အပိုင်း ၁၀၉
Viewers 18k

Chapter 109


သူနှင့် မစ္စတာထန့်တို့သည် လူသားမျိုးနွယ်အတွက် အကျိုးဆောင်ပေးခဲ့သဖြင့် ဖက်ဒရယ်က သူတို့ကို အထူးဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ကာ ဂုဏ်ပြုပွဲ ကျင်းပပေးလိုကြောင်းနှင့် ယခင်ပွဲတွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်ပြင်ဆင်ရန် Crohn ကိုပါ ဖိတ်ကြားလိုကြောင်း အကြောင်းကြားလာသည်။ 


ရမ်ရှန့်မှာ ထိုသတင်းကို ကြားလိုက်ရစဉ်က ရွေးရခက်သွားသော်ငြား အင်တာနက်ပေါ် ရှာကြည့်ပြီးနောက်တွင်တော့ စိတ်ဝင်စားလာတော့သည်။ ထိုဆုမျိုးကို ရခဲ့ဖူးသူဟူ၍ ဖက်ဒရယ်သမိုင်းတစ်လျှောက် ရှားပါးလှသည့်အပြင် ရွှေပါဝင်မှုနှုန်းလည်း မြင့်မားလှပေသည်။ 


"ဆရာ မနက်ဖြန်ကျ ဆုသွားယူရအောင် ဒီဆုယူပြီးသွားရင် ဘောနပ်စ်အများကြီး ရဦးမှာတဲ့ ..." 


အကြီးအကဲထန့်က သူ့ထက်ပင် ပိုပျော်နေသေးသည်။ သူသည် ဖက်ဒရယ်မှ ထွက်ခွါလာခဲ့သည်မှာ ကာလကြာမြင့်နေပြီဖြစ်သော်ငြား သူ့မွေးရပ်ဇာတိတွင် ဤဆုမျိုး ပြန်ယူရမည့်အတွက် အလွန်စိတ်လှုပ်ရှားနေပေသည်။ 


"ကောင်းပြီ ..." 


ရမ်ရှန့်က ခေါင်းငြိမ့်ပြလိုက်သည်။ 


ရှန်းချိုးရှစ်သည်လည်း ထပ်တူ ဝမ်းသာနေ၏။ 


"ရမ် မနက်ဖြန်ကျ အချောဆုံး ဖြစ်နေအောင် အမေ အခုပဲ အဝတ်အစား မှာပေး‌မယ်နော် ..." 


"အမ်း ..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ သူ့အရပ်မှာ ၁၈၀ စင်တီမီတာ ရှိနေပြီဖြစ်သော်ငြား အပြုအမူများမှာမူ ကလေးဆန်နေဆဲဖြစ်သည်။ အခြားသူများသာ ထိုအပြုအမူမျိုး လုပ်ပါလျှင် ရူးကြောင်ကြောင်နိုင်သည်ဟု ခံစားရမည်ဖြစ်သော်လည်း ရမ်ရှန့် လုပ်လိုက်သည့်အခါတွင်မူ သန့်စင်သည့်ပုံရိပ်ကိုသာ ပေးစွမ်းနေပေသည်။ 


"ကိုယ်ဝန်သည်အမျိုးသမီးတွေက အပင်ပန်းခံလို့ မရဘူး ..." 


ညစာစားပြီးသည့်တိုင် ဆက်ထိုင်နေသေးသော Crohn က ဝင်ပြောလိုက်သည်။ သူ့ဘေးရှိ ကော်ဘီယန်မှာမူ မည်သူမှ သူ့ကို သတိမထားမိစေရန် ဟိုဟိုသည်သည် လျှောက်ကြည့်နေလိုက်တော့၏။ 


