အပိုင်း ၉၇
Viewers 18k

Chapter 97


အာဟာရဆေးရည်သည် ဝယ်ယူသူများ၏ ထောက်ခံမှုကို အ‌စောတလျင် ရရှိလာခဲ့တော့သည်။ ထိုသတင်းကို ကြားလိုက်ရချိန်တွင် လေလံတင်သည့်နေ့က မဝယ်ခဲ့ရသူများမှာ နောင်တရလာကြတော့သည်။ ကျောက်မိသားစုမှာလည်း ဆေးရည်ခုနစ်စုံကို လေလံတင်ပြီးနောက် မည်သည့်လှုပ်ရှားမှုကိုမှ မလုပ်တော့သည့်အတွက် ထိုဆေးရည်ကို ဘယ်အချိန်တွင်မှ ထပ်ရောင်းမည်မှန်း မည်သူမှ မခန့်မှန်းနိုင်ကြပေ။ 


မဝယ်နိုင်ခဲ့သူများမှာ နောင်တရပြီး ဝယ်နိုင်ခဲ့သူများမှာမူ အလွန်စိတ်လှုပ်ရှားနေကြကာ အချို့သူများကမူ ဆေးရည်ကိုပင် ဓာတ်ခွဲလေ့လာနေကြပြီဖြစ်သည်။ 


လော့ခဲမိသားစုအနေဖြင့် ထိုဆေးရည်ကို လိုအပ်မှုမှာ နည်းပါးသော်ငြား သူတို့သည် တစ်ကိုယ်ရည် သုံးစွဲရန်နှင့် သုတေသနလုပ်ဆောင်ရန်အတွက် ဖန့်ချန်ကျွင့်ထံမှ ဈေးကြီးပေးကာ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ 


မိသားစုကြီးငါးစုအနက် လော့ခဲမိသားစု၏ စီးပွားရေးသည် ဆေးဝါးထုတ်လုပ်ခြင်းနှင့် ဆက်စပ်နေပေသည်။ လော့ခဲမိသားစု၏ ဆေးဝါးသုတေသန ဓာတ်ခွဲခန်းများသည် ဖက်ဒရယ်တစ်ခုလုံးတွင် ပစ္စည်းကိရိယာ အစုံလင်ဆုံးနှင့် အဆင့်အမြင့်ဆုံးဖြစ်ပြီး ဆေးသုတေသနဆိုင်ရာ ဉာဏ်ကြီးရှင်များစွာလည်း ရှိနေသေးသည်။ 


သို့သော် ထိုသူများသည်ပင် အာဟာရဆေးရည်နှင့် ပတ်သက်၍ တစ်ခုမျှ မစွမ်းဆောင်နိုင်ခဲ့ချေ။ 


"သခင်ကြီး ဆေးရည်ရဲ့ အညွှန်းအတိုင်း စမ်းပြီး ဖော်စပ်ကြည့်ပေမယ့် အသစ်ဖော်စပ်တဲ့ ဆေးရည်မှာ ဘာအာနိသင်မှ ပါမလာပါဘူး လတ်တလော သိထားရသလောက်ဆိုရင် ထူးခြားတဲ့ ပါဝင်ပစ္စည်းအချို့ကြောင့် ဒီလိုအာနိသင်မျိုး ရလာရတာပါ ဒါပေမယ့် အဲ့ဒီအာနိသင်မျိုး ရလာအောင်တော့ မပေါင်းစပ်နိုင်သေးပါဘူး ..." 


"တစ်ပုလင်းကို ခြောက်သန်းတန်တဲ့ ဆေးရည် ငါးပုလင်း သုံးပြီးတာတောင် ရလဒ်က ဒါလေးပဲ ထွက်လာတယ်ပေါ့ ဟုတ်လား ..." 


လော့ခဲမိသားစုခေါင်းဆောင်၏ မျက်နှာမှာ အလွန်အရုပ်ဆိုးလာတော့သည်။ သူသည် ကြွယ်ဝချမ်းသာသည့်တိုင် ချက်ခြင်းလက်ငင်း သန်းသုံးဆယ် ကုန်ဆုံးသွားခြင်းသည် စိတ်နှလုံးကြေကွဲဖွယ်ရာပင် ဖြစ်သည်။ 


"ဒီဆေးရည်ထဲမှာ စွမ်းရည်အမျိုးအစားအသစ်တစ်ခုလည်း ပါနေပါတယ် ..." 


