အပိုင်း ၁၁၀
Viewers 18k

Chapter 110


"အရင်တုန်းက မင်းကို ပွေပါရှုပ်ပါလို့ ဘယ်သူပြောခဲ့လို့လဲ ..." 


အကြီးအကဲထန့်က လက်ဖက်ရည်တစ်ငုံသောက်ရင်း သူ့ကို ကြိမ်းမောင်းလိုက်သည်။ 


"အဘိုး ..." 


ဖန့်ချန်ကျွင့်မှာ သူ့ကို ပြန်ကြည့်နေရုံမှတစ်ပါး မစွမ်းသာတော့ချေ။ 


"မင်းမှာ ကလေးရှိတာ မရှိတာက အရေးမပါဘူး မင်းကိုလည်း အဲဒီ့ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်တော့မှ ဖိအားပေးမှာ မဟုတ်ဘူး ဒါပေမယ့် မင်းသဘောကျတဲ့သူဆီ တွန်းပို့ဖို့ကတော့ တကယ်ကို ကောင်းတဲ့ကိစ္စပဲ ..." 


အကြီးအကဲဖန့်က ပြောလိုက်သည်။ 


ဖန့်ချန်ကျွင့်မှာ ခါးသက်သက်ဖြင့်သာ ပြုံးနေလိုက်တော့သည်။ အကြီးအကဲဖန့်သာ သူ့ကို အိမ်ထောင်ပြုသားမွေးလုပ်ရန် တင်းတင်းကြပ်ကြပ် သင်ကြားခဲ့ပါလျှင် ပုန်ကန်ကာ ကလေးလိုချင်စိတ် ဖြစ်မိမည် မဟုတ်ချေ။ သို့သော် အကြီးအကဲဖန့်က ဆက်ခံသူရရန် မတိုက်တွန်းခဲ့ဖူးချေ။ ထို့ကြောင့် သအိုမင်းလာချိန်တွင် အခြားသူများက ဖန့်မိသားစုကို မတပ်မက်နိုင်ရန် ဆက်ခံသူမျိုးဆက် ထားခဲ့လိုစိတ် ပိုပြီး ပြင်းပြခဲ့ခြင်းဖြစ်သည်။ 


ထို့အပြင် ထိုအချိန်က Gerd သည် သူ၏ ကလးလိုချင်သည့် ဆန္ဒကို လိုလိုလားလား ထုတ်ပြခဲ့ရာ တစ်ဖက်သူကို သူနှင့်အတူနေရန် သွေးဆောင်ဖို့ မည်သို့မှ မတတ်စွမ်းနိုင်ခဲ့ချေ။ 


"ဘာပဲဖြစ်ဖြစ် ဒီလိုဖြစ်လာပြီဆိုမှတော့ မင်းမှာ အလှလေး မဟုတ်သေးဘူး.... လူကောင်းလေးနဲ့ နီးစပ်ဖို့ အခွင့်အရေး ရှိနေတုန်းပဲပေါ့ ..." 


အကြီးအကဲဖန့်က ပြောလိုက်ပြန်သည်။ 


"တကယ်လား ..." 


သူက တအံ့တဩ မေးလိုက်သည်။ 


"ဒါပေါ့ Gerd သာ မင်းကို တကယ်မုန်းတာဆိုရင် ရှောင်ပုန်းနေမယ့်အစား တည့်တိုး ငြင်းလိုက်မှာပေါ့ မင်းသာ အနာဂတ်မှာ ကောင်းကောင်းမွန်မွန်နေပြီး မင်းရဲ့ အဆက်ဟောင်းတွေကို ဖြတ်တောက်နိုင်ရင် အနှေးနဲ့အမြန် အဆင်ပြေမှာပဲ ..." 


အကြီးအကဲဖန့်က ပြောလိုက်သည်။ 


သူချစ်ရသူနှင့် ဘဝသစ်တစ်ခုကို ပြန်မစနိုင်တော့သော်ငြား သူ့မြေး၏ အနာဂတ်မှာမူ တောက်ပနေဆဲဖြစ်သည်။ 


ဖန့်ချန်ကျွင့်သည် သူ့ကို အစဉ်အမြဲ လေးစားယုံကြည်ခဲ့သဖြင့် အလောတကြီး ပြောလိုက်သည်။ 


"အဘိုး ကျွန်တော် တကယ်ကို ကြိုးစားပါ့မယ် ပြီးတော့ အဆက်ဟောင်းကိစ္စမှာ နောက်ဆုံးတစ်ယောက်နဲ့ ပြတ်သွားတာတောင် တစ်နှစ်ကျော်နေပါပြီ ..." 


