အခန်း (57) ယုံကြည်သက်ဝင်မှု။
ဘာလို့လဲဆိုသော စကားသည်ဒီနေရာတွင် ရှိနေသော လူတိုင်းကို ကိုယ်စားပြုသော မေးခွန်းဖြစ်သည်။ ပိုင်ချိုင်၊ နင်ကျယ်ဟန်၊ ယွဲ့ဝမ်လဲ့တို့က မမေးရဲကြချေ။ သို့သော် သူတို့၏ နှလုံးသားထဲတွင်လည်း ထိုမေးခွန်းက ပျံ့နှံ့နေလေသည်။
Close က Jungler မဟုတ်ဘူးဆိုရင် FTW က FTW ဖြစ်နေအုံးမှာလား။
ပရိသတ်တွေ မပြောနဲ့ သူတို့တောင်မှ ဒီလိုမျိုးပဲ ခံစားရတာ။ ဒါမှမဟုတ် တခြားစကားနဲ့ ပြောရရင် ဒီအခန်းထဲက ဘယ်သူကများ Close ရဲ့ ပရိသတ် မဟုတ်လို့လဲ။
အောင်မြင်မှုအပြည့်နဲ့ FTW ၊ စိတ်ဓာတ်အင်အားတက်ကြွနေတဲ့ FTW၊ အလျံတငြီးငြီး တောက်လောင်နေတဲ့ FTW၊ ကမ္ဘာစင်မြင့် နောက်ဆုံးပွဲစဉ်အထိ တောက်လျှောက် ထိုးတက်ဖို့ ကြိုးစားနေတဲ့ FTW။
ဘယ်တစ်ခုပဲ ဖြစ်ဖြစ် သူတို့အားလုံးက Closeရဲ့ လွှမ်းမိုးမှု အရိပ်အောက်မှာ ရှိနေကြတာပဲ။ သူတို့အားလုံးက သူ့ရဲ့ အရိပ်သူခိုးတွေ။
နောက်ပြီး အခုကျ သူက ရုတ်တရက်ကြီး Jungler မကစားတော့ဘူးလို့ ပြောလာတယ်။ ဒါက လူပေါင်းများစွာရဲ့ ယုံကြည်သက်ဝင်မှုကို ဖျက်ဆီးလိုက်သလို မဖြစ်သွားဘူးလား။
ချန်းဖုန်း၏ လည်ချောင်းက ခြောက်ကပ်ပြီး ဩရှလာသည်။
“Quiet အသင်းကို ဝင်လာပြီးချိန် ကတည်းက နည်းပြအသင်းက စောင့်ကြည့်ပြီး အခြေအနေကို ခွဲခြမ်းစိတ်ဖြာနေခဲ့တာ။ နောက်ပြီး ငါတို့ကလည်း Quiet က Jungler နေရာနဲ့ ပိုပြီး သင့်တော်တယ်လို့ ဆုံးဖြတ်လိုက်တယ်”
ဝေ့ရှောင်းက အတင်းဖြတ်ပြောသည်။
“ဘယ်သူကမှ Close ထက်ပိုပြီး မသင့်တော်ဘူး”
သူသည် ခေါင်းဆောင်ဆိုသော နာမည်ကို မထုတ်သုံးတော့ဘဲ Close ၏ နာမည်ကို တပ်ပြောလိုက်သည်။ လုဖုန်း၏ မျက်ခုံးများက အနည်းငယ် ကျုံ့သွားသည်။
“နည်းပညာကို သင်ကြားပေးလို့ ရတယ်။ အတွေ့အကြုံကလည်း ယူလို့ ရတာပဲ။ တချို့ပါရမီရှင်တွေ ဆိုတာက ဒီအတိုင်း ဖြစ်လာတာ”
ဝေ့ရှောင်းက သူ့ကို စိုက်ကြည့်သည်။ သူ၏ မျက်လုံးထဲတွင် မီးတောက်များက တောက်လောင်လာသည်။
“ပါရမီရှင် ဟုတ်လား ငါက…”
လုဖုန်းက သူ့ကို ဖြတ်ပြောသည်။
“ညနေက 3U ကို ရင်ဆိုင်ခဲ့တဲ့ ပွဲမှာ မင်းက နင်ကျယ်ဟန်အပေါ် ရောက်နေတဲ့ ဖိအားတွေ အားလုံးကို ဖြေဖျောက်ပေးခဲ့တဲ့လူ”
ဝေ့ရှောင်းက ကြောင်သွားသည်။ လုဖုန်း၏အသံက တိုးလျသည်။ ညင်သာပြီး ချော့မော့နေပုံ ပေါက်သည်။
“ငါ အမြဲတမ်း အသင်းဖော်တွေရဲ့ ခံစားချက်တွေကို ဂရုမစိုက်ပေးနိုင်ဘူး။ 5v5 မှာ နိုင်ဖို့ လူငါးယောက်လုံးက ကြိုးစားဖို့ လိုအပ်တယ်။ ငါ တစ်ယောက်တည်း မဟုတ်ဘူး”
ဝေ့ရှောင်းက စိတ်မရှည်သလို ပြောသည်။
“ငါက အသင်းကို ဝင်ပြီးသားပဲလေ။ Top Lane မှာလည်း ဒါတွေ အားလုံး လုပ်နိုင်တာပဲ”
လုဖုန်းက ခေါင်းခါသည်။