"ဆက်ပြီး သုတေသနလုပ်ထား ..." 


သူက ထိုသို့ညွှန်ကြားကာ ဓာတ်ခွဲခန်းထဲမှ ထွက်လာခဲ့လိုက်သည်။ 


ထိုအချိန်တွင် မြို့တော်ကြယ်နှင့် အဝေးရှိ စိုက်ပျိုးရေးကြယ်တစ်ခု၌ တစ်စုံတစ်ယောက်သည် ကမ်းကပ်တော့မည့် ယာဉ်ပျံပေါ်မှ အထုပ်အပိုးတစ်ခုကို တိတ်တဆိတ် လဲလှယ်လိုက်သည်။ 


ကျောက်လင်းယွီသည် သေလုမျောပါး ဖြစ်ပြီးကာမှ ရုတ်ချည်း စွမ်းရည်အသစ်တစ်ခု ထပ်ရသွားသည်။ ကော်ဘီယန်က စွမ်းရည်ပိုင်ရှင်လေးဦးကို တစ်ပြိုင်တည်း မွေးဖွားခဲ့သည့် ရမ်ရှန့်အကြောင်းကိုပင် အစီရင်ခံခဲ့သည့်အတွက် သူ့အထက်လူကြီးများက စွမ်းအင်ပုံဆောင်ခဲ ပျောက်ဆုံးသည့်ကိစ္စကို အပြစ်မပေးတော့ရန် ဆုံးဖြတ်လိုက်ကြသည်။ သို့သော် ထိုအစား ရမ်ရှန့်နှင့် သူ့ကလေးများအား ဤနေရာသို့ ဖမ်းခေါ်လာရန် ညွှန်ကြားလိုက်သည်။ 


ရမ်ရှန့်ကို ပြန်ပေးဆွဲရမယ် လာမနောက်နဲ့နော် ဟုတ်ပြီလား ရမ်ရှန့်ဆိုတာ ကျောက်လင်းယွီရဲ့ အသည်းလေးလေ ဘယ်လိုစွမ်းရည်မျိုးနဲ့ သူ့ကို ပြန်ပေးဆွဲရမှာလဲ ... 


ကော်ဘီယန်တစ်ယောက် အခက်ကြုံနေစဉ်မှာပင် အာဟာရဆေးရည်လေးပုလင်း ရောက်ရှိလာတော့သည်။ 


ရမ်ရှန့်ကို ပြန်ပေးဆွဲခြင်းက မကောင်းလှသော်ငြား ဝေစုအနည်းငယ် ရရန်မှာမူ ပြဿနာမရှိလှပေ။ သူက လေ့လာစမ်းသပ်ရန် တစ်ပုလင်းချန်ထားပြီး ကျန်ငါးပုလင်းလုံးကို ရာဇဝတ်မှု ကျူးလွန်ရန် အလို့ငှာ ပို့ပေးလိုက်သည်။ 


ထိုသတင်းများသည် ကျောက်လင်းယွီ၏ နားထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသည်။ 


လော့ခဲမိသားစု၏ သုတေသနအကြောင်းကို မဆိုထားနှင့် ရန်ယဲ့၏ အာဟာရဆေးရည်ပုလင်း ဝယ်ယူခြင်းသည်ပင်လျှင် ဖုံးကွယ်၍ မရနိုင်ခဲ့ပေ။ သူ့ဇနီးလောင်းကို လေးပုလင်းသာ ပေးခဲ့သည့်အတွက် အနည်းနှင့်အများ သတင်းပျံ့နှံ့သွားတော့သည်။ ထိုအချိန်တွင် အဆင့်မြင့်မျိုးနွယ်စုများနှင့် ဆက်စပ်နေသည့် ကြယ်ဓားပြများလက်ထဲသို့ အာဟာရဆေးရည်များ ရောက်ရှိသွားတော့သည်။ 


ရမ်ရှန့်အကြောင်း စူးစမ်းနေမည်နှင့် နှိုင်းယှဉ်ပါလျှင် ဆေးရည်ကို လေ့လာနေကြခြင်းက ပိုပြီးကောင်းပေသည်။ ရမ်ရှန့်မှာ ထူးကဲကာ ဆေးရည်များကို ဖော်စပ်ရန် သူ့အပင်စွမ်းရည်ကို လိုအပ်ကြောင်း ထိုသူများ မသိမချင်း သူ့အနေဖြင့် အန္တရာယ်ကင်းနေမည်ဖြစ်သည်။ 


ဒါပေမယ့် အာဟာရဆေးရည်လောက်နဲ့ မလုံလောက်ရင်ရော ... 