ဒီအမတ်ကြီးက သူရဲကောင်းဆန်တဲ့ လုပ်ရပ်တွေ အများကြီး ဆောင်ရွက်ခဲ့တဲ့ လောယာရဲ့ စစ်နတ်ဘုရားလေ သူ့ကို စတွေ့တုန်းက အရှိန်အဝါတွေကို အံ့ဩမ်ိခဲ့ပေမယ့် အခုများတော့ ကြည့်ပါဦး လွှမ်းမိုးနိုင်တဲ့ စစ်နတ်ဘုရားက ဘာလို့များ လူသားတွေရဲ့ ရှေးခေတ်ပြဇာတ်တွေထဲမှာ ပါတဲ့ ဇာတ်လိုက်အနားမှာ တဗျစ်တောက်တောက် လိုက်ပြောနေတဲ့ ကလေးထိန်းအိုကြီးနဲ့ တူနေရတာလဲ ... 


အင်္ကျီမှာတာလေးက ပင်ပန်းလို့လား ... 


ရှန်းချိုးရှစ်မှာ ပြောစရာစကားပင် မရှိတော့ချေ။ 


နောက်ဆုံးတွင်တော့ ရမ်ရှန့်လည်း Crohn ပေးသည့် လောယာအင်ပါယာမှ ဝတ်စုံကိုသာ ဝတ်ဆင်လိုက်ရတော့သည်။ ထိုဝတ်စုံမှာ သူနှင့် အင်မတန် လိုက်ဖက်ကာ ခံ့ညားနေပေသည်။ 


အထူးအခြေအနေများကြောင်း ဆုပေးပွဲကို မီဒီယာများအား မဖိတ်ဘဲ သီးသန့်ကျင်းပခဲ့သည့်တိုင် လေထုမှာ သက်ဝင်လှုပ်ရှားနေဆဲဖြစ်သည်။ ဆုပေးပြီးသည်နှင့်တစ်ပြိုင်နက် ရမ်ရှန့်အနားသို့ ဝိုင်းအုံကာ စကားလာပြောလိုက်ကြတော့သည်။ 


ထိုကဲ့သို့ စိတ်အားတက်ကြွမှု‌များကြောင့် ရမ်ရှန့်မှာ အနည်းငယ် တုန်လှုပ်မိသော်ငြား တစ်ဖြေးဖြေး ပျော်ရွှင်လာတော့၏။ ယခင်က လူတိုင်းသည် သူ့ကို အလှပန်းအိုးအဖြစ်သာ သဘောထားခဲ့သော်ငြား ယခုမူ သူ့ကို အသိအမှတ်ပြုနေရပြီဖြစ်သည်။ 


ထိုအကြောင်းကို တွေးရင်း ပျော်ရွှင်မှုတို့ကို ကျောက်လင်းယွီနှင့် မျှဝေရန် လိုက်ရှာလိုက်သော်ငြား ရှာမတွေ့ခဲ့ချေ။ 


"ရမ်ရှန့်ရေ ရှင်က တကယ်ကို အံ့ဩဖို့ကောင်းတာပဲ ရှင်ကလေ အပင်စွမ်းရည်ပိုင်ရှင်တွေအတွက် စံပြပုဂ္ဂိုလ်ပဲ သိလား ..." 


၁၈ နှစ်အရွယ် မိန်းကလေးတစ်ဦးက သူ့ကို လေးစားမှုအပြည့်ဖြင့် ပြောလိုက်သည်။ 


"မဟုတ်တာ ..." 


သူက အနည်းငယ် ရှက်သွားသော်ငြား ထို အပင်စွမ်းရည်ပိုင်ရှင် မိန်းကလေး၏ အရှိန်အဝါသည် ကျောက်လင်းယွီကဲ့သို့ပင် သက်တောင့်သက်သာ ရှိလှသည့်အတွက် သူမကို ပိုပြီး သဘောကျလာတော့သည်။ 


"ဘာလို့ မဟုတ်ရမှာလဲ အပင်စွမ်းရည်ပိုင်ရှင်အများစုက မတိုက်ခိုက်နိုင်ကြဘူးလေ ပန်းတွေ မြက်တွေ ပွင့်ပေးရုံလောက်ပဲ လုပ်တတ်တော့ လူတိုင်းက အထင်သေးခဲ့ကြတာ ဒါပေမယ့် ရှင်နဲ့ အကြီးအကဲထန့်ကတော့ သာမန်အပင်စွမ်းရည်ပိုင်ရှင်တွေနဲ့ မတူဘဲ တကယ်ကို တစ်မူထူးတာပဲ ရှင်တို့ကြောင့် ကျွန်မတို့တွေပါ တောက်ပလာတယ် ..." 


