အပိုင်း ၁၀၈
Viewers 18k

Chapter 108


စွမ်းအင်အသုံးပြုရာတွင် ကျင့်ကြံသူများသည် စွမ်းရည်ပိုင်ရှင်များထက် ပိုပြီး သန်မာပေသည်။ စွမ်းရည်ပိုင်ရှင်တို့၏ သန်မာမှုမှာ မွေးကတည်းက ပြဌာန်းထားပြီး ဖြစ်သော်ငြား ကျင့်ကြံသူတို့မှာမူ ကျင့်ကြံဆင့်ပေါ်တွင်သာ မူတည်ပေသည်။ ကွာခြားချက်မှာ မကြီးမားသော်ငြား ကျင့်ကြံသူများသည် အာနိသင် အမျိုးမျိုးရှိသည့် ဆေးဝါးများကို ထုတ်လုပ်နိုင်ပေသည်။ 


စွမ်းရည်ပိုင်ရှင်များအတွက်မူ စွမ်းအင်ပုံဆောင်ခဲသည်သာ အသုံးအဝင်ဆုံးဖြစ်သည့်တိုင် အသုံးပြုပုံပြုနည်းမှာမူ ပဟေဠိဖြစ်နေရဆဲဖြစ်သည်။ 


ကျောက်လင်းယွီ၏ ရှင်းပြချက်ကြောင့် Crohn မှာ ပို၍ပင် စိတ်အားတက်ကြွလာတော့သည်။ 


"သန္ဓေတည်ဆေးက ဘယ်အချိန်လောက် ရမှာလဲ ..." 


ဤတစ်ကြိမ်တွင် သူတစ်ယောက်တည်း လာခဲ့ခြင်း မဟုတ်။ သူ့ယာဉ်ပျံပေါ်တွင် တပ်သားအချို့နှင့် သူတေသီတစ်ဦး ပါရှိနေသေးသည်။ 


သန္ဓေတည်ဆေး ရသည်နှင့်တစ်ပြိုင်နက် ထိုသူကို တစ်ချိန်လုံး သုတေသန လုပ်ခိုင်းတော့မည်ဖြစ်သည်။ ထိုသုတေသီသည် သီးသန့်ဆန်ကာ စကားနည်းသော်ငြား သူ၏ သုတေသနအဆင့်မှာတော့ အင်မတန် ကောင်းမွန်လှပေသည်။ 


"နောက်ထပ်နှစ်ရက်လောက်နေရင် ဖော်စပ်လို့ ပြီးမှာပါ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ ရမ်ရှန့်၏ လက်ထဲတွင် ဖော်စပ်ပြီးသား ဆေးလုံးအချို့ ရှိနေသော်ငြား အလွယ်တကူ ပေးလိုက်ပါလျှင် တန်ဖိုးထားခံရမည် မဟုတ်ချေ။ 


ရက်အတိအကျကို သိလိုက်ရသည့် Crohn ၏ မျက်နှာတွင်လည်း ခပ်ကြီးကြီး အပြုံးတစ်ပွင့် ထွက်ပေါ်လာတော့သည်။ 


"ဒါဆို ဒုက္ခများစေမိပြီ။ တကယ်လို့ ဒီဆေးကသာ တကယ် အလုပ်ဖြစ်ရင် မင်းတို့အတွက် အကျိုးမနည်းစေရပါဘူး ..."


လတ်တလောအခြေအနေအရ သူတို့လက်ထဲမှ သတင်းအချက်အလက် စိမ့်ထွက်လာစေကာမူ ဖက်ဒရယ်ကိုတော့ များစွာ အခက်ကြုံစေနိုင်ဆဲ ဖြစ်သည်။ 


"ကျေးဇူးအများကြီး တင်ပါတယ် ..." 


ကျောက်လင်းယွီက ထိုသို့ပြောကာ စိတ်သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ သူတို့ကို တန်ဖိုးထားသူ များလေလေ လုံခြုံလေဖြစ်သည်။ 


"ဒါဆို ... မင်းရဲ့ ကလေးတွေကို ကြည့်ခွင့်ပေးလို့ ရပြီလား ..." 