ကျောက်လင်းယွီက သန္ဓေတည်ဆေး ထုတ်လုပ်နိုင်မည့် အပင်အမျိုးအစားများကို ပြန်ကြည့်နေလိုက်သည်။ 


သူ့အပြုအမူများကို ရမ်ရှန့်၏ အကြည့်အောက်မှ ဖုံးကွယ်၍ မရနိုင်ခဲ့ချေ။ 


ကျောက်လင်းယွီက သ‌န္ဓေတည်ဆေး ထုတ်လုပ်ဖို့ကို အလျင်လိုနေတာလား ... 


သူထွက်သွားပြီးနောက် ရမ်ရှန့်က လက်ကို ဆန့်တန်းကာ အပင်များကို ထိလိုက်သည်။ 


သူ့စိတ်စွမ်းအင်ကိုသုံးကာ အပင်များကို ကြီးထွားစေခြင်းမှာ သူ့အတွက်တော့ များစွာ ဝန်မပိလှချေ။ ကျင့်ကြံဆင့်ကို အခြေခံစေရန် အမြဲလိုလို တူနှစ်ကိုယ်ကျင့်ကြံနိုင်နေသည်ဖြစ်ရာ စိတ်စွမ်းအင်အနည်းငယ် အသုံးပြုခြင်းသည် များစွာ သက်ရောက်မှု မရှိပေ။


အပင်များက ရုတ်ချည်း ကြီးထွားကာ အစေ့ကျလာကြတော့သည်။ သူက ထိုအစေ့များကို ဆွတ်ခူးပြီး သူသုံးထားသည့် အစေ့အချို့ဖြင့် အစားထိုးလိုက်သည်။ သူလိုအပ်သည်များကို ရင့်မှည့်စေပြီးနောက် ပထမတပ်ဖွဲ့၏ ဓာတ်ခွဲခန်းသို့ ပြန်လာခဲ့လိုက်သည်။ 


ယခင်က အာဟာရဆေးရည်များကို ပြုလုပ်ရာတွင် သူ၏ စိတ်စွမ်းအင်ကို အသုံးမပြုခဲ့။ ဤတစ်ကြိမ်တွင်မူ အစပိုင်းကတည်းကပင် စိတ်စွမ်းအင်ကိုသုံးကာ နည်းပညာအကူအညီဖြင့် အပူချိန်ကို ‌ထိန်းချုပ်ပြီး သူ့ကိုယ်ပိုင် သိမ်မွေ့သော စိတ်စွမ်းအင်ဖြင့် ပါဝင်ပစ္စည်းတစ်မျိုးကို အရည်ပျော်စေသည်။ 


ရမ်ရှန့်သည် ဆေးလုံးများကို တစ်ကြိမ်တစ်ခါမှ ကိုယ်တိုင် မဖော်စပ်ခဲ့ဖူးပေ။ သို့သော် သူတွင် ကြွယ်ဝသော ဗဟုသုတများသာမက သူ့ဆရာ ဆေးဖော်စပ်သည်များကိုလည်း အကြိမ်ပေါင်း မရေမတွက်နိုင်လောက်အောင် မြင်တွေ့ခဲ့ဖူးသေးသည်။ 


ထိုသည်သာမက သူကိုယ်တိုင်သည်လည်း စိတ်ဝိဉာဉ်ဆေးပင်တစ်မျိုးပင် ဖြစ်သည့်အတွက် အပင်များအကြောင်းကို အခြားအဂ္ဂိရက်ဆရာတို့ထက် တိတိကျကျ သိပေသည်။ 


ဤတစ်ကြိမ်တွင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားသည့်အတွက် စိတ်ဝိဉာဉ်ဆေးပင်များမှာ သူနှင့် တစ်သားတည်း ဖြစ်လာပြီး ၎င်းတို့ကို ကောင်းစွာ ထိန်းချုပ်နိုင်သွားတော့သည်။ 