သူမ၏ အကြည့်တို့မှာ တဖိတ်ဖိတ်လက်နေသည်။ 


ရမ်ရှန့်အဖို့ အပြင်လူတစ်ဦး၏ ချီးကျူးခြင်းကို ခံရသည်မှာ ပထမဆုံးအကြိမ်ဖြစ်၍ ဘာပြောရမည်မှန်း မသိတော့ချေ။ ထိုအချိန်တွင် သူမက သစ်စေ့အချို့ ထုတ်လာကာ ပြောလိုက်သည်။ 


"ရမ်ရှန့် ကျွန်မ မသိတဲ့ အစေ့တစ်ချို့ တွေ့လာလို့ အဲဒါ ဘာတွေလဲ ပြောပြပေးလို့ ရမလားဟင် ..." 


"ကြည့်ရုံနဲ့တော့ မသိလောက်ဘူး အပင်စိုက်ကြည့်မှရမှာ ..." 


သူက ပြောလိုက်သည်။ 


"ဝရန်တာမှာ ပန်းမွေ့ယာသေးသေးလေး တွေ့ခဲ့တယ် သွားစမ်းကြည့်ကြမလား ကျွန်မကို ဒီအစေ့တွေ ပေးတဲ့သူက ထူးဆန်းထွေလာသစ်စေ့တွေတဲ့ ..." 


သူမက အားတက်သရော မေးလိုက်သည်။ 


သူတို့နှစ်ဦး အပင်စိုက်ရန် ထွက်သွားချိန်က ကျောက်လင်းယွီသည် ရန်ယဲ့နှင့် စကားပြောနေပေသည်။ 


သူ့ကို ရန်ယဲ့က လှမ်းဆွဲထားသော်ငြား သူ့အာရုံတို့မှာ ရမ်ရှန့်ထံတွင်သာ ရှိနေသည့်အတွက် ထိုဖြစ်ရပ်အားလုံးကို မြင်နေရကာ အနည်းငယ် စိတ်မသက်မသာ ဖြစ်လာတော့သည်။


ရမ်ရှန့်က ပိုပိုပြီးကို တောက်ပလာတာပဲ သူ့အတွက် ပိုပျော်ပေးသင့်ပေမယ့် နည်းနည်းလေးတော့ ချဉ်စူးစူး ဖြစ်မိတုန်းပဲ သူ့အတွက်ပဲ ပွင့်ပေးတတ်တဲ့ ပန်းလေးက အခုတော့ လူတိုင်းရှေ့မှာ အစွမ်းကုန် ပွင့်လန်းနေပြီ ... 


"ရမ်ရှန့်က အဲဒီ့ကောင်မလေးကို တော်တော်သဘောကျနေတဲ့ပုံပဲ ..." 


ရန်ယဲ့က ပြောလိုက်သည်။ 


"တကယ်လား ..." 


ကျောက်လင်းယွီကလည်း မငြင်းခဲ့။ 


"သူတို့နှစ်ယောက်က အရမ်းရင်းနှီးနေတော့ ငါ့ရဲ့ လူငယ်ဘဝ နေ့ရက်လေးတွေကိုတောင် သတိရသွားပြီ..." 