Crohn က ထပ်မေးလိုက်ပြန်သည်။ 


"ရပါပြီ ..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ ယခင်က ကလေးများကို မပြလိုသည်မှာ ထိုအဆင့်မြင့်မျိုးနွယ်စုများက သူ့ကလေးများကို လုယူကာ သုတေသနလုပ်မည်ကို စိုးရိမ်၍ ဖြစ်သည်။ ယခုမူ အဆင့်မြင့်မျိုးနွယ်စုတွင် ကလေးငယ် ရှားပါးကြောင်း သိလိုက်ရသည့်အတွက် များစွာ မပူပန်မိတော့ချေ။ 


Crohn သာ သူ့ဆွေမျိုးများကို ထိပါးလိုပါလျှင် အရင်ဆုံး သူ့ခွန်အားကို ပြန်ချိန်ညှိရမည်ဖြစ်သည်။ 


ကလေးလေးယောက်မှာ ပိုပြီး ကြီးထွားလာကာ ဥတစ်လုံးလျှင် တစ်ကီလိုနီးပါး ရှိလာပြီး ပြင်ပကမ္ဘာကိုလည်း ပိုပြီး တုန့်ပြန်နိုင်လာကြသည်။ 


တစ်စုံတစ်ယောက် နီးကပ်လာသည်ကို ခံစားရသည်နှင့် တစ်ပြိုင်နက် သူတို့သည် အနွေးသေတ္တာတစ်ခုလုံး လှုပ်ခါသွားအောင် ခုန်ပေါက်ကြမည်ဖြစ်သည်။ 


ရမ်ရှန့်က ထိုအပြုအမူတို့ကို ကျင့်သားရနေပြီဖြစ်သော်ငြား Crohn မှာမူ ပါးစပ်ကို အုပ်ရင်း အသက်ပြင်းပြင်းရှူကာ စိတ်တည်ငြိမ်အောင် မနည်း ကြိုးစားနေရသည်။ 


ကျောက်လင်းယွီက ‌အနွေးသေတ္တာကို ဖွင့်လိုက်လျှင် ကလေးအားလုံးသည် ရမ်ရှန့်ထံ ခုန်ဝင်လာကြတော့သည်။ 


"ကလေးတွေက အဖိုးတန်လေးတွေလေ ဘာလို့ ဒီလိုမျိုး သတိလက်လွတ် ချီထားရတာလဲ ..." 


Crohn မှာ ထိုမြင်ကွင်းကြောင့် အထိတ်ထိတ်အပျာပျာ ဖြစ်သွားရတော့၏။ 


ရမ်ရှန့်သည် အကြိမ်ပေါင်းများစွာ ပန်းပွင့်ခဲ့ဖူးပြီး မရေမတွက်နိုင်သော ဂျင်ဆင်းစေ့ပေါင်းများစွာ သီးခဲ့ဖူးသည့်အတွက် ထိုကလေးများအပေါ် သူ့ခံစားချက်မှာ ပိုပြီး နက်ရှိုင်းကာ နေ့တိုင်း ချော့မြူထိန်းကျောင်းနေသည့်တိုင် အဖိုးတန်သည်ဟုတော့ မခံစားမိပေ။ 


"သေချာချီထားတာပါ ..." 


Crohn ၏ လက်ကောက်ဝတ်ပေါ်ရှိ ဆက်သွယ်ရေးစက်တွင် ကလေးများ၏ အခြေအနေအားလုံး ပေါ်နေပြီဖြစ်ရာ ဝတုတ်တုတ်ကလေးများ၏ သွင်ပြင်ကြောင့် သူ့နှလုံးသားတစ်ခုလုံး အရည်ပျော်ကျသွားတော့သည်။ 


ဒါပေမယ့် ဒီကလေးတွေအားလုံးက ညှင်းပန်းနှိပ်စက် ခံနေရတယ် ... 