သန္ဓေတည်ဆေးအတွက် လိုအပ်သည့် ဆေးပင်အားလုံးမှာ သန်မာသည့် စွမ်းအင်ရှိကြကာ လွှမ်းမိုးချယ်လှယ်နိုင်သည့် ဆေးဝါးတစ်မျိုး ဖြစ်ပေသည်။ သို့မဟုတ်ပါလျှင် ၎င်းကို လူသားခန္ဓာကိုယ်ထဲသို့ ကူးပြောင်းပေးနိုင်တော့မည် မဟုတ်ချေ။ 


သို့သော် တစ်ချိန်တည်းတွင်ပင် ၎င်းတွင် နူးညံ့သိမ်မွေ့သည့် စွမ်းအင်တစ်မျိုးလည်း ရှိနေရန် လိုပေသေးသည်။ သို့မှသာ သန္ဓေသား တည်မြဲမည်ဖြစ်သည်။ 


ဆေးလုံးအဖြစ် ကျစ်လျစ်သိပ်သည်းလာရန် အချိန်မည်မျှ ကြာမည်မှန်း မသိသော်ငြား အချိန်များစွာ ကုန်ဆုံးလာသည့်တိုင် ဆေးလုံးအဖြစ်သို့ ရောက်မလာသေးချေ။ ဤကမ္ဘာတွင် စိတ်စွမ်းအင်များ ရှိမနေ၍ ဖြစ်ပေမည်။ 


သန္ဓေတည်ဆေးကဲ့သို့သော ဆေးမျိုးသည် လုံလောက်သည့် စိတ်စွမ်းအင်ကို စုပ်ယူနိုင်မှသာ အောင်မြင်မည်ဖြစ်သည်။ ရမ်ရှန့်က မျက်မှောင်အသာကြုတ်ကာ သူ့ဘေးနားရှိ ဘေစင်ထဲသို့ ရေအားလုံးကို သွန်ချလိုက်သည်။ 


သူ့ဆရာသည် ဆေးလုံး၏ အောင်မြင်နှုန်းကို တိုးမြှင့်ရန် အလို့ငှာ ဆေးမှုန့်အရောအနှောထဲသို့ သူ့ထံမှ တစ်စုံတစ်ခုကိုပါ ထည့်လေ့ရှိသည်။ ထို့ကြောင့် သူသည်လည်း ဆေးလုံး မ‌ဖော်စပ်မီကတည်းကပင် ဂျင်ဆင်းစေ့နှင့် လက်ဆေးရေတစ်ဇလုံကို ပြင်ဆင်ထားခဲ့သည်။

97.2


ဂျင်ဆင်းစေ့ကို အသုံးပြုရန် စဉ်းစားထားသော်ငြား ယခုမူ လက်ဆေးရေဖြင့်ပင် လုံလောက်သွားဟန်ရှိသည်။ ၎င်းမှာ သာမန်လက်ဆေးရေတော့ မဟုတ်။ သူ့ခန္ဓာကိုယ်ထဲမှ စိမ့်ထွက်လာသမျှ အရသာအားလုံးကို စုစည်းထားသည့် လက်ဆေးရေဖြစ်သည်။ 


လုံခွက်ထဲရှိ ရေသည် ချက်ခြင်း အငွေ့ပြန်သွားကာ အမဲရောင်အမှုန့်အချို့နှင့် ရွှေရောင်ဆေးတောင့်နှစ်တောင့်သာ ကျန်ရစ်ခဲ့တော့သည်။ 


သူအသုံးပြုခဲ့သည့် ပစ္စည်းများအရ အနည်းဆုံး ဆေးတောင့်ငါးတောင့် ထွက်လာရမည်ဖြစ်သော်ငြား သူ့တွင် အတွေ့အကြုံ လုံလုံလောက်လောက် မရှိခြင်းနှင့် ဤကမ္ဘာ၏ စိတ်စွမ်းအင်ကင်းမဲ့နေခြင်းတို့ကြောင့် အလဟဿ ဖြစ်သွားတော့သည်။ ဆေးတောင့်နှစ်တောင့် ထွက်လာခဲ့သည့်တိုင် ၎င်းတို့၏ အာနိသင်များနှင့် ပတ်သက်၍တော့ အာမမခံနိုင်ပေ။ 


သို့သော် အာနိသင်မှာ အကျိုးမထူးသည့်တိုင် ချက်ခြင်း သေသွားမည်တော့ မဟုတ်ပေ။ သူက ဆေးများကို ပုလင်းထဲထည့်ကာ  ကျောက်လင်းယွီကို လိုက်ရှာလိုက်တော့သည်။ 


"သန္ဓေတည်ဆေး ရသွားပြီ ဒါပေမယ့် အာနိသင်က ကောင်းပါ့မယ်လို့တော့ အာမမခံနိုင်ဘူး ..." 


