အခန်း (58) Quiet နဲ့ Close က ကောင်းကင်ဘုံက စပ်ဟက်ပေးထားတဲ့ စုံတွဲပဲ။
ပါဝင်သူများကမူ စိတ်ရှုပ်ထွေးလောက်ပြီး ဘေးမှ ထိုင်ကြည့်နေသူများကမူ ပို၍ ရှင်းလင်းစွာ မြင်နိုင်ပေလိမ့်မည်။ သူသည် ထိုကိစ္စတွင် ပါဝင်ပတ်သက်နေသူ ဖြစ်သည့် အလျောက် ကိစ္စများကို ရှင်းရှင်းလင်းလင်း မြင်ရန် ဝေးကွာလွန်းနေခဲ့သည်။
ဟုတ်သားပဲ။
ခေါင်းဆောင်က JUNGLERနေရာမှာ ကစားရတာကို သဘောကျလား။
ခေါင်းဆောင်က JUNGLERနေရာအတွက်ကြောင့် Glory ကို ကစားနေတာ ဟုတ်ရဲ့လား။
ဝေ့ရှောင်း : Fuck
ခေါင်းဆောင်က သူနဲ့ စကားပြောချင်တယ်လို့ ပြောတယ်။ သူကတော့ အခုချိန်ထိ ဒီမှာ လာပုန်းနေတယ်။
ဝေ့ရှောင်းသည် နောက်ထပ် တစ်မိနစ် တစ်စက္ကန့်ပင် မစောင့်ချင်တော့ချေ။ သူသည် အခန်းထဲမှ ပြေးထွက်သွားချိန်တွင် ဖုန်းကိုပင် မယူသွားခဲ့ချေ။ သူသည် ဟိုတယ်ခန်းထဲသို့ တောက်လျှောက် ပြေးသွားလိုက်သည်။
ဟိုတယ်ခန်းနှင့် လေ့ကျင့်ရေးခန်းသည် တစ်ထပ်တည်းတွင် ရှိသည်။ ထို့ကြောင့် သူ ခြေလှမ်း အနည်းငယ် လှမ်းရုံဖြင့် ရောက်လေသည်။
အကျိုးအကြောင်းကျကျ ပြောရသော် တိုတောင်းသော အကွာအဝေးကိုသာ ပြေးလွှားသွားရသောကြောင့် သူသည် အမောတကော အသက်မရှုနေသင့်ပေ။ သို့သော် ဝေ့ရှောင်း၏ နှလုံးသားကမူ အလွန်အမင်း မြန်ဆန်စွာ ခုန်လှုပ်နေခဲ့ပြီး မျှတစွာ အသက်မရှုနိုင်တော့ပေ။
ခေါင်းဆောင်က အိပ်တော့ မအိပ်သွားလောက်သေးပါဘူးနော်။
ဒါမှမဟုတ် သူ့ကို စောင့်နေအုံးမှာလား။
သေစမ်း။
မိုးကြိုးအပစ်ခံရမည် ဆိုလျှင်ပင် ညသန်းခေါင်ဆို အိပ်တတ်သော ခေါင်းဆောင်က သူ့ကို စောင့်နေမည့် အကြောင်းကို တွေးလိုက်မိသောအခါ ဝေ့ရှောင်းက ကိုယ့်ကိုယ်ကိုယ် တူဖြင့် ထုချင်သွားသည်။
သူသည် အိတ်ကပ်ထဲမှ အခန်းကတ်ကို ဆွဲထုတ်လိုက်ပြီး တံခါးကို ကလစ်ခနဲ ဖွင့်လိုက်သည်။
သူက တံခါးကို ထိုသို့ ဖိချလိုက်သော အခိုက်အတန့်တွင် ဝေ့ရှောင်းသည် မျက်လုံး မှိတ်ထားလိုက်သည်။
တံခါးကို တွန်းဖွင့်လိုက်သောအခါ အမှောင်ထုကသာ ဆီးကြိုသည်။
အိပ်သွားပြီလား။
ဝေ့ရှောင်းက စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။ သို့တိုင်အောင် သူ အနည်းငယ် ဆုံးရှုံးသွားသလို ခံစားနေရသေးသည်။
ရပါတယ်။ သူ တွေးပြီးသားပဲ။ ဘာပဲ ဖြစ်ဖြစ် ခေါင်းဆောင်က ဒီဆုံးဖြတ်ချက်ကို ချပြီးပြီ ဆိုမှတော့ သူနဲ့ ကောင်းကောင်းတော့ စကားပြောကြည့်ရမယ်။
စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာက သူ့ရဲ့ ရူးကြောင်ကြောင် နိုင်တဲ့ အပြုအမူပဲ။
ဝေ့ရှောင်းသည် အလျင်လိုနေသော်လည်း လုဖုန်းကို မနိုးရက်ပေ။ ထို့ကြောင့် သူက အထဲသို့ ဝင်သွားသောအခါ သူ၏ခြေလှမ်းများက အလွန်ပေါ့ပါးနေသည်။
ဟိုတယ်ခန်း၏ ကြမ်းခင်းမီးက လှုပ်ရှားမှုနှင့်အတူ အလိုအလျောက် လင်းလာလေသည်။ အဝါရောင် ကြမ်းခင်းမီးအိမ်က သူ့ခြေထောက် ချလိုက်သည်နှင့် ချက်ချင်းလိုလို လင်းထိန်လာသည်။
ဝေ့ရှောင်း “!!”