သူသည် ရမ်ရှန့်ကို စွမ်းရည်သုံးကာ သင်ခန်းစာ ပေးလိုက်ချင်သော်ငြား ကလေးများ၏ မျက်နှာကိုထောက်ကာ ထိုအကြံကို လက်လျော့လိုက်သည်။ 


"ပိုပြီးတော့ ဂရုစိုက်သင့်တယ် မင်းရဲ့မျိုးရိုးကြောင့် သူတို့လေးတွေကို မွေးနိုင်တယ်ဆိုရင်တောင် သတိလက်လွတ်နေလို့တော့ မရဘူးလေ ငါပြမယ် ကြည့် ..." 


သူက လက်တွေ့ပြတော့မည့် အချိန်တွင် ကျောက်လင်းယွီက ဟန့်တားလိုက်သည်။ သူသည်လည်း ဥထဲရှိ ကလေးများသည် သူ့ကို ငြင်းပယ်လိုဟန်ဖြင့် တွန်းထုတ်နေကြကြောင်း တွေ့လိုက်ရသည်။ 


သို့သော် သူတို့၏ မျက်နှာများမှာမူ ရမ်ရှန့်ဘက်သို့သာ လှည့်ထားကြပြီး အမူအရာမှာလည်း အလွန်စိတ်ကျေနပ်နေကြကြောင်း တွေ့လိုက်ရမှသာ Crohn ၏ စိုးရိမ်မှုတို့ ပြေလျော့သွားတော့သည်။ 


သူတို့က ရမ်ရှန့်ကို တကယ် သဘောကျကြတာပဲ မွေးပေးထားတဲ့သူ ဖြစ်နေလို့များလား ... 


ထို့ကြောင့် သူလည်း လုပ်သင့်လုပ်ထိုက်သည်များအကြောင်း သင်ပြမနေတော့ဘဲ ကြိုတင်ကာကွယ်ခြင်းများကိုသာ တရစပ် ညွှန်ကြားလိုက်တော့သည်။


"ကလေးတွေက မင်းကို သဘောကျကြတော့ သူတို့နဲ့ ပိုပြီး နီးနီးကပ်ကပ်နေရမယ်လေ ဘယ်လိုဖြစ်လို့များ အနွေးသေတ္တာထဲ ထားရက်ရတာလဲ အဲဒါက ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာအတွက် မကောင်းဘူး ..." 


ရမ်ရှန့်က သူ့ကို သဘောမကျသော်ငြား ထိုစကားတို့ကို ကြားလိုက်ရချိန်တွင် စိတ်ဝင်တစားဖြင့် ခေါင်းတဆတ်ဆတ် ငြိမ့်နေသည့်အပြင် လေးစားသည့်အကြည့်တို့ဖြင့်ပင် ကြည့်လိုက်သေးသည်။  


"ခင်ဗျားက အများကြီးကို သိထားတာပဲ ..." 


"ဒါပေါ့ ငါက ကိုယ်ဝန်ဆောင်အတန်းမှာ  အမှတ်ပြည့် ရထားတာလေ ..." 


"ကိုယ်ဝန်ဆောင်အတန်း ဟုတ်လား ခင်ဗျားလည်း ကလေးမွေးချင်လို့လား ..."

108.2


ရမ်ရှန့်က သူ့ကို တထူးတဆန်း ကြည့်လိုက်သည်။ 


"... လောယာမှာဆို လူတိုင်းက ကိုယ်ဝန်ဆောင်အတန်းချိန်ကို မတက်မဖြစ် တက်ရတယ်လေ ဘယ်လိုလုပ် ငါက ... ထားပါ ငါလည်း ကလေးတော့ လိုချင်ပါတယ် ဒါပေမယ့် ကိုယ့်ဘာသာကိုယ်တော့ မမွေးချင်ဘူး ..." 


သူက ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ပြောလိုက်သည်။ 


လောယာတို့၏ ပျမ်းမျှသက်တမ်းမှာ နှစ်ငါးရာဖြစ်ပြီး သူ့လို သန်မာသူများအဖို့ နှစ်ရှစ်ရာနီးပါး အသက်ရှည်နိုင်ရာ သင်ယူစရာများစွာ ရှိနေပေသည်။ 


ကျောက်လင်းယွီမှာ အားတက်သရော ဆွေးနွေးနေသူနှစ်ဦးကို ကြည့်ရင်း မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့။ ရမ်ရှန့်ကို ဆွဲခေါ်ရင်း Crohn ကို ပြောလိုက်သည်။ 


"မစ္စတာ Crohn ညစာစားချိန် ရောက်ပြီဆိုတော့ အရင်ဆုံး စားလိုက်ကြမလား ..." 