“Top Lane မှာ ကိုယ်ပိုင် ကန့်သတ်ချက်တွေ ရှိတယ်။ မင်းက Jungler ဖြစ်ဖို့ ပိုပြီး သင့်တော်တယ်”
ဝေ့ရှောင်း “ဒါပေမဲ့ မင်းက Jungler လေ။ မင်းက ဒီနေရာမှာ လေးနှစ်တောင် နေခဲ့တ”
“ဒါက ဘယ်လို အပြောင်းအလဲလဲ”
“ပရိုကစားသမားတွေကပဲ အရာအားလုံးကို အပြည့်အဝ အတွေ့အကြုံ ရနိုင်တာ”
eSport သည် ငယ်ရွယ်မှုကို မှီခိုသော ကျွမ်းကျင်မှု အသက်မွေးဝမ်းကျောင်း လမ်းတစ်ခု ဖြစ်သည်။
ပရိုကစားသမားတွေက နှစ်ဘယ်လောက်များ ကစားနိုင်မှာ မို့လို့လဲ။
အကြမ်းဆုံး လူတွေတောင်မှ (၆)နှစ် (၇)နှစ်လောက်ပဲ ကစားနိုင်တာ။ အားနည်းတဲ့သူတွေ ဆိုရင် နှစ်နှစ် သုံးနှစ်နဲ့တင် ပြိုလဲကျသွားတာပဲ။
လုဖုန်းက လေးနှစ်ပင် ကစားပြီးလေပြီ။ သူ၏ အသက်မွေးဝမ်းကျောင်း လမ်းကြောင်း တစ်ဝက်ကျော်ကျော်ကို လျှောက်လှမ်းနေပြီးသား ဖြစ်လေသည်။ သူသည် မည်မျှ ပါရမီပါစေကာမူ၊ မည်မျှပင် ထူးချွန်နေစေကာမူ သူ၏ အထွတ်အထိပ် အခြေအနေကို ထာဝရ မထိန်းထားနိုင်ပေ။ သူ၏ ရွှေခေတ်က အများဆုံးမှ နှစ်နှစ် သုံးနှစ်သာ ခံတော့မည် ဖြစ်သည်။ ထိုအချိန်တွင် သူက မည်သည့်အမှားမှ မလုပ်သေးသော အခြေအနေမျိုးတွင် နောက်ကောက် မကျသေးသော အခြေအနေမျိုးတွင် ပြစ်ချက် မရှိသေးသော အခြေအနေမျိုးတွင် မည်သည့်အတွက်ကြောင့် သူ၏ Jungler နေရာကို လက်လျော့သင့်ကြောင်း နားမလည်နိုင်တော့ပေ။
57 02
ဘာလို့လဲ။
သူက လေးနှစ်လုံးလုံး ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ပြီး သူ့ရဲ့အားစိုက်ထုတ်မှုတွေကို ဒီလေးနှစ်ထဲမှာ မြှုပ်နှံထားခဲ့တာ။ ဘာလို့ လက်လျော့ရမှာလဲ။
ဝေ့ရှောင်း၏ နှလုံးသားက ဘောလုံးတစ်လုံးလို ဖျစ်ညစ် ခံထားရသည်။ မျက်လုံးက နီလာသည်။
သူက Jungler ကစားတာကို သဘောမကျဘူးလား။ သူ အရမ်းသဘောကျတာပေါ့။ ဒါပေမဲ့ သူ ဘာလို့ Jungler ကစားတာကို သဘောကျတာလဲ။ ဘာလို့လဲ ဆိုတော့ လွန်ခဲ့တဲ့ နှစ်နှစ် Close က မရင့်ကျက်သေးတဲ့ အသင်းကို ဦးဆောင်ခဲ့တဲ့ အချိန်က လွှမ်းမိုးမှု ပြည့်လွန်းတဲ့ စိတ်ဝိညာဉ်နဲ့ စိတ်ပျက်စရာ ကောင်းတဲ့ အခြေအနေကို ချိုးဖျက်ပြီး အခွင့်အရေး ရှာနိုင်ခဲ့တဲ့ အနေအထားမှာ သူ့ကို အားပေးခဲ့တာကြောင့်ပေါ့။
ဝေ့ရှောင်းက ခေါင်းမာပြီး သန်မာတယ် ဟုတ်လား။ ဟုတ်တယ် သူက ဒီလိုပဲ။
သူ့မိဘတွေက သူ့လိုမျိုးပဲ ဖြစ်ခဲ့ပြီး သူ့အဘွားကပဲ သူ့ကို စောင့်ကြည့်ပေးခဲ့ရတာ။ နောက်ပြီး သူက သန်မာဖို့ လိုတယ်လေ။ ဒါပေမဲ့ ဘာလို့ သန်မာတဲ့လူတွေကပဲ အနစ်နာခံရမှာလဲ။
သူ့ရဲ့အတန်းဖော် တစ်ယောက်က အတန်းထဲမှာ ဒုတိယနေရာ ရတဲ့အချိန်မှာ သူ့မိဘတွေက ပျော်လွန်းလို့ တစ်တန်းလုံးက ကလေးတွေကို ကိတ်မုန့်သေးသေးလေးတွေ ဝယ်ကျွေးတယ်။
