အပိုင်း ၁၀၁
Viewers 18k

Chapter 101


ဒါကိုစားပြီးရင် အမျိုးသားတွေကလည်း ကိုယ်ဝန်ရနိုင်တယ် ဟုတ်လား ဘယ်လိုတောင် အကျိုးနည်းတဲ့ ကိစ္စကြီးလဲ ... 


Gerd သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း သူ့ဝမ်းဗိုက်၏ မူမမှန်မှုကို သတိရကာ မျက်နှာတစ်ခုလုံး မဲမှောင်သွားတော့သည်။ 


ကလေးတစ်ယောက်ကို ခန္ဓာကိုယ်ထဲ ထည့်ထားရင် စွမ်းအင်တွေ အများကြီး လိုအပ်တဲ့အတွက် အမျိုးသမီးတွေကတောင် ကိုယ်ဝန်ဆောင်ဖို့ အရမ်းခက်ခဲတယ်လို့ ပြောကြတယ် စွမ်းရည်ကိုလည်း အပြည့်အဝ မသုံးနိုင်သလို လွယ်လွယ်ကူကူနဲ့လည်း ပင်ပန်းနိုင်တယ်တဲ့ ... အဲဒါက အခု သူဖြစ်နေသလိုမျိုးပဲ မဟုတ်ဘူးလား ... 


ပြီးတော့ အာဟာရဆေးရည် ... အဲဒါက သန္ဓေသားကို တည်ငြိမ်စေနိုင်တဲ့ဆေး မဟုတ်လား အဲဒါသောက်မှပဲ အမြဲလိုလို သက်သာသွားတာ‌ဆိုတော့ ... 


ဒါပေမယ့် အရင်တစ်ခေါက် ဆေးစစ်တုန်းက ဘာပြဿနာမှ မတွေဲ့ခဲ့မိပါဘူး အဲဒီ့အချိန်တုန်းက ကလေးက အရမ်းငယ်နေသေးလို့လား ... 


Gerd ၏ အမူအယာမှာ အရုပ်ဆိုးလာသော်ငြား ဖန့်ချန်ကျွင့်ကတော့ မယုံနိုင်ရုံသာ ဖြစ်ခဲ့သည်။ 


"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ..." 


ထိုဆေးသည် ကိုယ်ဝန်ရနိုင်စွမ်းကို တိုးမြှင့်ပေးနိုင်သည်ဟု ထင်ခဲ့သော်ငြား ကျောက်လင်းယွီက အမျိုးသားများပင် ကိုယ်ဝန်ဆောင်နိုင်ကြောင်း ပြောလာသည်။ 


ဒီလိုမှော်ဆန်တဲ့ဆေးမျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ ...


ဒါပေမယ့် အဲဒါကသာ တကယ်ဆိုရင် ... 


ဖန့်ချန်ကျွင့်က သူနှင့် Gerdအကြား ဖြစ်ပျက်ခဲ့သည်များကို ရုတ်တရက် သတိရလိုက်သည်။ Gerd သည် သန္ဓေတည်ဆေးကို နှစ်လုံးတိတိ သောက်လိုက်ပြီး သူတို့နှစ်ဦးအကြား ဆက်ဆံရေးတစ်ခုလည်း ရှိနေခဲ့ရာ ... 


Gerdအနေနဲ့ ကိုယ်ဝန်ရတာမျိုး ဖြစ်နိုင်ပါ့မလား ... 


"ငါလည်း မသေချာဘူး ဖြစ်နိုင်ချေကတော့ ပိုနည်းလိမ့်မယ် ..." 


ကျောက်လင်းယွီသည် ထိုသူနှစ်ဦးအကြားရှိ စိမ်းသက်သက်လေထုကို မသိမသာ ခံစားလိုက်ရသည့်အတွက် အဖြေမှန်ကိုသာ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ ရမ်ရှန့်၏ သန္ဓေတည်ဆေးမှာ အသုံးပြုမကြည့်ရသေးသည့်အတွက် ကလေးရနိုင် မရနိုင် မသေချာသေးပေ။ 


သူ့စကားများကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ဖန့်ချန်ကျွင့်က Gerd ကို လှမ်းကြည့်လိုက်သည်။ 


Gerd က သူ့အမူအယာများကို ပြင်ဆင်ထားပြီးဖြစ်၍ ကိုယ်ဝန်ရှိမရှိ မသေချာသည့်တိုင် ဖန့်ချန်ကျွင့်ကိုတော့ မသိစေလိုပေ။ 


တကယ်လို့ ကလေးရလာတယ်ဆိုရင်တောင် အဲဒီ့ကလေးက သူ့ကလေးပဲ ဖန့်ချန်ကျွင့်နဲ့ ဘာမှ မဆိုင်ဘူး ... 