"ငါ့အထင်တော့ Gerd က ရမ်ရှန့်နဲ့ ကျောက်လင်းယွီတို့ဆီမှာ ရှိနေမယ်ထင်တယ် အချိန်ရှိရင် သွားကြည့်ကြည့်လိုက် ..." 


အကြီးအကဲဖန့်က ပြောလိုက်သည်။  


"မင်းမသွားနိုင်ရင် ငါသွားလိုက်မယ် ..." 


သူသည် အစောပိုင်းမျိုးဆက်တစ်ဦး ဖြစ်သည့်အပြင် ကျောက်မိသားစုနှင့်လည်း ဆက်ဆံရေးကောင်း ရှိသူဖြစ်ရာ ကျောက်လင်းယွီအနေဖြင့် သူ့မြေးကို နှင်ထုတ်‌နိုင်စေကာမူ သူ့ကိုတော့ နှင်ထုတ်နိုင်မည် မဟုတ်ချေ။ 


ထိုအကြောင်းကို မစဉ်းစားတော့ဘဲ ဖန့်ချန်ကျွင့်က Gerd အကြောင်း စုံစမ်းခိုင်းလိုက်သည်။ 


ထိုအချိန်တွင် အိမ်တွင်းမီး အစပျိုးရန် ကြံစည်နေသည့် ရန်ယဲ့က Crohn၊ Gerd တို့နှင့် ပူးကပ်နေသော ရမ်ရှန့်ကို ကြည့်ကာ ပြောလိုက်သည်။ 


"ဒီကလေးက တကယ်ကို လူကြိုက်များတာပဲ ..." 


"ဟုတ်တယ် ..." 


ကျောက်လင်းယွီကလည်း ချက်ခြင်း ခေါင်းငြိမ့်ပြလိုက်သည်။ 


"မစ္စတာ Crohn က လူလွတ်ဖြစ်မယ် ထင်တယ်နော် ..." 


"ဟုတ်တယ် ..." 


ကျောက်လင်းယွီ၏ အမူအယာမှာ မျက်နှာသေဖြင့်သာ ရှိနေဆဲဖြစ်သည်။ 


ရန်ယဲ့မှာ အချိန်အတော်ကြာသည်အထိ ကြိုးစားနေသည့်တိုင် ကျောက်လင်းယွီ၏စိတ်ကို မတိုက်ခိုက်နိုင်သေးသည့်အတွက် စိတ်သောက ရောက်လာရတော့သည်။ 


ရမ်ရှန့်ကမူ သူ့ကို တစ်စုံတစ်ယောက်က ထောင်ချောက်ဆင်နေကြောင်း မသိသေးချေ။ ပွဲထဲတွင် ကြုံတွေ့ခဲ့ရသည်များကြောင့် အိမ်ပြန်လာသည့်လမ်းတစ်လျှောက်လုံး စိတ်လက်ကြည်သာနေကာ ထိုမိန်းကလေးမှာမူ ပျင်းစရာကောင်းလှသည့်အတွက် သာမန်ကာလျှံကာသာ ပြောလိုက်သည်။ 


ကျောက်လင်းယွီက ဘာမှ မမေးခဲ့။ သို့သော် အင်တာနက်ကို အသုံးချကာ စိတ်ဝင်စားစရာတစ်ခုခု တွေ့လာတိုင်း ရမ်ရှန့်ကို မပြရမနေနိုင်တော့ချေ။ 


အခြားသူများမှာတော့ သူတို့၏ အယောင်ဆောင်မှုကို ပြန်တွေးရင်း မွန်းကြပ်နေကြတော့သည်။ 


ယာဉ်ပျံက ကျောက်မိသားစု၏ ယာဉ်ရပ်နားရာနေရာတွင် ရပ်တန့်သွားပြီး ကျောက်လင်းယွီက အပြုံးတစ်ပွင့်ဖြင့် ဆင်းလာသည်။ ထိုအချိန်တွင် အခြားသူများ၏ အကြည့်မှာ ဦးတည်ရာတစ်ခုထဲသို့သာ ကျရောက်နေပေ၏။ 


နက်စွေးနေသော အဝတ်အစားတို့ဖြင့် အမျိုးသားတစ်ဦးသည် ကျောက်မိသားစု၏ လေယာဉ်ရပ်နားရာဘေးတွင် မတ်တပ်ရပ်နေသည်။ သူ့မျက်နှာမှာ ဖြူလျော်နေကာ ဘာအမူအယာမှလည်းမရှိ။ တည်ရှိမှုမှာ ထိုနေရာတွင် ရှိနေသည်ဟု မခံစားမိလောက်အောင်ပင် အားနည်းနေပေသည်။ 


"မင်းက ဘယ်သူလဲ ..." 