အဲဒီအချိန်က အပြုံးတွေနဲ့ ဖုံးလွှမ်းနေတဲ့ အဲဒီ သက်လတ်ပိုင်း အရွယ် စုံတွဲကို ကြည့်ပြီး သူ ဝမ်းနည်းခဲ့ဖူးတယ်။
ဘာလို့လဲ ဆိုတော့ သူက အတန်းစာမေးပွဲမှာ အမြဲတမ်း ပထမပဲ။ ဒါပေမဲ့ သူ့မိဘတွေက သိတောင် မသိဘူးလေ။
ထိုအချိန်က ဝေ့ရှောင်းအနေနှင့် ကျောင်းခန်းမှ ပြေးထွက်ပြီး ဘား၏(အင်တာနက်ဘား) ထောင့်တစ်နေရာတွင် ပုန်းကာ နေခဲ့စဉ် Close ၏ ဂိမ်းပွဲကို တွေ့မြင်ခဲ့ရခြင်း ဖြစ်သည်။
သူသည် ဖန်သားပြင်ပေါ်တွင် ပေါ်နေသော အရိပ်သူခိုးကို ကြည့်ပြီး အလင်းရောင်ကို မြင်လိုက်ရသည်။
ထိုအလင်းတန်းသည် ကြောက်ရွံ့မှုနှင့် ဖျော့တော့အားနည်းမှုများကို တောက်လျှောက် ထိုးဖောက်ပြီး သူ၏နှလုံးသားထဲသို့ တိုက်ရိုက် တိုးလျိုး ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ရှုံးနေတဲ့ဂိမ်း၊ စိတ်ပျက်နေတဲ့ အသင်းဖော်တွေ၊ အပြောင်းအလဲ မဖြစ်နိုင်တော့တဲ ပွဲတစ်ပွဲ၊ အစကနေ အဆုံးထိ ဒီအရိပ်သူခိုးက ထိန်းထားတယ်။ သူ လက်မလျော့ဘူး။ သူ ဘယ်တော့မှ မရပ်သွားဘူး။
သူက သူ့ရဲ့ သွေးနီရောင်တောက်နေတဲ့ အနီရဲရဲ ဓားသွားကို သုံးပြီး ဝေဝါးမှုတွေကို ထိုးဖောက်လို့ ထိပ်တိုက်ရင်ဆိုင်မှုတွေကို ကျော်ဖြတ်ပြီး မရေမတွက်နိုင်သော လူပေါင်းများစွာအား ယုံကြည်သက်မှုဝင် စွမ်းအားကို ပြသခဲ့တာ။
သူက တိုက်ခိုက်ချင်တယ်။ နိုင်ချင်တယ်။ သူ တစ်ယောက်တည်း ကျန်နေရစ်တာတောင်မှ အဆုံးထိ တောက်လျှောက် တိုက်ခိုက်ဖို့ ရုန်းကန်နေသေးတယ်။
အဆုံးသတ်မှာတော့… အရိပ်သူခိုး တစ်ယောက်တည်းကပဲ ရှင်းလင်းနေတဲ့ ကွင်းပြင်မှာ ရပ်ပြီး ကျန်ရစ်ခဲ့တယ်။ သူ့ရဲ့ ခြုံလွှာက လေမှာ လွှင့်နေတယ်။ သူက ဆုံးဖြတ်ချက် ပြတ်သားပြီး အရာအားလုံးကို ရင်ဆိုင်နိုင်ပုံ ပေါ်နေတယ်။
ထိုပုံရိပ်သည် ဝေ့ရှောင်း၏ နှလုံးသားအတွင်း ထွင်းထုပြီးသား ဖြစ်သွားခဲ့သည်။ သူသည် ထိုဗီဒီယိုဂိမ်းဇာတ်ကောင် တစ်ခုကြောင့် အံ့အားသင့်ပြီး ခံစားသွားရလိမ့်မည်ဟု မတွေးဖူးခဲ့ချေ။
သူသည် ဗီဒီယိုဂိမ်းပွဲတစ်ပွဲကြောင့် ငိုမိလိမ့်မည်ဟုလည်း မတွေးဖူးချေ။
ပို၍ ဆိုးသည်မှာ သူသည် ဂိမ်းဖန်သားပြင် တခြားတစ်ဖက်ခြမ်းမှ နာမည်ပင် မသိသော လူ၊ တည်ရှိမှုကိုပင် မသိသော တစ်စုံတစ်ယောက်ကြောင့် ထိုသို့ ခံစားရလိမ့်မည်ဟု မထင်ထားဖူးချေ။
Close က ထိုပွဲကို နိုင်လိုက်သည်။
ဝေ့ရှောင်းက Glory ၏ တရုတ်ပြည်ပြိုင်ပွဲ နယ်မြေဇုံ၏ လေ့ကျင့်ရေး စခန်းသို့ ဘာကိုမှ မစဉ်းစားနိုင်ဘဲ တောက်လျှောက် အပြေးသွားလိုက်သည်။ ထိုအချိန်က ဆောင်းတွင်း ကျောင်းပိတ်ရက် ဖြစ်သည်။ Close က လူပေါင်းများစွာ၏ ယုံကြည် သက်ဝင်မှုကို ပိုင်ဆိုင်ထားသည်။ ထိုအထဲတွင် ဝေ့ရှောင်း၏ ယုံကြည်သက်ဝင်မှုလည်း ပါသည်။
