အပိုင်း ၁၀၅
Viewers 18k

Chapter 105


Crohn က မရပ်မနား အနှောင့်အယှက်ပေးနေခဲ့သည့်အတွက် သူသည် အစောကြီးကတည်းက ရမ်ရှန့်ကိုခေါ်ကာ ဤခန်းမထဲတွင် စောင့်ဆိုင်းနေခဲ့သည့်အတွက် ထိုနေရာတွင် တစ်ချိန်လုံး ရှိနေခဲ့သည်ဟု ဆိုနိုင်ပေသည်။ 


"ဒါဆိုရင်တော့ ကျွန်တော် အမှတ်မှားသွားတာ ထင်ပါတယ် မာရှယ်ကျောက် ဒီတစ်ခေါက် ဖက်ဒရယ်ကို လာတဲ့ ခရီးစဉ်က မာရှယ်နဲ့ ပတ်သက်ပြီး လုပ်စရာ ရှိနေလို့ပါ ..." 


သူက ကွေ့ဝိုက်မနေတော့ဘဲ အားလုံးအရှေ့တွင် တည့်တိုး ပြောလိုက်သည်။ 


"အာဟာရဆေးရည်ရဲ့ ဖော်မြူလာကို သိချင်ပါတယ် ပြီးတော့ မာရှယ့်ရဲ့ ကလေးတွေကိုလည်း တွေ့ချင်သေးတယ် ..." 


သူ့ရည်ရွယ်ချက်မှာ အာဟာရဆေးရည်ဖြစ်ကြောင်းကို ကျောက်လင်းယွီလည်း ရိပ်မိထားသော်ငြား ဤသို့ လူသိရှင်ကြား ထုတ်ပြောလာလိမ့်မည်ဟုတော့ မျှော်လင့်မထားပေ။ 


Crohn က ဘေးပတ်လည်ကို ကြည့်ကာ ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


"မာရှယ်ကျောက်ကသာ ဖော်မြူလာကို အသာတကြည်ပေးပြီး သူ့ကလေးတွေကို တွေ့ခွင့်ပေးမယ်ဆိုရင် လူသားမျိုးနွယ်တွေထက် အနည်းဆုံး နှစ်တစ်ရာလောက် ခေတ်ရှေ့ပြေးနေတဲ့ အဆင့်မြင့်မျိုးနွယ်စုရဲ့ သိပ္ပံနဲ့ နည်းပညာတွေကို လက်ဆင့်ကမ်းပေးမယ် ..." 


သူ စတင်တောင်းဆိုလိုက်ကတည်းက ခန်းမတစ်ခုလုံး ငြိမ်ကျသွားကာ စကားပြန်စက်၏ အသက်မပါသော အသံကသာ ခန်းမတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ 


ထို ခံစားချက်မဲ့နေသော အသံကြောင့်ပင် Crohn ၏ တောင်းဆိုမှုသည် ခြိမ်းခြောက်မှုနှင့် ပိုတူသွားချေတော့သည်။ 


သို့သော် ကံမကောင်းစွာဖြင့် ကျောက်မိသားစုမှတစ်ပါး ကျန်သူအားလုံးက ထိုခြိမ်းခြောက်မှုကို လက်ခံလိုကြသည်။ 


ကျောက်လင်းယွီက အာဟာရဆေးရည်ကို အမြတ်တင်ကာ ရောင်းခဲ့သည့်အတွက် မနာလိုဖြစ်နေကြသည်မှာ ကြာလှပြီဖြစ်သည်။ အတိတ်အချိန်များတွင် ကျောက်မိသားစုသည် အလွန် စွမ်းအားကြီးသဖြင့် လေသံပင် ဟဟ မထွက်ရဲသော်ငြား ယခုမူ ကျောက်မိသားစုထက် စွမ်းအားကြီးသူများ ပေါ်လာပြီဖြစ်သည့်တိုင် ကျောက်မိသားစုနောက်သို့သာ လိုက်ရန် ရွေးချယ်ဦးမည်ဖြစ်သည်။ 


"လင်းယွီ ဒီဖော်မြူလာ‌ကို ပေးလိုက်ရုံနဲ့ ဖက်ဒရယ်တစ်ခုလုံး ကောင်းကျိုးတွေ အများကြီး ရမှာလေ မင်းအနေနဲ့ သဘောမတူလို့ မရဘူး ..." 