ကျောက်လင်းယွီ၏ လှုပ်ရှားမှုတို့မှာ တည်ငြိမ်နေသေးသော်ငြား အရှိန်အဟုန်တို့မှာမူ ပြင်းထန်နေပေသည်။ 


သို့သော် ထိုလူ့အနား ရောက်သွားသည်နှင့် တစ်ပြိုင်နက် အရှိန်အဝါအားလုံးသည် လေပူဖောင်းနှယ် အငွေ့ပျံကာ ပျောက်ဆုံးသွားတော့သည်။ 


ခံစားချက်မှာ ဆိုးရွားလှသော်ငြား ထို့ကြောင့်ပင်လျှင် ကျောက်လင်းယွီမှာ သူ့ကိုယ်သူ လုံလောက်အောင် မသန်မာသေးကြောင်း သဘောပေါက်သွားသည်။ 


သို့သော် သူ့တွင် လျှို့ဝှက်လက်နက်များ ရှိနေသည့်အပြင် သူ့ခန္ဓာကိုယ်မှာလည်း သာမန်သူတို့ထက် များစွာ မာကြောနေပါသေးသည်။ 


"ဒါက နားလည်မှု လွဲတာပါ သူက ငါနဲ့ လိုက်လာတဲ့ လောယာက သုတေသီပါ ..."


Crohn က အလောတကြီး ဝင်ပြောလိုက်သည်။ 


လောယာအင်ပါယာတွင် အသန်မာဆုံးသူမှာ အဆင့်ကိုးဖြစ်ကာ အင်ပါယာတစ်ခုလုံးတွင် နှစ်ယောက်သာ ရှိပေသည်။ အဆင့်ရှစ်မှာတော့ အနည်းငယ် ပိုများပြီး ထိုလူသည်လည်း  သူနှင့် စွမ်းရည်တူ အဆင့်ရှစ်စွမ်းရည်ပိုင်ရှင်ပင် ဖြစ်သည်။ 


သုတေသီတစ်ဦးက ဘာကြောင့် ဤမျှ သန်မာနေသလဲဟု ပြောရပါလျှင် ... 


သုတေသနလုပ်ရာတွင် ပိုပြီး အသက်ရှည်စေရန် အလို့ငှာ သူ့ခွန်အားများကို တိုးမြှင့်ထား၍ ဖြစ်သည်။ 


"ကိတ် ..." 


အနက်ရောင်ဝတ်စုံနှင့်လူက ကျောက်လင်းယွီကို ခေါင်းငြိမ့်ပြလိုက်သည်။ သူ့ရုပ်ရည်မှာ သာမန်ဆန်လွန်း၍ အသက်ကို ခန့်မှန်း၍ မရချေ။ ဖြူရော်ရော်မျက်နှာပေါ်တွင် ငွေရောင်ဆံနွယ်တို့ ကျနေသည်မှာ ဝတ်စုံအမည်းရောင်ကြောင့် ပိုပြီး သိသာနေပေသည်။ သူ့မျက်ဝန်းများမှာ Crohn လိုပင် နီမြန်းနေကာ ညအမှောင်တွင် တလက်လက်တောက်နေသည်။ 


"သူ့နာမည်က ကိတ် ..." 


Crohn က ဘာသာပြန်ပေးလိုက်သည်။ 


ကျောက်လင်းယွီက သတိကပ်ထားဆဲဖြစ်ကာ ကိတ်ကလည်း ဘာမှဆက်မပြောသည့်အတွက် သူကသာ ထပ်ပြောလိုက်ရတော့သည်။ 


"ကိတ်က စကားနည်းပေမယ့် လူကောင်းပါ သူက ငါတို့ပြန်အလာကို စောင့်ဖို့ ဒီနေရာမှာ ရပ်နေတာထင်တယ် ..." 


