မင်းက သူတို့တွေထက် အများကြီး ပိုချစ်ဖို့ ကောင်းတာပေါ့ ..." 


သူက ရမ်ရှန့်ကို ဖက်နမ်းလိုက်သည်။ 


"ဟုတ်ပြီ ဟုတ်ပြီ အချစ်တွေကို ထုတ်ပြချင်တယ်ဆိုရင်တောင် ဒီမှာတော့ မလုပ်ကြပါနဲ့ရှင် ကလေးတွေ အတုယူမှားသွားလိမ့်မယ် ..." 


ရှန်းချိုးရှစ်က သူမ၏သားကို လှမ်းပြောလိုက်သည်။ 


"ဒါက အဖေဆီကနေ သင်လာတာလေ ..." 


ကျောက်လင်းယွီက ခါးကို မတ်ကာ မျက်နှာသေဖြင့် ပြောလိုက်သည်။ သူငယ်စဉ်ကလည်း သူ့မိဘများသည် ‌သူ့ကို မရှောင်ရှားခဲ့ပေ။ 


သူမက ဒေါသတကြီး နှင်ထုတ်လိုက်သည့်အတွက် ကျောက်လင်းယွီလည်း ဥလေးလုံးကိုသယ်ကာ ထွက်သွားလိုက်ရတော့သည်။ ထိုသည်သာမက ကလေးများနှင့် ပိုပြီးရင်းနှီးစေရန် နှစ်နာရီကြာ ပုံပြင်ပြောရမည်ဟုပါ အမိန့်ပေးခံလိုက်ရတော့သည်။ 


သူ့ကိုကြည့်နေသော ရမ်ရှန့်နှင့် အကြည့်ချင်းဆုံရင်း ကျောက်လင်းယွီသည် အွန်လိုင်းအတန်းမှဆရာ ညွှန်းပေးခဲ့သည့် စာအုပ်ကိုယူကာ ဖတ်ပြလိုက်သည်။ 


သူ့အသံမှာ ဩရှကာ နားဝင်ပီယံ ရှိလှသည့်အတွက် ရမ်ရှန့်လည်း တစ်ဖြေးဖြေး အိပ်မောကျသွားတော့သည်။ 


တစ်ညတာ အိပ်ရေးဝဝ အိပ်စက်ခဲ့ရသည့်အတွက် ရမ်ရှန့်သည် နောက်တစ်နေ့မနက်တွင် အားအင်အပြည့်ဖြင့် နိုးထလာတော့သည်။ 


"လင်းယွီ တူနှစ်ကိုယ်ကျင့်ကြံရအောင် ..." 


ကျောက်လင်းယွီက သူ့ကို နမ်းရုံသာ နမ်းလိုက်သည်။ 


Xxxxxxxx