"ဆေးပင်တွေကို ရင့်မှည့်စေလိုက်တာလား ..." 


ကျောက်လင်းယွီက မေးလိုက်သည်။ 


"ဟုတ်တယ် ..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ 


"နောက်တစ်ခေါက် မလုပ်နဲ့တော့နော် မတော်လို့ သန့်စင်မြေတွေ ကုန်သွားရင် ..." 


ကျောက်လင်းယွီက မျက်မှောင်ကို ခပ်ဖွဖွ ကြုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲတွင် သန့်စင်မြေများစွာ ရှိနေသည့်တိုင် ပမာဏမှာ ထိုမျှသာဖြစ်သည်။ အကယ်၍ ပြတ်လပ်သွားပါလျှင် ... 


"ကိစ္စမရှိပါဘူး ကုန်သွားရင်လည်း ‌မြေဆီလွှာကောင်းတဲ့ ဂြိုဟ်တစ်လုံးကို ရှာကြမယ်လေ ကျွန်တော်က နေ့ခင်းပိုင်းတွေမှာ အမြစ်တွယ်ပြီးတော့ ညပိုင်းမှာ ခင်ဗျားနဲ့ တူနှစ်ကိုယ် ကျင့်ကြံမယ်လေ အဲဒါဆို ကျွန်တော် အသက်ဆက်ရှင်လို့ ရပြီ ..." 


သူက ပြောလိုက်သည်။ သန့်စင်မြေ၏ တည်ရှိမှုအကြောင်း မသိခဲ့စဉ်ကလည်း ထိုသို့လုပ်ရင်း သူ့ဒဏ်ရာများကို တစ်ဖြေး‌ဖြေး ကုစားသွားရန် တွေးခဲ့သေးသည်။ 


"ရမ် ... ကိုယ် Gerd နဲ့ ဖန့်ချန်ကျွင့်ကို လှမ်းခေါ်လိုက်မယ် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


ရမ်ရှန့်သည် သူ့အပေါ် မည်သည့်အရာကိုမှ ထိမ်ချန်မထားသည့်အတွက် သူ့ခံစားချက်များကို သံသယမဝင်သင့်တော့ပေ။ 


ဆေးလုံးအဆင်သင့်ဖြစ်ပြီဟု ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် Gerd နှင့် ဖန့်ချန်ကျွင့်တို့သည် ကျောက်အိမ်တော်သို့ အပြေးအလွှား ရောက်လာကြတော့သည်။ 


သူ့စကားများကြောင့် ဖန့်ချန်ကျွင့်လည်း ကလေးရနိုင်တော့မည်ဟု တွေးလိုက်မိသည့်အခါ Gerd မှာ အလွန်ဒေါသထွက်လာတော့သည်။ ထို့ကြောင့် ဖန့်ချန်ကျွင့်၏ ယာဉ်ပျံကို တိုက်ရိုက် ဝင်တိုက်လိုက်သည်။


"ဦးလေး Gerd ရေ ကိုယ့်ထက် မျိုးဆက်တစ်ဆက်ငယ်တဲ့သူကို ဒီလိုမျိုး ပစ်မှတ်ထားနေတာ မရှက်ဘူးလား ..." 


ဖန့်ချန်ကျွင့်က ပြားချပ်နေပြီဖြစ်သည့် လေယာဉ်ထဲမှ ထွက်လာကာ သူ့ကို ပြောစရာစကားမဲ့နေသည့် အကြည့်တို့ဖြင့် ကြည့်လိုက်သည်။ 


"ငါတို့က နှစ်တစ်ရာတောင် ကွာတာမှ မဟုတ်တာ ဝါစဉ်ကြီးငယ်အပေါ် ဒီလောက်အထိ အာရုံစိုက်နေစရာ မလိုပါဘူး ..." 