ကိတ်က ခေါင်းငြိမ့်ပြလိုက်သည်။ 


"ဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ ငါ့ကိုလည်း ဘာမှ မပြောဘူး ..." 


Crohn က ဟန်မဆောင်နိုင်စွာ မေးလိုက်သည်။ 


"စက် A ..." 


ကိတ်က ပြောလိုက်သည်။

110.2


"အဲဒါ မက်ခါမဟုတ်လား ကိုယ်ယောင်ဖျောက်တဲ့စနစ်ကိုလည်း သုံးခဲ့သေးတယ် မဟုတ်လား မင်းကို ဘယ်သူမှ သတိမထားမိတာ မထူးဆန်းတော့ပါဘူး ..." 


သူက ခေါင်းငြိမ့်ရင်း ကျောက်လင်းယွီကိုပါ တစ်ပါတည်း ရှင်းပြလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ ... 


"နေဦး မင်းမှာ ကိုယ်ပိုင်ယာဉ်မှ မရှိတာ ..." 


ကိတ်က သူ့ထံ သိုလှောင်ခလုတ်တစ်ခုကို ပစ်ပေးလိုက်သည်။ 


"... ဆိုတော့ မင်းက ငါ့ရဲ့ စိတ်စွမ်းအင်အမှတ်အသားကို ဖျက်ပြီးတော့ ငါ့ယာဉ်ပျံကို ယူလာတာပေါ့ ဟုတ်လား ..." 


သူက ကိတ်ကို ကူကယ်ရာမဲ့စွာဖြင့်သာ ကြည့်နေလိုက်တော့သည်။ 


လောယာအင်ပါယာတွင် မက်ခါများကို ကောင်းစွာ ကာကွယ်ထားပြီး မက်ခါအဆင့်အတန်းမြင့်လေလေ မောင်းနှင်ရန် စိတ်စွမ်းအင် ပိုလိုအပ်လေဖြစ်သည်။ ထို့အပြင် မောင်းနှင်သူသည် မက်ခါပေါ်တွင် စိတ်စွမ်းအင်အမှတ်အသား ချန်ထားရန်လည်း လိုအပ်သေးသည်။ 


ယာဉ်မောင်း သေဆုံးကာမှ သို့မဟုတ် ထိုစိတ်စွမ်းအင်အမှတ်အသားကို ကိုယ်ပိုင်ဉာဏ်ဖြင့် ဖွင့်လှစ်နိုင်မှသာ အခြားသူများသည် ထိုမက်ခါကို မောင်းနှင်နိုင်မည်ဖြစ်သည်။ သို့သော် စိတ်စွမ်းအင်အမှတ်အသားကို အားသုံး၍ ပယ်ဖျက်ခြင်းမှာလည်း အလွန်ဒုက္ခများလှပေသည်။ 


ကိတ်က ပိုပြီး သန်မာလာပြန်ပြီလား ... 


Gerd ၏ အမူအယာမှာ ရူးသွပ်လုနီးပါးပင် ဖြစ်နေပေသည်။ သူသည် သံချပ်ကာတပ် မောင်းနှင်ရေးကို အချိန်အတော်ကြာ လေ့လာခဲ့သော်ငြား ယာဉ်ပျံ၏ ဖွဲ့စည်းပုံမှာ ငြီးငွေ့ဖွယ် ကောင်းလှသည့်အပြင် ယာဉ်တစ်ခုလုံးကို ထိန်းချုပ်နိုင်ရန် ခလုတ် ၁၈၀ ထက် မနည်း စီစဉ်ရပေမည်။ ထိုသည်မှာ မက်ခါကို ချောချောမွေ့မွေ့ မောင်းနှင်နိုင်ရုံအတွက်သာ ဖြစ်ပြီး အခြား တိုက်ခိုက်မှုအမျိုးမျိုးနှင့် လက်နက်အမျိုးမျိုးအတွက်မူ နောက်ထပ် ခလုတ်ပေါင်းများစွာ လိုအပ်နေသေးပေသည်။ 


