အပိုင်း ၁၀၃
Viewers 18k

Chapter 103


လောယာမျိုးနွယ်စု၏ ဂြိုဟ်အရေအတွက်မှာ  လူသားများထက် များပြားလှသော်ငြား လူဦးရေမှာမူ သန်းတစ်ရာသာ ရှိသည်။ 


လူဦးရေမှာ အဆမတန် နည်းပါးလှသည့်အတွက် အခြားအဆင့်နိမ့်မျိုးနွယ်စုများကို ကျွန်ပြုသိမ်းပိုက်လိုက်ပါလျှင် သူတို့၏ နည်းပညာများအကြောင်း သိခွင့်ပေးသလို ဖြစ်သွား‌မည့်အတွက် လောယာမျိုးနွယ်စု၏ ပျက်သုဉ်းခြင်းကို ဦးတည်နေသည့်နှင့် အတူတူပင်ဖြစ်သည်။ ထိုဖြစ်ရပ်မျိုးမှာ ကြယ်တာခေတ် သမိုင်းကြောင်းတွင် မရှားပါးလှပေ။ ။ 


ထို့ကြောင့် သူတို့သည် အဆင့်နိမ့်မျိုးနွယ်စုများကို လက်ဖြင့်ပင် မရွယ်ခဲ့သလို သူတို့နှင့်လည်း နီးစပ်ခွင့် မပေးခဲ့ချေ။ ထိုအချိန်က အသစ်ဖန်တီးထားသည့် လူသားမျိုးနွယ် စွမ်းရည်ပိုင်ရှင်အမျိုးသမီးများက သူတို့၏ မျိုးဆက်ပြန့်ပွားရေးတွင် အထောက်အကူဖြစ်‌စေရန်သာ မျှော်လင့်ခဲ့ခြင်းဖြစ်သည်။ 


သို့သော် ကံမကောင်းစွာဖြင့် ထိုသုတေသနမှာ မအောင်မြင်ခဲ့ချေ။ အသစ်စက်စက် စွမ်းရည်ပိုင်ရှင် အမျိုးသမီးများသည်လည်း လောယာမျိုးနွယ်စုနှင့် တစ်ထေရာတည်း တူညီလှသည့် ပြဿနာကို ကြုံတွေ့ခဲ့ရပြီး သာမန်လူသားများမှာမူ အလွန် အားနည်းလှသည့်အတွက် လောယာတို့၏ စွမ်းအင်ကို ခံနိုင်ရည် မရှိကြပေ။ 


အကြံအစည် ကျရှုံးသွားသည့်အတွက် သူတို့လည်း လူသားမျိုးနွယ်မှ ထွက်ခွါလာခဲ့ကြသည်။ သို့သော် လူသားများကို ဆက်ပြီး စူးစမ်းလေ့လာရန် ပညာရှင်အများအပြားကိုတော့ ချန်ထားခဲ့သေးသည်။ လူသာများတွင် မျိုးဆက်ပြန့်ပွားရေး ပြဿနာကို ဖြေရှင်းနိုင်သည့်နည်းလမ်း ရှိမရှိ သိနိုင်ရန်သာမက လောယာမျိုးနွယ်စုကို ဖိနှိပ်ပစ်နိုင်မည့် အခွင့်အရေးမျိုး တစ်ခုတစ်လေမှ မရနိုင်စေရေးအတွက် စောင့်ကြည့်နိုင်ရန် ထားခဲ့ခြင်းဖြစ်သည်။ 


တစ်ချိန်တည်းတွင်ပင် လောယာတို့အတွက် အရေးတကြီး လိုအပ်နေသည့် အရင်းအမြစ်များကို လူသားများ ရှာတွေ့ခဲ့ပါလျှင် လုယူနိုင်ရန်လည်း ရည်ရွယ်ပေသည်။ ၎င်းတို့အတွက် အရေးအကြီးဆု အရင်းအမြစ်မှာမူ အခြားမဟုတ်၊ စွမ်းအင်ပုံဆောင်ခဲသာ ဖြစ်သည်။ 