ရန်ယဲ့က ပြောလိုက်သည်။ 


"ဟုတ်တယ် မာရှယ် အဲဒါက ဆေးဖော်မြူလာလေး တစ်ခုပဲလေ ..." 


ရန်မိသားစုနှင့် ရင်းနှီးသည့် စွမ်းရည်ပိုင်ရှင်တစ်ဦးက ဝင်ပြောလိုက်သည်။ 


"မာရှယ် ဒါက ဖော်မြူလာလေးပဲလေ ပြီးတော့ သိပ်မကြာခင် တိုးတက်လာနိုင်မယ့် အခွင့်အရေးလေ ..." 


လော့ခဲမိသားစုနှင့် ရင်းနှီးနေသူတစ်ဦးကပါ ဝင်ပြောလိုက်သည်။ 


သူ့ဘေးနားရှိ လူများက တစ်ယောက်တစ်ပေါက် နားချနေကြသော်ငြား ကျောက်လင်းယွီကမူ တိတ်တဆိတ် သရော်နေလိုက်သည်။ 


အာဟာရဆေးရည်မှာသာ ဖော်မြူလာ တကယ်ရှိနေရင် Crohn ကို တကယ် ပေးလိုက်မှာ သူ့ရဲ့ ဟန်ဆောင်နေတဲ့ မျက်နှာဖုံးကြီး ကျွတ်ကျသွားအောင်ပေါ့ ... 


"မစ္စစတာ Crohn ရေ ဖော်မြူလာကို ပြောပြလိုက်ရင်တောင် ခင်ဗျားအတွက် အသုံးမဝင်နိုင်မှာပဲ စိုးရိမ်မိပါတယ်ဗျာ တကယ်တမ်းတော့ အာဟာရဆေးရည် ဖော်စပ်တဲ့နေရာမှာ ဖော်မြူလာရယ်လို့ တိတိကျကျ မရှိပါဘူး သူ့ရဲ့အာနိသင် ရလာအောင် အထူးဆေးပင်တစ်မျိုးကို ထည့်သွင်းရရုံလေးတင်ပါ ဒါပေမယ့် အဲဒီဆေးပင်ကလည်း အခုအချိန်အထိတော့ ကျောက်မိသားစုမှာပဲ စိုက်ပျိုးလို့ ရတာပါ ..." 


သူ၏ ငြင်းပယ်မှုကို ကြိုတွေးထားပြီးဖြစ်၍ Crohn က ဂရုမစိုက်ဟန်ဖြင့် ပြုံးပြလိုက်သည်။ 


"ဒါဆို မာရှယ့်ရဲ့ ကလေးတွေကရော ကျွန်တော်က ကလေးချစ်တတ်တဲ့သူလေ မာရှယ်က လေးမြွာပူးတောင် မွေးထားတယ်လို့ ကြားတော့ သူတို့ကို အရမ်း တွေ့ချင်နေတာ ..." 


ကျောက်လင်းယွီ၏ အပေါ်ယံသွင်ပြင်မှာ မျက်နှာသေအတိုင်းသာ ဖြစ်နေသေးသော်ငြား သူ့နှလုံးခုန်သံမှာမူ ပုံမှန်ထက် အဆပေါင်းများစွာ ပြင်းထန်နေပေ၏။  


သူ့ကလေးတွေ ... သူ့ကလေးတွေက အခုအချိန်အထိ ဥတောင် မပေါက်သေးတာကို ... ဒီဂြိုဟ်သားကောင်တွေက ကြံစည်ရဲနေပြီပေါ့ ဟုတ်လား .... 


"မစ္စတာ Crohn ကို ကျေးဇူးတင်ပါတယ် ဒါပေမယ့် ကျွန်တော့်ကလေးတွေက လမစေ့ဘဲ မွေးလာရတော့ အနွေးသေတ္တာထဲမှာပဲ ထားထားရတယ်လေ အဲဒါကြောင့် ဒီနေရာကို ခေါ်လာပေးဖို့က အဆင်မပြေလောက်ဘူးထင်တယ် ..." 


"ဒါဆိုလည်း သူတို့ကို တွေ့ရအောင် မာရှယ့်အိမ်ကို လိုက်ခဲ့မယ်လေ ..." 


