အပိုင်း ၁၀၄
Viewers 18k

Chapter 104


သူတို့နှစ်ဦး၏ အပြုအမူကို မြင်လိုက်ရသည့် Corhn ကလည်း အကြည့်ချင်းဆုံအောင် စိုက်ကြည့်လိုက်သည်။ 


S အဆင့် စွမ်းရည်ပိုင်ရှင်သည် ဖက်ဒရယ်တွင် အသန်မာဆုံးဖြစ်သော်ငြား လောယာအဖွဲ့အစည်းအတွက်မူ မပြောပလောက်သည့် အနေအထားသာ ဖြစ်သည်။ သူတို့ဒေသရှိ အညံ့ဖျင်းဆုံးသူသည်ပင် S အဆင့် သို့မဟုတ် သူတို့အခေါ် တတိယအဆင့် စွမ်းရည်ကို ပိုင်ဆိုင်ထားပေသည်။ 


ထို့ကြောင့် Corhn သည် ကျောက်လင်းယွီကို စိတ်ကူးထဲပင် ထည့်မထားခဲ့ချေ။ သို့သော် ယခု မြင်လိုက်ရချိန်တွင်မှ ကျောက်လင်းယွီ၏ စွမ်းရည်မှာ S အဆင့်ထက် အနည်းငယ် ကျော်လွန်နေကြောင်း တွေ့လိုက်ရသည်။ 


သူက ဇာ့ဂ်ဘုရင်မကို အနိုင်တိုက်နိုင်တာ မထူးဆန်းတော့ပါဘူး ... 


Corhn က အထင်ကြီးမှုအပြည့်ဖြင့် သက်ပြင်းချလိုက်သည်။ သို့သော် ရမ်ရှန့်အပေါ် ကျရောက်သွားသည့် သူ့အကြည့်တို့မှာမူ အထင်အမြင်သေးမှုတို့ဖြင့်သာ ပြည့်နှက်နေပေသည်။ 


သူသည် ပျော့ညံ့ကာ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပိန်လှီသူများကို အမြဲလိုလို အထင်သေးခဲ့သည်။ သူ့အရှေ့ရှိ ရမ်ရှန့်မှာလည်း ထိုပုံစံမျိုးပင် ဖြစ်ကာ ကလေးမွေးပေးနိုင်သည့် အချက်တစ်ချက်သာ ကောင်းကွက်ရှိပေသည်။ 


သို့သော် သူဒီကို ရောက်မလာခင် သူ့မိဘများက ရမ်ရှန့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံရန်နှင့် လက်ထပ်နိုင်ပါလျှင် အကောင်းဆုံးဖြစ်သည်ဟု မှာကြားခဲ့သည့်အတွက် သူ၏ အထင်သေးမှုများကို ချိုးနှိမ်ကာ ရမ်ရှန့်အနားသို့ တိုးလာပြီး ပြုံးပြလိုက်သည်။ 


သူ့အသားအရေမှာ ဖြူဖွေးချောမွေ့‌နေကာ ရုပ်ရည်သွင်ပြင်မှာလည်း မြင်ရသူတိုင်း သဘောကျလောက်အောင် တင့်တယ်လှပေသည်။ ခန္ဓာကိုယ်အချိုးအစားမှာ အနည်းငယ် အားနည်းဟန် ရှိသော်ငြား အိမ်ထဲတွင်သာ နေရမည်ဖြစ်သဖြင့် များစွာ အရေးမကြီးလှပေ။ 


သူ့အကြည့်တို့က ရမ်ရှန့်ထံတွင်သာ အကြာကြီး ကပ်ငြိနေသည့်အတွက် ကျောက်လင်းယွီ၏ မျက်မှောင်အစုံတို့မှာ တွန့်ကွေးလာကာ ရမ်ရှန့်ကလည်း သူ့နောက်ထဲသို့ ဝင်ပုန်းနေလိုက်တော့သည်။ 


ဒီသူစိမ်းက သူ့ကို ဝါးစားတော့မလိုကြီး ကြည့်နေတာပဲ ... 


