အပိုင်း ၁၀၇
Viewers 18k

Chapter 107


သို့သော် Gerd ကမူ သူနှင့် နေလိုဟန် မရှိပေ။ ဖန့်ချန်ကျွင့်သည် ပြီးခဲ့သည့် တစ်လကျော်ကာလကို ပြန်သွားကာ သူ့ကိုယ်သူ ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်ချင်စိတ်များ တစ်ဖွားဖွား ဖြစ်ပေါ်လာတော့သည်။ 


ဘာကြီး နှစ်ယောက်အတူတူ မနေခင် ကလေးရအောင် အရင်လုပ် ဟုတ်လား...


 သူ့အဘိုးရဲ့ အတွေ့အကြုံတွေကိုကြည့်ပြီး ဘယ်လိုအကျိုးဆက်တွေ ထွက်လာမလဲဆို‌တာတောင် မှန်းလို့ရနေပြီ ဒါပေမယ့် အဘိုးရဲ့ နည်းလမ်းအတိုင်းတော့ ဆက်လုပ်ချင်နေတုန်းပဲ ... မဟုတ်သေးဘူး အခု သူ့ကလေးတွေကိုတောင် ဆုံးရှုံးရတော့မလို့ ... 


"ဘာလုပ်နေတာလဲ ..." 


Gerd က သူ့ကို ဒေါသတကြီး မေးလိုက်သည်။ 


"မင်းနောက်မလိုက်လို့ ကိုယ်က ဘယ်သူ့နောက် လိုက်ရမှာလဲ ..." 


သူက ခပ်ပြုံးပြုံးပြောလိုက်သည်။ ယခုမူ Gerd ၏နောက်သို့ တကောက်ကောက်လိုက်ရန်မှအပ မည်သည့်အရာကိုမှ စိတ်မဝင်စားတော့ချေ။ 


"မင်းမှာလည်း သန္ဓေတည်ဆေး ရှိနေသေးတယ် မဟုတ်လား ကလေးလိုချင်ရင် မွေးပေးမယ့်တစ်ယောက်ကို ရှာလေ ဒါတောင်မှ ရှုံးတယ်လို့ ခံစားနေရသေးရင် င့ါဆေးပါ ယူလိုက် အခုလောလောဆယ် ငါ အဲဒီ့ဆေးကို မလိုတော့ဘူး ..." 


"ကိုယ်က ကိုယ်တို့ကလေးတွေကိုပဲ လိုချင်တာ ကျန်တဲ့ ဆေးလုံးနှစ်လုံးကတော့ နောက်တစ်ခေါက်အတွက် သိမ်းထားလိုက်မယ် ..." 


သူ့စကားပင် မဆုံးသေး။ Gerd ၏ ယာဉ်ပျံက အဝေးသို့ မောင်းထွက်သွားချေပြီ။ 


ဖန့်ချန်ကျွင့်ကလည်း ယာဉ်ပျံပေါ် ခပ်သွက်သွက်တက်ကာ သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်သွားလိုက်တော့၏။ 


.....


ထိုအချိန်တွင် ရမ်ရှန့်မှာ ကျောက်လင်းယွီနှင့်အတူ ရှိနေဆဲဖြစ်သည်။ 


သူသည် နှစ်တစ်သိန်းကျော် အသက်ရှင်လာရသူဖြစ်ရာ ကျင့်ကြံရေးအဆင့်မှာ မနိမ့်လှချေ။ ကောင်းကင်ဘုံသို့ပင် တက်လှမ်းရတော့မည့်သူ ဖြစ်သည်။ 


ထိုကျင့်ကြံသူများကသာ ဂူထဲသို့ ကျော်နင်းဝင်ရောက် မလာပါလျှင် သူသည် ကောင်းကင်ဘုံသို့ တက်လှမ်းကာ မသေမျိုးလောကထဲသို့ ချဉ်းနင်းဝင်ရောက်နိုင်မည်ဖြစ်သည်။ 


နှစ်ရှည်လများ ကျင့်ကြံခဲ့သည့်တိုင် လက်တွင် တစ်ခါမှ သွေးမစွန်းဖူးသည့် ဂျင်ဆင်းဝိဉာဉ်ဖြစ်သည့်အတွက် ကောင်းကင်ဘုံ၏ စမ်းသပ်မှုမှာ သူ့အဖို့ မခဲယဉ်းနိုင်ချေ။ သို့သော် ထိုအချိန်တွင် ဂူဖောက်ထွင်းခံရကာ ... 


သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်အားနည်းကာ အခြေတည်အဆင့်များနှင့်သာ ရင်ဆိုင်နိုင်သည့်တိုင် ကံကောင်းထောက်မပြီး ထွက်ပြေးလွတ်‌မြောက်ခဲ့သည်။ 


မူလက လက်နက်ကိုင်ဆောင်ထားသော အခြေတည်အဆင့်များထံမှ လွတ်မြောက်နိုင်ခဲ့သော်ငြား နောက်ပိုင်းတွင် မဟာယနအဆင့်များနှင့်ပါ ကြုံလာရသည့်အတွက် မလွတ်မြောက်နိုင်တော့ချေ။ 


သူ့အရှေ့ရှိ Crohn မှာလည်း ကနဦး မဟာယနအဆင့်နှင့် တူညီနေပေသည်။


သူသာ သိထားခဲ့ပါလျှင် ကျောက်လင်းယွီ၏ ချစ်ခြင်းတို့ကို ဖန်တီးမည်ဆို‌သောစကားကို နားမထောင်ဘဲ တူနှစ်ကိုယ်ကျင့်ကြံရေးကိုသာ အာရုံစိုက်ထားမိမည် ဖြစ်သည်။ ကျောက်လင်းယွီ ပိုပြီး သန်မာလာမှသာ သူ့လုံခြုံရေးမှာလည်း စိတ်ချရမည်ဖြစ်သည်။ 


ရမ်ရှန့်လည်း သက်ပြင်းချကာ သူ့အတွေးလမ်းကြောင်းကို Gerd ၏ ကလေးများထံ ပြောင်းလဲလိုက်တော့သည်။ 


ကျင့်ကြံရေးလောကတွင် အကယ်၍ ကျင့်ကြံသူတစ်ဦး ကိုယ်ဝန်ရလာပါလျှင် ခန္ဓာကိုယ်ကို အနွေးဓာတ်ပေးရန် ဆေးအမြောက်အများ မှီဝဲရဦးမည်ဖြစ်သည်။ Gerd အတွက်ရော နည်းနည်းလောက် လုပ်ပေးသင့်လား...  မျက်နှာအားဖြည့်ဆေးလုံးမှာ ခန္ဓာကိုယ်ကို နွေးထွေးစေသည့်တိုင် ရောဂါလက္ခဏာများကိုတော့ မကုသနိုင်ပေ။ Gerd အနေဖြင့် ချီအားဖြည့်ဆေးလုံးကဲ့သို့သော ဖြည့်စွက်စာများ သောက်ရန် လိုအပ်ပေသေးသည်။ 


ထိုအကြောင်းကို တွေးလိုက်ပြီးနောက် ရမ်ရှန့်၏ စိုးရိမ်မှုများမှာ တစ်ဖြေးဖြေး လွင့်စင်သွားတော့သည်။ ထိုအချိန်မှာပင် ကျောက်စံအိမ်သို့ ရောက်ရှိလာတော့သည်။ 


Crohn က ယာဉ်ပျံပေါ်မှ ဆင်းကာ အထဲသို့ စူးစမ်းနေစဉ် အဝေးမှ လာနေသည့် ရှန်းချိုးရှစ်နှင့် ဖုန့်ခဲ့ရှင်းတို့ကိုကြည့်ရင်း အလန့်တကြား ဖြစ်သွားတော့သည်။ 


"မစ္စတာ Crohn ဘာဖြစ်လို့လဲ ..." 


