အပိုင်း ၉၈
Viewers 18k

Chapter 98


ဖန့်ချန်ကျွင့်က Gerd ကို မမုန်းခဲ့ပေ။


Gerd က သူ့ကို ပစ်မှတ်ထားနေသည့်တိုင် မျက်နှာချင်းဆိုင် အငြင်းပွားသည်မှတစ်ပါး နောက်ကွယ်တွင် လျှို့ဝှက်ကြံစည်ခြင်းမျိုး မရှိသည့်အတွက် သူ့ကို အလွယ်တကူ ပိတ်ဆို့နိုင်ပေသည်။ ထို့အပြင် သူသည်လည်း Gerd ၏ စိန်ခေါ်မှုများကို မျှော်လင့်စောင့်စားမိနေပေသည်။ 


ထို့အတွက်ကြောင့် သန္ဓေတည်ဆေးကို ထိုသူ လုယူသွားစဉ်က သူ စိတ်မဆိုးခဲ့ခြင်းဖြစ်သည်။ သို့သော် ကျောက်လင်းယွီနှင့် ရမ်ရှန့်တို့၏ အမူအယာကို မြင်လိုက်ရချိန်တွင် အနည်းငယ် နှစ်ထောင်းအားရ ဖြစ်မိလာတော့သည်။ 


သို့သော် သူသည် Gerd ကဲ့သို့ အရေးတကြီး ကလေးလိုအပ်နေသူ မဟုတ်ပေ။ ကိစ္စများမှာ ဖြစ်ပြီးသွားပြီဖြစ်ရာ Gerd အပေါ် ပြသလာမည့် အာနိသင်များကို စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။ 


သူ့ကို ဘဝင်မြောက်နေဟန်ဖြင့် ကြည့်နေသူကို ကြည့်ရင်း ဖန့်ချန်ကျွင့်က ခပ်ဖွဖွ ပြုံးလိုက်သည်။ 


"ကလေးတစ်ယောက်ရဖို့ဆိုတာ မင်းတစ်ယောက်တည်း ကြိုးစားရုံနဲ့ရတဲ့ကိစ္စ မဟုတ်ဘူးနော် လက်တွဲဖော် ရှာတွေ့နိုင်မှာ သေချာပြီလား ..." 


"ဘာဖြစ်လို့ မရှာနိုင်ရမှာလဲ ..." 


Gerd က သူ့ကို စိတ်ဆိုးမာန်ဆိုးဖြင့် ကြည့်လိုက်သည်။ သူသဘောကျနေသူမှာ ဖန့်ချန်ကျွင့်နောက် ကောက်ကောက်ပါအောင် လိုက်သွားသည့်တိုင် သူ့တွင်လည်း အခြားမိန်းကလေးများ ရှိနေသေးသည့်အတွက် သူ့ရင်သွေးကို မွေးဖွားပေးမည့်သူအား မရှာနိုင်ရန် အကြောင်းမရှိပေ။ 


"မင်းကလေးရဲ့ မျိုးရိုးတစ်ဝက်ကို ထောက်ပံ့ပေးမယ့်သူလေ ကြုံရာကျပန်းတော့ သွားရှာလို့ မရဘူးပေါ့ ဟုတ်တယ်မဟုတ်လား ..." 


ဖန့်ချန်ကျွင့်က ထပ်မေးလိုက်သည်။ 


"သေချာပေါက်ကို မဟုတ်ဘူးပေါ့ ငါ့ဇနီးက သေချာပေါက်ကို အကောင်းဆုံးသူပဲ ဖြစ်ရမယ် ..." 