သူက သတ္ထုစွမ်းရည်ကိုသုံးကာ ‌သူ့ယာဉ်ပျံ အရှေ့ပိုင်းကို ပြန်ပြင်ရင်း ဖန့်ချန်ကျွင့်၏ မထုံတက်တေးအမူအယာကိူ စောင့်ကြည့်နေလိုက်သည်။ 


သူ့ယာဉ်ပျံမှာ သူကိုယ်တိုင် တည်ဆောက်ထားခြင်းဖြစ်၍ သူ့စွမ်းရည်ဖြင့် ပြန်လည်ပြုပြင်ပြီးချိန်တွင် အကောင်းအတိုင်း ပြန်ဖြစ်သွားတော့သည်။ သို့သော် ဖန့်ချန်ကျွင့်၏ ‌ယာဉ်ပျံမှာမူ အမှိုက်တစ်စနှင့် နင်လားငါလားပင်။ ထို့နောက် သူက ဖန့်ချန်ကျွင့်၏ ယာဉ်ပျံကို လက်ဖြင့် ပုတ်လိုက်သည်။ 


"မင်းယာဉ်ပျံက အထိမခံလိုက်တာကွာ မောင်းလို့တောင် ရပါတော့မလားပဲ ..." 


သူ့ယာဉ်ပျံမှာ အပေါ်ယံ ပျက်စီးသွားခြင်းသာ ဖြစ်သော်ငြား အမှန်တကယ် မောင်းနှင်၍ မရတော့မည်ကို ‌စိုးရိမ်နေမိသည်။ 


ဖန့်ချန်ကျွင့်က ပြုံးကာ ပြောလိုက်သည်။ 


"ဟုတ်ပါ့ ယာဉ်ပျံက အထိမခံလိုက်တာနော် ကျွန်တော့်ကို အိမ်ပြန်ပို့ပေးဖို့ ဦးလေး Gerd ကိုပဲ အကူအညီတောင်းရတော့မယ် ထင်ပါတယ် ..." 


သူက ဖန့်ချန်ကျွင့်ကို အိမ်ပြန်ပို့ပေးရမယ်ပေါ့ ဟူတ်လား စိတ်တောင်မကူးနဲ့ ... 


သူက ဖန့်ချန်ကျွင့်၏ ယာဉ်ပျံအနား သွားကာ လက်ခုပ်နှစ်ချက်တီးလိုက်သည်။ 


"မင်းလေယာဉ်က မပျံနိုင်ဘူးလို့ ဘယ်သူပြောလဲ ဒီတိုင်း ကြည့်မကောင်းရုံလေးတင်ကို ..." 


နည်းပညာပိုင်းက ဆရာကြီးတွေကတော့ လူတွေကို အရူးလုပ်တဲ့နေရာမှာ တကယ်တော်ကြတာပဲ ... 


ဖန့်ချန်ကျွင့်က သူ့ယာဉ်ပျံကို ကြည့်လိုက်ပြီး‌နောက် နှုတ်ခမ်းထောင့်စွန်းတို့ အနည်းငယ် ကော့တက်လာတော့သည်။ 


သူ၏ ထည်ဝါလှသည့် ငွေရောင်ယာဉ်ပျံပေါ်တွင် "ကျွန်တော်က ဝက်တစ်ကောင်ပါ" ဟု အဓိပ္ပါယ်ရသည့် စာတန်းကို ထင်သာမြင်သာရှိစွာ ရေးသားထားသည်။ 


"ဆိုတော့ ဒါက မစ္စတာ Gerd ရဲ့ ကိုယ့်ကိုယ်ကို ပြန်မြင်တဲ့အမြင်ပေါ့ သူများ၏ ယာဉ်ပျံပေါ်မှာ ရေးပြီးတောင် ... မပူပါနဲ့ ကျွန်တော်က ခင်ဗျားရဲ့ သတ္ထုစွမ်းရည်‌အကြောင်းကို ကောင်းကောင်းကြီး ကြေငြာပေးပါ့မယ် ..." 