လုဖုန်း “ငါက မင်း ဒီည ပြန်မလာတော့ဘူးလို့ ထင်နေတာ”
မှေးမှိန်သော မီးအလင်းရောင် ရှိနေသော အခန်းအတွင်းမှ နောက်ကျသည့်အထိ နေပြီး မအိပ်စက်ရသေးသော တစ်စုံတစ်ယောက်၏ အနည်းငယ် ဩရှနေသော အသံက ထွက်လာသည်။
ဝေ့ရှောင်းသည် ထခုန်မိမတတ်ပင် လန့်သွားသည်။
“ခေါင်း… ခေါင်းဆောင်…”
ထိုနေရာသည် အပန်းဖြေဟိုတယ် ဖြစ်နေသောကြောင့် ကြီးမားသော ပြင်သစ်ပြတင်းပေါက်ကြီးများ ရှိနေသည်။ ထိုအချိန်တွင် ပြတင်းပေါက်အရှေ့ ကျောမှီမြင့်သော ဆိုဖာတွင် ဝေဝါးသော ပုံရိပ်တစ်ခုက ထိုင်နေသည်။
ထိုပုံရိပ်၏ အနောက်တွင် နက်ရှိုင်းသော ပင်လယ်ပြင်အတွင်းသို့ လရောင် ဆင်းသက်နေသော ကဗျာဆန်သည့် ရှုခင်းက ရှိနေသည်။ ငွေဖြူရောင် လအလင်းရောင်က သူ၏ပခုံးပေါ်သို့ ဆင်းသက်ပြီး သူ၏ ပုံရိပ်ကြီးတစ်ခုလုံးကို ရှည်ထွက်သွားအောင် ပုံကြမ်းရေးဆွဲထားသလိုမျိုး ထင်းထွက်နေစေသည်။
58 02
လုဖုန်းက လက်ကို လှုပ်ရင်း ဘေးဖက်ရှိ မီးအိမ်ကို ဖွင့်လိုက်သည်။
လိမ္မော်ရောင် မီးအလင်းက လရောင်ကို ဖယ်ရှားရင်း နွေးထွေးစွာ ဆင်းသက်လာသည်။
ဝေ့ရှောင်းကလည်း ရှက်သွားသည်။ “မင်း မအိပ်သေးဘူး”
လုဖုန်းသည် လေ့ကျင့်ရေးခန်းထဲမှ မထွက်သွားခင် ပြောသွားသော စကားလုံးများကို ဝေ့ရှောင်းက မှတ်မိနေသေးသည်။
‘ငါ မင်းကို အခန်းထဲမှာ စောင့်နေမယ်’ ဒီတော့ ခေါင်းဆောင်က သူ့ကို လေးနာရီလုံးလုံး စောင့်နေခဲ့တာပေါ့။
ဝေ့ရှောင်းသည် သူ့ကိုယ်သူသာ သေသည်အထိ ထပ်တလဲလဲ ထုရိုက်ချင်သွားသည်။
လုဖုန်းက သူ့ကို ကြည့်သည်။ “ဒီကိုလာ”
ဝေ့ရှောင်းက အနားသို့ သွား၍ ဘေးဖက်တွင် ဝင်ထိုင်သည်။
သူ၏အရှေ့မှ သတိကြီးသော်လည်း တုံ့ဆိုင်းနေသည့် လူငယ်ကို မြင်ရသောအခါ လုဖုန်း၏ နှလုံးသားကလည်း နူးညံ့ရှုပ်ထွေးစွာ အရည်ပျော်ကျသွားသည်။ သူ၏အသံကပင် ညင်သာသွားရသည်။
“လေ့ကျင့်ရေးခန်းထဲမှာ လူတွေ အများကြီး ရှိတယ်။ ဒီတော့ တချို့ စကားတွေကို အဲဒီမှာ ပြောလို့ မသင့်တော်ဘူး”
လုဖုန်းက လမ်းကျဉ်းပြောင်းသည် ဆိုသော ကိစ္စက ဆိုရသော် သူသည် မည်သည့်ကိုမျှ ရှင်းပြပေးရန် မလိုအပ်ပေ။