"ကောင်းပြီလေ..." 


သူလည်း ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် ရမ်ရှန့်တို့ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဆက်သွယ်ရေးစက်ကို ထုတ်ကာ သူရှာတွေ့ထားသော အချက်အလက်များအားလုံးကို လောယာအင်ပါယာနှင့် သူ့ကိုယ်ပိုင်ယာဉ်ပျံထံသို့ ပေးပို့လိုက်သည်။ 


ထိုသူများသည်လည်း သူနှင့်ထပ်တူ အံ့ဩနေကြလိမ့်မည်ဟု ယုံကြည်ထားပေသည်။ 


ထို့နောက် ကျောက်လင်းယွီတို့နောက် အလောတကြီး ပြေးလိုက်သွားကာ ကလေးများအနား ကပ်ခွင့်ရရန် ကြံစည်လိုက်သည်။ ကလေးများကို ‌လေ့လာရန်အတွက်မူ ... 


ဒီလို ချစ်စရာကောင်းတဲ့ ကလေးလေးတွေကို ဘယ်လိုလုပ် သုတေသန လုပ်ရက်ရမှာလဲ ရမ်ရှန့်ရဲ့ မျိုးရိုးက ထူးဆန်းတယ်ဆိုပေမယ့် စကြ၀ဠာထဲမှာ ထူးဆန်း‌တဲ့ မျိုးနွယ်တွေဆိုတာ ပေါမှပေါလေ ရမ်ရှန့်ရဲ့ ဇစ်မြစ်ကို စုံစမ်းဖို့ အချိန်တွေ ပေါနေရင် ဘယ်လို မျိုးပွားရမလဲဆိုတာကိုပဲ စုံစမ်းတော့မှာပေါ့ ...


Crohn ကြောင့် လောယာရှိ အထက်တန်းလွှာတစ်ခုလုံး မည်မျှပင် ပွက်လောရိုက်သွားသလို မြို့တော်ကြယ်ရှိ အထက်တန်းလွှာတို့မှာမူ အံ့ဩလွန်း၍ အိပ်ပင် မပျော်တော့ချေ။ 


ကျောက်မိသားစုတွင် ဖြစ်ပျက်ခဲ့သည့် ယခင်ဖြစ်ရပ်များကပင် အံ့အားသင့်ရန် လုံလောက်နေပြီဖြစ်ရာ အဆင့်မြင့်မျိုးနွယ်စု၊ ကိုယ်ဝန်သည်အမျိုးသား အစရှိသည့် ကိစ္စရပ်များကိုပါ ထပ်ပေါင်းထည့်လိုက်ပါလျှင် ... 


သိပ္ပံနည်းမကျတာတွေမှ အများကြီးပဲလို့ ... 


အမှန်စင်စစ်တွင်မူ သိပ္ပံနည်းမကျရုံတင် မဟုတ်ပေ။ အချို့သူများအတွက်မူ ဒေါသမုန်တိုင်း ထန်စေလောက်သည့် ခြိမ်းခြောက်မှုပင် ဖြစ်သည်။ 


ရန်ယဲ့မှာ သူ့ဇနီးသည်ကိုပင် ဂရုမစိုက်အားတော့။ သူသာမက မိသားစုခေါင်းဆောင်နေရာမှ အငြိမ်းစားယူသွားသည့် သူ့ဖခင်ကလည်း ရှေ့ပြန်နောက်ပြန် လမ်းလျှောက်ရင်း စဉ်းစားနေကာ တွေးလေလေ ကြောက်ရွံ့မိလာလေပင်ဖြစ်သည်။ 


သူတို့သည် ကျောက်လင်းယွီကို နှစ်ရှည်လများ ဆန့်ကျင်ခဲ့ကြသူများဖြစ်သည်။ ယခင်က ကျောက်လင်းယွီမှာ ထူးချွန်သော်ငြား ရန်နှင့် လော့ခဲမိသားစုတို့မှာလည်း မညံ့လှသည့်အတွက် ကြောက်ရွံ့ခြင်း အလျဉ်းမရှိခဲ့ပေ။ သို့သော် ... 