လူပေါင်းများစွာက စိတ်ပျက်အားငယ်နေသော အနေအထားမျိုးတွင် နာကျင်မှု အကြား ရုန်းကန်နေသော အနေအထားမျိုးတွင် ဆူးပြည့်နေသော လမ်းတွင် တိုးတက်မှုမရှိဘဲ ဆက်လျှောက်နေရချိန်တွင် အလင်းတန်းကို မြင်လိုက်ရသလို ယုံကြည်သက်ဝင်မှုမျိုး ဖြစ်သည်။
အဲဒီအလင်းက အရှေ့က အမှောင်ထုကို ထိုးဖောက်မြင်နိုင်အောင် အလင်းပေးနိုင်တယ်။ သူတို့ကို ရှေ့ဆက်သွားနိုင်အောင် အဆုံးအစမဲ့တဲ့ သတ္တိတွေ ပေးစွမ်းနေတာ။ ဒါကြောင့် သူ့အနေနဲ့ လက်ခံနိုင်မှာ မဟုတ်ဘူး။ ဒီလို Close က လက်လျော့လိုက်တယ် ဆိုတာမျိုးကို လက်မခံနိုင်ဘူး။
57 03
လုဖုန်းက ခပ်တိုးတိုး ပြောသည်။
“ဝေ့ရှောင်း လာ ငါနဲ့ အပြင်လိုက်ခဲ့”
ဝေ့ရှောင်းက မလှုပ်ပေ။ လုဖုန်း၏အသံက ညင်သာသည်။
“ဒီကိုလာ”
ထိုမာနကြီးသော လူငယ်က သူနှင့် ပတ်သက်လျှင် အမြဲတစေ နာခံပြီး သူ့ကို ကောင်းမွန်စွာ ပြုမူဆက်ဆံတတ်သည်။ ယခုမူ ဝေ့ရှောင်းက (၁၉)နှစ် အရွယ် လူငယ်လေး တစ်ယောက်ကဲ့သို့ မတ်တပ်သာ ရပ်နေပြီး မလှုပ်ချေ။ ထို့အပြင် စိတ်ဆိုးနေသော လေသံမျိုးဖြင့်ပင် ပြောသေးသည်။
“မင်း Jungler ကစားချင်သေးတယ်လို့ ငါ့ကို ပြော”
လုဖုန်း “…”
ချန်းဖုန်းက မျက်မှောင်ကြုတ်ပြီး ပြောသည်။
“ဝေ့ရှောင်း ဒါက FTW တစ်ခုလုံးက ဆုံးဖြတ်လိုက်တဲ့အရာ မင်း…”
လုဖုန်းက လက်ကို မြောက်ပြီး ချန်းဖုန်း၏စကားကို တားသည်။ ချန်းဖုန်းက စိတ်ထဲတွင် မပျော်ရွှင်ပေ။ သို့သော် တံခါးကိုသာ ဖွင့်ပြီး ထွက်သွားလိုက်သည်။ လူပေါင်းများစွာ၏ အရှိန်အဝါအောက်တွင် လုဖုန်းပင် အလွယ်တကူ ထုတ်မပြောနိုင်သော ကိစ္စများ ရှိသည်။ ဝေ့ရှောင်း၏ လက်ရှိ အပြုအမူအရ သူက ပြောနေပေမဲ့ တစ်ဖက်သူက မကြားလောက်ပေ။
“ဆက်ပြီး အဆင့်တက်နေလိုက်အုံး ငါ အခန်းကို အရင်ပြန်တော့မယ်”
ထို့နောက် သူက ဝေ့ရှောင်းကို ပြောပြီး ထွက်သွားရန် ကြံစည်သည်။ ဝေ့ရှောင်းက လက်မခံလိုသေးချေ။ လုဖုန်းက ထွက်မသွားသေးခင် လှမ်းမေးလိုက်သည်။
“ငါ့ရဲ့ Top Lane က မလုံလောက်လို့လား”
လုဖုန်း၏ နှလုံးသားက တုန်ယင်သွားသည်။
ဝေ့ရှောင်း၏ အသံကလည်း တုန်နေသည်။
“ငါ့ကို အချိန်နည်းနည်းပေးပါ ငါ ဒီထက်ပိုပြီး သန်မာလာမှာ။ ငါ ယွင်ကျယ်ထက် သာစေရမယ်”
လုဖုန်းက သူ့နှလုံးသားကို မာကျောအောင် စိတ်တင်းလိုက်ပြီး တံခါးကို ဖွင့်လိုက်သည်။
“မင်းကို အခန်းထဲမှာ စောင့်နေမယ်”
ဝေ့ရှောင်းက တောင့်တင်းသွားသည်။ ထို့နောက် ကုလားထိုင်တွင် ထိုင်ချလိုက်၏။ လေ့ကျင့်ရေးခန်းတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ ကီးဘုတ်ရိုက်သံကို မကြားရသလို မောက်စ်ကလစ်နှိပ်သံကိုလည်း မကြားရချေ။ အသက်ရှုသံကပင် အလွန်ပေါ့ပါးနေသည်။