သူက ခံစားချက် မကောင်းသည့်တိုင် ထိတ်လန့်ဟန် တစ်စုံတစ်ရာကိုမှ မပြသ။ သူသည် သာမန်နေ့များကဲ့သို့ပင် ပထမတပ်ဖွဲ့၏ ယာဉ်ပျံများကို အဆင့်မြှင့်တင်ပေးရင်း အလုပ်များနေကာ မူမမှန်မှု တစ်စုံတစ်ရာကိုမှလည်း မတွေ့ရသည့်အတွက် ဖန့်ချန်ကျွင့်ကလည်း သူ့ကို ကိုယ်ဝန်ရှိနေလိမ့်မည်ဟု လုံးဝ တွေးမထားသော်ငြား အနည်းငယ်တော့ စိတ်ပျက်လက်ပျက် ဖြစ်သွားတော့သည်။ 


သူတို့နှစ်ဦးကြားရှိ အနေခက်မှုကို ကျောက်လင်းယွီသည်ပင်လျှင် အနည်းနှင့်အများ မြင်နေရပေသည်။ Gerd သည် ရန်ယဲ့လက်မထပ်ခင်ကတည်းက ယာဉ်ပျံများကို ပြင်ဆင်ပေးနေခဲ့ပြီး ဖန့်ချန်ကျွင့်လည်း အချိန်တိုင်း ရောက်လာတတ်သော်ငြား နောက်ပိုင်းတွင် သူ့ကို အစပင် ရှာမရတော့။ သူတို့နှစ်ယောက်ကြားမှာ ဘာတွေဖြစ်ခဲ့တာပါလိမ့် ... 


ကျောက်လင်းယွီက သိလိုစိတ် ပြင်းပျနေသည့်တိုင် ထုတ်မမေး။ သန္ဓေတည်ဆေးအကြောင်း ပြောပြပြီးနောက် သူတို့ကို အာဟာရဆေးရည်ပုလင်း ၄၀ ခွဲပေးလိုက်သည်။ 


"ဒီအာဟာရဆေးရည်ကို သောက်ပြီး ကိုယ့်ခန္ဓာကိုယ်ကို ထိန်းသိမ်းကြ ..." 


ရမ်ရှန့်နှင့် အကြီးအကဲထန့်တို့သည် ‌အာဟာရဆေးရည်အများအပြား စတင်ဖော်စပ်နေပြီဖြစ်သည့်အတွက် ကျောက်မိသားစုသည် မကြာခင် ရောင်းချတော့မည်ဖြစ်သည်။ ထို့ကြောင့် ထိုသူနှစ်ဦးကို အနည်းငယ် မျက်နှာသာပေး၍လည်း ကိစ္စမရှိပေ။ 


အာဟာရဆေးရည်ပုလင်းများကို ကြည့်ရင်း Gerd မှာ ရုတ်တရက် ထိတ်လန့်သွားသည်။ ကျောက်လင်းယွီက တစ်ခုခု သတိထားမိသွားမည်ကို စိုးရိမ်သဖြင့် သူ့မျက်နှာအမူအယာကို အသည်းအသန် ထိန်းသိမ်းနေရသော်ငြား ဖန့်ချန်ကျွင့်ကမူ ဆေးပုလင်းများကို ချက်ခြင်း လက်ခံလိုက်သည်။ 


"ကျေးဇူးတင်ပါတယ် ရှေ့လျှောက် ငါ့ဆီကနေ အကူအညီလိုရင်လည်း ပြော ..." 


အာဟာရဆေးရည်ပုလင်းကို ယူပြီးနောက် သူတို့နှစ်ဦးလုံး ပထမတပ်ဖွဲ့ထဲမှ ထွက်လာခဲ့လိုက်သည်။ Gerd က သူ့ကို ကြည့်ပင်မကြည့်ဘဲ သူ့ယာဉ်ပျံထဲသို့ တန်းတန်းမတ်မတ် ဝင်သွားသည့်အတွက် သူကလည်း ချက်ခြင်း လိုက်ဝင်သွားလိုက်သည်။ 


"ဒီမှာ ဘာလုပ်နေတာလဲ ..." 