သူက ထိုသို့ပြောပြီးကာမှ အနည်းငယ် တွေဝေသွားတော့သည်။ သူ့အချိန်အများစုကို စစ်သင်္ဘောနှင့် မက်ခါများအကြောင်း လေ့လာရာတွင်သာ သုံးထားသည့်အတွက် ချစ်မှုရေးရာ အတွေ့အကြုံမှာ မရှိသလောက်ပင် နည်းပါးလှသည်။ မူလက သူ့လက်အောက်ငယ်သားများထဲမှ တစ်ဦးကို ရွေးချယ်ရန် စဉ်းစားခဲ့သော်ငြား ယခု ပြန်တွေးလိုက်ချိန်တွင် ထိုအမျိုးသမီးများကိုလည်း မရွေးလိုတော့ပေ။ 


သူ့ကလေးတွေရဲ့ အမေဖြစ်လာမယ့်သူကို ဂရုတစိုက် စဉ်းစားမှ ရတော့မယ် ... 


ထိုအချိန်အတွင်း ပထမတပ်ဖွဲ့၏ ယာဉ်ပျံများကို အဆင့်မြှင့်ပေးမည်ဖြစ်သည်။ 


Gerd သည် ကတိစကား အလေးထားသူဖြစ်ကာ သူ ကတိပေးပြီးသည့် ကိစ္စတိုင်းကို ပြီးပြတ်အောင် အကောင်အထည်ဖော်ပေးသူ ဖြစ်သဖြင့် သူ့ကတိအတိုင်း ပထမတပ်ဖွဲ့သို့ ချက်ခြင်း ရောက်လာတော့သည်။ 


ကျောက်လင်းယွီသည် မင်္ဂလာဆောင်ပြီးကတည်းက ပထမတပ်ဖွဲ့သို့ ရောက်မလာတော့သည့်အတွက် အားလုံးက သူ့ကို စိတ်ဝင်တစား ကြည့်နေကြသော်ငြား ထိုသူများ၏ အာရုံအများစုမှာမူ ရမ်ရှန့်ထံတွင်သာ ရှိနေပေသည်။ 


ရမ်ရှန့်က ကေးလို့ ပြောခဲ့တာ မဟုတ်ဘူးလား ဘာလို့ ချက်ခြင်းကြီး အရပ်တွေ ရှည်လာတာလဲ ... 


အခြားသူများက ရမ်ရှန့်ကို စိတ်ဝင်တစား ကြည့်နေသည်ကို သတိထားမိလိုက်သည့်အတွက် ကျောက်လင်းယွီလည်း သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆွဲယူကာ တိတ်တဆိတ် သက်ပြင်းခိုးချလိုက်သည်။ 


တစ်ခြားသူတွေက ရမ်ရှန့်ကို သတိပြုမိသွားမှာမျိုးကို မလိုလားပေမယ့် တစ်ချို့အရာတွေက ဖုံးကွယ်ထားလို့ မရတဲ့အပြင် ရမ်ရှန့်ကိုလည်း တစ်သက်လုံး အိမ်ထဲမှာပဲ ဖွက်ထားလို့ မရဘူး ... 


Gerd က  သတ္ထုလိုအပ်နေသည့်နေရာများကို ထပ်ဖြည့်ပေးကာ ပေါက်ပြဲနေသော နေရာများကို ပြန်လည်ပြင်ဆင်ပေးရင်း စစ်သင်္ဘောကို အဆင့်မြှင့်ပေးလိုက်သည်။ ထိုလုပ်ဆောင်ချက်မှာ စစ်အင်ဂျင်နီယာများအတွက် အလွန်ကြီးမားသည့် လုပ်ဆောင်ချက်ဖြစ်သော်ငြား သတ္ထုစွမ်းရည်ပိုင်ရှင် သူ့အတွက်မူ အလွန်ရိုးရှင်းလှပေသည်။ 


သို့သော် ရိုးစင်းသည့်တိုင် စစ်သင်္ဘော၏ အရွယ်အစားကြောင့် အင်မတန် စွမ်းအင်ကုန်ခမ်းလှပေသည်။ အကယ်၍ သူ့စွမ်းရည်များကိုသာ ကုန်စင်အောင် သုံးခဲ့မိပါလျှင် စစ်သင်္ဘော တစ်စီးတစ်လေကိုမှ ပြင်ဆင်ပေးနိုင်တော့မည် မဟုတ်ချေ။ ပြန်လည်ပြင်ဆင်ခြင်းသည် အသစ်တည်ဆောက်ခြင်းထက်ပင် ပိုပြီး စွမ်းအင်ကုန်ဆုံးနှုန်း မြန်ဆန်လီပေသည်။ 