အချိန်မည်မျှ ကြာသွားမှန်း မသိတော့ချေ။ မိနစ်ပေါင်းများစွာ သို့မဟုတ် နာရီဝက်ခန့် ကြာသွားသည်လည်း ဖြစ်နိုင်သည်။ ဝေ့ရှောင်းက ရုတ်တရက် မတ်မတ် ထိုင်လိုက်သည်။ တိတ်တဆိတ်သာ ဂိမ်းထဲသို့ ဝင်လိုက်သည်။ သူသည် မည်သူ့ကိုမျှ စကားမပြောချေ မည်သူ့ကိုမျှ မကြည့်ပေ။ ဖန်သားပြင်ကိုသာ စိုက်ကြည့်နေပြီး သူ့နှုတ်ခမ်းထောင့်စွန်းများက တစ်ဖြောင့်တည်း ဖြစ်နေသည်။
သူသည် ဂိမ်းထဲသို့ ဝင်ပြီး Match ပွဲတစ်ခုကို စသည်။ သူသည် စကားမပြောဘဲ နတ်ဘုရားစစ်သည်တော်ကို ကောက်ယူသည်။ ဂိမ်းပွဲ၏ အစတွင် ကွင်းပြင်မှ နတ်စစ်သည်တော်က လမ်း၏ နံရံနားတွင် ကပ်နေသော အထီးကျန် တိတ်တဆိတ်သည့် ဝံပုလွေ တစ်ကောင်နှင့် တူသည်။ သူက တခြားTop Laner ကို တိုက်ခိုက်သည်။ တိုက်ကွက်များ ဖလှယ်သည်။ First Blood ကို ယူသည်။ အဖွဲ့လိုက် တိုက်ပွဲတွင်လည်း သူသည် နောက်ဖက်မှ ဝိုင်းပတ်သာ ထိုးဖောက်ပြီး Penta Kill ကို ယူသွားသည်။
ပိုင်ချိုင်ကလည်း ဂိမ်းထဲသို့ ဝင်လာသည်။ သူသည်လည်း ကိုယ်ပိုင် match ပွဲကို မစဘဲ ဝေ့ရှောင်း၏ ပွဲကိုသာ သွားကြည့်သည်။ သူက တိတ်ဆိတ်နေသော ဝေ့ရှောင်းကို ကြည့်သည်။ ဓားအိမ်အတွင်းမှ ဆွဲထုတ်ထားသော ဓားနှင့်တူသည့် နတ်စစ်သည်တော်ကို ကြည့်ပြီး သူ၏ ဖော်ပြရန် ခက်ခဲသော စီမံလည်ပတ်ပုံများကို ကြည့်ကာ တစ်ဖက်သူက တစ်ပွဲပြီး တစ်ပွဲ ကစားနေသမျှကို စောင့်ကြည့်နေခဲ့သည်။
လေးနာရီ ဆက်တိုက် ကြာသွားသည်။ ဝေ့ရှောင်းက ရေပင် မသောက်ချေ။ သူသည် နတ်စစ်သည်တော်ကိုသာ သုံးပြီး ဆက်တိုက် ကစားနေသည်။ ထိုသို့ဖြင့် ဂိမ်းပွဲအတွင်းသို့ အပြန်ပြန် အလှန်လှန် ဝင်ကာ အဆုံးအစမဲ့စွာ သတ်နေသည်။
ပျော်ရွှင်ပြီး အမြဲတစေ ပြုံးနေသော ဝေ့ရှောင်းကို မြင်နေကျ ဖြစ်သော ပိုင်ချိုင် အနေဖြင့် ဝေ့ရှောင်းက ဒေါသ ထွက်သွားသောအခါ မည်မျှ ကြောက်ဖို့ကောင်းကြောင်း မေ့လုနီးပါးပင် ဖြစ်နေသည်။ သူသည် စိတ်သဘောထား ကောင်းသည်။ အလွန်သည်းခံနိုင်သည်။ သို့သော် သူ့တွင်လည်း အထိမခံနိုင်သည့် ကန့်သတ်ချက်များ ရှိသည်။ သူ့ကန့်သတ်ချက်များထဲမှ တစ်ခုသည် Close ဖြစ်သည်။
လွန်ခဲ့သော နှစ်နှစ်ခန့်က အချိန်ကာလတစ်ခုတွင် FTWက အခက်ခဲဆုံး ဖြစ်ခဲ့သည်။ Close သည် ထိုအချိန်က အလွန်ငယ်ရွယ်သေးသည်။ သို့တိုင်အောင် သူသည် ကလပ်(Club)ကို ရအောင် ဝယ်ခဲ့၏။ ထိုကဲ့သို့သော အခြေအနေကို လူပေါင်းများစွာက မလုပ်နိုင်ခဲ့ကြပေ။
57 04
ထို့ကြောင့် အမျိုးမျိုးသော ကောလာဟလများက ပြန့်လာသည်။ ထိုအချိန်က လူငယ်လူသစ် လေ့ကျင့်ရေး စခန်းမှ လူတစ်ယောက်က ထိုသို့ ပြောခဲ့သည်။
“Close က တကယ်လေးစားဖို့ ကောင်းတာပဲ။ သူက သူ့ဖင်ကို ရောင်းပြီး ကလပ်တစ်ခုလုံးကို ဝယ်လိုက်တာ”
