အပိုင်း ၁၀၆
Viewers 18k

Chapter 106


မဟုတ်သေးဘူး အခုက အဲဒီ့အကြောင်း စဉ်းစားနေရမယ့်အချိန် မဟုတ်ဘူးလေ Gerd က ဘယ်လိုလုပ် ဗိုက်ကြီးသွားလဲဆိုတာကို ပိုပြီး အာရုံစိုက်ရမှာ မဟုတ်ဘူးလား ... 


ရမ်ရှန့်ကတော့ ဇစ်မြစ်မသိရလို့ ထားပါတော့ သူ့မျိုးရိုးက ထူးဆန်းလို့ ဥလေးလုံး တစ်ပြိုင်တည်း ဥနိုင်တာဆိုပြီး တွေးလို့ ရသေးတယ် ဒါပေမယ့် Gerd ကကျ ... သူ့ရဲ့ဗီဇကို ဖက်ဒရယ်က မှတ်တမ်းတင်ထားတာ ရှိတယ်လေ သူက ယောကျာ်းတစ်ယောက်ပါရော ဘယ်လိုဖြစ်ပြီး ကိုယ်ဝန်ရနိုင်သွားတာလဲ ...


အကြောင်းအရင်းကို သိသူဟူ၍ ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့ နှစ်ဦးသာ ရှိပေသည်။ 


Gerd က မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားပြီး ကလေးအဖေက ဖန့်ချန်ကျွင့်တဲ့လား ... 


ရမ်ရှန့်က သူတို့နှစ်ဦးကို တအံ့တဩ လှမ်းကြည့်လိုက်သည်။ ဘာဆက်လုပ်၍ လုပ်ရမည်မှန်းလည်း မသိတော့ချေ။ 


ဒီလူနှစ်ယောက်က အတူတူနေပြီးလို့ ကလေးတောင် ရနေပြီကို ဘာလို့ အေးစက်စက်ကြီးတွေ ဖြစ်နေကြသေးတာလဲ သူသာ Gerd ဆို ဖန့်ချန်ကျွင့်ပေါ် ခုန်တက်လိုက်ပြီ မဟုတ်သေးဘူး Gerd က ဖန့်ချန်ကျွင့်ထက် အရပ်ရှည်နေသလိုပဲ အဲဒါဆိုတော့ ခုန်တက်လိုက်ရင် တစ်မျိုးကြီး ဖြစ်နေမလားပဲ ... 


သူက ထိုသို့သာ တွေးနေသော်ငြား ကျောက်လင်းယွီ၏ အတွေးတို့မှာမူ ထို့ထက်မက ကျယ်ပြန့်နေပေသည်။ 


Crohn နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်ကတည်းက ထိုသူ၏ စိတ်နေစိတ်ထားများကို ဆန်းစစ်ခဲ့ရာ ယခုအချိန်တွင် ပြဿနာအချို့ကို ရှာတွေ့လာတော့သည်။  


Crohn က ကလေးတွေနဲ့ ပတ်သက်ပြီး ထူးထူးကဲကဲကို အလေးပေးနေတာပဲ ... 


သူ့ကလေးတွေကို တွေ့ချင်ပါတယ်ဆိုတဲ့သူက အခုကျ Gerd ရဲ့ မူမှန်မဟုတ်တဲ့ ကိုယ်ဝန်ကို စိတ်ဝင်စားနေပြန်ပြီ ... 


သူသည် မူလက အာဟာရဆေးရည်ကို သုံးကာ အဆင့်မြင့်မျိုးနွယ်စုတို့နှင့် အပေးအယူလုပ်ရန် ကြံစည်ထားခဲ့သည်။ အာဟာရဆေးရည်တွင် အာနိသင်များစွာ ပါဝင်နေပြီး ခန္ဓာကိုယ်အခြေအနေကို ထိန်းညှိပေးခြင်းနှင့် အိုမင်းရင့်ရော်မှုတို့ကို တားဆီးပေးခြင်းတို့ကဲ့သော အာနိသင်တို့၏ ဆွဲဆောင်မှု‌အောက်တွင် မကျရှုံးရန်မှာ ခဲယဉ်းလှသော်ငြား ယခုအခြေအနေအရမူ Crohn ၏ အမြင်ကို သန္ဓေတည်ဆေးက ပိုပြီး ဆွဲဆောင်နိုင်နေပေလိမ့်မည်။ 