ကိုယ်ဝန်ဆောင်ကာလ နှစ်လသုံးလခန့် ရှိလာပါလျှင် သန္ဓေသားကို အ‌ထောက်အပံ့ပေးရန်အတွက် ထိုစွမ်းအင်ပုံဆောင်ခဲမှ စွမ်းအင်ကို လိုအပ်ပေသည်။ 


ထိုပုံဆောင်ခဲများမှာ သန္ဓေသား၏ အသက်ရှင်နိုင်မှုကို ရာနှုန်းပြည့် အာမမခံသော်ငြား အသက်ရှင်သန်နိုင်နှုန်းကိုတော့ တိုးမြှင့်ပေးနိုင်ပေသည်။ 


ထိုသို့ဖြင့် လူသားများနှင့် လောယာတို့သည် တစ်ဦးနှင့်တစ်ဦး မနှောင့်ယှက်ဘဲ ဆက်ဆံရေးကိုယ်စီ၊ တိုးတက်မှုကိုယ်စီဖြင့် နေထိုင်ခဲ့ကြသည်မှာ ဖက်ဒရယ်သို့ ဇာ့ဂ်ဘုရင်မ ကျူးကျော်လာပြီး ကျောက်လင်းယွီသည် ၎င်း၏ စွမ်းရည်ကို သူ၏ ပေါင်းစပ်စွမ်းရည်ဖြင့် ပေါင်းစပ်လိုက်သည့်တိုင် အသက်မသေခဲ့ကြောင်း သိလိုက်ရသည့်အချိန်အထိပင် ဖြစ်သည်။ 


လောယာအဖွဲ့အစည်း၏ နည်းပညာမှာ လူသားများထက် အဆမတန် တိုးတက်လှသည့်အတွက် လူသားတို့အနေဖြင့် ကျယ်ပြောလှသည့် စကြ၀ဠာကို ဖြတ်ကျော်ကာ သူတို့ကို ဆက်သွယ်ရန် မဖြစ်နိုင်သော်ငြား လောယာတို့အတွက်မူ ထိုသည်မှာ ပြဿနာပင် မဟုတ်ချေ။ လောယာတို့သည် လူဦးရေနည်းပါးသော်ငြား ဂြိုဟ်တိုင်းကြယ်တိုင်းတွင် ထောက်လှမ်းရေးသမားများကို ဖြန့်ကျက်ထားသည့်အတွက် သူတို့သိလိုသည်များကို အချိန်နှင့်တစ်ပြေးညီ သိနိုင်ပေသည်။ 


ဇာ့ဂ်ဘုရင်မသည် မူလက လောယာမျိုးနွယ်စု၏ ဧရိယာထဲတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ 


ကြယ်တာယာခေတ်တွင် အစားအစုံစားသော ဇာ့ဂ်မျိုးစိတ်ကို မျိုးနွယ်စုအားလုံးက သိကြပေသည်။ သို့သော် အခြားမျိုးနွယ်များနှင့် မတူညီသည်မှာ ထိုဇာ့ဂ်များသည် မျိုးပွားနိုင်စွမ်း ကောင်းမွန်လှပြီး ဇာ့ဂ်ဘုရင်မမှာ ပို၍ပင် အားကောင်းလှသေးသည်။ 


ဇာ့ဂ်ဘုရင်မသည် ဂြိုဟ်သိမ်ဂြိုဟ်မွှားများသာမက စစ်သင်္ဘောများကိုပင် ဝါးမြိုနိုင်ပြီး မည်သည့်အရာကမှ သူမကို မသတ်နိုင်ပေ။ ထို့ကြောင့် လောယာမျိုးနွယ်စုများက သူမကို ကာကွယ်ပေးထားသည့် ဇာ့ဂ်များကိုသာ သတ်ပစ်ပြီး ဇာ့ဂ်ဘုရင်မကိုမူ အဝေးသို့သာ နှင်ထုတ်ခဲ့ခြင်းဖြစ်သည်။ 