သူ့ခန္ဓာကိုယ်ကို ကျောက်လင်းယွီတစ်ဦးတည်းအား ပေးရန်သာ လိုလားပြီး ထိုသူ၏ စားသုံးခြင်းကိုတော့ မခံလိုပေ။ သူ့ခန္ဓာကိုယ်မှာ အပြည့်အဝ ပုန်းကွယ်ထား၍ မရလောက်အောင် ကြီးမားနေသည့်အတွက် အနည်းငယ် စိတ်ညစ်လာ‌မိတော့သည်။ 


ထိုအချိန်တွင် လောယာမျိုးနွယ်စုများကို ကြိုဆိုမည့် ဖက်ဒရယ်အစိုးရအဖွဲ့ ရောက်ရှိလာတော့သည်။ 


ဖက်ဒရယ်အစိုးရက အဆင့်မြင့်မျိုးနွယ်စုတို့ မြို့တော်ကြယ်သို့ ရောက်လာသည့်အကြောင်းကို သတင်းဌာနများအား အသိမပေးဘဲ ထိပ်သီးအရာရှိများကိုသာ ဖိတ်ကြားခဲ့သည်။ 


ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့က Corhn ကို စိုက်ကြည့်ကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။ ထိုအခါမှသာ ဘေးနားရှိ လူများမှာလည်း စိတ်သက်သာရာ ရသွားတော့သည်။ ထိုအချိန်တွင် ရမ်ရှန့်က ကျောက်လင်းယွီကို တီးတိုးပြောလိုက်သည်။ 


ကျောက်လင်းယွီက နှုတ်ခမ်းလှုပ်သွားသည်ကို ကောင်းကောင်းကြီး ဖတ်တတ်ပေသည်။ 


ရမ်ရှန့်က ထိုသည်ကို နားမလည်သည့်တိုင် သူ့ကို အသံတစ်သံမှ မထွက်ဘဲ မေးမြန်းရန်မှာ အလွန်လွယ်ကူလှပေသည်။ 


"ဟိုလူရဲ့ နောက်က တစ်ယောက်က ခင်ဗျားကို အပ်နဲ့ထိုးဖို့ လုပ်ခဲ့တဲ့ ကြယ်ဓားပြလေ ..." 


ရမ်ရှန့်က အသံတိတ် ပြောလိုက်သည်။ ထိုသူ၏ ရုပ်ရည်မှာ ပြောင်းလဲသွားသည့်တိုင် ကိုယ်နံ့မှာတော့ ပြောင်းလဲမသွားသည့်အတွက် မှတ်မိနေခြင်းဖြစ်သည်။ 


ကော်ဘီယန် ဟုတ်လား သူ့ကို အမျိုးသမီးလို့ ထင်ထားတာ ဒီလိုလူဖြစ်နေပါရောလား ... 


ကျောက်လင်းယွီလည်း အနည်းငယ် အံ့ဩမိနေစဉ် ရမ်ရှန့်၏ နှုတ်ခမ်းတို့ လှုပ်သွားပြန်သည်ကို ထပ်မြင်လိုက်ရတော့သည်။ 


"အဲဒီမကောင်းဆိုးဝါးကြီးက ကျွန်တော့်ကို စားချင်နေတယ် လင်းယွီ ဘယ်လိုလုပ်ရမလဲ ..." 


ရမ်ရှန့်သည် ဂျင်ဆင်းဝိဉာဉ်အစစ်ဖြစ်သော်ငြား ထိုသူက သူ့ကို စားမည့်အစား ‌ချောင်ပိတ်ကာ ဆော့ကစားနေမည်ကို ကြောက်ရွံ့နေမိသည်။ ထို့ကြောင့် ကျောက်လင်းယွီက သူ့လက်ကိုကိုင်ကာ ပြောလိုက်သည်။ 


"မစိုးရိမ်ပါနဲ့ ကိုယ် ဒီမှာ ရှိတယ် အားလုံး အဆင်ပြေသွားမှာပါ နော် ..." 


"Mm-hmm..." 


ရမ်ရှန့်က‌ ခေါင်းငြိမ့်ပြလိုက်သည်။ သူ၏ စိတ်ဖိစီးမှုတို့မှာ အနည်းငယ် လွင့်စင်သွားချေပြီ။ 


ထိုသည်ကို မြင်လိုက်ရသည့်အတွက် ကျောက်လင်းယွီလည်း သူနှင့်အတူ ထွက်လာလိုက်တော့သည်။ 


Corhn က ဖက်ဒရယ်သို့ သူရောက်လာရသည့် အကြောင်းအရင်းကို ထုတ်ပြောမလာသည့်အတွက် ဖက်ဒရယ်အစိုးရအဖွဲ့မှာလည်း မခန့်မှန်းတတ်တော့ချေ။ ထို့ကြောင့် သူတို့က သတိကြီးကြီးထားကာ သူ့ကို ညနေပိုင်းတွင် ကြိုဆိုပွဲတစ်ခု ကျင်းပလိုခြင်းရှိမရှိ မေးမြန်းလိုက်တော့သည်။ 