သူက ပြောလိုက်သည်။ လောယာအင်ပါယာတွင် မိသားစုတစ်စု၌ ကလေးတစ်ယောက် မွေးလေတိုင်း လူတိုင်းက သွားရောက်ကြည့်ရှုကြသည့်အတွက် အခြားသူ၏ အိမ်သို့ အလည်သွားကာ ကလေးကြည့်ခြင်းသည် ထူးဆန်းသည်ဟု မခံစားမိပေ။ 


ထို့အပြင် ထိုကလေးလေးဦး၌ အမှန်တကယ် စွမ်းရည်ပိုင်ဆိုင်ထားခြင်း ရှိမရှိကိုလည်း ဆန်းစစ်ရဦးမည် ဖြစ်သည်။ 


ကျောက်လင်းယွီက ထို‌ပြဿနာကို မည်သိူ့ ရှောင်လွှဲရမလဲ စဉ်းစားနေစဉ် Crohn ၏ နာရီမှ ထူးထူးဆန်းဆန်း ဂီတသံတစ်ခု ထွက်ပေါ်လာသည်။ သူက ထိုသည်ကို ကြည့်လိုက်ရင်း အံ့ဩတကြီး ရေရွတ်လိုက်သည်။


"ဒီမှာ နောက်ထပ် ကိုယ်ဝန်သည်တစ်ယောက် ထပ်ရှိနေသေးတယ်လား ပြီးတော့ အမြွာကိုယ်ဝန် ..."


လောယာမျိုးနွယ်စုတို့အတွက်မူ ကလေးထက်ပိုပြီး အရေးကြီးသည့်အရာဟူ၍ မရှိချေ။ 


ယခင်က အမျိုးသမီးတစ်ဦးသည် သူ့တွင် ကိုယ်ဝန်လွယ်ထားရမှန်း မသိခဲ့ဘဲ နောက်ပိုင်းတွင် ကိုယ်ဝန်ပျက်ကျခဲ့သဖြင့် ထိုအချိန်မှစကာ လောယာမျိုးနွယ်ဝင်တို့သည် သန္ဓေသားကို အာရုံခံနိုင်သည့် နည်းပညာတစ်မျိုး ပါဝင်သည့် ကိုယ်ပိုင်ဆက်သွယ်ရေးစက်ကို ဝတ်ဆင်လာကြတော့သည်။ 


လောယာတွင် ကိုယ်ဝန်သည်များသည် သူစိမ်းများနှင့် အလွယ်တကူ မတွေ့ဆုံသဖြင့် Crohn ၏ ဆက်သွယ်ရေးစက် အသက်ဝင်လာသည့် အကြိမ်အရေအတွက်မှာ နည်းပါးလှပြီး များသောအားဖြင့် ကိုယ်ဝန်သည်အမျိုးသမီးရှိရာအိမ်သို့ အလည်အပတ်သွားမှသာ အသံထွက်လာလေ့ရှိသည်။ 


ရန်ယဲ့၏ ဇနီးသည်နှင့် တွေ့ခဲ့စဉ်က သူ့စက်မှာ အသံမြည်လာပြီး ဖြစ်သော်ငြား ယခုတစ်ကြိမ် အသံထပ်မြည်လာပြန်သည်။

105.2


ရန်ယဲ့၏ ဇနီးလောင်းတွင် ကိုယ်ဝန်ရှိနေသည့်သတင်းကို သိထားသည်မှာ ကြာလှပြီဖြစ်သည့်အပြင် သူမ၏ ဗိုက်ထဲရှိ စွမ်းအင်သိပ်သည်းဆမှာ သာမန်လူသားသာ ဖြစ်သည့်အတွက် Crohn သည် ထိုကိုယ်ဝန်ကို များစွာ စိတ်မဝင်စား။ သို့သော် ယခုအချိန်တွင် ကိုယ်ဝန်သည်ရှ်ိနေသေးကြောင်း သိလိုက်ရသည့်အပြင် ထိုအမြွာသန္ဓေသားတို့၏ စွမ်းရည်မှာလည်း အဆင့်မနိမ့်လှပေ။ 


"ဗိုက်ကြီးနေတာတောင် ဒီလိုပွဲမျိုးကို တက်လာသေးတယ် တကယ်ကို ပစ်စလက်ခတ်နိုင်လိုက်တဲ့ လူတွေပဲ ..." 


Crohn က ဆက်သွယ်ရေးစက်ကို ကြည့်ရင်း မကျေမချမ်းဖြင့် ရေရွတ်လိုက်သည်။ သူသည် အံ့ဩမိသည့်အပြင် တစ်ချိန်တည်းတွင် မနာလိုလည်း ဖြစ်မိနေ‌သေးသည်။ 


လူသားတွေက တော်တော်ကို မျိုးအောင်ကြတာပဲ ... 