Gerd က သူ့ကို အေးစက်နေသည့်အကြည့်တို့ဖြင့် ကြည့်ကာ စွမ်းရည်ကို သုံးပြီး နှင်ထုတ်ရန် ကြိုးစားလိုက်သော်ငြား သူ့ဗိုက်မှာ ရုတ်ချည်း ထိုးအောင့်လာသည်။ 


စွမ်းရည်ကို ထုတ်သုံး၍ မရသည့်အတွက် Gerd လည်း အသက်ကို ပြင်းပြင်းရှူကာ အလိုအလျောက် မောင်းနှင်ရေးစနစ်ကို ဖွင့်လိုက်သည်။ 


"သန္ဓေတည်ဆေးကြောင့် အမျိုးသားတွေပါ ကိုယ်ဝန်ဆောင်နိုင်တယ်တဲ့ ကိုယ်တို့တွေ စမ်းသပ်ကြည့်သင့်လား ..."


ဖန့်ချန်ကျွင့်က မေးလိုက်သည်။ ယခင်ကမူ သူ့အဘိုးနှင့် အမေကဲ့သို့ပင် ကလေးမွေးပေးရန် တစ်စုံတစ်ယောက်ကို ရှာပြီးသည်နှင့် တစ်ပြိုင်နက် သူ့စိတ်ကြိုက် နေထိုင်ကာ လုံးဝ လက်မထပ်ရန် ကြံရွယ်ထားသော်ငြား ယခုမူ သူနှစ်သက်မိသူနှင့် ကလေးရချင်လာပြန်တော့သည်။ 


Gerd သည် နှုတ်ခမ်းမွှေးတို့ကို ရိတ်သင်ထားသဖြင့် ရှင်းသန့်နေကာ ဆံပင်တို့မှာ အနည်းငယ် ပြန်ရှည်နေပြန်သည်။ ဘေးတိုက်မြင်နေရသော သူ့မျက်နှာမှာ အလွန် သိမ်မွေ့လှသည့်အတွက် ဖန့်ချန်ကျွင့်၏ နှလုံးခုန်သံတို့မှာ အနည်းငယ် မြန်ဆန်လာတော့သည်။ 


သူမှာ အမြဲလိုလို ပြတ်သားတဲ့ပန်းတိုင်တစ်ခု ရှိခဲ့ပြီးတော့ အခုအချိန်မှာ Gerd က သူ့ရဲ့ ပန်းတိုင်အသစ် ဖြစ်သွားပြီနဲ့ တူပါတယ် ... 


Gerd သည် သုတေသနတွင်သာ နစ်မြှုပ်ထားပြီး ပေါင်းသင်းဆက်ဆံရေး မကောင်းဟု ဆိုသော်ငြား အသက်ရှင်လာသည့် နှစ်နှစ်ရာကျော်ကာလမှာ အလကားမဟုတ်ပေ။ သူက အလျင်အမြန် ပြန်တုန့်ပြန်လိုက်သည်။ 


"အဲ့ဒီ့စကားတွေကို ယုံတယ်ပေါ့ ..." 


သူနှင့် ဖန့်ချန်ကျွင့်နှင့် မည်သည့်အရာကိုမှ မလုပ်ဆောင်လိုပေ။ 


"ဟုတ်ချင်လည်း ဟုတ်နေမှာပေါဘ ရမ်ရှန့်တောင် ကလေးမွေးနိုင်ခဲ့သေးတာပဲ မဟုတ်လား သူ့ပုံစံအရဆို ကေးမှ မဟုတ်တာ ..." 


ဖန့်ချန်ကျွင့်က ပြောလိုက်သည်။ 


"မင်းဘာသာမင်း ကလေးလိုချင်တာ ကိစ္စမရှိဘူး ဒါပေမယ့် ငါ့ကိုတော့ လာမရှာနဲ့ ..." 


သူက ပြောလိုက်သည်။ ပြီးခဲ့သည့် အဖြစ်အပျက်မှာ သူ၏ ဦးဆောင်မှုကြောင့် ဖြစ်သော်ငြား ကိုယ့်ထက် အသက်ငယ်သူ၏ ဦးဆောင်ခြင်းကို ခံလိုက်ရသည်မှာ သူ့အတွက် အရှက်ရစရာပင် ဖြစ်သည်။ 


"ကျွန်တော် ခင်ဗျားကို အများကြီး သဘောကျနေပြီ ..." 