ချန်းဖုန်း ယခင်က ပြောသော အကြောင်းပြချက်ကလည်း သင့်တော်နေခဲ့ပြီးသား ဖြစ်သည်။ ဝေ့ရှောင်းက ထိုနေရာတွင် ပိုကောင်းစွာ လုပ်နိုင်သည်။
ဘာလို့ မပြောင်းရမှာလဲ။ FTW ကို တာဝန်ယူထားသော သူက လုဖုန်း ဆိုလျှင်ပင် FTWသည် လူတိုင်း အပိုင် ဖြစ်နေသေးသည်။
လမ်းကြောင်းက ဒီလောက် ရှင်းနေတာကို ဘာလို့ ရှေ့ဆက်မသွားရမှာလဲ။
သူသည် ဝေ့ရှောင်းကို ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်တချို့ ကြောင့်သာ ခေါ်ထုတ်ခဲ့ခြင်း ဖြစ်သည်။ သူက အခြားသော သူများကို မပြောချင်သော တချို့ကိစ္စများ ရှိသည်။ သို့သော် သူက ဝေ့ရှောင်းကိုမူ နားလည်စေလိုသည်။
ဒါက အတိတ်က FTW နဲ့ ဆိုင်တယ်။
FTW အဟောင်းသည် ထိုသို့ ဝမ်းနည်းစရာကောင်းပြီး ခါးသီးသော အဆုံးသတ်ကို ကြုံတွေ့ခဲ့ရသလို သူ၏ယခင်အသင်းဖော်တိုင်းက သူ့ကို စွန့်ပစ်သွားခဲ့သည့်တိုင် လုဖုန်းသည် အတိတ်မှ အကြောင်းအရာကို အများသိအောင် ထုတ်ပြောရန် ဆန္ဒမရှိပေ။
ဝေ့ရှောင်း၏ နှလုံးသားက သူဌေး သူ့ကို ပို့ထားသော စာများဖြင့်သာ ပြည့်နေသည်။ သူက လုဖုန်းကို မော့ကြည့်ရင်း ခပ်ပြတ်ပြတ် မေးလိုက်သည်။
“ခေါင်းဆောင် JUNGLERအဖြစ် ကစားရတာ သဘောကျလား”
လုဖုန်းက သူ့ကို ပေးသော အဖြေက
“ငါ မမုန်းပါဘူး” ဟူ၍သာ ဖြစ်သည်။
ဝေ့ရှောင်းက ကြောင်သွားသည်။ မမုန်းပါဘူး ဆိုတာက သဘောကျတာနဲ့ မတူဘူး။ မမုန်းပါဘူးဆိုတာက ဒီအတိုင်း သဘောမကျ မဖြစ်ရုံပဲ။
လုဖုန်းက တဖြည်းဖြည်းချင်းစီ ပြောပြသည်။
“ငါ အသင်းကို ဝင်တော့ FTW မှာ JUNGLER လိုနေတယ်”
လွန်ခဲ့သော လေးနှစ်ခန့်က FTW၏ JUNGLERသည် ချန်းဖုန်း ဖြစ်သည်။
ပါရမီရှင် ကစားသမား အမြောက်များကို ဆွဲဆောင်နိုင်သော FTW သည် တစ်မြန်နှစ်ကတည်းက ထူးချွန်ပြောင်မြောက်သော ရလဒ်များကို ရခဲ့ပြီးသား ဖြစ်သည်။ ကံဆိုးသည်မှာ ချန်းဖုန်းက အသင်း၏အရှိန်အဟုန်ကို အမီမလိုက်နိုင်ခဲ့ချေ။
ထိုအချိန်က နည်းပြအသင်းသည် ယွင်ဇယ် သို့မဟုတ် ရန်ကျင်းကို လမ်းကျဉ်း ပြောင်းစေလိုခဲ့သည်။ ထိုနှစ်ယောက်သည် JUNGLERနေရာတွင် ကစားနိုင်စွမ်းရည် ရှိနိုင်သည်။ သို့ရာတွင် ယွင်ဇယ်က JUNGLERအဖြစ် ကစားရန် ငြင်းသည်။ သူသည် ဒီအတိုင်း Top Lane တွင်သာ ကစားချင်၏။