သူ့စကားများကို စကားပြန်စက်က ဘာသာပြန်ပေးလိုက်ချိန်တွင် အားလုံး၏ စူးစမ်းလိုသော အကြည့်တို့က ရန်ယဲ့နှင့် သူ့ဇနီးထံ အတုံးအရုံး ကျရောက်သွားတော့သည်။ 


ရန်ယဲ့ရဲ့ ဇနီးကပဲ ကိုယ်ဝန်ရှိနေတာ မဟုတ်ဘူးလား ပြီးတော့ သူမကလည်း Crohn နဲ့ တွေ့ပြီးနေတာ ကြာလှပြီလေ အခုမှ ဒီလိုကြီး ထပြောစရာ အကြောင်းမှ မရှိတာ ... 


ပြီးတော့ အမြွာတွေတဲ့လေ ... 


ယခုခေတ်တွင် သာမန်သူများမှာ gonadotropin ကို အနည်းငယ်သာ အသုံးပြုသည့်တိုင် တစ်ချိန်တည်း ကလေးခုနစ်ယောက်၊ ရှစ်ယောက် မွေးနိုင်ရန် မခဲယဉ်းလှချေ။ ထို့ကြောင့် ရံဖန်ရံခါတွင် သန္ဓေသားအရေအတွက်ကို လျော့ချရန်ပင် ခွဲစိတ်မှု ပြုလုပ်လေ့ ရှိသေးသည်။ သို့သော် စွမ်းရည်ပိုင်ရှင်များအတွက်မူ အမြွာကိုယ်ဝန်ရနိုင်ရန်မှာ အင်မတန် ခဲယဉ်းလှပေသည်။ ထို့အပြင် ဤကြိုဆိုပွဲသို့ တက်ရောက်လာသူများမှာ S အဆင့်၊ A အဆင့် စွမ်းရည်ပိုင်ရှင်များနှင့် သူတို့၏ မိသားစုဝင်များသာဖြစ်သည်။ 

(gonadotropin - သူက မျိုးပွားနိုင်တဲ့ အင်္ဂါကို လှုံ့ဆော်ပေးနိုင်ပြီး ဦးနှောက်အကျိတ်အောက်မှာ ပုန်းအောင်းနေတဲ့ ဟော်မုန်းတွေပါတဲ့) 


ဖက်ဒရယ်သမိုင်းကြောင်းတွင် အဆင့်မြင့်စွမ်းရည်ပိုင်ရှင်များ အမြွာသန္ဓေတည်သည်မှာ မထူးဆန်းလှသော်ငြား လူနည်းစုကသာ အောင်အောင်မြင်မြင် မွေးဖွားနိုင်ပေသည်။ ထိုသည်မှာလည်း ရေစွမ်းရည်ပိုင်ရှင်စုံတွဲများသာ ဖြစ်ပြီး မွေးဖွားလာသည့် ကလေူများမှာလည်း အားနည်းသော ရေစွမ်းရည်ကိုသာ ပိုင်ဆိုင်ကြသည်။ 


ဒါပေမယ့် ဒီတစ်ခေါက် ကိုယ်ဝန်ရှိတာကလည်း ရမ်ရှန့်တော့ မဟုတ်လောက်ပါဘူးနော် ... 


အားလုံး၏ အကြည့်တို့က ရမ်ရှန့်ထံ ကျရောက်သွားသော်ငြား Crohn ကတော့ ပစ်မှတ်၏ တည်နေရာကို ရှာတွေ့သွားချေပြီ။ သူက လူအုပ်ကြားမှ လစ်ထွက်တော့မည့် Gerd အရှေ့တွင် မတ်တပ်ရပ်လိုက်သည်။ 


သူ့ဘေးနားရှိ ဧည့်သည်များမှာလည်း အနည်းငယ် လွှမ်းမိုးနေသော ဂြိုဟ်သားစွမ်းရည်ကြောင့် ‌ဘေးသို့ တစ်ဖြေးဖြေး တိုးသွားကြကာ Gerd ကို မထိခိုက်စေဘဲ တစ်ယောက်တည်း ချန်ထားလိုက်သည်။ 


"ကိုယ်ဝန်သည်တွေက လူအုပ်ကြားမှာ တိုးဝှေ့နေလို့ မရဘူးလေ ..." 