သူသည်ပင်လျှင် သူကိုယ်တိုင်ဖန်တီးထားသည့် မက်ခါကိုသာ မောင်းနှင်နိုင်ပေသည်။ ထိုသို့ မောင်းနှင်နိုင်သည်မှာလည်း အရှိန်မြန်သည့် S အဆင့် စွမ်းရည်ဖြစ်ကာ ထိုသံချပ်ကာယာဉ်များဖြင့် ရင်းနှီးသောကြောင့်သာ ဖြစ်သည်။ သာမန်သူများအဖို့မူ ထိုမက်ခါများကို စက်နှိုးရန်ပင် အချိန်အတော်ကြာ လေ့ကျင့်ရမည်ဖြစ်သည်။ 


ဤမျှကြီးမားလေးလံကာ ပြဿနာများလှသည့် သံချပ်ကာယာဉ်သည် စစ်သင်္ဘောများကဲ့သို့ လွယ်ကူအဆင်ပြေခြင်း အလျဉ်းမရှိပေ။ 


ဒါပေမယ့် လောယာတွေရဲ့ မက်ခါက သူလေ့လာထားတာနဲ့ မတူသလိုပဲ သတ္ထုခွန်အားက ဘာများလဲ မသိဘူး ... 


Crohn ကို မကြည့်ဘဲ ကိတ်က သူ့ကို မေးလိုက်သည်။ 


"မက်ခါတွေကို စိတ်ဝင်စားလို့လား ..." 


"ဟုတ်ကဲ့ ..." 


Gerd က ချက်ခြင်း ပြောလိုက်သည်။ 


"သင်ပေးမယ် ..." 


ကိတ်က ပြောလိုက်သည်။ 


အထိတ်တလန့်ဖြစ်သွားသော Crohn က Gerd ကို ဟန့်တားရန် ကြိုးစားလိုက်သည်။ 


ဘယ်လိုမက်ခါမျိုးလဲ Gerd သာ သူနဲ့အတူ လိုက်ရမယ်ဆိုရင် မက်ခါအကြောင်း မသင်ခင် လေ့လာရဦးမှာလေ ... 


သို့သော် လမ်းတစ်ဝက်မှာပင် သူ့အပြုအမူတို့ကို ရပ်တန့်လိုက်သည်။  


ကိတ်က အေးစက်စက်နိုင်တယ်ဆိုပေမယ့် လူကောင်းတစ်ယောက်ပါ အနည်းဆုံးတော့ တစ်ခြားလူတွေကို ထိခိုက်စေမှာ မဟုတ်ပါဘူး ... 


"မစ္စတာကိတ် Gerd ရဲ့ ကျန်းမာရေးအခြေအနေက နည်းနည်း ထူးခြားနေလို့ ဒီမှာပဲ အားပြန်ဖြည့်နေရဦးမှာပါ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ ထိုဂြိုဟ်သားက သူ့လူများအား ခေါ်ဆောင်သွားမည်ကို လက်ပိုက်ကြည့်မနေနိုင်ပေ။ 


"ဒါဆို ငါလည်း ဒီမှာနေမယ် ..." 


ကိတ်က မဆိုင်းမတွ ပြောလိုက်သည်။ 


သူ့အိမ်မှာ လာနေနေတဲ့သူတွေ ပိုပိုပြီးကို များလာတာပဲ ဒီတိုင်းသာ ဆက်သွားရင် ဧည့်သည်အခန်းတွေ လောက်တော့မှာ မဟုတ်ဘူး ကျွန်းမျောတွေ စဆောက်ဖို့ ပြင်နေလို့ တော်သေးတာပေါ့ ... 


Gerd နှင့် ကိတ်အတွက် အခန်းပြင်ပေးပြီးနောက် ကျောက်လင်းယွီသည် ရမ်ရှန့်ကို အခန်းထဲသို့ ဆွဲခေါ်လာလိုက်သည်။ 


"လင်းယွီ အဲဒီ့ကိတ်က တအားသန်မာတာပဲ ..." 


ရမ်ရှန့်က အခန်းထဲရောက်သည်နှင့်တစ်ပြိုင်နက် ပြောလိုက်သည်။ 


"ကိုယ်လည်း ခံစားမိတယ် ..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ မူလက သူ့ကိုယ်သူ သန်မာလှပြီဟု ထင်ခဲ့သော်ငြား ကိတ်နှင့် Crohn တို့နှင့် နှိုင်းယှဉ်ပါလျှင်မူ အနည်းငယ် ညံ့ဖျင်းနေဆဲဖြစ်သည်။ 


"ခင်ဗျားက ပိုပြီး သန်မာချင်လို့လား ဒါဆို တူနှစ်ကိုယ်ကျင့်ကြံရအောင်လေ ..." 