စွမ်းရည်ပိုင်ရှင်များကို လောယာတို့က ဖန်တီးပေးခဲ့ခြင်းဖြစ်ရာ သူတို့ကြုံတွေ့နေရသည့် မျိုးပွားခြင်းပြဿနာမှာ လူသားများထက်ပိုပြီး ပြင်းထန်ပေလိမ့်မည်။ 


ထိုအကြောင်းကို တွေးရင်း သူက ရမ်ရှန့်ကို နှစ်သိမ့်သည့်အပြုံးတစ်ပွင့် ပြုံးပြကာ လူရှေ့ထွက်လိုက်သည်။ 


"မစ္စတာ Crohn  ဒီကလေးနှစ်ယောက်က ဘယ်လိုဖြစ်လာသလဲဆိုတာ ကျွန်တော်သိတယ်လို့ ထင်ပါတယ် ..." 


"ဘယ်လိုဖြစ်တာလဲ ..." 


Crohn က သူ့ကို လှမ်းကြည့်လိုက်သည်။ 


"မစ္စတာ Gerd က ကျွန်တော်ပေးတဲ့ သန္ဓေတည်ဆေးကို သောက်လိုက်မိလို့ပါ..." 


သူက ပြောလိုက်သည်။ 


"သန္ဓေတည်ဆေး ..." 


Crohn က သူ့အသံထွက်အတိုင်း တစ်သွေမတိမ်း လိုက်ပြောလိုက်သည်။ 


"ဟုတ်တယ် သန္ဓေတည်ဆေးပါ အဲ့ဒီဆေးကို စားပြီး တစ်ယောက်ယောက်နဲ့ အိပ်လိုက်ရင် သေချာပေါက် ကိုယ်ဝန်ရလာမှာပါ ဆေးများများစားမိလေ ရလာမယ့် ကလေးအရေအတွက် များလေပါပဲ ..." 


သူက ပြောလိုက်သည်။ 


"ရမ်ရှန့်က လေးလုံးစားလို့ လေးယောက် မွေးလာတာ ဖြစ်ပြီးတော့ မစ္စတာ Gerd ကတော့ နှစ်လုံးပဲ စားလိုက်လို့ပါ ..." 


သူနှင့် ရမ်ရှန့်၏ ကလေးများမှာ သာမန်မဟုတ်သည့်အတွက် Crohn ကို လက်လွတ်စပယ် ကြည့်ခွင့်မပေးနိုင်ပေ။ ထို့ကြောင့် သူ့အာရုံများကို Gerd ထံ ပုံချပေးလိုက်ခြင်းကသာ အကြံကောင်းဖြစ်သည်။ 


ကိုယ်ဝန်ရလာခြင်း၏ အကြောင်းအရင်းကို သ‌န္ဓေတည်ဆေးထံ လွှဲချလိုက်သည့်အတွက် ရမ်ရှန့်အပေါ် အာရုံစိုက်မှုတို့လည်း တစ်ဖြေးဖြေး လျော့ပါးသွားတော့သည်။ 


"အဲဒီလိုပစ္စည်းမျိုး တကယ်ပဲ ရှိတာလား ..." 


သန်မာသည့် အရှိန်အဝါတို့ကို ရုတ်ချည်း ထုတ်လွှတ်လိုက်မိသည့် Crohn က Gerd ကို တောင်းပန်လိုဟန်ဖြင့် တစ်ချက်ကြည့်ကာ ချက်ခြင်း ရုတ်သိမ်းလိုက်သည်။ 


"တောင်းပန်ပါတယ် အရမ်းစိတ်လှုပ်ရှားသွားလို့ ..." 


ကိုယ်ဝန်သည်အမျိုးသမီးကို တိုက်ခိုက်မိတော့မလို့... မဟုတ်သေးဘူး... ကိုယ်ဝန်ဆောင်အမျိုးသားလို့ ပြောရမယ်ထင်တယ် သူ့လုပ်ရပ်က တကယ်ကို ခွင့်မလွှတ်နိုင်စရာပဲ  ... 