ရန်ကျင်း၏ အဖြေကမူ ပို၍ အေးစက်ကာ ထောင်လွှားသေးသည်။
“FTWက အထောက်အပံ့ ကစားသမားမလိုရင် ငါ ပြောင်းလို့ရတယ်”
FTWသည် ထိုနှစ်ယောက်ကို ရန်မစနိုင်ပေ။ ထို့ကြောင့် အပြေးအလွှား ချော့မြူခဲ့ရသည်။ ထိုအချိန်က Close က အသင်းထဲသို့ ဝင်လာသည်။ သူသည် ဘက်စုံတော်သော ကစားသမား ဖြစ်ပြီး မည်သည့်နေရာတွင်မဆို ကစားနိုင်သည့် အလွန်သန်မာသော လူသစ်လေး ဖြစ်သည်။
58 03
နည်းပြအသင်းက နှစ်ကြိမ်ပင် မစဉ်းစားဘဲ ပြောသည်။
“ဒါဆိုလည်း Close ပဲ JUNGLER ကစားပေါ့”
ထိုအချိန်က မည်သူကမျှ Close အား သူ ကစားချင်သော နေရာကို မမေးခဲ့ကြချေ။ မည်သည့်ကမှလည်း သူ ကစားချင်သည့် နေရာနှင့် ပတ်သက်ပြီး ဂရုမစိုက်ကြချေ။
အသင်းက လိုနေသည်မှာ JUNGLER ဖြစ်သည်။ ထို့ကြောင့် Close က JUNGLER ဖြစ်လာသည်။
ထိုစကားကို ကြားသောအခါ ဝေ့ရှောင်းက စိုးရိမ်စိတ်များလာသည်။
“ဘယ်လို ဖြစ်ပြီး ဒီလို ဖြစ်ရတာလဲ”
ထိုသို့ ပြောပြီးနောက် သူသည်လည်း ဒါက ပုံမှန်သာ ဖြစ်ကြောင်း သိလိုက်သည်။ ပရိုကစားသမား အများစုက အသင်းသို့ စဝင်ချိန်တွင် သူတို့၏နေရာကို ရွေးချယ်ရန် အခွင့်အရေး မရှိကြပေ။ အထူးသဖြင့် သူတို့သည် မည်သည့်နေရာ အတိအကျမျှ မပိုင်ဆိုင်သေးသော လူသစ်လေးများ ဖြစ်နေသေးသည်။ သူတို့အတွက် ကလပ်က သူတို့ကို စီစဉ်ပေးထားသော နေရာအတိုင်းသာ လိုက်ရသည်။
လုဖုန်းက ဝေ့ရှောင်းကို ကြည့်သည်။
“ငါလည်း မင်းကို မေးဖို့ အချိန်မရှိခဲ့ဘူး”
ဝေ့ရှောင်း၏ နှလုံးသားက တုန်ယင်သွားသည်။
လုဖုန်းက သူ့ကို ညင်သာစွာ ကြည့်၏။
“အခု မင်းက FTW ကို ဝင်လာပြီ ဆိုတော့ မင်း ဘယ်နေရာကို ကစားချင်လဲ”
ထိုသို့ မမေးလျှင်ပင် ပုံမှန်သာ ဖြစ်သည်။ အထူးသဖြင့် မည်သည့်နေရာမျှ မရှိသေးသော ကစားသမားများအတွက် ဖြစ်သည်။ ထို့အပြင် သူသည် မည်သည့်နေရာတွင်မဆို ကစားနိုင်သည်။ သို့ရာတွင် လုဖုန်းက ဝေ့ရှောင်းကို မေးသည်။
ဝေ့ရှောင်းပင် မဟုတ်ချေ။ သူသည် FTWသို့ ဝင်လာသော ကစားသမားတိုင်းကို မေးတတ်သည်။ ယွဲ့ဝမ်လဲ့၊ နင်ကျဲဟန်နှင့် ပိုင်ချိုင်တို့ အားလုံးကိုလည်း မေးခဲ့ဖူးသည်။