ကင်းထောက်ယာဉ်ကို အစအဆုံး ပြင်ဆင်ပေးပြီးနောက် သူက ပင်ပန်းတကြီးဖြင့် ထိုင်ချလိုက်တော့သည်။ 


"ကျောက်လင်းယွီ မင်းစစ်သင်္ဘောတွေရဲ့ ပျက်စီးမှုက တအားကို ဆိုးရွားတာပဲ သတ္ထုနောက်တစ်သုတ်ကို မှာလိုက်ရင် ပိုကောင်းမယ်ထင်တယ် နဂိုဟာတွေက အလုပ်မဖြစ်တော့ဘူး ..." 


"ရတယ် ကိစ္စမရှိဘူး ..." 


ကျောက်လင်းယွီက ခေါင်းငြိမ့်ပြလိုက်သည်။ 


"ပြီးတော့ ဒီစစ်သင်္ဘော ဒါကြီးကို ဘယ်လိုစိတ်ကူးနဲ့များ ဆက်သုံးနေနိုင်သေးတာလဲ တစ်ချို့ဂီယာတွေဆို စုတ်ပြဲကုန်ပြီ ငါသာ မင်းကို မကူညီပေးဘူးဆိုရင် အမှိုက်ပုံထဲ သွားပစ်ထားရတော့မှာ ..." 


သူက ထပ်ပြောလိုက်သည်။ သူသည် ဒုတိယတပ်ဖွဲ့၏ ယာဉ်ပျံများကိုလည်း အဆင့်မြှင့်ပေးဖူးသော်ငြား ဤမျှထိ အခြေအနေဆိုးနေသော စစ်သင်္ဘောမျိုးကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။ 


ကြယ်ဓားပြများနှင့် တိုက်ခိုက်မှုအပြီးတွင် စွန့်ပစ်ရတော့မည့် ယာဉ်ပျံများ အမှန်တကယ် ရှိနေသော်ငြား ကျောက်လင်းယွီက ထိုအကြောင်းကို ဖွင့်မပြောခဲ့။


"ဇာ့ဂ်ဘုရင်မနဲ့ရော ပြီးတော့ ကြယ်ဓားပြတွေနဲ့ရော တိုက်ခဲ့ရတာဆိုတော့ ပထမတပ်ဖွဲ့က ယာဉ်ပျံအများစုမှာ ပြဿနာတွေ ရှိနေပြီလေ..." 


Gerd လည်း ထိုအခါမှသာ ဖြစ်ပျက်ခဲ့သည်များကို သတိရပြီး အေးခဲသွားတော့သည်။ ဒုတိယတပ်ဖွဲ့နှင့် နှိုင်းစာပါလျှင် ပထမတပ်ဖွဲ့သည် စစ်ပွဲများနှင့် ပိုရင်ဆိုင်ခဲ့ရကာ ၎င်းတို့မှာ အလွန်လည်း ... 


သူလည်း ဆက်ပြီး စောဒကတက်မနေတော့ဘဲ အချက်အလက်များကို ထည့်သွင်းရန်  ဆက်သွယ်ရေးစက်ကို ထုတ်လိုက်သည်။ 


"ပထမတပ်ဖွဲ့က စစ်သင်္ဘောတွေရဲ့ အချက်အလက်တွေအားလုံးကို ချရေးထားပြီး ဘယ်အပိုင်းက ပြင်ဖို့လိုနေလဲ မှတ်ထားလိုက်မယ် အဲဒါမှ နောက်ပိုင်းကျ လွယ်လွယ်ကူကူ အဆင့်မြှင့်ပေးနိုင်မှာ ..." 