ဝေ့ရှောင်းက ထိုစကားကို ကြားလိုက်ပြီး ထိုလူကို စကားတစ်ခွန်းမှ မဆိုဘဲ လက်သီးဖြင့် ထိုးလိုက်သည်။ တစ်ဖက်သူက ပြန်အော်ပြောခဲ့သည်။
“မင်း သောက်ကျိုးနည်း ရူးနေတာလား”
ဝေ့ရှောင်းက နောက်ထပ် လက်သီးတစ်ချက် ထပ်ထိုးသည်။ တစ်ဖက်သူ၏ ပါးစပ်မှ သွေးများပင် စီးကျလာ၏။
ထိုအချိန်က ပိုင်ချိုင်သည် အလွန်အမင်း အံ့အား သင့်သွားခဲ့ရသည်။ သူသည် ဝေ့ရှောင်းနှင့် ထိုစဉ်ကတည်းက ရင်းနှီးနေခဲ့ပြီးသား ဖြစ်သည်။ ထိုကောင်လေးသည် အမြဲတစေ စစနောက်နောက် ပျော်ပျော်ပါးပါး နေခဲ့သည်။ တစ်ချိန်လုံး ပြုံးနေတတ်၏။ ထို့အပြင် ပေါက်ကရ စကားများလည်း ပြောတတ်သေးသည်။ ထို့ကြောင့် တိုက်ခိုက်သောအခါ ထိုမျှ ရူးသွပ်လွန်းမည်ဟု မထင်ထားဖူးချေ။ နောက်ပိုင်းတွင် ပိုင်ချိုင်ကသာ သူ့ကို သွားမတားခဲ့လျှင် ဝေ့ရှောင်းသည် တစ်ဖက်လူကို သေသည်အထိ ရိုက်သတ်လောက်သည်။
သူ့ကို ချုပ်ထားသော အချိန်တွင်ပင် ဝေ့ရှောင်းက ထိုလူကို ဆက်တိုက် စိုက်ကြည့်နေသေးသည်။
“တောင်းပန်စမ်း”
ထိုလူကမူ သူ့အမှားကို မသိသေးချေ။ ဝေ့ရှောင်းက စာလုံးတစ်လုံးချင်းစီတိုင်းကို ရှင်းရှင်းလင်းလင်း ပြောသည်။
“Close ကို တောင်းပန်”
ထိုအခါမှသာ ပိုင်ချိုင်သည်လည်း ဝေ့ရှောင်း၏ အခြေအနေကို နားလည်လိုက်သည်။ ပုံမှန်အားဖြင့် အလွန်အမင်း အဆင်ပြေပြေ ဆက်ဆံနိုင်သော လူတစ်ယောက်သည် အထိမခံနိုင်သော နူးညံ့သည့် ကြေးခွံမျိုး ရှိလေသည်။
လူငယ်လူသစ် လေ့ကျင့်ရေးစခန်း၏ စီမံခန့်ခွဲမှုက ပရိုပွဲများလောက် မတင်းကျပ်ပေ။ ထို့ကြောင့် ဆုံးမ သွန်သင်ပြီးနောက် ထိုကိစ္စက ပြီးသွားသည်။
ထိုလူသည်လည်း မည်သည့် တိုးတက်မှုမျှ မလုပ်နိုင်ခဲ့ပေ။ ထို့ကြောင့် ယခုလို ဖြစ်ပြီးနောက်တွင် ဖင်လှုပ်ပြရဲခြင်းပင် မရှိတော့လေဘဲ အိမ်သို့ တိုက်ရိုက် ပြန်သွားရသည်။
ထိုအကြောင်းကို သိသောလူ သိပ်မများပေ။ သို့သော် ပိုင်ချိုင်ကမူ သိသောလူများထဲမှ တစ်ယောက် ဖြစ်သည်။ ထိုအတွက်ကြောင့် Close ၏ လမ်းကြောင်း ပြောင်းလဲခြင်းက ဝေ့ရှောင်းအပေါ် မည်မျှ သက်ရောက်ကြောင်း နားလည်သည်။
မနက်သုံးနာရီ…
နင်ကျယ်ဟန်နှင့် ယွဲ့ဝမ်လဲ့တို့က ဖြည်းဖြည်းချင်း ထလိုက်ကြသည်။ သူတို့က ဝေ့ရှောင်းကို ကြည့်သည်။ ထို့နောက် ပိုင်ချိုင်ကို ကြည့်သည်။ ပိုင်ချိုင်က ခေါင်းခါ၏။
နင်ကျယ်ဟန်နှင့် ယွဲ့ဝမ်လဲ့တို့က ခေါင်းညိတ်ပြီး နှစ်ယောက်သား အရင် ထွက်သွားကြသည်။
ထိုသို့ဖြင့် အခန်းထဲတွင် ဝေ့ရှောင်းနှင့် ပိုင်ချိုင်သာ ကျန်သည်။ ပိုင်ချိုင်က အနည်းငယ် စဉ်းစားပြီးနောက် သူ့ပါးစပ်ကို ဖွင့်တော့မည့် အချိန်တွင် ဝေ့ရှောင်းက ပြောသည်။
“အရင်သွားနားနှင့်တော့…”
ပိုင်ချိုင် “….”