သူတို့က ယခင်အသင်းတွင် မည်သည့်နေရာတွင် နေခဲ့စေကာမူ FTW သို့ ဝင်ပြီးချိန်တိုင်း လိုလို သူသည် အလေးအနက် စကားပြောပေးလေသည်။
နေရာတစ်ခုကို မမုန်းဘူးဆိုတာက ကိစ္စတစ်ရပ်၊ သဘောကျတာကတော့ တခြားကိစ္စတစ်ခု ဖြစ်သွားပြီ။
ကိုယ် သဘောကျတာကို လုပ်နေရမှ မတူခြားနားတဲ့ ရလဒ်တွေကို ရအောင် လုပ်ပေးနိုင်မှာ။
ယခင်က မည်သူကမျှ ဝေ့ရှောင်းကို ထိုသို့ မမေးခဲ့ကြချေ။ တစ်ဖက်ခြမ်းတွင် လုဖုန်းသည် ဝေ့ရှောင်းကို နားလည်သည်။ သူ၏ သဘောကျမှုကိုလည်း သိနေသည်။ တခြားတစ်ဖက်ခြမ်းတွင်လည်း လမ်းကျဉ်း ပြောင်းသော ကိစ္စကို အများသိအောင် မထုတ်ပြန်ရသေးသည့်အတွက် ထိန်းထားခြင်း ဖြစ်သည်။ ယခုအခါ သူက ဝေ့ရှောင်းကို တရားဝင် ထုတ်မေးနိုင်ပြီဖြစ်သည်။
“မင်း JUNGLERအဖြစ် ကစားရတာ သဘောကျလား”
ဝေ့ရှောင်း “…”
လုဖုန်း “ဖိအားမများနဲ့၊ မင်းအနေနဲ့ တခြားကိစ္စတွေကို တွေးစရာလည်း မလိုဘူး။ ဒီအတိုင်း မင်းက စိတ်ထဲက ခံစားချက်ကိုပြော”
ဝေ့ရှောင်း၏ မျက်လုံးများက နီရဲသွားသည်။ ယခင်က သူ့အား မည်သူကမျှ ထိုသို့ မပြောခဲ့ဖူးချေ။ မည်သူကမျှလည်း သူ့အား သူ၏အတွေးကို မမေးဖူးကြပေ။ မည်သူကမှလည်း ခေါင်းဆောင်ကဲ့သို့ မဆက်ဆံခဲ့ကြချေ။
သူ၏မိဘများကပင် သူ့ကို မလိုချင်ပေ။ သူ၏အဘွားအနေနှင့် နှစ်ယောက်စာ ထောက်ပံ့ရန်ပင် အလွန်ခက်ခဲခဲ့သည်။
ဝေ့ရှောင်းသည် မည်သည့် အကြောင်းအရာအတွက်မျှ အရည်အချင်း မပြည့်မီခဲ့ချေ။ ထို့ကြောင့် သူသည် တစ်စုံတစ်ရာကို တောင်းဆိုရန် ယုံကြည်ချက် မရှိခဲ့ဖူးပေ။
ဝေ့ရှောင်းက အသက်ပြင်းပြင်း ရှုလျက် ပြောသည်။ “ငါ JUNGLER ကစားရတာ သဘောကျတယ်”
သူသည် JUNGLERနေရာကို သဘောကျသည်။ ထိုပရော်ဖက်ရှင်ကို နှစ်သက်သည်။ ထိုသို့ ချစ်မြတ်နိုးမှုသည် Close မှ စတင်သည်။ သို့သော် လွန်ခဲ့သော နှစ်နှစ်ကျော် အတောအတွင်း သူသည် ထိုနေရာကို ထပ်တလဲလဲ ယူပြီး သူ၏ ဖြစ်တည်မှု တစ်ခုလုံးအနှံ့ ပြန်နှံ့နေခဲ့သည်။ သူ၏ စိတ်လိုလက်ရ သဘောကျခြင်း ဖြစ်ပြီး ထိုသို့ ခပ်ကြမ်းကြမ်း ကစားကာ ဟန်ချက်ကို ထိန်းပေးသွားသော အနေအထားမျိုးကိုလည်း သဘောကျသည်။ သူသည် တောင်ကြားအနှံ့ ပြေးလွှားနိုင်စွမ်းရည် ရှိသော JUNGLERနေရာကို သဘောကျသည်။ လေအလား လွတ်လပ်စွာ ပျံသန်းနိုင်သည့် အရိပ်သူခိုးကိုလည်း သဘောကျ၏။