Crohn က အားတက်သရော ပြောလိုက်သည်။ 


"ကလေးနှစ်ယောက် နည်းနည်းလေး အားနည်းနေသယောင် ရှိပေမယ့် တော်တော်လေးကို ကျန်းမာတယ် ကောင်းလိုက်တာ ကောင်းလိုက်တာ အာ ဒါနဲ့ နေပါဦး မင်းက အမ လား နာမည်ကရော ဘာတဲ့လဲ လူတွေကလည်း လောယာတွေလိုမျိုးပဲ အမတွေကပဲ ကိုယ်ဝန်ဆောင်နိုင်တာ မဟုတ်လား ..." 


Gerd ၏ မျက်နှာမှာ ရုတ်ချည်း အမှောင်ကျသွားတော့သည်။ 


ရမ်ရှန့်ကို ကိုယ်ဝန်အကြောင်း မေးမြန်းပြီးနောက် မြို့တော်ကြယ်မှ ထွက်သွားရန် စိတ်ကို ပြင်ဆင်ထားသော်ငြား မမျှော်လင့်ဘဲ ဤအဖြစ်မျိုးနှင့် ကြုံတွေ့လိုက်ရသည်။ 


မရေမတွက်နိုင်သော လူများက သူ့ကို အံ့ဩတကြီး ကြည့်နေကြကြောင်း သိလိုက်ရသည့်အချိန်တွင် Gerd ၏ ကနဦး တုန်လှုပ်မှုတို့အားလုံး တည်ငြိမ်သွားတော့သည်။ 


"ဟယ်လို မစ္စတာ Crohn ကျွန်တော့်နာမည်က Gerd ပါ ခင်ဗျားသိတာ မှားနေတယ် ထင်တယ်နော် ..." 


သူက အလွန်တင့်တယ်သည့် ကိုယ်နေဟန်ထားဖြင့် လက်ဆွဲနှုတ်ဆက်ရန် လက်ကို ဆန့်တန်းလိုက်သည်။ 


"မဖြစ်နိုင်လိုက်တာ ငါ့ရဲ့ ကိုယ်ပိုင်ဆက်သွယ်ရေးစက်က ဘယ်တော့မှ မမှားနိုင်ဘူး Gerd မင်းက S အဆင့် စွမ်းရည်ပိုင်ရှင်လား ပြီးတော့ အမျိုးသား ..." 


သူက Gerd ကို အံ့ဩတကြီး ကြည့်ကာ မေးလိုက်သည်။ သူဖတ်ခဲ့သည့် ဖက်ဒရယ်၏ S အဆင့် စွမ်းရည်ပိုင်ရှင်စာရင်းတွင် ထိုGerd လည်း အပါအဝင်ဖြစ်သည်။


ဒီလူက သေချာပေါက်ကို အမျိုးသားပါ ဒါပေမယ့် ဘယ်လိုဖြစ်ပြီး ကိုယ်ဝန်ရှိနေတာလဲ ပြီးတော့ အမြွာကိုယ်ဝန် သူ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ထူးခြားနေလို့များလား ဒါမှမဟုတ် သားအိမ်တုထည့်ထားလို့လား ဒါပေမယ့် သားအိမ်တုက စွမ်းရည်ပိုင်ရှင်တွေအတွက် အသုံးမှ မဝင်တာ ... 


Crohn ၏ အမူအယာတို့မှာ ပို၍ပင် အားတက်သရော ဖြစ်လာတော့သည်။ 


"ဟုတ်တယ် ကျွန်တော်က ယောကျာ်းလေး အဲဒါကြောင့် ကိုယ်ဝန်ရှိလာစရာအကြောင်း လုံးဝမရှိဘူး ..." 


သူက ပြောလိုက်သည်။ 


"ဟုတ်တယ် မစ္စတာ Crohn ခင်ဗျားများ မှားနေတာလား ..." 


ဖန့်ချန်ကျွင့်ကလည်း သူ့ဘက်မှ ဝင်ပြောပေးလိုက်သည်။ သူ့နှလုံးသားမှာ လှိုင်းထန်နေသော်ငြား မျက်နှာပေါ်တွင် ထင်ဟပ်သည်အထိတော့ ထုတ်မပြရဲပေ။ 


ဒီ အဆင့်မြင့်မျိုးနွယ်စုက လူက အစောပိုင်းတုန်းကရမ်ရှန့်ရဲ့ ကလေးတွေကို တွေ့ချင်တယ်လို့ ပြောတယ် အခုလည်း Gerd ကိုယ်ဝန်ရှိတဲ့ကိစ္စကို တအားကြီး စိတ်ပါဝင်စားနေပြန်ပြီ သူ့ရည်ရွယ်ချက်က ဘာများလဲ ဘာပဲဖြစ်ဖြစ် သူကတော့ Gerd ကို လုံးဝ အထိခိုက်ခံမှာ မဟုတ်ဘူး ... 