ဝေ့ရှောင်းသည် ဖန်သားပြင်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။ သူသည် ဂိမ်းပွဲကို လေးနာရီဆက်တိုက် အာရုံစိုက်ထားခဲ့သည့်တိုင် သူ၏ နတ်စစ်သည်တော်၏ စီမံလည်ပတ်ပုံများကို ထိန်းချုပ်နိုင်စွမ်းရည်က အလွန်အမင်း တိကျနေသေးသည်။
ပိုင်ချိုင်က အသက်တစ်ချက် ရှုလိုက်ကာ ပြောသည်။
“ခေါင်းဆောင်က မင်းကို စောင့်နေတော့မယ်”
ဝေ့ရှောင်း၏ လက်ချောင်းများက တုန်ယင်သွားသည်။ သူသည် စစ်သည်တော် တစ်ယောက်ကို လွဲသွားသည်။
“သူ သွားအိပ်နေပြီ”
ပိုင်ချိုင်က အံကို ကြိတ်လျက် ပြောသည်။
“ဒီလို မဖြစ်စမ်းပါနဲ့။ ခေါင်းဆောင်မှာလည်း ဒီလို ဆုံးဖြတ်ချက် ချဖို့ဆိုတာက မလွယ်ဘူး၊ သူ့အနေနဲ့ …”
ဝေ့ရှောင်းက အေးစက်စွာ ပြောသည်။
57 05
“သွားနားတော့…”
ပြဿနာ ရှာသောသူက ပြဿနာကို ဖြေရှင်းရသည်။ ပိုင်ချိုင်သည်လည်း သူက တစ်စုံတစ်ရာ ပြောနေသော်လည်း အသုံးမဝင်ကြောင်း နားလည်သဖြင့် ထရပ်လိုက်သည်။
“မင်းလည်း စောစောပြန်ပြီး နားသင့်တယ်”
ဝေ့ရှောင်း “အင်း…”
ပိုင်ချိုင်က အခန်းထဲမှ ထွက်သွားသည်။ ဝေ့ရှောင်း တစ်ယောက်တည်းကသာ ကြီးမားသော လေ့ကျင့်ရေး အခန်းအတွင်း ကျန်ရစ်ခဲ့သည်။ သူသည် ဂိမ်းပွဲကို အဆုံးသတ်လိုက်၏။ ဖန်သားပြင်တွင် ‘အနိုင်’ ဆိုသော စကားလုံးက တောက်ပလွန်းသလို ပျင်းစရာလည်း ကောင်းသည်။
သူသည် နောက်တစ်ပွဲ ဆက်မဝင်ချေ။ ဝေ့ရှောင်းက ကုလားထိုင် နောက်ဖက်သို့ မှီလိုက်ပြီး လက်မြောက်လျက် မျက်လုံး အုပ်ထားလိုက်သည်။
သူ ဘာလို့ လက်လျော့လိုက်တာလဲ။
သူက လုံလောက်အောင် မသန်မာလို့လား။
Close က သူ့အတွက်ကြောင့် Jungler နေရာကို လက်လျော့လိုက်တာလား။
သူ့ရင်ထဲတွင် ဖော်ပြရခက်သော နာကျင်မှုက လိပ်တက်လာသည်။ မွန်းကျပ် ပြင်းထန်လွန်းသဖြင့် ကြာရှည်စွာ ပျောက်ဆုံးနေသည့် အားအင်မဲ့မှုကို ခံစားလိုက်ရသည်။
ဘာလို့ အမေနဲ့အဖေက ထွက်သွားတာလဲ။ သူက မလိမ္မာလို့လား။
ဝေ့ရှောင်းက သက်ပြင်းတစ်ချက် ရှိုက်လျက် သူ၏ မုန်တိုင်းထန်နေသော ခံစားချက်များကို ဖိနှိပ်လိုက်သည်။ သူက ခပ်မတ်မတ် ထိုင်ပြီး Match ပွဲခလုတ်ကို နှိပ်ရန် ကြံစည်လိုက်သည်။
သူက မသန်မာဘူးဆိုရင် လေ့ကျင့်ရုံပေါ့။ သူ လုပ်နိုင်ပါတယ်။
“တင်း…”
သူ၏ ဆဲလ်ဖုန်းက မြည်လာသည်။ ထိုအသံက အထူးသီးသန့် ပေးထားသော အသံဖြစ်သည်။ ဝေ့ရှောင်းက Match ပွဲ ဝင်တိုးနေခြင်းကို ပယ်ဖျက်လိုက်ပြီး ဆဲလ်ဖုန်းကို ယူကြည့်သည်။
လု “အိပ်နေပြီလား”
ဝေ့ရှောင်းက မည်သူနှင့်မျှ စကားပြောလိုစိတ် မရှိချေ။ အထူးသဖြင့် သူဌေး ဖြစ်သည်။ သို့ရာတွင် …
အချိန်က နောက်ကျနေပြီဖြစ်ပြီး သူဌေးက မအိပ်သေးချေ။ တစ်စုံတစ်ရာ ဖြစ်ပျက်နေသော ဒေါသက ဖြစ်လာပြီး ဝေ့ရှောင်းကလည်း သူ၏ ကိုယ်ပိုင်ခံစားချက်များကြောင့် တစ်ဖက်လူကို ဒုက္ခမပေးချင်ပေ။ ထို့ကြောင့် ဝေ့ရှောင်းက စာပို့လိုက်သည်။
“မအိပ်သေးဘူး”
သူက ဆက်မေးသည်။