ထို့နောက်တွင်တော့ လောယာတို့၏ အရိုးမှာ ဝါးစားရန် မာကြောလှသည်ဟု ခံစားရဟန်ရှိသည့် ဇာ့ဂ်ဘုရင်မသည် လှည့်ပတ်သွားလာရင်း လူသားမျိုးနွယ်များထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာတော့၏။ 


လောယာတို့က ထိုအကြောင်းကို သိသော်ငြား မတားမြစ်ခဲ့။ လူသားတို့၏ လူဦးရေးပျံ့ပွားနှုန်းမှာ ၂၀၀ ဘီလီယံနီးပါးပင် ရှိနေပြီဖြစ်ရာ ဤနှုန်းအတိုင်းသာ ဆက်သွားပါလျှင် ၎င်းတို့သည် လောယာမျိုးနွယ်စု၏ တည်နေရာကို ရှာတွေ့သွားကြတော့မည်ဖြစ်သည်။ ထို့ကြောင့် လူသားများ ဒုက္ခနှင့် ကြုံနေသည်ကို လက်ပိုက်ကြည့်နေခြင်းဖြစ်သည်။ 


သို့သော် အတွင်းပိုင်း ပဋိပက္ခများကြောင့် ဇာ့ဂ်ဘုရင်မကို ဖက်ဒရယ်၏ အတွင်းပိုင်းအထိ ဝင်ရောက်‌ခွင့်ပြုထားရုံသာမက အရင်းအမြစ်ဂြိုဟ်နှင့် ဖြတ်သွားဖြတ်လာ သင်္ဘောအများအပြားအား စားသုံးနေသည်ကိုပါ လက်ပိုက်ကြည့်နေကြကြောင်း သိလိုက်ရသည့်အခါတွင်တော့ လောယာများသည် ပို၍ပင် သဘောတွေ့သွားတော့သည်။ 


သို့သော် များမကြာမီမှာပင် ဇာ့ဂ်ဘုရင်မသည် ကျောက်လင်းယွီ၏ လက်ချက်ကြောင့် သေဆုံးသွားရတော့သည်။ 


ထိုသတင်းကို ကြားလိုက်ရချိန်တွင် လူသားမျိုးနွယ်များသည် စွမ်းရည်နိမ့်ပါးလွန်း၍ သူတို့၏ မျက်စိကျခြင်းကိုပင် မခံထိုက်ဟုသော အတွေးတို့ ပြောင်းလဲသွားတော့သည်။ 


ဒါပေမယ့် အဲဒီ့လူက သေအံ့ဆဲဆဲ ဖြစ်နေပြီတဲ့ ... 


သို့သော် အထင်နှင့်အမြင် လွဲမှားစွာပင် ကျောက်လင်းယွီက မသေဆုံးခဲ့။ 


ကော်ဘီယန်က ထိုသတင်းကို လောယာမျိုးနွယ်စုထံ တင်ပြပြီးနောက် ကျောက်လင်းယွီ ပြန်လည် သက်သာလာမှု၏ အကြောင်းအရင်းကို ရှာဖွေ့ရန် အမိန့်ကို လက်ခံလိုက်ရတော့သည်။ ထို့ကြောင့်သာ မဟုတ်ပါလျှင် သူသည် ကျောက်လင်းယွီ၏ သင်္ဘောပေါ်သို့ အရဲစွန့်ကာ တက်မည် မဟုတ်ချေ။ 