စစ်မြေပြင်သည် စစ်သင်္ဘောတို့၏ အချက်အလက်များကို ဆန်းစစ်ရန် အသင့်တော်ဆုံးနေရာ ဖြစ်သည့်အတွက် စစ်မြေပြင်တွင် တိုက်ခိုက်ခဲ့ရသော စစ်သင်္ဘောများကို လေ့လာကြည့်ရန် လိုအပ်ပေသည်။ 


Gerd က စစ်သင်္ဘောများကို အဆင့်မြှင့်တင်ပေးရန် သဘောတူညီခဲ့သည့်တိုင် အစောပိုင်းတွင် များစွာ စိတ်မပါလှချေ။ ယခုမူ ထိုအတွေးများအားလုံးမှာ အစပင် ရှာမရတော့ချေ။ 


သူ့ခံစားချက် အပြောင်းအလဲကို သတိပြုမိသည့် ကျောက်လင်းယွီက‌ မေးလိုက်သည်။ 


"ဒါဆို စစ်အင်ဂျင်နီယာတွေရဲ့ အကူအညီကို လိုသေးလား သူတို့က သာမန်သူတွေဆိုပေမယ့် စစ်သင်္ဘောအကြောင်းကိုတော့ အိတ်သွန်ဖာမှောက် အကုန်သိကြတယ်  ..." 


"ကောင်းပြီလေ ..." 


သူက ပြောလိုက်သည်။ သူ့စွမ်းရည်ကြောင့် ဤနယ်ပယ်တွင် ပြိုင်ဘက်ကင်းပါရမီရှင်အဖြစ် အသိအမှတ်ပြုခံရသော်ငြား သူ့အနေဖြင့် လေ့လာစရာမရှိတော့ဟု မဆိုလိုပေ။ သူ့အတွက် အားကျအတုယူစရာ ကောင်းလောက်သည့် သာမန်သူများကိုလည်း များစွာ တွေ့ဆုံခဲ့ဖူးသေးသည်။ 


ထို့နောက် သူသည် ပထမတပ်ဖွဲ့၏ အင်ဂျင်နီယာများနှင့်အတူ ကြမ်းပြင်ပေါ်တွင် အုပ်စုဖွဲ့ထိုင်ကာ ဆွေးနွေးလိုက်သည့်အပြင် အစိတ်အပိုင်းအမျိုးမျိုးကို ကြည့်ရှုရန်ပင် သင်္ဘော‌ဝမ်းဗိုက်ထဲသို့ ဆင်းလိုက်သေးသည်။ 


သင်္ဘောကိုယ်ထည်ထဲမှ ထွက်လာချိန်တွင်တော့ သူ့တစ်ကိုယ်လုံး ဆီများဖြင့် ပေကျံနေတော့သည်။ ထိုသည်ကို လှမ်းမြင်လိုက်ရသည့် ဖန့်ချန်ကျွင့်မှာလည်း အံ့ဩတကြီး ငေးမောနေမိတော့သည်။ 


သာမန်သူများနှင့် နှိုင်းယှဉ်ပါလျှင် စွမ်းရည်ပိုင်ရှင်များသည် ပိုပြီး သန်မာသည့်အတွက် အများစုသည် သာမန်သူများကို အထင်အမြင်သေးစွာ ဆက်ဆံကြသည်။ သို့သော် Gerd ကမူ ထိုသာမန်လူ စစ်အင်ဂျင်နီယာများကိုလည်း အဆင့်အတန်း မခွဲခြားဘဲ တစ်သားတည်းသာ ဆက်ဆံခဲ့သည်။ 


ထိုကိစ္စမျိုးကို သူပင်လျှင် မလုပ်နိုင်ချေ။ ဖန့်ချန်ကျွင့်သည် သာမန်သူများအပေါ် ပျူငှာသော်လည်း ထိုသည်မှာ သူ့ဂုဏ်သတင်းကြောင့်သာ ဖြစ်သည်။ Gerd ၏ အပြုအမူမျိုးကိုတော့ အမှန်တကယ်ကို မလုပ်နိုင်ချေ။ 