"ဟုတ်တယ် ဒါပေမယ့် ပါဝင်ပစ္စည်းတွေက အရမ်းအဖိုးတန်တယ် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


"ပထမတပ်ဖွဲ့ရဲ့ ယာဉ်ပျံတွေအားလုံးကို အဆင့်မြှင့်ပေးခဲ့တဲ့ မစ္စတာ Gerd ကိုတောင် နှစ်လုံးပဲ ပေးနိုင်ခဲ့တာ ..." 


သူက တည်ငြိမ်သည့်ဟန် ဆောင်လိုက်သော်ငြား လက်သီးကိုမူ ကျစ်ကျစ်ပါအောင် ဆုပ်ထားပေသည်။ 


ဒီ Crohn က တအားသန်မာတာပဲ တကယ်ကို သန်မာလွန်းတယ် သူ့လို ဖက်ဒရယ်တစ်ခုလုံးမှာ ပြိုင်ဘက်ကင်းလို့ ပြောလို့ရတဲ့လူတောင် သူ့ကို မယှဉ်နိုင်ဘူး ... 


စစ်သင်္ဘာတွေ အဆင့်မြှင့်ပေးရုံနဲ့ ကလေးနှစ်ယောက် ဟုတ်လား ... 


Crohn သည် သူသာ စစ်လေယာဉ်တစ်စု ပို့ပေးပါလျှင် ကျောက်လင်းယွီအနေဖြင့် သူ့ကို ဆေးလုံးအချို့ ပေးနိုင်မည်လားဟုပင် မေးခွန်းထုတ်လိုက်‌ချင်တော့သည်။ 


သို့သော် ထိုစကားတို့ ထွက်မလာမီ အမြန်ပြန်မျိုချလိုက်သည်။


သူသာ ကျောက်လင်းယွီကို ယာဉ်ပျံတစ်စု ပေးလိုက်ပါလျှင် လူသားမျိုးနွယ်သည် လောယာတို့ မျက်စိစူးလောက်သည်အထိ တိုးတက်သွားတော့မည်ဖြစ်သည်။ 


ထိုသို့ ထုတ်မပြောလိုက်သည့်တိုင် သူ့အပြုအမူမှာမူ အလွန်အားတက်သရော ရှိလှသည်။ မူလက ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့နှစ်ဦး၏ ကလေးများကို တွေ့လိုသော်ငြား ယခုမူ သန္ဓေတည်ဆေးကို ယူကာ ကလေးရရန် မစောင့်နိုင်တော့ပေ။ 


ထိုအကြောင်းပြောကာမှ သူသည် ရမ်ရှန့်နှင့် Gerd နှစ်ဦးလုံးကို စိတ်ဝင်စားမိလာသည်။ သို့သော် သူ့အနေဖြင့် လောယာမျိုးနွယ်စုကိုသာ ပိုပြီး ဦးစားပေးရမည် ဖြစ်သည့်အတွက် ခေါင်းကို အသည်းအသန် ခါယမ်းကာ သူ့နောက်သို့ လိုက်လာသည့် ကော်ဘီယန်ကို လှမ်းကြည့်လိုက်သည်။ 


ကော်ဘီယန်၏ နဖူးတွင် ချွေးစတို့ သီးစပြုလာတော့သည်။ 


"အမတ်ကြီး ..."

106.2


သူသည် ဖက်ဒရယ်တွင်သာ ကြယ်ဓားပြလုပ်ရင်း တိတ်တဆိတ် နေလိုပြီး အိမ်ထောင်ပြုသားမွေးကိစ္စများကိုမူ ယခင်ကတည်းက စွန့်လွှတ်ထားပြီးဖြစ်သည်။ 


သူ့အပြုအမူကို မြင်လိုက်ရသည့်အတွက် Crohn လည်း စိတ်ဝင်စားမှု ပျောက်ဆုံးသွားတော့သည်။ သူ့အနေဖြင့် ကလေးလိုချင်သည့်တိုင် ကော်ဘီယန်မှာ အားနည်းလွန်းလှပေသည်။ နဝမအဆင့် လောယာမျိုးနွယ်ကိုသာ အလိုရှိသော်ငြား ထိုသူများမှာ လွှမ်းမိုးနိုင်စွမ်း ကြီးမားသည့်အတွက် တစ်ဖက်သူကို အလဲထိုးနိုင်မည် မဟုတ်ချေ။ အတွေးများစွာ ဖြတ်ပြေးပြီးကာမှ ကျောက်လင်းယွီကို ပြုံးကာ ပြောလိုက်သည်။ 


"မစ္စတာကျောက် အဲဒီ့သန္ဓေတည်ဆေး ... ကျွန်တော့်ကို တစ်လုံးလောက် ပေးလို့ ရမလား ..." 