ဖန့်ချန်ကျွင့်က ပြုံးကာ ပြောလိုက်သည်။ ဤလအတွင်း Gerd အကြောင်းကိုသာ အချိန်ပြည့် တွေးနေမိကာ အခြားသူတစ်ဦးကို စိတ်ပူမိနေသည်မှာလည်း သူ့ဘဝတွင် ပထမဆုံးအကြိမ်ဖြစ်သည်။ 


Gerd က သူ့ကို မျက်မှောင်ကြုတ်ကာ ကြည့်နေလိုက်သည်။ 


"ငါကတော့ မင်းကို မကြိုက်ဘူး ..."

101.2


ဖန့်ချန်ကျွင့်က သူ့ကို ကြိုက်တယ် ဟုတ်လား သူကတော့ နည်းနည်းလေးမှ မခံစားမိပါဘူးနော် ... 


ဖန့်ချန်ကျွင့်သည်လည်း Gerd က သူ့ကို ကြိုက်မကြိုက် မသေချာသေးပေ။ Gerd သည် ထိုညက သု့အပေါ် အလွန်နွေးထွေးခဲ့သော်ငြား တစ်ခုခုက သေချာပေါက် မှားယွင်းနေပေသည်။ ထို့အပြင် Gerd သည် အကြိမ်ပေါင်းများစွာ ချစ်ကြိုက်ခဲ့ဖူးပြီး  အမျိုးသမီးများကိုသာ သဘောကျမည့်သူဖြစ်သည်။ 


"ခံစားချက်တွေက နေရာတိုင်းမှာ ရှိနေနိုင်တာပဲလေ ကျောက်လင်းယွီကလည်း ဒီဆေးက အမျိုးသားတွေကို ကိုယ်ဝန်ရစေတယ်လို့ ပြောခဲ့တယ် မဟုတ်လား ပြောမရဘူး ကျွန်တော်တို့တွေ ကလေးအများကြီး ရချင်ရနေမှာ ..." 


"မင်းအတွက် ကလေးမွေးပေးဖို့တော့ စိတ်ကူးတောင် မယဉ်နဲ့ ..." 


Gerd က ဒေါသတကြီး ပြောလိုက်သည်။ 


"ရတယ် ကျွန်တော်မွေးပေးရမယ်ဆိုလည်း ကိစ္စမရှိဘူး ..." 


ဖန့်ချန်ကျွင့်က ပြောလိုက်သည်။ ကလေးရနိုင်သရွေ့ သူကိုယ်တိုင် လွယ်ရလျှင်လည်း ပြဿနာမရှိပေ။ 


သူ့ကိုယ်သူ အမြဲ ယုံကြည်ချက်ပြည့်ဝနေသူတစ်ဦးအနေဖြင့် ဖန့်ချန်ကျွင့်သည် ကလေးလွယ်ရခြင်းအပေါ် မရှက်ပေ။ ကိုယ်ဝန်လွယ်နိုင်သည်မှာ သူ့တွင် လွယ်နိုင်သော အရည်အချင်း ရှိနေ၍ဟုသာ ခံယူထားသည်။ 


"ဒါမှမဟုတ် တစ်ယောက်တစ်လှည့်စီ မွေးပေးကြရင်ရော ..." 


သူ့နောက်ကျောဘက်ရှိ သတ္ထုတံခါးမှာ ရုတ်ချည်း ပျောက်ကွယ်သွားကာ ဂျွမ်းထိုးမှောက်ခုံ လန်သွားအောင် အပြင်ဘက်သို့ ကန်ချခံလိုက်ရတော့သည်။ 


Gerd က သူ့အတွက် တွေးပေးနေသေးတာပဲ အဲဒါကြောင့် ပင်လယ်ရှိတဲ့နားကို တမင်တကာ ကန်ချလိုက်တာနေမှာ ... 


ပင်လယ်တစ်ပြင်လုံးကို အေးခဲလိုက်သည့် ဖန့်ချန်ကျွင့်မှာတော့ စိတ်လက်ရွှင်ပြနေပေ၏။ သူက ရေခဲစားပွဲနှင့် ကုလားထိုင်ကိုပင် ဖန်တီးလိုက်ကာ ထိုပေါ်တွင် ထိုင်ရင်း သူ့လက်အောက်ငယ်သားများကို အကြောင်းကြားလိုက်သည်။ 


"ဟေး လူကြီးမင်း ဒါက ကျွန်တော် ငါး‌မွေးနေတဲ့နေရာလေ ဒီရာသီက ငါးသားပေါက်တဲ့ရာသီဗျ ဒီလိုကြီး ပင်လယ်တစ်ခုလုံးကို ခဲပစ်လိုက်တော့ ကျွန်‌တော့်ငါးတွေ ပျက်စီးကုန်မှာပေါ့ ..." 