သူက ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


Gerd ရဲ့ မျက်နှာမှာ အမူအယာမျိုးစုံ ပြောင်းလဲသွားတော့သည်။ နောက်ဆုံးတွင်တော့ ကျိန်ဆဲလိုစိတ်များကို ကြိတ်မှိတ်မျိုချရင်း သူ့ထက်အရင် ကျောက်အိမ်တော်ထဲသို့ ဝင်သွားလိုက်သည်။ 


"ရောက်ပြီလား ဒီဆေးပဲ ဒါကိုစားရင် ကိုယ်ဝန်ရလာနိုင်တယ် ..." 


ရမ်ရှန့်က ဆွဲဆောင်မှုရှိသည့် ရွှေရောင်အလင်းဖျော့ဖျော့များ ထုတ်လွှတ်နေသော ဆေးလုံးနှစ်လုံးပါ ပုလင်းကို ထုတ်ပြလိုက်သည်။ 


"တကယ်ပဲ ကလေးရလာနိုင်တာလား ..." 


Gerd က စိတ်လှုပ်ရှားမှုအပြည့်ဖြင့် မေးလိုက်သည်။ 


"ပြဿနာ မရှိနိုင်ဘူး ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


သူသည်လည်း အနည်းငယ် မရေမရာ ဖြစ်နေဆဲဖြစ်သည်။ ဖန့်ချန်ကျွင့်က ထိုသည်ကို သတိပြုမိသော်ငြား Gerd ကမူ သတိမပြုမိ။ ထို့အပြင် ဆေးပုလင်းကို လုယူကာ ဆေးနှစ်တောင့်လုံးကို သူ့ပါးစပ်ထဲ လောင်းထည့်လိုက်သည်။ 


ထိုဆေးနှစ်တောင့်၏ အရွယ်အစားမှာ မသေးလှသည့်အတွက် သူ့မျက်နှာမှာ ဖောင်းတက်လာတော့သည်။ အကြိမ်အနည်းငယ် ဝါးလိုက်ပြီးမှသာ အောင်အောင်မြင်မြင်ဖြင့် မျိုချနိုင်တော့သည်။ 


ထို့နောက် အဝတ်အစားတို့ကို သပ်ရပ်အောင် ပြန်ပြင်ကာ ဖန့်ချန်ကျွင့်ကို အောင်နိုင်သူအပြုံးဖြင့် ပြုံးပြလိုက်သည်။ 


"ပိုပြီး သေချာချင်ရင် ဆေးကို ပိုသောက်ထားတာ အကောင်းဆုံးပဲ အဟမ်း ငါ အခုပဲ ပထမတပ်ဖွဲ့ရဲ့ စစ်လေယာဉ်တွေကို အဆင့်မြှင့်ပေးမယ် ..." 


"ကောင်းတယ် ကောင်းတယ် ..." 


ရမ်ရှန့်က ထပ်ကာထပ်ကာ ခေါင်းငြိမ့်ပြပြီးကာမှ တစ်ခုကို အမှတ်ရလိုက်တော့သည်။ 


"ခင်ဗျားက နှစ်တောင့်တောင် စားလိုက်တော့ နှစ်‌ယောက်မွေးလာမှာပဲ ..." 


"တကယ်ကြီးလား ..." 


Gerd မှာ ‌မ‌မျှော်လင့်ဘဲ အံ့ဩသွားရတော့သည်။ 


"သေချာသလောက် နီးပါးပါပဲ ..." 


ရမ်ရှန့်မှာလည်း အနည်းငယ် မရေမရာဖြစ်နေဆဲပင်။ 


သို့သော် Gerd ကတော့ ဝမ်းသာလုံးဆို့နေပြီဖြစ်သည့်အတွက် ကျောက်လင်းယွီလည်း သူပြောလိုသည်များကို မျိုချလိုက်ရတော့သည်။ 


သူသည် ကျောက်စိမ်းစာလိပ်ကို မြင်ဖူးထားပြီးဖြစ်သည်။ ထိုထဲတွင် ရေးထားသည်မှာ အကယ်၍ ကလေးရလိုပါလျှင် ထိုဆေးကို သောက်ပြီးနောက် တစ်စုံတစ်ယောက်နှင့် အိပ်ရမည်ဖြစ်ပြီး ကိုယ်၀န်လွယ်မည့်သူက ထိုဆေးကို သောက်ရမည်ဖြစ်သည်။ 


Xxxxxx