Gerd မိသားစုနှင့် ဖန့်မိသားစုတို့မှာ ကျောက်လင်းယွီ၏ ဘက်တော်သား ဖြစ်သွားသည့်အပြင် အဆင့်မြင့်မျိုးနွယ်စုကိုပါ သိမ်းသွင်းနိုင်ခဲ့သေးသည်။ 


ဒီတိုင်းသာ ဆက်သွားနေရင် ရန်မိသားစုနဲ့ လော့ခဲမိသားစုအတွက် နေရာရော ရှိပါတော့မလား ... 


ထို့ကြောင့် ရန်မိသားစုက လော့ခဲမိသားစုခေါင်းဆောင်နှင့် ဆက်သွယ်ကာ အချိန်အတော်ကြာ ဆွေးနွေးခဲ့သည့်တိုင် ဘာအဖြေမှ ရေရေရာရာ ထွက်မလာခဲ့ချေ။ ထို့နောက် ရန်ယဲ့၏ ဇနီးက ရုတ်ချည်း ဝင်ပြောလိုက်သည်။ 


"ကျောက်လင်းယွီက အပင်တွေကို သူတစ်ယောက်ပဲ စိုက်ပျိုးလို့ ရတာလို့ ပြောခဲ့တယ် မဟုတ်လား ဒါပေမယ့် ရမ်ရှန့်က အပင်စွမ်းရည်ပိုင်ရှင်ဆိုတာ လူတိုင်းသိနေတဲ့ကိစ္စလေ ကျွန်မအမြင်မှာတော့ ဒီဆေးတွေအကုန်လုံးက ရမ်ရှန့်လုပ်တာပဲ ဖြစ်ရမယ် အကြီးအကဲထန့်ကတောင် သူ့ကို ဆရာတင်ရတယ်ဆိုတဲ့သတင်းကို မကြားမိလိုက်ဘူးလား ..." 


"ဒါက ... အကြီးအကဲထန့်က အကျိုးလိုလို့ ညောင်ရေသွန်းတာ နေမှာပေါ့ ..." 


ရမ်ရှန့်မှာ ကြီးထွားလာပြီဖြစ်သည့်တိုင် သူတို့၏ မျက်စိထဲတွင်မူ သူငယ်နှပ်စားလေးသာ ဖြစ်နေသေးပေသည်။ 


ဒီလို ပေါက်စလေးက ဘယ်လိုလုပ် အကြီးအကဲထန့်ရဲ့ဆရာ ဖြစ်နိုင်မှာလဲ ... 


"အကြီးအကဲထန့်က ဘယ်သူမိုလို့လဲ ကျောက်မိသားစုက အင်အားကြီးလို့ ရမ်ရှန့်ကို ဆရာတင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား အဲဒီလိုသာဆိုရင် အကြီးအကဲဖန့်က နှစ်တွေအကြာကြီးတောင် စောင့်ရမှာ မဟုတ်ဘူး ..." 


ရန်ယဲ့က ရမ်ရှန့်ကို အထင်‌သေးသော်ငြား သူမကတော့ မတူပေ။ 


ရန်ယဲ့က သဘောပေါက်သွားသော်ငြား ချက်ခြင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ 


"အဲ့ဒီလိုဆိုရင်တောင် ငါတို့နဲ့ ဘာဆိုင်လို့လဲ ..." 


"ရှင်က သူတို့နှစ်ယောက် စိတ်ဝမ်းကွဲသွားအောင် လုပ်လို့ရတယ်လေ နှစ်ယောက်ကို ခွဲထားပြီး ရမ်ရှန့်ကို မြူဆွယ်ဖို့ တစ်ယောက်လောက် ရှာနိုင်ရင်တော့ အကောင်းဆုံးပေါ့ ကျောက်လင်းယွီကို စွန့်ပစ်သွားအောင်လေ ..." 