သူက ရန်ယဲ့၏ အာရုံကို ဖမ်းစားရန် လူပေါင်းများစွာ ရှာဖွေခဲ့သော်ငြား မမျှော်လင့်ဘဲ ထိုမိန်းကလေးက ချဉ်းကပ်နိုင်သွားသည်။ 


ဝရန်တာနှင့် မနီးမဝေးတွင် ရမ်ရှန့်နှင့် သူမတို့သည် နီးနီးကပ်ကပ်ရပ်နေပြီး ဤနေရာမှ ကြည့်ပါလျှင် တီးတိုးစကားပြောနေသည်ဟုပင် ထင်ရပေသည်။ သူမ၏ ဆံနွယ်တို့မှာလည်း ရမ်ရှန့်၏ လည်ပင်းသို့ပင် ထိကပ်နေလေသည်။ 


ရန်ယဲ့က သူ့ကို သဝန်တိုအောင် လုပ်နေတာလား ... 


သာမန်သူတစ်ဦးသာ သူ့လက်တွဲဖော်ကို သူစိမ်းမိန်းကလေးတစ်ဦးနှင့် ဝရန်တာတွင် အတူယှဉ်တွဲပြီး တွေ့လိုက်ပါလျှင် မုချ သဝန်တိုမည်ဖြစ်ကာ မည်သို့မှ မတုန့်ပြန်သည့်တိုင် နှလုံးသားထဲတွင်တော့ အစိုင်အခဲ ကျန်နေတော့မည်ဖြစ်သည်။ သို့သော် ကျောက်လင်းယွီမှာမူ ... သူ့နားထဲတွင် နားကြပ်တစ်ဖက် ရှိနေပြီး လူတိုင်းနီးပါးကလည်း သူတို့၏ လူများနှင့် ဆက်သွယ်ရန် ဝတ်ဆင်ထားကြသည့်အတွက် မည်သူမှ သတိမထားမိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရမ်ရှန့်နှင့် ထိုမိန်းကလေး၏ စကားသံများကို သူကြားနေရကြောင်း မည်သူမှ မသိချေ။

109.2


သူနှင့် ရမ်ရှန့်တို့သည် အမြဲလိုလို ပူးကပ်နေတတ်သည့်အတွက် ‌ခြေရာခံစက်ကို ဝတ်ဆင်ထားရန် မလိုအပ်သည့်တိုင် ထိုစက်က သစ္စာရှိစွာဖြင့် ရမ်ရှန့်၏ အခြေအနေတိုင်းကို တင်ပြနေဆဲဖြစ်သည်။ 


သူက ရန်ယဲ့ကို အရူးတစ်ယောက်ကို ကြည့်သည့်နှယ် ကြည့်လိုက်သည်။ ယခုအချိန်မှသာ အမျိုးသမီးတို့ သုံးလေ့ရှိသည့် လှည့်ကွက်များကို နားလည်သွားတော့သည်။ 


"အနားနား မကပ်နဲ့ မင်းအနံ့ကြီးက ဆိုးလိုက်တာ ..." 


ရမ်ရှန့်က သူမကို မကျေမနပ် ပြောလိုက်သည်။ သူမကို သဘောကျမိသည့်တိုင် အနားနားသို့ တစ်ဖြေးဖြေး တိုးလာသည့်အခါ အာရုံနောက်လာတော့သည်။ 


"တောင်းပန်ပါတယ် ..." 


သူမက အလောတကြီး တောင်းပန်လိုက်သည်။ 


"ဒါတွေအကုန်လုံးက ရိုးရိုးအပင်လေးတွေပဲကို ..." 


ရမ်ရှန့်က ပန်းပင်များကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်သည်။ 


ဒီအပင်တွေက ဘယ်နေရာများ မှော်ဆန်နေလို့လဲ စွမ်းအင်လေး တစ်စက်တောင် မရှိဘဲနဲ့များ ... 


သာမန်ဟုတ်လား ဒါတွေအားလုံးက တန်ဖိုးကြီးအပင်တွေဟဲ့ ... 