ထိုသို့ဖြင့် သူသည် Gerd အပေါ် ထူးထူးဆန်းဆန်း အကောင်းမြင်လာမိတော့သည်။

98.2


အခုလေးတင်မှ Gerd သည် စစ်သင်္ဘောများ၏ အစိတ်အပိုင်းများမှာ တစ်ခုချင်းစီ တပ်ဆင်၍ ရကြောင်းကို  စစ်အင်ဂျင်နီယာများထံမှ သိလာခဲ့ပေသည်။ ထို့နောက် သူ့ကို ငေးကြည့်နေသည့် ဖန့်ချန်ကျွင့်ကို တွေ့လိုက်ရချိန်တွင် ကြောက်မက်ဖွယ်အကြည့်တစ်ချက် ပစ်လွှတ်ပေးလိုက်တော့သည်။ 


ထို့နောက်တွင်မှ သူ့ပုံစံကို သတိထားမိပြီး စိတ်ညစ်သွားတော့သည်။ 


သူက တကယ်ကို ညစ်ပတ်ပေပွနေတာပဲ အောက်ထဲကို မဆင်းခင် အပေါ်ကနေ တစ်ခုခု ထပ်ဝတ်ခဲ့ရမှာကိုကွာ ... 


ဖန့်ချန်ကျွင့်ရဲ့ မက်မွန်ပင်မျက်လုံးတွေက တကယ်ကို ဆွဲဆောင်မှု ရှိတာပဲ မဖြစ်ဘူး မဖြစ်ဘူး သူသာ ကိုယ့်ကိုယ်ကို ကောင်းကောင်း ဂရုမစိုက်ရင် အနာဂတ်မှာ လက်ထပ်ရမယ့်သူကို ရှာတွေ့နိုင်တော့မှာ မဟုတ်ဘူး ... 


ထိုသို့ တွေးမိသည့်အတွက် Gerd သည် ချက်ခြင်း အဝတ်အစား လဲလိုစိတ်များ ဖြစ်ပေါ်လာတော့သည်။ သို့သော် သူသည် ပထမတပ်ဖွဲ့တွင်သာ ရှိနေသေးကြောင်း သတိရလိုက်မိ၏။ 


ပထမတပ်ဖွဲ့မှာ ကောင်မလေး ဘယ်နှယောက်လောက် ရှိလဲ မသိဘူး ကြည့်ရတာ သိပ်တော့ မများဘူးထင်တယ် ... 


ထိုသို့ တွေးကာ စိတ်သက်သာရာ ရသွားပြီး မကြာလိုက် ခန္ဓာကိုယ်အချိုးအစား ခပ်မိုက်မိုက်နှင့် အမျိုးသမီးတစ်ဦး တစ်လှမ်းချင်း လျှောက်လာသည်ကို တွေ့လိုက်ရသည်။ 


ဒီတစ်ယောက်က လုံးဝကို သူ့အကြိုက်နဲ့ ကွက်တိပဲ ... 


Gerd သည် ဆံပင်ကို ဖြီးသင်မည် ပြုပြီးကာမှ သူ့ဆံပင်များကို ညှပ်ထားမိပြီဖြစ်ကြောင်း သတိရလိုက်တော့သည်။ ထိုသည်သာမက သူ့လက်များမှာလည်း စက်ဆီများ ပေကျံကာ မည်းညစ်နေပေသည်။ 


အယ်လီနာက မည်းနက်နေသော နဖူးနှင့် သူ့ကို ကြည့်ကာ မရယ်မိစေရန် မနည်း အောင့်အီးထားရတော့သည်။ 


"မစ္စတာ Gerd မစ္စတာဖန့် မာရှယ်က စားသောက်ခန်းကို လာခဲ့ဖို့ ဖိတ်ခိုင်းလိုက်ပါတယ် ..." 