"ကြိုဆိုပွဲလား ကောင်းသားပဲ ဒီဂြိုဟ်ပေါ်က S အဆင့်နဲ့ A အဆင့် စွမ်းရည်ပိုင်ရှင်တွေအားလုံးကိုပါ ဖိတ်ထားလိုက် ပြီးတော့ အခုလေးတင် တွေ့ခဲ့တဲ့နှစ်ယောက် သူတို့လည်း မပျက်မကွက် တက်ရောက်မယ်လို့ မျှော်လင့်မိတယ် ..." 


သူက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ 


ကျောက်လင်းယွီနှင့် ရမ်ရှန့်တို့က အလျင်အမြန် ပုန်းနေလိုက်ကြသည့်တိုင် အချို့ကိစ္စများမှာ ရှောင်ပုန်းနေရုံဖြင့် ပြီးမသွားချေ။ Crohn က ထိုသို့ ပြောလာသည့်အတွက် လူတိုင်းက ဖြစ်မြောက်အောင် စီစဉ်ပေးကြတော့မည်ဖြစ်သည်။ 


Gerd သည်လည်း ထိုအကြောင်းကြားချက်ကို ချက်ခြင်း လက်ခံရရှိခဲ့သည်။ 


သူ့ဗိုက်ထဲတွင် ကလေးနှစ်ယောက် ရှိနေကြောင်း သိလိုက်ရကတည်းက သူလုပ်သင့်သည်များအားလုံးကို အစီအစဉ် ဆွဲထားပြီးဖြစ်သည်။ 


ဦးစွာ ရမ်ရှန့်ကို ဆက်သွယ်ပြီး အာဟာရဆေးရည်များကို လုံလုံလောက်လောက် ဝယ်ထားရမည်ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် လအနည်းငယ်ခန့် လူသူဝေးရာတွင် နေထိုင်ရမည်ဖြစ်သည်။ 


သူ့ကလေးများမှာ တစ်လသားအရွယ် ဖြစ်နေကြပြီဖြစ်ရာ သူတို့ကို ပိုပြီး အာရုံစိုက်ပေးရတော့မည်ဖြစ်သည်။  နောက်ထပ်လေးလကြာပါလျှင် သူတို့ကို ခွဲထုတ်ကာ အနွေးသေတ္တာထဲတွင် ပျိုးထောင်မည်ဖြစ်သဖြင့် ထိုအချိန်ရောက်လျှင် သူ့ဗိုက်မှာ အလွန်အကျွံ ဖောင်းကားနေမည် မဟုတ်ချေ။ 


ထိုအချိန်အတောအတွင်း သူသည် အန္တရာယ်များသည့် သုတေသနတို့ကို ဆောင်ရွက်၍ မရသဖြင့် သူ့ကိုယ်ဝန်အကြောင်း လူမသိစေရန် အခြားဂြိုဟ်တစ်ခုသို့ သွားနေရမည်ဖြစ်သည်။ ကလေးများ၏ စွမ်းရည်အတွက်မူ ... 


ယေဘုယျအားဖြင့် ရင်သွေးများသည် စွမ်းရည်အဆင့်မြင့်သူ၏ စွမ်းရည်ကိုသာ အမွေဆက်ခံကြပြီး သူနှင့် ဖန့်ချန်ကျွင့်တို့မှာ အဆင့်အတူတူ ဖြစ်သည့်အတွက် ... 


ကလေးတွေက သူ့ဗီဇကို အမွေဆက်ခံသင့်တာပေါ့ မဟုတ်ဘူးလား သူကမှ အလုပ်ကြိုးစားပြီး ကိုယ်ဝန်ဆောင်ခဲ့ရတဲ့သူလေ ... 


ထိုသို့သော အကြံဖြင့် သူက ရမ်ရှန့်ကို အမြန်ဆုံး ဆက်သွယ်လိုသော်ငြား ထို‌သို့ပြောခြင်းသည် မရှင်းလင်းသည့်အပြင် အန္တရာယ်လည်း များသည့်အတွက် လူကိုယ်တိုင် သွားရှာရန်သာ ဆုံးဖြတ်လိုက်သည်။ 


ထိုအချိန်တွင် အဆင့်မြင့်မျိုးနွယ်ဝင်တစ်ဦး အလည်အပတ်လာသဖြင့် S အဆင့်နှင့်  A အဆင့် စွမ်းရည်ပိုင်ရှင်အားလုံး ကြိုဆိုပွဲသို့ တက်ရောက်ရမည်ဖြစ်ကြောင်းနှင့် ပွဲတက်ဖော် ခေါ်လာနိုင်ကြောင်း အကြောင်းကြားစာကို လက်ခံရရှိလိုက်သည်။

104.2


အဆင့်မြင့်မျိုးနွယ်စု ... 