ယာဉ်ပျံအသေးလေးတစ်ခုက သူ့ရှေ့ရောက်လာကာ ထိုထဲမှ အမျိုးသားတစ်ဦး ထွက်လာပြီး ပြောလိုက်သည်။ 


"ခင်ဗျားဘာသာ စွမ်းရည်ပိုင်ရှင်ဟုတ်ဟုတ် မဟုတ်ဟုတ် ကျွန်တော်ကတော့ လျော်ကြေးတောင်းရမှာပဲ ..." 


"... ပေးပါ့မယ်..." 


ဖန့်ချန်ကျွင့်လည်း ဘေးပတ်လည်သို့ လှည့်ကြည့်လိုက်မှသာ သူအေးခဲစေလိုက်သည့် ဧရိယာမှာ အတော်ကြီးမားသွားကြောင်း သိလိုက်ရတော့သည်။ 


သူက S အဆင့် စွမ်းရည်ပိုင်ရှင်ဆိုတော့ မတော်တဆ ခဲစေမိတာကတောင် ... 


"ပျက်စီးမှုတွေကို တွက်ဖို့ တစ်ယောက်‌ယောက်ကို ဒီခေါ်လိုက်လေ ..." 


သူ့စကားကို ကြားမှသာ ငါးကန်ပိုင်ရှင်မှာလည်း စိတ်သက်သာရာရသွားတော့သည်။ မူလက လျော်ကြေးပင် မရလောက်ဟု ထင်ထားခဲ့ရာ ဤစွမ်းရည်ပိုင်ရှင်သည် လူကောင်းဖြစ်နေ၍သာ တော်သေးသည်။ 


ပင်လယ်တစ်ခုလုံး အေးခဲသွားလျှင်ပင် ဖန့်ချန်ကျွင့်၏ ဓနအင်အားနှင့်ဆို ‌လျော်ကြေးမပေးနိုင်စရာအကြောင်း မရှိပေ။ လျော်ကြေးကိစ္စကို သူ့ဝန်ထမ်းများနှင့် လွှဲအပ်ထားပြီးနောက် ပထမတပ်ဖွဲ့သို့သာ ပြန်လာခဲ့လိုက်သည်။ 


"ရှေ့ရက် ၂၀ လောက်က Gerd ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးခဲ့သေးတယ်ဆို သူ နေမကောင်းဘူးလား ..." 


သူက ပထမတပ်ဖွဲ့၏ စစ်ဆရာဝန်ကို လိုက်ရှာကာ မေးလိုက်သည်။


"ဟုတ်တယ် သူက နည်းနည်းလေး အလုပ်ဖိစီးသွားလို့ ..." 


ဆရာဝန်ကလည်း ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ ဖုံးကွယ်ထားရန်လည်း အကြောင်းမရှိပေ။ 


ဒီနေ့ခေတ် ‌နည်းပညာတွေနဲ့ဆို သန္ဓေတည်ကာစ ကိုယ်ဝန်သည်တွေကိုတောင် စမ်းသပ်နိုင်တာလေ ဆရာဝန်က Gerd ရဲ့ ကိုယ်ပေါ်မှာ ဘာမှ မူမမှန်တာ မတွေ့ရဘူးဆိုတော့ သူက တကယ်ပဲ ကိုယ်ဝန်ရှိမနေတာနဲ့ တူပါတယ် ပြီးတော့ ကိုယ်ဝန်ရဖို့ဆိုတာကလည်း ဒီလောက်လွယ်တာမှ မဟုတ်တာ ... 


"သူ့ခန္ဓာကိုယ်က အားလုံး အဆင်ပြေနေတယ် မဟုတ်လား ..." 


ထိုအချိန်တွင် Gerd သည်လည်း သူ၏ သွေးစစ်ချက်အဖြေကို ရလာခဲ့သည်။ 


Gerd မိသားစုစံအိမ်ဟောင်းသို့ ပြန်လာပြီးနောက် မ်သားစုဆရာဝန်ကို ခေါ်ကာ သွေးစစ်ခဲ့သော်ငြား မူမမှန်မှု တစ်စုံတစ်ရာကိုမှ မတွေ့ရပေ။ 


သူ့မှာ ကိုယ်ဝန်ရှိမနေတာများလား ... 