သူမက ပြောလိုက်သည်။ 


"မစ္စတာ Gerd က ရေအရင်ချိုးချင်ဦးမယ်ထင်တယ် ..." 


ဖန့်ချန်ကျွင့်က ခန့်ညားလိုသော်ငြား ကံဆိုးသွားရှာသည့် Gerd ကို ကြည့်ရင်း မနောခွေ့စွာဖြင့် ပြောလိုက်သည်။ သို့သော် ထိုအဖြစ်အပျက်မျိုး မြင်ရခြင်းအပေါ် ပျော်ရွှင်မိဆဲပင်ဖြစ်သည်။ 


Gerd က အယ်လီနာ၏ရှေ့တွင် ဂုဏ်သိက္ခာထိန်းရန် ကြိုးစားထားသော်ငြား သူ့ကို လှောင်ပြောင်နေသည့် ဖန့်ချန်ကျွင့်ကို တွေ့လိုက်ရချိန်တွင် သူမကိုပင် အာရုံမစိုက်အားတော့ချေ။ သူ့အနားသို့ ရောက်သွားကာ ခပ်ကြမ်းကြမ်းပုတ်ရင်း ပြောလိုက်သည်။


"ဒါပေါ့ ရေသွားချိုးမလို့လေ အတူတူ သွားကြမလား ..." 


နေပါဦး ရေချိုးတာ အတူတူချိုးဖို့ လိုအပ်လို့လား ... 


သူမက သူတို့နှစ်ဦးကိုကြည့်ကာ တိတ်တဆိတ် သက်ပြင်းချလိုက်သည်။ 


ဘာလို့များ ဒီနေ့ခေတ်ယောကျာ်းတွေ အကုန်လုံးက မျိုးတူချင်းပဲ ဆွဲငင်နေကြတာလဲ ... 


ထိုနေ့မှစ၍ Gerd သည် ပထမတပ်ဖွဲ့၏ ယာဉ်ပျံများကို အဆင့်မြှင့်တင်ပေးရင်း အချိန်တိုင်း ရောက်ရောက်လာတတ်သည့် ဖန့်ချန်ကျွင့်နှင့် စကားနိုင်လုရင်း အချိန်တို့ကို ကုန်ဆုံးနေသည်မှာ သူ့ဇနီးလောင်း ပြန်လည်သက်သာသဖြင့် လက်ထပ်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သော ရန်ယဲ့ထံမှ စေ့စပ်ပွဲ ဖိတ်ကြားလွှာ‌ ရောက်ရှိလာချိန်အထိပင် ဖြစ်သည်။ 


ကျောက်လင်းယွီက ထိုစေ့စပ်ပွဲကို မသွားရန် အကြောင်းပြချက်ရှာကာ ဖိတ်စာကို သာမန်ကာလျှံကာ ပစ်ထားလိုက်သည်။ သို့သော် ကျန်နှစ်ဦးမှာမူ သွားကြမည်ဖြစ်သည်။ 


"ရန်ယဲ့က သူ့လက်ထပ်ပွဲမှာ လူတွေအများကြီး ဖိတ်ထားမှာ ပြောမရဘူး အဲဒီ့နေရာမှာ ငါ့အတွက် သင့်တော်မယ့်သူကို ရှာတွေ့ချင်တွေ့နေမှာ ..." 


Gerd က တွေးလိုက်သည်။ သူသည် သန္ဓေတည်ဆေး သောက်ပြီးကတည်းက အမျိုးသမီးဦးရေ ရှားပါးလှသည့် ပထမတပ်ဖွဲ့ထဲတွင်သာ တစ်နေကုန် နေနေခဲ့ရသဖြင့် ရုတ်ချည်း ထပြောလိုက်သည်။ 


"ငါလည်းသွားမှာ ဘာပဲဖြစ်ဖြစ် ငါတို့က စီးပွားရေးအရ ဆက်စပ်နေရတယ်လေ မနေ့ကတင် ငါ့ဆီကနေ အာဟာရဆေးရည်တစ်ပုလင်းကို ဆယ်ဘီလီယံနှုန်းနဲ့ ဝယ်သွားသေးတယ်..." 