ကျောက်လင်းယွီက မေးလိုက်သည်။ 


ကလေးတွေကို ဖွက်ထားဖို့ ပြောပြီးသားပါ အခု သူက ဘာဖြစ်ရပြန်တာလဲ... 


"ဝမ်းသာသွားလို့ပါ နောက်ထပ် ကလေးနှစ်ယောက်တောင် ..." 


သူက ဆက်သွယ်ရေးစက်ကို ငုံ့ကြည့်ကာ ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။ ထို့နောက် ဖုန့်ခဲ့ရှင်းလက်ပေါ်ရှိ ပုံဆောင်ခဲကို ကြည့်ရင်း အံ့ဩတကြီး‌ မေးလိုက်သည်။ 


"စွမ်းအင်ပုံဆောင်ခဲ ဒါက ကိုယ်ဝန်သည်တွေအတွက် တကယ်သင့်တော်တယ် သူက ကလေးရဲ့ စွမ်းရည်အဆင့်ကို မြှင့်တင်ပေးနိုင်တယ်လေ ငါတို့တွေလည်း အစပိုင်းတုန်းက ဒီလိုလုပ်ခဲ့ပေမယ့် ရလဒ်က ..." 


နောက်ပိုင်းတွင် လူတိုင်း၏ စွမ်းရည်အဆင့်မှာ မြင့်သည်ထက် မြင့်လာကာ ကလေးရရန် ပို၍ ခက်ခဲလာကြတော့သည်။ 


"ကလေးနှစ်ယောက် ဟုတ်လား ..." 


ကျောက်လင်းယွီလည်း အနည်းငယ် ရှုပ်ထွေးသွားတော့၏။ 


ဖုန့်ခဲ့ရှင်းရဲ့ ဗိုက်ထဲမှာက တစ်ယောက်ပဲ ရှိတာပါ ... 


"ဒီဘက်က မိန်းမလှလေးမှာလည်း ကိုယ်ဝန်ရှိနေတယ်လေ ..." 


သူက ရှန်းချိုးရှစ်ကို အထင်တကြီး ကြည့်လိုက်သည်။ 


"မိန်းမလှလေး မင်းမှာ ကိုယ်ဝန်ရှိနေလို့သာ မဟုတ်ရင် ကိုယ်တော့ မင်းကို သေချာပေါက် သွေးဆောင်မိမှာပဲ ..." 


ကျောက်လင်းယွီက သူ့မျက်နှာကို လက်သီးဖြင့် မိတ်ဆက်ပေးလိုစိတ်များ ဖြစ်ပေါ်လာတော့၏။ 


ဒီလူက စောစောလေးကတင် သူ့ဇနီးလေးကို မြူဆွယ်နေတာ အခုလည်း သူ့အမေကို လိုချင်နေပြန်ပြီ မဖြစ်ဘူး မဖြစ်ဘူး ရှေ့လျှောက် ဒီလိုဖြစ်ရပ်မျိုးတွေ ထပ်မဖြစ်အောင် ကျားကုတ်ကျားခဲ ကြိုးစားပြီး ကျင့်ကြံမှ ဖြစ်တော့မယ် ... 


မဟုတ်သေးဘူး စောစောက ဟိုလူဘာပြောလိုက်တာပါလိမ့် သူ့အမေက ကိုယ်ဝန်ရှိနေတယ် ဟုတ်လား ... 


သူက ရှန်းချိုးရှစ်၏ ဝမ်းဗိုက်ကို အထိတ်တလန့် စိုက်ကြည့်လိုက်သည်။ 


သူ့အမေရဲ့ အသက်က နှစ်တစ်ရာကျော်ကျော်ပဲ ရှိသေးတာဆိုတော့ ကလေးထပ်ရဖို့ဆိုတာ သာမန်ပါပဲ ... ဒါပေမယ့် သူ့ရဲ့ ညီလေးလား ညီမလေးလား မသိနိုင်သေးတဲ့ တစ်ယောက်က သူ့ကလေးတွေထက်တောင် ငယ်နေတယ်လေ ...