သူမ၏ မျက်လုံးတို့က ပြူးကျယ်လာသည့်တိုင် အပြုံးမှာတော့ ချိုမြနေဆဲဖြစ်သည်။ 


"တကယ်ကြီးလား ဒါတွေက ဘာမျိုးစိတ်တွေလဲဟင် ..." 


"မသိဘူး ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


"ဒါပေမယ့် ဓာတ်ပုံရိုက်၊ အွန်လိုင်းပေါ် တင်ပြီး မေးကြည့်လေ အင်တာနက်ပေါ်က လူတွေက အကုန်သိတယ် ..." 


သူ့မူလကမ္ဘာရှိ အပင်တိုင်းကို သိသော်ငြား ဤကမ္ဘာနှင့် ပတ်သက်သည့် အပင်များကိုမူ လုံးဝမသိချေ။ သိူ့သော် အင်တာနက်ပေါ်ရှိ လူများမှာမူ အမှန်ပင် ဗဟုသုတကြွယ်ဝကြပေသည်။ 


".... အင်တာနက်ပေါ် မေးရမယ် ..." 


ထိုမိန်းကလေးမှာ အနည်းငယ် ပဟေဠိဖြစ်သွားတော့သည်။ 


"ဟုတ်တယ် သွားမေးကြည့်လိုက် ငါသွားပြီ ..." 


သူက ထိုသို့ပြောကာ ထွက်သွားတော့မည့် အချိန်တွင် Gerd က အားကိုးရာ ရသွားသည့်နှယ် သူ့ထံ အမောတကော ပြေးဝင်လာလေသည်။


Gerd ၏ မျက်နှာမှာ အနည်းငယ် သွေးရူးသွေးတန်းဖြစ်နေသော်ငြား ရမ်ရှန့်ကို တွေ့လိုက်သည်နှင့်တစ်ပြိုင်နက် ထိုအမူအယာအားလုံး တည်ငြိမ်သွားတော့သည်။ 


"ရမ်ရှန့် ငါ မင်းနဲ့အတူ ကျောက်စံအိမ်မှာ ခဏလောက် လိုက်နေဦးမယ် ..." 


"ဘာလို့လဲ ..." 


ရမ်ရှန့်က ရှုပ်ထွေးနေဟန်ဖြင့် မေးလိုက်သည်။ 


"ပြဿနာနည်းနည်း ကြုံနေရလို့ ရမ်ရှန့် ငါ့ဗိုက်ထဲက ကလေးနှစ်ယောက်အတွက် မင်းမှာ တာဝန်ရှိတယ်နော် ..."


သူက ပြောလိုက်သည်။ 


"အဲဒီကလေးတွေက ကျွန်တော့်ဟာတွေမှ မဟုတ်တာ ..." 


ရမ်ရှန့်က မကျေမနပ် ပြောလိုက်သည်။ 


"မင်းသာ ငါ့ကို အဲဒီ့ဆေးလုံးရဲ့ အသုံးပြုပုံအကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့ရင် ငါ မသောက် ..." 


Gerd မှာ ဘာဆက်ပြောရမည်မှန်းပင် မသိတော့ချေ။ ထိုနေရာ၌ ရပ်နေသေးဆဲဖြစ်သော မိန်းကလေးကို တွေ့လိုက်သည်နှင့်တစ်ပြိုင်နက် သူက အေးစက်စွာ ပြောလိုက်သည်။ 


"ဘာလို့ ဒီနားမှာ ရပ်နေသေးတာလဲ အိမ်ပြန်ရမယ့်လမ်းကို မေ့နေလို့လား ..." 