"ရတာပေါ့ ဒါပေမယ့် ရက်နည်းနည်းလောက်တော့ စောင့်ရဦးမယ်..." 


သူက ပြောလိုက်သည်။ 


"ဆေးအတွက် လိုအပ်တဲ့ အပင်တွေကို ကျွန်တော်တစ်ယောက်တည်းကပဲ စိုက်ပျိုးနိုင်ပြီးတော့ ဖော်စပ်တဲ့နေရာမှာလည်း ရမ်ရှန့်ကလွဲရင် ဘယ်သူမှ မတတ်နိုင်ဘူး အဲဒါကြောင့် အချိန်အားလူအားတွေ အများကြီး ကုန်တယ် ..." 


သူ့ရှေ့တွင် ရပ်နေသူသည် သူတို့လက်ထဲရှိ သန္ဓေတည်ဆေးကို လိုချင်နေပြီး သူတို့အနေဖြင့်လည်း ငြင်းဆန်၍ မရပေ။ ထို့ကြောင့် ထိုသူများ သန္ဓေတည်ဆေးကို သုတေသနလုပ်ကာ ဖော်စပ်နည်းကို သိသွားကြသည်အထိ သူတို့နားထဲ ပေါက်ကြားသွား၍ မရပေ။ 


သန္ဓေတည်ဆေး ဖော်စပ်ရာတွင် စိတ်စွမ်းအင် လိုအပ်သည့်အတွက် မည်သူမှ မဖော်စပ်နိုင်ပေ။ 


Crohn နှင့် တွေ့စဉ်က သူ့ရင်ထဲတွင် ဖိစီးနေသော ဝန်ထုပ်ကြီးမှာ တစ်ဖြေးဖြေး ပေါ့ပါးသွားတော့သည်။ ကျောက်လင်းယွီသည် ထိုကိစ္စမှတစ်ဆင့် အကျိုးအမြတ်အများဆုံးရရန်ပင် တွက်ဆနေလိုက်တော့သည်။ 


Crohn က သူ့အတွေးများကို မြင်နေရသော်ငြား အခုလက်ရှိတွင် သူ့ကို ဖိအားမပေးရဲချေ။ 


အကယ်၍ ထိုဆေးသာ အမှန်တကယ် ရှိနေခဲ့ပါလျှင် လောယာတို့၏ ရွှေရောင်လွှမ်းလာနိုင်မည့် အနာဂတ်သည် ကျောက်လင်းယွီ၏ လက်ထဲတွင်သာ ရှိနေပေသည်။ သို့သော် ထိုဆေးသာ အတုဖြစ်နေပါလျှင် ကျောက်လင်းယွီအနေဖြင့် လောယာတို့၏ ဒေါသကို ခံနိုင်ရည် ရှိနိုင်လိမ့်မည် မဟုတ်ချေ။ 


"ပြဿနာ မရှိပါဘူး စောင့်နိုင်ပါတယ် ..." 


သူက ပြုံးကာ မေးလိုက်သည်။ 


"ဒီဖက်ဒရယ်မှာ တည်းရမယ့်နေရာ မရှိတော့ ကျောက်မိသားစုမှာပဲ လိုက်နေလို့ ရမလား ..." 


"ရတာပေါ့ မစ္စတာ Crohn သာ အလိုရှိရင် ကျွန်တော်တို့ရဲ့ ဆေးဥယျာဉ်ကိုလည်း လိုက်လည်လို့ ရပါတယ် ..." 