သူက အံ့ဩရုံမျှသာ ဖြစ်သော်ငြား ရှန်းချိုးရှစ်ကမူ ယုံတောင် မယုံနိုင်တော့ချေ။ 


မဖြစ်နိုင်လိုက်တာ သူ့ခန္ဓာကိုယ်က ထိခိုက် ...


ကျောက်လင်းယွီကို မွေးပြီးကတည်းက သူမ၏ ခန္ဓာကိုယ် ထိခိုက်သွားရသည့်အတွက် နောက်ထပ် ကလေးမရနိုင်‌ခဲ့တော့ချေ။

107.2


ဒါပေမယ့် ဘယ်လိုဖြစ်ပြီး ကိုယ်ဝန်ရလာတာလဲ ... 


ရမ်ရှန့်က သူမကို ပစ္စည်းကောင်းတွေ အများကြီး ကျွေးခဲ့သေးတာပဲ ... 


ရှန်းချိုးရှစ်သည် မျက်နှာအားဖြည့်ဆေးလုံးကို သွားရည်စာသဖွယ် စားခဲ့မိကြောင်း သတိရလိုက်တော့သည်။ 


ဆိုတော့ ရမ်ရှန့်က သူမရဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ပေးခဲ့တာလား... 


ဒါပေမယ့် မြေးချီဖို့ စောင့်နေတဲ့ အချိန်ကျမှ ဘယ်လိုဖြစ်လို့ ကိုယ်ဝန်ရသွားရတာလဲ ... 


"ငါ့ရဲ့ ကိုယ်ပိုင်ဆက်သွယ်ရေးစက်က လုံးဝ မမှားနိုင်ဘူး ..." 


Crohn က ပြောလိုက်သည်။ 


ဒီလူသားတွေကတော့ ကိုယ်ဝန်ရှိမှန်း ဝန်ခံဖို့အရေး တော်တော်ကို ခက်ခဲကြတာပဲ ဘာလို့ပါလိမ့် ... 


"လုပ်စရာလေး ရှိနေသေးလို့ ခွင့်ပြုပါဦး ..." 


သူမက ထိုသို့ပြောကာ လှည့်ထွက်သွားတော့သည်။ ခပ်နှေးနှေး လမ်းလျှောက်ရာမှတစ်ဆင့် အရှ်ိန်ကို ပိုမြန်ရင်း မြန်ရင်း ပြေးသွားလိုက်တော့သည်။ 


"ကိုယ်ဝန်သည်တွေက ပြေးလို့မရဘူးလေ ..." 


Crohn က သူမပြေးသွားသည်ကို ကြည့်ရင်း ကူကယ်ရာမဲ့စွာဖြင့် ညည်းတွားလိုက်သည်။ 


"မစ္စတာ Crohn ဆေးဥယျာဉ်ကို သွားကြည့်ကြမလား ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


Crohn က ရှန်းချိုးရှစ်၏ မလျော်ကန်လှသော အပြုအမူကို ဟန့်တားလိုသော်ငြား သူမဗိုက်ထဲရှိ ကလေးမှာ သူနှင့် မသက်ဆိုင်လှသည့်အတွက် ဂရုစိုက်မနေတော့။ 


"ဆေးဥယျာဉ်က ဘယ်မှာလဲ ..." 


"ဒီအနောက်တည့်တည့်မှာပါ ..." 