ထိုစာကိုဖတ်ရင်း စိတ်လှုပ်ရှားလွန်း၍ နှလုံးခုန်သံတို့ပင် မြန်ဆန်လာတော့သည်။ သုတေသီတစ်ဦးအနေဖြင့် အဆင့်မြင့်မျိုးနွယ်စုတို့၏ နည်းပညာများမှာ သူ့အတွက် အခြားသူများထက်ပိုပြီး ဆွဲဆောင်မှု ရှိနေပေသည်။ 


ထိုသည်သာမက ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့လည်း လာရမည်ဖြစ်သဖြင့် အဝတ်အစား ပြင်ဆင်ကာ ထွက်လာလိုက်သည်။ ထို့နောက် ခြေလှမ်းအနည်းငယ် ပြန်ဆုတ်ကာ အာဟာရဆေးရည်တစ်ပုလင်းကို ပြန်သယ်လိုက်သည်။ 


ယခင်က သူ့ခန္ဓာကိုယ် တောင့်မခံနိုင်တော့ဘဲ အာဟာရဆေးရည်ကို တောင်းဆိုလာသည်အထိ စောင့်နေခဲ့သေးသော်ငြား နောက်ပိုင်းတွင်တော့ ထိုသို့ မလုပ်ဝံ့တော့ချေ။ ယခု သူ့ဗိုက်ထဲတွင် ကလေးနှစ်ယောက်လည်း ရှိနေပေသည်။ 


သူက ကြိုဆိုပွဲသို့ အစောကြီး ရောက်သွားသည့်အတွက် အဆင့်မြင့်မျိုးနွယ်စုဧည့်သည်များမှာ ရောက်မလာသေးချေ။ ထို့ကြောင့် တစ်နေရာတွင် ဝင်ထိုင်ကာ စားပွဲထိုးကို စားစရာများ မှာယူလိုက်သည်။ 


"ငါးပေါင်းနဲ့ လတ်ဆတ်တဲ့ အသီး နည်းနည်းလောက် ပေးပါ ..."


သူက ကလေးများအတွက် သင့်လျော်သည်များကို ရွေးချယ်မှာယူလိုက်သည်။ 


"အရင်က ငါးကင်ကို ကြိုက်ခဲ့တာ မဟုတ်ဘူးလား ဘာလို့ ငါးပေါင်းကို စားတာလဲ ..." 


ဖန့်ချန်ကျွင့်က အနားရောက်လာပြီး မေးလိုက်သည်။ 


"အခု စားရတာ ကြိုက်သွားလို့လေ အဲဒီ‌တော့ ဘာဖြစ်လဲ ..." 


သူက ဖန့်ချန်ကျွင့်ကို စိုက်ကြည့်လိုက်သော်ငြား တစ်ဖက်သူ၏ အပြုံးတို့ကို တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် ချက်ခြင်း အကြည့်လွှဲလိုက်တော့သည်။ 


ဖန့်ချန်ကျွင့်သည် ကြည့်ကောင်းသည်ဟု တွေးမိခြင်းမှာ ရူးကြောင်ကြောင်နိုင်လှသည်ဟု ခံစားမိလိုက်တော့သည်။ 


ပြီးတော့ နေပါဦး ဖန့်ချန်ကျွင့်က သူ ငါးကင်ကြိုက်မှန်း ဘယ်လိုလုပ် သိတာလဲ အစားရွေးတဲ့သူ မဟုတ်တဲ့အပြင် ဘယ်ဟင်းပွဲမဆို နည်းနည်းစီပဲ စားတဲ့သူဖြစ်လို့ ဘယ်သူကမှ သူ့အကြိုက်ကို မသိခဲ့ဖူးဘူးလေ ... 


ဖန့်ချန်ကျွင့်က သူ့ကို တကယ်ကြီး ကြိုက်နေတာများလား ... 