သို့သော် ကျောက်လင်းယွီ၏ မျိုးရိုးဗီဇကို မရခဲ့သည့်အပြင် စွမ်းအင်ပုံဆောင်ခဲ အများအပြားကိုပါ ဆုံးရှုံးခဲ့လိုက်ရသည်။ ကျောက်လင်းယွီ၏ အသစ်ရရှိထားသော စွမ်းရည်များအကြောင်း မဆိုထားနှင့်။ သူ့ဘေးတွင် ရုတ်တရက် ထွက်ပေါ်လာသော ရမ်ရှန့်ကလည်း စွမ်းရည်ပိုင်ရှင် ကလေးလေးဦးကို တစ်ပြိုင်တည်း မွေးဖွားထားသေးသည်။ 


ကလေးမွေးဖွားရန်အတွက် လောယာမျိုးနွယ်စုသည် အခြားမျိုးနွယ်စုများကို ရှာ‌ဖွေလေ့ရှိကာ ထူးဆန်းသည့် ကလေးမွေးဖွားမှုများကိုလည်း တွေ့ဖူးသော်ငြား ထိုသူတစ်ဦးတစ်ယောက်ကမှ ကျောက်လင်းယွီလို မဟုတ်ကြချေ။ 


အာဟာရဆေးရည်၏ ဖြစ်တည်‌မှုကြောင့်သာ မဟုတ်ပါလျှင် ရမ်ရှန့်ကို အမြန်ဆုံး ပြန်ပေးဆွဲကာ စမ်းသပ်မိမည်ဖြစ်သည်။

103.2


သူတို့က ရမ်ရှန့်ကို သေချာပေါက် ထိခိုက်စေမည် မဟုတ်ချေ။ သုတေသနလုပ်ရန်အတွက် သူ့ဆံပင်၊ သွေးနှင့် အခြားအရာများကိုသာ ယူမည်ဖြစ်သည်။ သို့သော် သူ့ကို လက်ထပ်လိုသည့် အထက်တန်းလွှာများ အများအပြား ရှိနေပေသည်။ 


သူတို့၏ ဗီဇများကို လူသားများထံ ပေးအပ်ခဲ့စဉ်က လောယာမျိုးနွယ်စုတွင် လူဦးရေ သန်းတစ်ရာကျော် ရှိခဲ့သော်ငြား ယခုမူ သန်းတစ်ရာမျှသာ ရှိတော့ပြီး အများစုမှာလည်း လူအိုကြီးများဖြစ်သည်။ ဤအတိုင်းသာ ဆက်ပြီး ဖြစ်နေပါလျှင် နောင်နှစ်ငါးရာအတွင်း လောယာမျိုးနွယ်စုသည် လူဆယ်သန်းသာ ကျန်တော့မည်ဖြစ်သည်။ 


လောယာမျိုးနွယ်စုအတွင်းတွင် မရေမတွက်နိုင်သော ဂြိုဟ်များမှာ စွန့်ပစ်ခံလိုက်ရပြီး ၎င်းတို့၏ ပင်မကြယ်ကသာလျှင် အနည်းငယ် ကျော်ကြားပေတော့သည်။ 


မျိုးဆက်ပြန့်ပွားမှု ပြဿနာကိုသာ မ‌ဖြေရှင်းနိုင်ပါလျှင်‌ သေရုံမှတစ်ပါး ရွေးစရာ‌ရှိတော့မည် မဟုတ်ချေ။ 


ဆံပင်ပြာ၊ မျက်ဝန်းနီနှင့် Crohn အမည်ရ ဂြိုဟ်သားသည် လောယာမျိုးနွယ်စု၏ အုပ်စိုးသူဖြစ်သည်။  သူသည် မျိုးနွယ်စု၏ ရှားပါး ရှစ်ဆင့်မြောက် စစ်သူကြီးလည်း ဖြစ်ပြီး လောယာမျိုးနွယ်စုသည် ရမ်ရှန့်ကို အရေးထားကြောင်း သက်သေပြနိုင်ရန် ဖက်ဒရယ်သို့ သူ့ကိုယ်ပိုင် အဆင့်ရှစ်စစ်သင်္ဘောဖြင့် ရောက်လာခဲ့သည်။ 