ကျောက်လင်းယွီက သူ့ကို ဦးဆောင်ကာ ခေါ်သွားလိုက်သည်။ 


ဘေးချင်းစီလျက် တည်ဆောက်ထားသည့် မှန်လုံအိမ်များမှာ အထင်ကြီးဖွယ်ရာ ကောင်းလှသည်။ ကျောက်လင်းယွီ၏ နောက်မှတစ်ဆင့် အခန်းထဲသို့ ဝင်လာချိန်တွင် သူတစ်ခါမှ မမြင်ဖူးသေးသည့် ဆေးပင်တို့ထံမှ အားကောင်းသော စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။ 


"ဒီလိုစွမ်းအင်မျိုးကို တစ်နေရာရာမှာ တွေ့ဖူးသလိုပဲ ..." 


စိတ်စွမ်းအင်ဆေးပင်များသည် စိတ်စွမ်းအင်များကို ထုတ်လွှင့်နိုင်သည့်အတွက် အပင်အခန်းထဲတွင် ပျံ့နှံ့နေခြင်းဖြစ်သည်။ ရမ်ရှန့်က သက်တောင့်သက်သာဖြင့် အသက်ကို ပြင်းပြင်ရှူနေချိန်တွင် ထိုစကားကို ကြားလိုက်ရသည့်အတွက် ပြူးကျယ်နေသော မျက်ဝန်းတို့ဖြင့် ထိတ်လန့်တကြား စိုက်ကြည့်လိုက်သည်။ 


Crohn က စိတ်စွမ်းအင်ကို တွေ့ဖူးတယ် ဟုတ်လား ...


ဒါပေမယ့် ဒီကမ္ဘာမှာ စိတ်စွမ်းအင်မှ မရှိတာ ... 


ရမ်ရှန့်သည် ထိုကိစ္စနှင့် ပတ်သက်၍ အမြဲလိုလို စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။ ကျောက်လင်းယွီ၏ ကိုယ်ထဲရှိ သန့်စင်မြေကြောင့်သာ မဟုတ်ပါလျှင် သူ့လို စိတ်စွမ်းအင်အပင်မျိုးသည် ထိုမျှအထိ အသက်ရှည်နေလိမ့်မည် မဟုတ်ချေ။ 


ဒါပေမယ့် တကယ်ကြီး စိတ်စွမ်းအင်ကို ခံစားမိတဲ့သူ ရှိသေးတယ်ပေါ့ ... 


စိတ်စွမ်းအင်သာ လုံလုံလောက်လောက် ရှိပါလျှင် သူ့အနေဖြင့် စိတ်ဝိဉာဉ်ဆေးပင်များ စိုက်ပျိုးရာတွင် သန့်စင်မြေကို အသုံးပြုရန် မလိုအပ်တော့သည့်အပြင် ပမာဏ အများအပြားလည်း စိုက်ပျိုးနိုင်မည်ဖြစ်သည်။ ထိုသို့ဆိုပါလျှင် ကျောက်လင်းယွီလည်း အောင်အောင်မြင်မြင် ကျင့်ကြံနိုင်တော့မည်ဖြစ်သည်။ 


မျက်လုံးအစုံတို့ကို ပြူးကျယ်ရင်း ရမ်ရှန့်က သူ့ကို အားတက်သရော မေးလိုက်သည်။ 


"ဘယ်နေရာမှာ တွေ့လာတာလဲ ..." 


ရမ်ရှန့်ထံမှ စွမ်းအင်တစ်စုံတစ်ရာကိုမှ မခံစားရသည့်အတွက် Crohn သည် သူ့ကို မနှစ်မြို့လှ။ ထို့ကြောင့် ထိုမေးခွန်းကို မဖြေလိုသော်ငြား သူလိုအပ်နေသည့် ဆေးလုံးမှာ ရမ်ရှန့်တစ်ဦးတည်းသာ ဖော်စပ်နိုင်ကြောင်း အတွေးဝင်လိုက်သည့်အတွက် မူလ မျက်နှာထားကို အပြုံးတစ်ခုအဖြစ် ဖျစ်ညှစ်ပြောင်းလဲကာ ဖြေလိုက်သည်။ 


"အသူတစ်ရာချောက်နက်ကြီးနားမှာ ခံစားခဲ့ရတာ အဲဒီ့စွမ်းအင်က အခု ဒီမှာရှိနေတာနဲ့ တူသလိုလို ထင်ရပေမယ့် သုက ပိုပြီး ဖိနှိပ်နိုင်တယ် မဟုတ်သေးဘူး ဒီစွမ်းအင်နှစ်ခုက မတူဘူး ထင်တယ်နော် ..." 