ရမ်ရှန့်က သူ့ကို တလက်လက်တောက်ပနေသည့် မျက်ဝန်းတို့ဖြင့် ကြည့်နေလိုက်သည်။ 


ပြီးခဲ့သည့်လအတွင်း ကျောက်လင်းယွီသည် တူနှစ်ကိုယ်ကျင့်ကြံရန် ငြင်းပယ်ခဲ့သည်။ ရမ်ရှန့်မှာ သန့်စင်မြေမရနိုင်သည့်တိုင် တူနှစ်ကိုယ် မကျင့်ကြံဘဲ စုပ်ယူရန် ခက်ခဲလှသည့်အတွက် ထိုအကြောင်းကို အတော်ကြာ တွေးနေခြင်းဖြစ်သည်။ 


"ရမ် ..." 


သူက ရမ်ရှန့်ကို ရှုပ်ထွေးနေသည့် အကြည့်တို့ဖြင့် ကြည့်လိုက်သည်။ 


"ဘာဖြစ်လို့လဲ ..." 


ရမ်ရှန့်က တအံ့တဩ မေးလိုက်သည်။ 


"တူနှစ်ကိုယ်ကျင့်ကြံရင်လေ မင်းအရပ်ကြီး ပိုရှည်လာတာကို ထိန်းချုပ်လို့ ရမလား ..." 


သူက မျှော်လင့်ကြီးစွာဖြင့် မေးလိုက်သည်။ 


ရမ်ရှန့်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့ရင်ခွင်ထဲ ဝင်ထိုင်၍ရသည့် အရွယ်လေးမှ ၁၈၀ စင်တီမီတာ ရှည်သော လူငယ်လေးအဖြစ် ပြောင်းလဲသွားခဲ့ပေသည်။ ထိုသည်ကို များစွာ ကျေနပ်မိသည့်တိုင် ဤအတိုင်းသာ ဆက်ကြီးထွားနေပါလျှင် ... 


"ကျွန်တော်က ဆက်မရှည်လာနိုင်လောက်တော့ဘူး ..." 


ရမ်ရှန့်က သူ့ကို သနားစရာကောင်းလှစွာသော မျက်နှာလေးဖြင့် ပြောလိုက်သည်။ 


"ကျွန်တော်က လူသားပုံ ပြောင်းသွားပြီဆိုတော့ ဒီအရပ်က အလွန်ဆုံးပဲထင်တယ် ..." 


ထိုအတွေ့အကြုံကြောင့် ထူးဆန်းဖွယ်ကောင်းလောက်အောင် ကြီးထွားလာသည့်တိုင် လူသားပုံကတော့ လူသားပုံပင်ဖြစ်သည်။ 


ကျင့်ကြံရေးလောကရှိ လူများမှာ အလွန် အရပ်ရှည်လျားကြပေသည်။  ၁၈၀ စင်တီမီတာမှာ မပုလှသော်ငြား ထိုထက် ထပ်ရှည်မလာနိုင်တော့ချေ။ 


"...." 


ကျောက်လင်းယွီမှာ စက္ကန့်ပိုင်းခန့် ကူကယ်ရာမဲ့သွားတော့သည်။ 


သူတွေးတာနဲ့ ဖြစ်လာတာနဲ့က တစ်ခြားစီဖြစ်လွန်းလို့ ‌မရေမရာဖြစ်မိတာနဲ့ ရမ်ရှန့်ကိုပဲ အရင်မေးမယ်လို့ ဆုံးဖြတ်ပြီးသားပါ ဘယ်လိုဖြစ်ပြီး မေ့သွားရပြန်တာလဲ ... 


တူနှစ်ကိုယ်ကျင့်ကြံခြင်းကြောင့် ရံဖန်ရံခါ ကူကယ်ရာမဲ့တတ်သည့်တိုင် ၎င်းသည် နှစ်ဦးနှစ်ဖက်လုံး၏ ခွန်အားကို တိုးစေသည့် နည်းလမ်းကောင်းတစ်ခုပင် ဖြစ်သည်။ 


ထို့နောက် သူက ရမ်ရှန့်ကို အိပ်ရာပေါ်သို့ ဖိချလိုက်လေသည်။


(ဝူး...)


Xxxxxxx