ဖက်ဒရယ်သို့ ရောက်လျှင်ရောက်ချင်း ကော်ဘီယန်ကို ဦးစွာ ရှာဖွေကာ သူနှင့်အတူ မြို့တော်ကြယ်သို့ ထွက်လာခဲ့လိုက်သည်။


Corhn ၏ စစ်လေယာဉ်သည် ကိုယ်ယောင်ဖျောက်နိုင်စွမ်း ရှိသည့်အတွက် မြို့တော်ကြယ်အနီးသို့ ကပ်လာသည်အထိ သူတို့ကို မည်သူကမှ သတိမပြု‌မိချေ။ 


သူက ထိုအခွင့်အရေးကို အသုံးပြုကာ လူသားမျိုးနွယ်များကို လေ့လာရန် ကြံရွယ်ထားသော်ငြား မြောက်များလှစွာသော ဥက္ကာခဲပုံများအကြား ချာချာလည်နေသည့် ယာဉ်ပျံတစ်စီးကို မထင်မှတ်ဘဲ တွေ့လိုက်ရသည်။ 


ယာဉ်ပျံ၏ အဆင့်မှာ အင်မတန်နိမ့်ကာ နှေး‌ကွေးလှသော်ငြား မောင်းနှင်သူ၏ အရည်အချင်းမှာ သူ့လို စွမ်းအားကြီး မက်ခါမောင်းနှင်သူကိုပင် အံ့ဩမိစေသည်။ 


ထိုယာဉ်ပျံတွင် အားကောင်းလှသည့် စိတ်စွမ်းအင်တစ်ခုပါ ပူးတွဲပါရှိနေကြောင်းလည်း တွေ့လိုက်ရသည်။ 


လူသားတွေက စိတ်စွမ်းအင် မသုံးနိုင်ဘူး မဟုတ်လား အဲဒီ့ယာဉ်ပျံထဲမှာ ဘယ်သူတွေ ရှိနေတာလဲ ... 


တစ်ဖက်သူက သူ၏ တည်ရှိမှုကို တွေ့သွားသည့်အတွက် Corhn လည်း ယာဉ်ပျံကို သူတို့ရှေ့တွင် ရပ်တန့်လိုက်တော့သည်။ 


စစ်သင်္ဘောထဲတွင် ရှိနေခဲ့သူမှာ ကျောက်လင်းယွီ ဖြစ်သည်။ 


Corhnက သူနှင့် တွေ့ဆုံကာ ဤနေရာသို့ ရောက်နေရခြင်း၏ အကြောင်းအရင်းကို ရှင်းပြပြီးနောက် သူ့ဘေးတွင် ထိုင်နေသူကို ကြည့်လိုက်သည်။ 


ထိုသူမှာ အနက်ရောင်ဆံပင်၊ မဟူရာရောင်မျက်ဝန်းနှင့် အနည်းငယ် ရှက်ရွံ့နေဟန် အပြုံးတစ်ပွင့်ကို ချိတ်ဆွဲထားပြီး အန္တရာယ် မပြုနိုင်သည့် လူငယ်လေးနှင့်သာ တူနေပေသည်။ 


"ကော်ဘီယန် မင်း ကျောက်လင်းယွီအကြောင်း ဘယ်လောက်သိလဲ ..." 


သူက မေးလိုက်သည်။ 


"မဟုတ်သေးဘူး ကျောက်လင်းယွီနဲ့ ရမ်ရှန့်အကြောင်း ဘယ်လောက်သိလဲ ..." 


"ဒီကျောက်လင်းယွီက မရိုးရှင်းဘူးပဲ ..." 