လုဖုန်းက လက်ကို မြောက်လျက် ဝေ့ရှောင်း၏ မျက်ဝန်းထောင့်စွန်းမှ မျက်ရည်များကို သုတ်ပေးရင်း နူးညံ့သော လေသံဖြင့် ပြောသည်။
58 04
“မင်း သဘောကျရင်လည်း လက်မလျော့နဲ့… တခြားတစ်ယောက်ယောက် တစ်စုံတစ်ရာကြောင့် လက်လျော့တာမျိုး မလုပ်နဲ့”
ဝေ့ရှောင်းက သူ၏လက်မောင်းကို မြောက်လျက် ယိုဖိတ်ကျလာသော မျက်ရည်များကို သုတ်ရင်း စိုးရိမ်တကြီး ပြောသည်။
လုဖုန်းကလည်း သူ မေးလိုသော အကြောင်းအရာကို သိသည်။
“ငါက ငါ့ကိုယ်ငါ တွန်းအားပေးနေတာ မဟုတ်ဘူး။ တိတိကျကျ ပြောရရင်…”
လုဖုန်းက ရေဖြင့် အဆေးခံထားရသောကြောင့် တောက်ပလာသလို သူ၏ မျက်ဝန်းများကို ကြည့်ရင်း ပြောသည်။
“မင်း FTWကို ဝင်လာကတည်းက ငါ့ကိုယ်ငါ တွန်းအားမပေးချင်တော့ဘူး”
ထိုလေသံထဲတွင် Close အပိုင် ထူးခြားသော အသံနှုန်းထား ဟန်ပန် ပါသည်။ တစ်ချိန်တည်းတွင်ပင် ပုံမှန်အားဖြင့် ဘာကိုမှ ထီမထင်သလို ဂရုမစိုက်သော အနေအထားမျိုးမှ စိတ်အေးသွားသလိုမျိုး ခံစားချက်က ယိုဖိတ်ကျလာသေးသည်။
အမြဲတစေ ရုတ်သိမ်းထားသော သူ၏တောင်ပံများကို ဖြန့်ချလျက် ကောင်းကင်သို့ ထိုးတက်ရန် စိတ်အားထက်သန်နေပုံနှင့် တူသည်။
လူသစ်တစ်ယောက် အနေနှင့် အသင်းထဲသို့ ဝင်ကာစ လုဖုန်းသည် အသင်းအတွက်ကြောင့် JUNGLERအဖြစ် ကစားရန် ရွေးခဲ့ရသည်။ သူသည် JUNGLERနေရာကို မမုန်းပေ။ သို့သော် သူက သဘောကျသည်မှာ Top lane ဖြစ်ကြောင်း မည်သူကမျှလည်း မသိကြချေ။
တောင်ကြား တစ်ဝက်လုံးလုံး ကိုယ်တိုင် စောင့်ကြပ်ရခြင်း၊ အသင်း၏ နောက်တန်းကို စောင့်ကြပ်ပေးခြင်းနှင့် ရန်သူ၏ စစ်သည်တော်များကို အချိန်မရွေး ထိုးခွဲရန် ပြင်ဆင်ထားနိုင်သော ထက်ရှသော လှံတစ်လက်လို စစ်သည်တော် အနေအထားမျိုးကို သူက သဘောကျခြင်း ဖြစ်သည်။
သူသည် လူအများကို နှစ်သိမ့်ပေးရာတွင် မတော်ပေ။ အသင်း၏ ခံစားချက်ကို ထိန်းညှိပေးရာတွင် ပို၍ပင် မတော်သေးချေ။ သူသည် သူ လုပ်နိုင်သမျှ အကောင်းဆုံး ကိုသာ ကြိုးစားလိုသည်။ Top Laner သည် သူ့အား ထိုသို့ လုပ်ခွင့်ပြုသည်။ သူနှင့် သင့်လျော်သော နေရာတစ်ခုလည်း ဖြစ်သည်။
++++++