ထိုအတွေး ဝင်လာသည်နှင့်တစ်ပြိုင်နက် ခေါင်းယမ်းကာ ချက်ခြင်း မောင်းထုတ်ပစ်လိုက်တော့သည်။ 


သူနှင့် ဖန့်ချန်ကျွင့်သည် အသက်အရွယ်များစွာ ကွာဟလှသည့်အပြင် ယခင်က သူ့ကို အမြဲလိုလို ပစ်မှတ်ထားနေခဲ့သည့်အတွက် ဖန့်ချန်ကျွင့်က သူ့ကို ကြိုက်လာရန်အကြောင်း မရှိပေ။ 


ဒီတိုင်း သူ့ကို မြူဆွယ်ချင်ရုံလောက်ပဲ ရှိမှာပါ ဟုတ်တယ် မဟုတ်လား ... 


"ပေါင်းထားတာဆိုလည်း ကောင်းပါတယ် ကျန်းမာရေးနဲ့ ညီညွတ်တာပေါ့ ..." 


ဖန့်ချန်ကျွင့်က ဘေးနားဝင်ထိုင်ကာ ပြောလိုက်သည်။ 


"တကယ်ပဲ ကိုယ်နဲ့အတူတူ နေဖို့ကို မစဉ်းစားတော့ဘူးလား ကလေးသာ ကိုယ်နဲ့တူရင် တကယ်ကို ချစ်ဖို့ကောင်းမှာနော် ..." 


သူ့မျက်ဝန်းတို့်မှာ အင်မတန် ဆွဲဆောင်နိုင်လွန်းသည့်အတွက် Gerd ၏ နှလုံးသားတစ်ခုလုံး ယားယံလာကာ သူ့အတွေးထဲတွင် ပြီးခဲ့သည့် နှစ်တစ်‌ရာကျော်ခန့်က တွေ့ခဲ့ဖူးသည့် ဖန့်ချန်ကျွင့်နှင့် တစ်ပုံတည်း တူနေမည့် ဖန့်ချန်ကျွင့်အသေးစားလေးနှစ်ခု ထွက်ပေါ်လာတော့သည်။ 


မဟုတ်သေးပါဘူး မွေးမယ့်သူက သူလေ ဘာလို့ သူနဲ့ မတူဘဲ ဖန့်ချန်ကျွင့်နဲ့ တူရမှာလဲ .... 


သူက ဖန့်ချန်ကျွင့်ကို စိုက်ကြည့်နေရင်း ရုတ်တရက် သတိရသွားတော့သည်။ 


"ဟုတ်သားပဲ မင်းအမေကလည်း သူနဲ့ တွဲမလားလို့ တစ်ခါမေးဖူးသေးတယ် ငါက မင်းအဖေ ဖြစ်တော့မလို့နော် ..." 


ပြီးခဲ့သည့်နှစ်များစွာ ဖန့်ချန်ကျွင့်ပင် မမွေးသေးချိန်က ဖန့်မိသားစု၏ အကြီးဆုံးမမလေးသည် သူ့ကို ဖန့်ချန်ကျွင့်ကဲ့သို့ မက်မွန်ပွင့်သဏ္ဍာန် မျက်ဝန်းတို့ဖြင့် စိုက်ကြည့်ကာ မေးခဲ့ဖူးသည်။ 


"Gerd က တစ်နေ့တစ်ခြားကို ချစ်ဖို့ကောင်းလာတာပဲနော် မင်း ဒီကျဲကျဲရဲ့နောက်ကို လိုက်ချင်လား အနာဂတ်မှာ မင်းအပေါ် သေချာပေါက် ကောင်းပေးမယ်လေ ..." 


ဖန့်ရူက စနောက်ခဲ့ခြင်းသာ ဖြစ်သော်ငြား ထိုအချက်ကို သုံးကာ ဖန့်ချန်ကျွင့်ကို မငြင်းနိုင်ဟု မဆိုလိုပေ။ 


ထိုအကြောင်းကို ကြားလိုက်သည့် ဖန့်ချန်ကျွင့်မှာ ကြက်သေသေသွားသော်ငြား Gerd ကလည်း သူ့မျက်နှာ၏ အရည်ထူနိုင်မှုကို လျော့တွက်လွန်းသည်။ ထို့နောက် သူက ပြုံးကာ ပြောလိုက်သည်။ 


"ကိုယ့်အမေကလည်း ကိုယ့်လိုမျိုး အကောင်းမြင်တတ်သားပဲ ကြည့်ပါ့လား ဖန့်မိသားစုက မင်းကို မျိုးဆက်နှစ်ဆက်တောင် ကြိုက်လာတာလေ ကိုယ့်အမေကို ငြင်းခဲ့ပြီးသားဆိုတော့ အခု ကိုယ့်ကိုပါ ထပ်ငြင်းရင် အကြင်နာမဲ့လွန်းရာ ကျသွားမှာပေါ့ ..." 