"မဟုတ်ဘူး မင်းက နည်းနည်းလေး ပင်ပန်းနေပြီး အာဟာရဓာတ်လည်း နည်းနေရုံလေးတင် ပထမတပ်ဖွဲ့က ကျွေးတာတွေက စားမကောင်းလို့လား ..." 


ဆရာဝန်က မေးလိုက်သည်။ Gerd သည် အတိတ်ကာလများတွင်ကလည်း စစ်သင်္ဘောများကြောင့် အိပ်ရန်စားရန်ပင် မေ့လျော့ခဲ့ဖူးကာ ယခုထက်ပင် အခြေအနေ ဆိုးရွားခဲ့ဖူးသေးသည်။ 


"ကျွန်တော့်ကို နောက်တစ်ခေါက်လုံး ခြေဆုံးခေါင်းဆုံး စမ်းသပ်ပေးပါဦး ..." 


သူက ထိုသို့ပြောကာ ဓာတ်မှန်စက်ပေါ် ပြန်လှဲလိုက်သည်။ 


သူ၏ ကြွက်သားများနှင့် အရိုးအဆစ်အားလုံးကို မြင်နေရသည့်အတွက် ထိုကဲ့သို့ တစ်ကိုယ်လုံးကို ဓာတ်မှန်ရိုက်ရခြင်းအား မနှစ်မျို့လှသော်ငြား ယခုအချိန်တွင်တော့ ထွေထွေထူးထူး ဂရုစိုက်မနေနိုင်တော့ချေ။ 


"မစ္စတာ Gerd ရေ ခင်ဗျားရဲ့ ကျန်းမာရေးက ထူးထူးကဲကဲကို ကောင်းမွန်နေပါတယ် ... မဟုတ်သေးဘူး နေပါဦး ခင်ဗျားရဲ့ ဗိုက်ထဲမှာ အကြိတ်နှစ်ခု ရှိနေတယ် အဲဒါတွေကို ခွဲထုတ်ပစ်ရလိမ့်မယ် ..." 


ဆရာဝန်က ပြောလိုက်သည်။ 


"ဒီအကြိတ်နှစ်ခုက သေးသေးလေးပဲ ရှိသေးတဲ့အပြင် ဘာအန္တရာယ်မှ မပေးသေးလို့ တော်သေးတာပေါ့ ..." 


"အကြိတ်တွေ ဟုတ်လား ..." 


သူက ဘေးနားရှိ စက်ကို ကြည့်ကာ မေးလိုက်သည်။ 


"ဒီအကြိတ်နှစ်ခုက တော်တော်ကို အားကောင်းနေပြီးတော့ ပျံ့နှံ့နှုန်းလည်း မြန်ဆန်နေတယ် တတ်နိုင်သလောက် မြန်မြန်လေး ခွဲထုတ်ပစ်လိုက်တာ အကောင်းဆုံးပဲ ..." 


ဆရာဝန်က စခရင်ပေါ်ရှိ မြေပဲစေ့အရွယ် အကြိတ်နှစ်ခုကို ညွှန်ပြရင်း ပြောလိုက်သည်။ 


Gerd က ထိုအကြိတ်၏ ဓာတ်ပုံကို ပုံကြီးချဲ့စေကာ သန္ဓေသားလောင်း၏ ပုံများကိုပါ ရှာကြည့်လိုက်သည်။ အတန်ကြာ စိုက်ကြည့်နေပြီးကာမှ ဆရာဝန်ကို ပြောလိုက်သည်။ 


"အဆင်ပြေပါတယ် အခု ပြန်လို့ရပြီ ..." 


"အကြိတ်တွေက ..." 


ဆရာဝန်က စိုးရိမ်တကြီး မေးလိုက်သည်။ 


"ကိုယ့်ဘာသာကိုယ်ပဲ ဂရုစိုက်လိုက်ပါ့မယ်..." 


သူက ထိုသို့ပြောကာ ဆရာဝန်ကို ပထုတ်လိုက်ပြီးနောက် အနည်းငယ် စိတ်ရှုပ်ထွေးနေဟန်ဖြင့်  သူ့ဝမ်းဗိုက်ကို ထိလိုက်သည်။ 


Xxxxxxxx