စကြ၀ဠာထဲတွင် ထူးဆန်းထွေလာ နေရာများစွာ ရှိနေသေးသည်။ အချို့နေရာများကို ကာလတစ်ခု ကြာလာသည့်အခါတွင် ရှာတွေ့နိုင်သေးသော်ငြား အချို့ကိုမူ ယခုအချိန်အထိ မည်သူကမှ ဂဃနဏ မသိကြသေးပေ။ 


ဥပမာအားဖြင့် အသူတစ်ရာချောက်နက်ကြီးသည် အထူးမြေဆွဲအားအောက်သို့ ရောက်ရှိနေသည့် ကြယ်ပေါင်းများစွာ ပေါင်းစုဖွဲ့စည်းရာမှတစ်ဆင့် ဖြစ်ပေါ်လာသော အာကာသဟင်းလင်းပြင်ကဲ့သို့သော ရေဝဲတစ်ခုပင် ဖြစ်သည်။ ထိုဟင်းလင်းပြင်အနီးသို့ ဖြတ်သန်းသွားသည့်တိုင် အရမ်းနီးကပ်သည်အထိ မရောက်သရွေ့ အန္တရာယ်ကင်းနေမည် ဖြစ်သော်ငြား ကြယ်နှင့် ဂြိုဟ်ဟူ၍ တစ်ခုတစ်လေမျှပင် မရှိတော့သည့် ဗဟိုချက်အထိ သွားခဲ့ပါလျှင် ရေဝဲ၏ စုပ်ယူခြင်းကို ခံရမည်ဖြစ်သည်။ 


ထိုရေဝဲသည် အချိန်တိုင်း နက်မှောင်နေသည့်အတွက် အသူတစ်ရာချောက်နက်ကြီးဟု အမည်တွင်လာခြင်းဖြစ်သည်။ 


ရမ်ရှန့်မှာ ပို၍ပင် ထူးဆန်းသွားတော့သည်။ 


"အဲဒါဘာကြီးလဲ အဲဒီ့အသူတစ်ရာ ချောက်နက်ကြီးက ဝေးလား ..." 


"မင်းအတွက်ဆို အဲဒါက ဝေးရုံတင် မကဘူး လွယ်လွယ်နဲ့လည်း မရောက်နိုင်ဘူး ..." 


Crohn က ပြောလိုက်သည်။ 


သူ့ရှေ့ကလူက အိမ်မှာပဲ ဆေးလုံးဖော်စပ်နေတာ ဆိုတော့ အဲဒီ့ဆေးရဲ့ လိုအပ်ချက်က တကယ်ပဲ ဘာများလဲ ... 


Gerd ၏ ဗိုက်ထဲတွင် ကလေးရှိနေသည့်အပြင် သူသည် ယောကျာ်းဖြစ်နေကြောင်းလည်း တိတ်တဆိတ် စစ်ဆေးထားပြီး၍သာ မဟုတ်ပါလျှင် Crohn သည် သန္ဓေတည်ဆေး၏ တည်ရှိမှုကို လုံးဝ ယုံကြည်မည် မဟုတ်ချေ။ 


ရမ်ရှန့်မှာ ရုတ်ချည်း စိတ်ဓာတ်ကျသွားတော့သည်။ ကျောက်လင်းယွီက သူ့ကို နောက်ပို့ကာ စကားလမ်းကြောင်း လွှဲလိုက်သည်။ 


"မစ္စတာ Crohn ရဲ့ အမြင်မှာရော ဒီဆေးဥယျာဉ်က ဘယ်လိုနေလဲ ..." 