သူမသည် နိုင်ငံရေးနှင့် ပတ်သက်သည်များကို တစ်လုံးမှ နားမလည်သည့်တိုင် လူချမ်းသာမိသားစုနှင့် လက်ထပ်နိုင်ရေးကိုသာ မျှော်တွေးနေရသည့် မိန်းကလေးတစ်ဦးအနေဖြင့် အနောက်ဆောင်အရှုပ်တော်ပုံများ၌ အင်မတန် ပြောင်‌မြောက်လှပေသည်။ 


ရန်ယဲ့၏ အကြံအတိုင်း ဆိုပါလျှင် ရမ်ရှန့်ကို ပြန်ပေးဆွဲကာ သတ်ပစ်လိုက်မည် ဖြစ်သော်ငြား ကျောက်လင်းယွီက သူ့ကို ကောင်းမွန်စွာ ကာကွယ်ထားသည့်အတွက် ... လက်လွတ်စပယ် မလုပ်နိုင်သည့်အပြင် လုပ်လည်း မလုပ်ရဲချေ။ 


ရန်ယဲ့တို့က ကျောက်လင်းယွီနှင့် ရမ်ရှန့်အကြား သွေးထိုးရန် ကြံစည်နေစဉ် ကျောက်မိသားစုကတော့ အေးအေးဆေးဆေး ညစာစားနေကြပြီဖြစ်သည်။ စားပွဲတွင် ကျောက်မိသားစု၊ အကြီးအကဲထန့်၊ Crohn နှင့် ကော်ဘီယန်သာ ရှိနေပြီး ဖုန့်ခဲ့ရှင်းကတော့ ပြန်သွားချေပြီ။ 


ကျောက်လင်းယွီက သတင်းအားလုံးကို ကြေငြာလိုက်ပြီဖြစ်ရာ သူမ‌အနေဖြင့် လျှို့ဝှက်ထားရန် မလိုအပ်တော့။ ထို့အပြင် ခင်ပွန်းဖြစ်သူ ဝယ်ယူထားသည့် အိမ်ကိုလည်း သူမသာ ဦးစီးရမည် ဖြစ်သည့်အတွက် ကြည့်ရှူရန် ပြန်သွားတော့သည်။ စားသောက်စရာများမှာ အရသာရှိလှသော်ငြား စိတ်စွမ်းအင်အ‌ကြောင်း အာရုံရောက်နေသော ရမ်ရှန့်ကမူ အလုတ်အနည်းငယ်ထပ်ပိုပြီး မစားခဲ့။ 


ထိုသည်ကို မြင်လိုက်ရသည့်အခါ ကျောက်လင်းယွီ၏ နှလုံးသားမှာ ချဉ်စူးလာတော့သည်။ ရမ်ရှန့်၏ အာရုံစိုက်မှုအားလုံးတို့သည် သူ့ထံတွင်သာ ရှိခဲ့သည့်အတွက် အခြားသူထံ အာရုံရောက်သွားမည်ကို မလိုလားပေ။ 


ရမ်ရှန့်က တို့တိတို့ဆိတ်သာ စားသော်ငြား Crohn ၏ စားသောက်နှုန်းမှာမူ အလွန်အကျူးပင် ဖြစ်သည်။ လောယာမျိုးနွယ်စုသည် လူဦးရေ နည်းပါးလှသော်ငြား လူတိုင်းသည် စွမ်းအင်နောက်သို့သာ တကောက်ကောက် လိုက်နေကြသည့်အတွက် စားကောင်းသောက်ဖွယ်ဟူ၍ များများစားစား မရှိပေ။ 


ညစာစားပြီးနောက် ရှန်းချိုးရှစ်က လက်ဖက်ရည်ယူလာပေးရန် ညွှန်ကြားလိုက်သည်။  ထိုအချိန်တွင် ရမ်ရှန့်၏ ဆက်သွယ်ရေးစက်က အသံမြည်လာခဲ့သည်။


Xxxxxxx