Crohn က သူ့ကို မကျေမနပ်ဖြင့် စိုက်ကြည့်ရင်း Gerd အနားသို့ တိုးသွားလိုက်သည်။ 


"ငါ မမှားဘူး တကယ်ကို သန္ဓေသားလောင်းနှစ်ခု ရှိနေတာ မင်းကိုယ်ဝန်ရှိနေတာ တစ်လလောက်ပဲ ရှိလိမ့်ဦးမယ် ကလေးတွေမှာ တစ်ယောက်က သတ္ထုစွမ်းရည် နောက်တစ်ယောက်က ရေခဲစွမ်းရည် ရှိနေတယ် စွမ်းရည်မတူတဲ့ ကလေးနှစ်ယောက်က ဘယ်လိုဖြစ်ပြီး တစ်မအေတည်း ဖြစ်နေရတာလဲ တကယ် အံ့ဩဖို့ ကောင်းလိုက်တာ ..." 


သန္ဓေသားတွင် စွမ်းရည်ရှိနေခြင်းသည် မိခင်၏ ခန္ဓာကိုယ်ကို ရှုပ်ထွေးသည့် ပြင်ပစွမ်းအင်များက တိုက်ခိုက်လာမည် ဖြစ်သည်။ ထိုကြောင့် သန္ဓေသား ပျက်ကျနိုင်ချေဖြစ်သည့် အခြေအနေကို လွယ်ကူစေကာ သန္ဓေသားက မိခင်ထံမှ အပိုစွမ်းအင်ကိုပါ ယူရပေသည်။ 


မိခင်နှင့် သန္ဓေသား နှစ်ဦးလုံး၏ စွမ်းရည်မှာ အားနည်းပါလျှင် နှစ်ဦးအကြား စွမ်းအင်ပဋိပက္ခလည်း အားနည်းသည့်အတွက် ကလေးကို မွေးဖွားနိုင်ချေ များပေသည်။ သို့သော် အကယ်၍ နှစ်ဖက်လုံး၏ စွမ်းရည်များမှာ သန်မာနေပါလျှင် နှစ်ဦးနှစ်ဖက် အကျိုးယုတ်မည်ဖြစ်သည်။ 


နှစ်ဦးအကြား စွမ်းအင်ပဋိပက္ခသည် မိခင်၏ ခန္ဓာကိုယ်ကို ပျက်စီးစေနိုင်သည့်အပြင် ကိုယ်ဝန်ပျက်ကျခြင်းကိုလည်း ဖြစ်စေနိုင်ပေသည်။ သို့သော် ယခုမူ စွမ်းရည်မတူသည့် ကလေးနှစ်ဦးကို လွယ်ထားနိုင်သူတစ်ဦး ထွက်ပေါ်လာချေပြီ။ 


Crohn က အံ့ဩသွားရုံမျှသာ ဖြစ်သော်ငြား ဖက်ဒရယ်သားများမှာမူ အထိတ်တလန့် ဖြစ်ကုန်ကြတော့သည်။ 


Gerd က တကယ်ကြီး ကိုယ်ဝန်ရှိနေတာလား သူ့စွမ်းရည်က သတ္ထုစွမ်းရည်ဆိုတော့ သူ့ကလေးကလည်း သတ္ထုစွမ်းရည် ပါလာတာ မထူးဆန်းပါဘူး ဒါပေမယ့် ရေခဲစွမ်းရည် ပါလာတာကကျ ... 


လူတိုင်း၏ အကြည့်တို့က ဖန့်ချန်ကျွင့်ထံ ကျရောက်သွားပြန်တော့သည်။ 


ဖန့်ချန်ကျွင့်နဲ့ Gerd တို့က မီးနဲ့ရေလိုပဲ မတည့်ကြတဲ့သူတွေ မဟုတ်ဘူးလား ဘယ်လိုဖြစ်ပြီး သူတို့နှစ်ယောက်က ကလေးရသွားရတာလဲ ဒါဆို သူတို့က အပေါ်ယံမှာ မတည့်သလို ဟန်ဆောင်ပြီးတော့ တိတ်တိတ်လေး ခိုးတွဲနေကြတဲ့ သဘောလား ...


Xxxxxxxxx