“လုကောအတွက် ဘာလုပ်ပေးရမလဲ”
“မနက် (၃)နာရီ ထိုးနေပြီ ပုံမှန်ဆိုရင် လူတိုင်း အိပ်သင့်ပြီ”
လုက တစ်ခဏခန့် ရပ်တန့်ပြီးနောက် စာတစ်ကြောင်း ပို့လာသည်။
“တအားနောက်ကျနေပြီ မင်းက လေ့ကျင့်နေတုန်းပဲလား”
ဝေ့ရှောင်း “…”
လု “ငါ နှောင့်ယှက်သလို ဖြစ်သွားလား”
ဝေ့ရှောင်း “မဖြစ်ပါဘူး”
သူတို့နှစ်ယောက်က တခဏခန့် ရပ်တန့်သွားသည်။ နှစ်ယောက်လုံးက ဘာပြောရမှန်း မသိတော့သည်လည်း ဖြစ်နိုင်သည်။
ဝေ့ရှောင်းက အတတ်နိုင်ဆုံး သူ၏စိတ်ဝိညာဉ်ကို တက်ကြွအောင် လုပ်လိုက်သည်။
“နောက်ကျနေပြီ လုကော ဘာလို့ မအိပ်သေးတာလဲ”
သူ ပို့ချင်သော စာများက မပို့ရသေးခင် လုက စာတစ်ကြောင်း ထပ်ပို့သည်။
“နေလို့ မကောင်းဘူးလား”
ရိုးရှင်းသော စကားလုံးများသာ ဖြစ်သော်လည်း ဝေ့ရှောင်းကမူ သူ တစ်ခါမျှ မဆုံဖူးသော တစ်ဖက်လူထံမှ စိုးရိမ်မှုကို ခံစားလိုက်ရသည်။ သူ၏ နှာခေါင်းထိပ်က အနည်းငယ် ကျိန်းစပ်လာသည်။
57 06
လု “တစ်ခုခု ဖြစ်လို့လား”
ဝေ့ရှောင်းသည် သူ့ရင်ဘတ်ထဲတွင် လေးနာရီလုံးလုံး မျိုသိပ်ထားသည့် စကားလုံးများကို ခံစားလိုက်ရသည်။ သူသည် ထိုစကားလုံးကို ပိုင်ချိုင်ကိုပင် မပြောနိုင်ပေ။ သို့သော် လူစိမ်းတစ်ယောက်ကို ပြောနိုင်လောက်သည်။
“ငါ့ခေါင်းဆောင်က လမ်းကြောင်း ပြောင်းဖို့ စဉ်းစားနေတယ်”
ဝေ့ရှောင်းက ထိုစကားလုံးများကို ရိုက်လိုက်ပြီးနောက် သူ့ လက်ချောင်းထိပ်များကပင် ကျိန်းစက်လာသလို ခံစားလိုက်ရသည်။ သူသည် အသက်ကို ပြင်းပြင်းရှုပြီး နောက်တစ်ကြောင်း ထပ်ပို့လိုက်သည်။
“သူက သူ လေးနှစ်လုံးလုံး ယူထားတဲ့နေရာကို လက်လျော့တော့မှာ”
နောက်တစ်လိုင်း ထပ်ပို့သည်။
“ဒါက ငါ လုံလောက်အောင် မသန်မာလို့ပဲ”
ဟိုတယ်ခန်းထဲတွင် လုဖုန်းသည် အမှောင်ထဲတွင် ထိုင်ပြီး ထိုစာများကို ဖတ်သည်။
ခေါင်းဆောင်က လမ်းကြောင်း ပြောင်းတော့မှာ…။
သူက သူ လေးနှစ်လုံးလုံး ယူထားတဲ့ နေရာကို လက်လျော့လိုက်တာ…။
ဒါက ငါ လုံလောက်အောင် မသန်မာလို့…။
လုဖုန်း၏ ရင်ဘတ်ထဲတွင် သိပ်သည်းလွန်းသော ခံစားချက်တစ်ရပ်က လွမ်းခြုံလာပြီး ပြတင်းပေါက်မှ တစ်ဆင့် ဝင်ရောက်လာသော လရောင်အောက်တွင် သူ၏ လက်ချောင်းများကပင် တုန်ယင်သွားသည်။
လု “ဘာလို့ သူနဲ့ စကားမပြောကြည့်တာလဲ”
ဝေ့ရှောင်းက ကြောင်သွားသည်။
“မင်း ထင်သလို ဟုတ်ချင်မှလည်း ဟုတ်မှာ”
ဝေ့ရှောင်းက စာရိုက်သည်။
“လုကော မင်း နားမလည်ပါဘူး။ ငါ့ခေါင်းဆောင်က ဒီ Jungler နေရာကို ပရိုအဖြစ် စတင် ကစားချိန် ကတည်းက ယူလာခဲ့တာ။ သူက Glory တစ်ခုလုံးမှာ အတော်ဆုံး Jungler ပဲ”
“ဒါက သူ သဘောကျတာ မဟုတ်ရင်ရော…”
ဝေ့ရှောင်းက ရုတ်တရက် တောင့်ခဲသွားသည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ”
“သူက လက်မလျော့ခဲ့ဘူး ဆိုပေမဲ့လည်း Jungler နေရာကို သဘောကျတယ်လို့ မဆိုလိုဘူးလေ”
ဝေ့ရှောင်းက ရုတ်တရက် မတ်တပ် ထရပ်လိုက်သည်။
******