သနားစရာလူငယ်လေးအဖြစ်မှ လွှမ်းမိုးနိုင်သည့် အေးစက်စက်ဥက္ကဌဇာတ်ကောင်အဖြစ်သို့ စက္ကန့်ပိုင်းအတွင်းမှာပင် ပြောင်းလဲသွားတော့သည်။ ဘေးနားတွင် ရပ်နေသူများကို ဆူပူကြိမ်းမောင်းပြီးနောက် ရမ်ရှန့်အနား ဝင်ထိုင်ကာ ပြောလိုက်သည်။ 


"ရမ်ရှန့် ငါလည်း မတတ်နိုင်တော့လို့ပါ အကြီးအကဲဖန့်က ဖန့်ချန်ကျွင့်ကို ငါ့အိမ်ရှေ့ ခေါ်လာပြီး သူ့မြေးလုပ်ခဲ့တဲ့ ကိစ္စတွေအတွက် သေချာပေါက် တာဝန်ယူခိုင်းပေးပါ့မယ်ဆိုပြီး လာပြောနေလို့ ..." 


"အကြီးအကဲဖန့်က ဘာလိုချင်တာတဲ့လဲ ..." 


ရမ်ရှန့်က မကျေမနပ် မေးလိုက်သည်။ 


"သူက ငါ့ကို ဖန့်ချန်ကျွင့်နဲ့ လက်ထပ်စေချင်တာ ..." 


"ဒါက တအားကို ဈေးပေါလွန်းတာပဲ ..." 


Gerd ကို မြင်လိုက်သော Crohn က ရုတ်ချည်း ဝင်ပြောလိုက်သည်။ 


"မင်းသာ သူနဲ့ လက်ထပ်လိုက်ရင် ဖန့်ချန်ကျွင့်ကို ကလေးနှစ်ယောက် အလကားပေးလိုက်သလို ဖြစ်မှာပေါ့ တွက်ခြေမကိုက်လိုက်တာ မင်းကိုယ်မင်း ဂုဏ်မြှင့်တင်ရင် အကောင်းဆုံးပဲ ..." 


"ကျွန်တော်လည်း အဲဒီလိုပဲ တွေးပါတယ် ဒါပေမယ့် ..." 


သူက ချီတုံချီချ ဖြစ်ဟန်ဖြင့် ပြောလိုက်သည်။ 


"ဘာဖြစ်လို့လဲ ..." 


ရမ်ရှန့်က ထပ်မေးလိုက်သည်။ 


"သူက ငါနဲ့ ဖန့်ချန်ကျွင့်ကို လက်ထပ်စေချင်တာ ..." 


သူက ပြောလိုက်သည်။ 


အကြီးအကဲဖန့်နှင့် ဖန့်ချန်ကျွင့်ကို တွေ့လိုက်ရစဉ်က သူသည် ထိုသူတို့နှင့် စကားစစ်ထိုးကာ ဘယ်တော့မှ အရှုံးမပေးရန် ဆုံးဖြတ်ထားချိန်ဖြစ်သည်။ အသုံးပြုရမည့် စကားလုံးတို့ကိုပင် အွန်လိုင်းပေါ်မှ ရှာထားခဲ့သော်ငြား သူပင် ဒေါသမထွက်ရသေး။ ထိုသူနှစ်ဦးက တောင်းပန်လာကာ ဖန့်ချန်ကျွင့်ကို သူနှင့် လက်ထပ်ပေးလိုကြောင်း ကမ်းလှမ်းလာပေသည်။ 


ဖန့်ချန်ကျွင့်ကို သတို့သားအဖြစ် လက်ထပ်ရမည်ဟု ကမ်းလှမ်းလာပါလျှင် ‌မတုန့်မဆိုင်းဘဲ ငေါက်ငမ်းပစ်မည်ဖြစ်သည်။ သို့သော် ဖန့်ချန်ကျွင့်ကို သတို့သမီးအဖြစ် လက်ထပ်ရမည်ဟု ဆိုလာချိန်တွင်တော့ Gerd လည်း မည်သို့ဖြေရှင်းရမည်မှန်း မသိတော့ချေ။ 

(T.N/ ပုံမှန်ဆို ကိုယ်ဝန်ရှိတဲ့သူက သတို့သမီးနေရာကနေ ယူရမှာလေ အဲဒါကြောင့် သူက လက်မထပ်ချင်ပေမယ့် အကြီးအကဲဖန့်က သူ့မြေးကို သတို့သမီးနေရာကနေ ထားမယ်လို့ လာကမ်းလှမ်းတာပါ တရုတ်အနေနဲ့တော့ ရှင်းပေမယ့် ဘာသာပြန်လိုက်တော့ကျ မကွဲတော့လို့🥲) 


မကိုင်တွယ်နိုင်သည့်အဆုံး ပုန်းအောင်းနေရန်သာ ရှိတော့သည်။ 


"မင်းမိသားစုထဲကို လက်ထပ်ပြီး ဝင်လာတာ မကောင်းဘူးလား ..." 