Corhn က ထိုသို့ပြောရင်း လက်ချောင်းများကို ဝှေ့ယမ်းလိုက်လျှင် မြို့တော်ကြယ်၏ အခြေအနေတစ်ခုလုံး သူ့အရှေ့ရှိ စခရင်ပေါ်တွင် ထွက်ပေါ်လာတော့သည်။ လူများ ဥဒဟို သွားလာနေကြသည့် စည်ကားသော လမ်းမများကို ကြည့်နေရင်း ... 


"လူတွေ အများကြီး ကလေးတွေလည်း အများကြီးပဲ ..." 


အလွန်မြင့်မြတ်ကာ စွမ်းအားကြီးလှသည့် Corhn သည် သူ့အရှိန်အဝါများကို ရုတ်ချည်း ညင်သာစေလိုက်တော့သည်။ 


"ဒါတွေက သာမန်သူတွေပါ ..." 


ကော်ဘီယန်က ပြောလိုက်သည်။ သူ့အနေဖြင့် ဤမြင်ကွင်းများကြောင့် အံ့ဩခဲ့ရသည်မှာ ကြာနေပြီဖြစ်သည်။ 


" ငါတို့တွေက စွမ်းအားရဲ့အနောက်ကိုပဲ တကောက်ကောက် လိုက်နေခဲ့ပေမယ့် နောက်ဆုံးမှာတော့ မျိုးဆက်ပြန့်ပွားဖို့တောင် ပြဿနာ ဖြစ်လာပြီ ..." 


Corhn က သူ့နှုတ်ခမ်းထောင့်စွန်းတို့ကို ကိုင်ကာ ခါးသီးသည့် အပြုံးတို့ကို ဖုံးကွယ်လိုက်သည်။ 


ထိုအချိန်တွင် မြို့တော်ကြယ်ရှိ ဗဟိုဌာနချုပ်အဆောက်အဦးသည်လည်း အဆင့်မြင့်မျိုးနွယ်စုတို့ ရောက်ရှိလာသည့် သတင်းကို ရရှိထားကြပြီးဖြစ်သည်။ 


အဆင့်မြင့်မျိုးနွယ်စုတစ်ယောက် ရောက်လာတယ် ဟုတ်လား ... 


အဆင့်မြင့်မျိုးနွယ်စုများ၏ တည်ရှိမှုအကြောင်း သိရှိထားသော ဖက်ဒရယ်၏ ထိပ်သီးအရာရှိများသည် ထိုသတင်းကို ကြားလိုက်ရသည့်အတွက် ထိတ်လန့်ဝမ်းသာ ဖြစ်မိလာကြတော့သည်။ 


အဆင့်မြင့်မျိုးနွယ်စုများက စစ်ပွဲစတင်လာမည်ကို ထိတ်လန့်သော်ငြား ထိုသူတို့၏ ရောက်ရှိမှုသည် ဖက်ဒရယ်ကို အကျိုးထူးစေနိုင်သဖြင့်လည်း ဝမ်းသာမိသည်။ သူတို့၏ လက်ချောင်းကြားမှ ယိုစီးလာသည့် အချက်အလက်ကလေး တစ်ခုကပင်လျှင် ဖက်ဒရယ်၏ နည်းပညာအဆင့်အတန်းကို တစ်ဟုန်ထိုး တိုးတက်နိုင်စေသည်။ 


လော့ခဲမိသားစုခေါင်းဆောင်က တွေ့ဆုံပွဲအတွက် ကိစ္စအဖြာဖြာတို့ကို စီစဉ်နေပြီး ရန်ယဲ့က ထိုသူများကို သွားရောက်ကြိုဆိုရန် ပြင်ဆင်နေရသည်။ သို့သော် ထိုသို့ ပြင်ဆင်နေရသည့်တိုင် မုန်းတီးစိတ်များလည်း တိတ်တဆိတ် ဖြစ်ပေါ်လာနေတော့သည်။ 


ဘယ်လိုဖြစ်လို့ သူတို့က ကျောက်လင်းယွီကို လာတွေ့ရတာလဲ ... ဒီကျောက်လင်းယွီကတော့ တော်တော်ကို ကံကောင်းနေတာပဲ ... 