"... ဖန့်ချန်ကျွင့် မင်းမျက်နှာက ဒီ့ထက်ရော ပိုထူနိုင်သေးလား ..." 


"ကိုယ်က ဘယ်အချိန်တုန်းကများ မျက်နှာမပျက်အောင် ထိန်းဖို့ လိုသွားတာလဲ ..." 


သူက Gerd ၏ လက်ကိုဆွဲကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


ဒီဖန့်ချန်ကျွင့်ကတော့ တကယ်ကို အရှက်မရှိတာပဲ ... 


Gerd က သူ့လက်များကို ပြန်ဆွဲယူနေစဉ် ခန်းမတံခါး ပွင့်သွားပြီး အပြာရောင်ဆံပင်၊ နီမြန်းသော မျက်ဝန်းတို့နှင့် အမျိုးသားတစ်ဦးသည် လူတစ်စုခြံရံကာ ဝင်လာသည်။ 


ဒီလူက အဆင့်မြင့်မျိုးနွယ်စုကလူပေါ့ ဟုတ်လား ... 


Gerd သည် အခြားမျိုးနွယ်များစွာကို မြင်ဖူးထားသည့်အတွက် အဆင့်မြင့်မျိုးနွယ်စုမှ သူများသည် လူသားများနှင့် များစွာ ကွဲပြားနေလိမ့်မည်ဟုသာ တွေးထားခဲ့ရာ ဤမျှ ဆင်တူနေလိမ့်မည်ဟု မျှော်လင့်မထားမိပေ။ 


ကျောက်လင်းယွီက သူ့ကို အဆင့်မြင့်မျိုးနွယ်စုများ၏ မက်ခါမောင်းနှင်ပုံအကြောင်း ပြောပြထားဖူးရာ မက်ခါနှင့်ပတ်သက်ပြီး စိတ်ကူးစိတ်သန်းများစွာ ရှိနေသည့်အတွက် သူ့အကြည့်တို့မှာ တလက်လက် တောက်ပ‌လာတော့သည်။ 


ဒီအဆင့်မြင့်မျိုးနွယ်စုတွေကလည်း မက်ခါနဲ့ ပတ်သက်ပြီး တစ်ခုခု သိထားမှာပဲ ဟုတ်တယ် မဟုတ်လား ... 


ဒီဂြိုဟ်သားတွေက ဘာကောင်းတာ ရှိလို့လဲ ... 


ဖန့်ချန်ကျွင့်က Gerd ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းမည် ပြုလုပ်သည်။ သို့သော် မထင်မှတ်ထားစွာဖြင့် ထိုသူက ရုန်းထွက်ကာ ဂြိုဟ်သားများထံ လျှောက်သွားတော့သည်။ 


သူလည်း အလောတကြီး လိုက်သွားလိုက်သည်။ 


Corhn က သူ့နားတွင် ဝိုင်းအုံနေသူများကို အရေးမပေးဘဲ သူ့အာရုံအလုံးစံကို ကျောက်လင်းယွီနှင့် ရမ်ရှန့်တို့ထံတွင်သာ စုပုံထားလိုက်သည်။ 


"မင်းတို့နှစ်ယောက်က တကယ်ကို အစောကြီး ခြေရာဖျောက်သွားတာပဲ ..." 


"မစ္စတာ Corhn က ဘာကို ဆိုလိုချင်တာလဲ မသိဘူး ကျွန်တော်တို့က ဒီနေရာမှာပဲ တစ်ချိန်လုံး ရှိနေခဲ့တာပါ ..." 


ကျောက်လင်းယွီက ချက်ခြင်း ပြောလိုက်သည်။ 


"အဲဒီ့လိုကိုး ..."


Crohn က ခပ်ပြုံးပြုံးဖြင့် သံယောင်လိုက်ကာ မေးလိုက်သည်။ ကျောက်လင်းယွီနှင့် ရမ်ရှန့်တို့ အစောကြီး ပျောက်သွားကြကြောင်း သိခဲ့ရစဉ်က အလွန်မတန် ဒေါသထွက်ခဲ့ရသေးသည်။  


ဒီနှစ်ယောက်က တကယ်ကို အထူအပါး နားမလည်ကြတာပဲ ... 


"ဟုတ်ပါတယ် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


Xxxxxxxxx