ကျောက်လင်းယွီက ပျူပျူငှာငှာ ပြောလိုက်သည်။ 


"ဒါပေမယ့် ကျွန်တော့်မှာ တောင်းဆိုချက်တစ်ခု ရှိပါတယ် ပြီးခဲ့တဲ့အခေါက်ကလို ကျွန်တော့်သွေးကို ယူဖို့လုပ်တဲ့ ကိစ္စမျိုး ကျွန်တော့်ဆီမှာရော ကျွန်တော့်မိသားစုကိုရော နောက်တစ်ကြိမ် မကြုံစေချင်တော့ဘူး မျိုးရိုးဗီဇဆိုတာ ဘယ်လောက်အရေးကြီးမှန်း မစ္စတာ Crohn အသိဆုံး ဖြစ်မှာပါ ..." 


"ပြဿနာ မရှိပါဘူး ..." 


သူက ပြောလိုက်သည်။ ကျောက်လင်းယွီ ဘာကြောင့် အစမ်းသပ်မခံလိုမှန်း သူ့အနေဖြင့် နားလည်ပေးနိုင်ပေသည်။  


"တကယ်လို့သာ မစ္စတာ Crohn က သဘောတူထားတဲ့အချက်တွေထဲက တစ်ချက်ချက်ကို ချိုးဖောက်ခဲ့ရင် သန္ဓေတည်ဆေးကို တစ်လုံးမှ ပေးမှာ မဟုတ်ပါဘူး ..." 


ကျောက်လင်းယွီက အလေးအနက် ပြောလိုက်သည်။ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် အရှိန်အဟုန်တို့မှာလည်း အလွန်ပြင်းထန်နေပေသည်။ 


"ငါတို့တွေ သဘောတူစာချုပ် ချုပ်လို့ရပါတယ် ..." 


Crohn ၏ အမူအယာကလည်း ပိုပြီး လေးနက်လာသည်။ ဖက်ဒရယ်သို့ မလာခင် ကျောက်လင်းယွီ၏ မျိုးရိုးဗီဇအကြောင်း လေ့လာနိုင်ရန် ပြင်ဆင်ခဲ့သော်ငြား ယခု ထိုသူက ခါးခါးသီးသီး ငြင်းဆန်နေပေသည်။ 


ကျောက်လင်းယွီတွင် လျှို့ဝှက်ချက်အချို့ ရှိနေကြောင်း သိသော်ငြား ထိုလျှို့ဝှက်ချက်များကို တူးဆွမိပါလျှင် ကလေးရနိုင်သည့် လမ်းစကို လက်လွှတ်လိုက်ရတော့မည် ဖြစ်သည့်အတွက် သန္ဓေတည်ဆေးကသာ ပိုပြီး အရေးပါလှပေသည်။ 


"ကောင်းပြီ ..." 


ကျောက်လင်းယွီက‌ ခေါင်းငြိမ့်ပြလိုက်သည်။ သူ့ခန္ဓာကိုယ်မှာ အလွန်သန်မာနေပြီဖြစ်ရာ Crohn အဖို့ သူ့မျိုးရိုးဗီဇများကို ခိုးယူရာတွင် အခက်တွေ့မည် ဖြစ်သော်ငြား ရမ်ရှန့်တွင်မူ အခြား အဓိပ္ပါယ်များ ရှိနေသေးသည့်အပြင် ယခု ထိုသူက သူတို့ကလေးများကိုပါ အာရုံစိုက်လာသည့်အတွက် အနာဂတ်တွင် ကလေးများနှင့် ရမ်ရှန့်ကို ပိုပြီး လုံခြုံအောင် ကာကွယ်ရပေတော့မည်။ 


"ကျွန်တော်ပင်ပန်းနေပြီဆိုတော့ အနားယူဖို့ သွားကြရအောင်လေ ..."


Crohn က ‌ပြောလိုက်သည်။ သူ့တွင် ပါတီပွဲ၌ အချိန်ဖြုန်းလိုသည့် ဆန္ဒတို့ အလျဉ်းမရှိတော့ပေ။ 


ပွဲမှာ အစပိုင်းသာ ရှိသေးသော်ငြား ကျောက်လင်းယွီ၏ Crohn ၏ အရှိန်အဝါတို့ကို ပြန်စဉ်းစားကာ ခေါင်းငြိမ့်လိုက်သည်။ 


"ပြဿနာမရှိပါဘူး ..." 