သို့သော် ကျောက်လင်းယွီကမူ ကံကောင်းသည်ဟု လုံးဝ မခံစားရပေ။ သူသည် ဂြိုဟ်သားသင်္ဘောနှင့်အတူ ဖက်ဒရယ်၏ စစ်တပ် ယာဉ်ရပ်နားရာနေရာသို့ ကမ်းကပ်ကာ အဆင့်မြင့် မျိုးနွယ်စုတို့၏ ရည်ရွယ်ချက်ကို စမ်းစစ်နေလိုက်သည်။ 


ဘာကြောင့်ပင်ဖြစ်စေ သူကတော့ ရမ်ရှန့်ကို တတ်နိုင်သရွေ့ ကာကွယ်ပေးသွားမည်ဖြစ်သည်။ 


"ရမ် ကိုယ်က ဗဟိုဌာနချုပ်ကို သွားရလိမ့်ဦးမယ် မင်း အရင်ပြန်လိုက်နော်..." 


"ကောင်းပါပြီ ..." 


ရမ်ရှန့်က ခေါင်းငြိမ့်ပြလိုက်သည်။ 


"မာရှယ်ကျောက် ဒါက မင်းရဲ့ လက်တွဲဖော် မဟုတ်လား သူ့ကိုပါ လိုက်လာခိုင်းလိုက်ပါ ..." 


စစ်သင်္ဘောထဲမှ ထွက်လာသော Corhn က ပြုံးကာ ပြောလိုက်သည်။ သို့သော် စကားပြန်၏ အသံမှာမူ ခံစားချက်ကင်းမဲ့နေသည်။ 


သူ့ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ရမ်ရှန့်၏ ဆံပင်တို့မှာ ထိုးထောင်လာတော့သည်။ သူ့အဖို့ ဖက်ဒရယ်ရှိ လူများမှာ သန်မာသည့်တိုင် ကြောက်စရာ မကောင်းလှသော်ငြား သူ့အရှေ့ရှိ လူမှာမူ ခြိမ်းခြောက်နေသည့် ခံစားချက်ကို ပေးစွမ်းနေသည်။ 


အရှိန်အဝါတို့ဖြင့် ဖိနှိပ်မှုသည် ရမ်ရှန့်ထံသို့သာ အများဆုံး ကျရောက်လာသည့်အတွက် ထိုသူ၏ အမြင်မှ ပုန်းကွယ်ရန် ကျောက်လင်းယွီ၏ နောက်ကျောဘက်သို့ ဝင်ပုန်းလိုက်သည်။ 


သူ့အပြုအမူကြောင့် ကျောက်လင်းယွီသည် သူ့ရှေ့ရှိ ထိုလူကို ပိုပြီး သတိကြီးကြီးထားလာကာ တစ်ချိန်တည်းတွင်ပင် နောင်တရလာသည်။ 


သူက ရမ်ရှန့်ကို ဒီထက်ပိုပြီး လုံခြုံအောင် ဖွက်ထားခဲ့သင့်တာကို...


မဟုတ်သေးဘူး ဖွက်ထားရင်တောင် သိပ်ပြီး အသုံးမဝင်လောက်ဘူး ဒီလူတွေက သူတို့အကြောင်း ရှာတွေ့နေပြီးသားလေ သူရော ရမ်ရှန်ရော ဘာစကေးမှ ထုတ်မပြရသေးခင်ကတောင် သူတို့က သူ့ရဲ့ မျိုးရိုးဗီဇကို လိုချင်နေကြသေးတာပဲလေ ... 


ထိပ်တိုက်ရင်ဆိုင်လိုက်တာက အကောင်းဆုံး ရှောင်ရှားနည်းပဲ ... 


Xxxxxxxxxx