ဖန့်ချန်ကျွင့်က ပြုံးကာ ပြောလိုက်သည်။ 


ရန်ယဲ့သည် ကျောက်လင်းယွီ၏ လက်ထပ်ပွဲအပြီး တစ်လခွဲခန့်အကြာတွင် လက်ထပ်ခဲ့သည်။ 


တစ်လခွဲအကြာတွင် သူ့ကလေးများသည် အရွယ်အစား နှစ်ဆ ကြီးထွားလာပြန်သည်။ ထိုသို့ ကြီးထွားလာသည့်တိုင် သိရှိသူများစွာ မရှိသော်ငြား ရမ်ရှန့်၏ ပြောင်းလဲမှုမှာမူ သာမန်မျက်စိဖြင့်ပင် သိသာထင်ရှားလှပေသည်။ 


ကိုယ်အလေးချိန်နှင့် အရပ်အမြင့်ကို တိုင်းတာသည့် စက်ထံမှ အသံထွက်လာသည်။ 


"အရပ်အမြင့် ၁၇၈ စင်တီမီတာ အလေးချိန် ၅၅ ကီလို ၊ ရှိသင့်တာထက် ၁၀ ကီလို နည်းနေ‌သေးတဲ့အတွက် ပရိုတိန်းနဲ့ အဆီဓာတ် လုံလောက်အောင် ဖြည့်တင်းပေးဖို့ အကြံပေးချင်ပါတယ် ..." 


    ၁၇၈ !    ၁၇၈ ! 


ရမ်ရှန့်မှာ တိုင်းတာရေးကိရိယာပေါ်ရှိ  ဂဏန်းများကို ကြည့်ရင်း စက်ကို ဖက်နမ်းလိုစိတ်များပင် ဖြစ်လာတော့သည်။ 


သူသည် အရပ်နှစ်မီတာ၊ ကြွက်သားအပြည့်ဖြင့် ကျောက်လင်းယွီနှင့် နှိုင်းယှဉ်ပါလျှင် ပိန်နေသေးသော်ငြား နောက်ဆုံးတွင်တော့ ကြီးထွားလာနိုင်ပြီဖြစ်သည်။ သူ့မျက်နှာမှာ နုနယ်နေသေးသည့်တိုင် လူငယ်လေးအဖြစ် သတ်မှတ်၍ ရနေပြီဖြစ်သည်။ 


သူက ဝမ်းသာအားရ ပြုံးလိုက်သော်ငြား ကျောက်လင်းယွီကမူ သူ့ကို ရှုပ်ထွေးနေဟန်ဖြင့် ကြည့်နေသည်။ 


ရမ်ရှန့်က အများကြီးကို ကြီးထွားလာတာပဲ ... 


သူ့စွမ်းရည်ကို တစ်ဖြည်းဖြည်း ပြန်ရနေပြီဖြစ်ရာ ကျောက်လင်းယွီသည် ထိုရွှေရောင်စွမ်းအင်ခဲထဲမှ စွမ်းရည်များကို စုပ်ယူနိုင်ပြီး သူ့ခန္ဓာကိုယ်ထဲရှိ ကသောင်းကနင်းဖြစ်နေသော စွမ်းအင်များမှာလည်း တစ်ဖြည်းဖြည်းချင်း ပျောက်ကွယ်စပြုနေပြီဖြစ်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး လွတ်လပ်ပေါ့ပါးလာကာ တစ်ချိန်တည်းတွင်ပင် ၂၀ စင်တီမီတာခန့် အရပ်ထပ်ရှည်လာပြန်တော့သည်။ 


Xxxxxxxx