သူတို့နှစ်ဦး ထွက်သွားပြီး ခပ်ဝေးဝေး ရောက်သွားကာမှသာ ဧည့်သည်များလည်း စကားသံ ထွက်လာရဲတော့သည်။ 


ကျောက်မိသားစု၏ အာဟာရဆေးရည်ကပင်လျှင် သူတို့အဖို့ တစ်ဘဝလုံးစာ အံ့အားသင့်ရန် လုံလောက်နေပြီဖြစ်သည်။ သို့သော် ထိုကျောက်မိသားစုမှာတော့ ဤမျှနှင့်ပင် မတင်းတိမ်သေး။ အဆင့်မြင့်မျိုးနွယ်စုတို့၏ မျက်စိကျခြင်းကို ခံရသည့် သန္ဓေတည်ဆေးကိုပင် ထုတ်လုပ်လိုက်သေးသည်။ 


Crohn ကို စတွေ့စဉ်က ကျောက်လင်းယွီသည် ခြိမ်းခြောက်ခံလိုက်ရသည့်နှယ် ခံစားလိုက်ရသော်ငြား အခြားသူတို့၏ အတွေးမှာမူ မတူကြပေ။ လော့ခဲနှင့် ရန်မိသားစုတို့သည် Crohn ကို ခြိမ်းခြောက်မှုဟု မြင်ရမည့်အစား အခွင့်အရေးတစ်ခုအဖြစ်သာ မြင်ကြပေသည်။ 


သို့သော် ထိုအခွင့်အရေးမှာ ကျောက်မိသားစု၏ လက်ထဲသို့ ရောက်သွားချေပြီ။ 


ရန်ယဲ့၏ မျက်နှာမှာ အရုပ်ဆိုးလာပြီး အီသန်မှာ သူ့ထက်ပင် ပိုဆိုးနေသေးသည်။ ဒေါသထွက်လွန်း၍ Gerd ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ပေါက်ကွဲထွက်တော့မတတ်ပင် ခံစားလိုက်ရတော့၏။ 


"Gerd မင်းက မိန်းမကြီးတစ်ယောက်လိုမျိုး ဗိုက်ကြီးလာဖို့ကို လိုလိုလားလား ဖြစ်နေလိမ့်မယ်လို့ ထင်တောင် ထင်မထားမိဘူး တကယ်ကို လေးစားလောက်စရာပဲနော်..." 


ထိုအချိန်တွင် ကိုယ်ဝန်အကြောင်း ဖုံးကွယ်ထားမည့် အတွေးကို စွန့်လွှတ်လိုက်ပြီဖြစ်သည့် Gerd က ဆွဲဆောင်မှုရှိသည့် အပြုံးတစ်ပွင့်ကို လှစ်ဟရင်း ပြောလိုက်သည်။ 


"ကလေးမရနိုင်တဲ့ တစ်ချို့တစ်ချို့တွေထက်တော့ သာတာပေါ့ကွာ ..." 


သူက တစ်ပြိုင်တည်း နှစ်ယောက်တောင် ရလာတာလေ ဒါဘယ်လောက်ကောင်းတယ် မှတ်လဲ သတ္ထုစွမ်းရည်ပိုင်ရှင်ဆိုလို့ တစ်ယောက်ပဲ ပါလာတာ တစ်ခုပဲ နည်းနည်းလေး စိတ်ဓာတ်ကျစရာကောင်းတာ ... 


အီသန်၏ မျက်နှာမှာ မည်းမည်းမှောင်သွားတော့သည်။ 


Gerd က သူ့ကို နှုတ်ခမ်း‌ထောင့်စွန်းတို့ ကွေးညွတ်ရင်း စိုက်ကြည့်ကာ ထွက်သွားလိုက်သည်။ ဖန့်ချန်ကျွင့်ကလည်း သူ့နောက်သို့ ကသောကမျော လိုက်သွားလိုက်တော့၏။ 


သူသည် ယခင်ကတည်းက Gerd နှင့်အတူ ရှိလိုသူဖြစ်ရာ ယခု ဗိုက်ထဲတွင် သူ့ကလေးများ လွယ်ထားရကြောင်း သိလိုက်ရသည့်အခါ ပို၍ပင် လက်မလွှတ်ချင်တော့ပေ။ 


Xxxxxxxx