"ဒီဆေးပင်တွေအားလုံးက ငါ့အတွက်တော့ အသစ်အဆန်းတွေချည်းပဲ  ဒီဆေးပင်တွေနဲ့ အာဟာရဆေးရည်ကို ဖော်စပ်နိုင်မယ်ဆိုတာကို ယုံကြည်ပေမယ့် သန္ဓေတည်ဆေးကရော ..." 


"သန္ဓေတည်ဆေးကို ဖော်စပ်ဖို့ စွမ်းအင်အမြောက်အများ လိုအပ်တယ် ဒီဆေးကို သောက်ပြီးတာနဲ့ တစ်ပြိုင်နက် သောက်သုံးသူရဲ့ ခန္ဓာကိုယ်ထဲမှာ သန္ဓေတည်ဖို့ နေရာတစ်ခု ထွက်လာပါလိမ့်မယ် ..." 


သူက ရှင်းပြလိုက်သည်။ ဤရက်ပိုင်းအတွင်း သူသည် အဘိဓာန်ဖြင့် အချက်အလက်များကို ဖတ်ရှုကာ ရမ်ရှန့်၏ ဆေးလုံးအားလုံးကို လေ့လာခဲ့သည်။ 


ရမ်ရှန့်သည် ထိုအကြောင်းအရာများအားလုံးကို ဖတ်ရှုပြီး အလွတ်ပြန်ရွတ်ပြနိုင်သည့်တိုင် နားမလည်ချေ။ ကျောက်လင်းယွီကမူ လေ့လာပြီး ကောက်ချက်အချို့ပင် ချလိုက်သေးသည်။ 


ရမ်ရှန့်နေခဲ့သည့် ကမ္ဘာမှာ သူတို့လက်ရှိနေထိုင်သည့် ကမ္ဘာနှင့် ကွဲပြားလှပေသည်။ ၎င်းသည် ကြီးမား‌သည့် ကုန်းမြေကြီးတစ်ခု ဖြစ်ပြီး ကျင့်ကြံသူများသည် ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသများကို တွန်းလှန်နိုင်ပေသည်။ 


ကျင့်ကြံရာတွင် ထွန်းပေါက်လိုသော အမျိုးသမီး ကျင့်ကြံသူများသည် အနီရောင်နဂါးကို ဖြတ်တောက်ပစ်ရမည် ... ရမ်ရှန့်က အနီရောင်နဂါးကို သတ်ရမည်ဟု ထင်ခဲ့သော်ငြား သေချာ ပြန်စစ်ကြည့်မှသာ မျိုးပွားနိုင်စွမ်းကို ဖြတ်တောက်ရန် ပြောထားခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ 


နဂါးနီကို ဖြတ်တောက်ပြီးနောက် မျိုးမပွားနိုင်တော့။ ထိုအခါ ရင်သွေးလိုချင်လာကြသည့် အခါတွင် နည်းလမ်း မရှိနိုင်တော့ချေ။ 


ထို့ကြောင့် သန္ဓေတည်ဆေး ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ၎င်းသည် လူသားတို့အတွက် ဖြစ်သော်ငြား ယနေ့ခေတ် သာမန်သူတို့၏ ဖန်ပြွန်သန္ဓေသားဖြင့် ပိုပြီး ဆင်တူနေပေသည်။ သန္ဓေတည်ဆေးကိုယ်တိုင်ကပင်လျှင် ထူးကဲသည့်စွမ်းအင် ရှိနေ‌သည့်အတွက် သန္ဓေသားတွင်လည်း ထူးကဲစွမ်းအင် ရှိနေပေသည်။ သို့သော် ခေတ်မီနည်းပညာ၏ ဖန်ပြွန်သန္ဓေသားမှာမူ ထိုကဲ့သို့သော ကောင်းကျိုးမျိုး မရှိချေ။


Xxxxxxxx