Crohn က ပြောလိုက်သည်။ 


"ခင်ဗျားကပဲ သူ့ကို လက်ထပ်ချင်တာ သူက လက်ထပ်မှာကို မလိုချင်ဘူး အဲဒီလိုလား ..." 


ရမ်ရှန့်က မေးလိုက်သည်။ Gerd နှင့် ဖန့်ချန်ကျွင်တို့နှစ်ဦး အတူတူ ရှိနေပါလျှင် ပိုပြီး ကောင်းပေလိမ့်မည်ဟုပင် တွေးလိုက်မိသေး၏။ 


Gerd ၏ နှုတ်ခမ်းထောင့်စွန်းတို့မှာ တွန့်လိမ်သွားပြီး ထိုသူနှစ်ဦးနှင့် များများစားစား မဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။ 


ထို့နောက် ရမ်ရှန့်က Crohn ဘက်သို့ မြားဦးကို လှည့်လိုက်သည်။ 


"ခင်ဗျားရဲ့ စကားပြန်ရော ..." 


အရင်က စကားပြောဖို့အရေး စကားပြန်စက်ကို သုံးနေရတာ မဟုတ်ဘူးလား အခုကျ ဘယ်လိုဖြစ်ပြီး ဖက်ဒရယ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်နေရတာလဲ ... 


"ငါ့အရည်အချင်းနဲ့ဆို ဖက်ဒရယ်ဘာသာစကားကို သင်ဖို့က မိနစ်ပိုင်းလောက်ပဲ ကြာတယ် ..." 


သူက ထိုသို့ပြောကာ ဝံ့ဝံကြွားကြွား မတ်တပ်ရပ်လိုက်သည်။ 


ဘာသာစကားလေး တစ်ခုပဲ မဟုတ်ဘူးလား သူ့မှာ ဒီလောက်သန်မာတဲ့ စိတ်စွမ်းအင် ရှိနေတာပဲကို ဘာသာစကားလေ့လာတာလောက်ကဖြင့် မျက်လုံးနဲ့ တစ်ချက်ကြည့်ရုံလောက်ပဲရှိတယ် ... 


"လေလုံးထွားမနေနဲ့ ခင်ဗျား ဒီကို ရောက်လာပြီး နှစ်ရက်ကြာမှ ပြောတတ်တာများ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


ဘာလို့လဲဆိုတော့ အဲဒီအချိန်တုန်းက သင်ဖို့ စိတ်မဝင်စားလို့ပေါ့ကွ ... 


Crohn မှာ ပြောစရာစကားပင် မရှိတော့။  ထိုသို့ဖြစ်လာလိမ့်မည်ဟုသာ ကြိုသိထားပါလျှင် လောယာအင်ပါယာတွင် ရှိနေစဉ်ကတည်းက ကြိုသင်ထားခဲ့မည်ဖြစ်သည်။ 


ထိုအချိန် ဖန့်မိသားစုတွင် ဖန့်ချန်ကျွင့်သည် အကြီးအကဲဖန့်နှင့် မျက်နှာချင်းဆိုင်ထိုင်ကာ ဆွေးနွေးနေသည်။ 


"အဲဒီလိုမျိုးဆိုရင်တောင် သူက ကျွန်တော့်ကို မလိုချင်နေတုန်းပဲလေ ..." 


သူက ပြောလိုက်သည်။


Xxxxxx