အပိုင်း ၁၁၁
Viewers 18k

Chapter 111


နောက်တစ်နေ့မနက်တွင် ရမ်ရှန့်က Gerd အတွက် ချီဓာတ်ဖြည့်ဆေးလုံးများကို လုပ်ပေးရန် တွေးမိသည့်အတွက် ခြံထဲတွင် လတ်ဆတ်သော အပင်အချို့ကို စိုက်ပျိုးနေလိုက်သည်။ ထိုအချိန်တွင် ကျောက်လင်းယွီက Crohn ကို သွားရှာလိုက်သည်။ 


"ဖက်ဒရယ်နဲ့ လောယာအင်ပါယာအကြား ပူးပေါင်းချက်အကြောင်း ပြောချင်လို့ ..." 


"ပူးပေါင်းချက် ဟုတ်လား ..." 


Crohn က သူ့ကို စိတ်ဝင်တစား ကြည့်နေလိုက်သည်။ 


ဖက်ဒရယ်ထက် အဆများစွာ သန်မာလှသည့် လောယာအင်ပါယာတစ်ခုလုံး သူ့ခေါင်းပေါ် ပျံဝဲနေခြင်းမှာ ကောင်းသည့်ကိစ္စ မဟုတ်ပေ။ ကျောက်လင်းယွီသည် ဖက်ဒရယ် ပိုပြီး သန်မာလာရန်သာ မျှော်လင့်မိတော့သည်။


အဓိကသဘောတူညီသည်မှာ ဖက်ဒရယ်က လောယာအင်ပါယာကို သန္ဓေတည်ဆေးနှင့် အာဟာရဆေးရည်များ ထောက်ပံ့ပေးမည့်အပြင် လောယာတို့စိတ်တိုင်းကျ လေ့လာခွင့်လည်း ပြုမည်ဖြစ်သည်။ အပြန်အလှန်အားဖြင့် လောယာတို့ကလည်း လူသားများကို သိပ္ပံနှင့် နည်းပညာပိုင်းဆိုင်ရာ အကူအညီများ ပေးရမည်ဖြစ်ကာ လောယာအင်ပါယာအတွင်းသို့လည်း လေ့လာခွင့်ပေးရမည်ဖြစ်သည်။ 


ဤသဘောတူညီမှုမှာ အစမ်းသဘောမျှသာ ဖြစ်ပြီး ယေဘုယျဆန်သည့် အကြောင်းအရာများကိုသာ ဆွေးနွေးသွားပေသည်။ ပိုပြီး အသေးစိတ်ကျကာ တိတိကျကျ ဆောင်ရွက်ရမည့် ကိစ္စများအတွက်မူ သဘောမတူခင် လေ့လာမှုများစွာ လုပ်ဆောင်ရဦးမည်ဖြစ်သည်။ 


Crohn က ကုလားထိုင်တွင် ထိုင်နေရင်း ထွက်ခွါသွားသည့် ကျောက်လင်းယွီ၏ ကျောပြင်ကို အထင်ကြီးမှုအပြည့်ဖြင့် ကြည့်နေလိုက်သည်။ 


သန္ဓေတည်ဆေးပဲဖြစ်ဖြစ် အာဟာရဆေးရည်ပဲဖြစ်ဖြစ် ဒါတွေက ကျောက်မိသားစုရဲ့ သီးသန့်ပိုင်ဆိုင်မှုတွေလေ ကျောက်လင်းယွီကို မိသားစုအကျိုးအမြတ်နဲ့ သွေးဆောင်ပေမယ့် ဒီလူကတော့ မိသားစုစီးပွါးရေးအစား ဖက်ဒရယ်ရဲ့ အကျိုးအမြတ်ကို ရွေးသွားတာပဲ ... 


ထို့နောက် သူက ဆက်သွယ်ရေးစက်ကို ထုတ်ကာ လောယာအင်ပါယာထံ ကျောက်လင်းယွီ၏ တောင်းဆိုချက်ကို တင်ပြလိုက်သည်။ 


လောယာတွင် တစ်ဖန် လှိုင်းထန်သွားပြန်တော့သည်။ 


"ဖက်ဒရယ်ကိုသာ အဲဒီလိုမျိုး ထောက်ပံ့ရရင် သူတို့တွေ တစ်ဖြေးဖြေး သန်မာလာပြီး ငါတို့ကို ကျွန်ပြုသွားမှာပေါ့ ..." 


"ဒါဆို မျိုးသုဉ်းသွားမှာကို ထိုင်စောင့်နေရမှာလား ..." 


"ငါ့အထင်တော့ ဒါက ပြဿနာ မဟုတ်ဘူးနော် ဖက်ဒရယ်က တိုးတက်ချင်တယ်ပဲ ထားဦး ဘယ်သူမှ တစ်ပြိုင်တည်း သုံးဆင့်မခုန်နိုင်ဘူး နည်းပညာသေးသေးလေးတွေကို ကြုံသလို ပေးလိုက်ရင် ဒါကို မှီပြီး ငါတို့ကို မဖိနှိပ်နိုင်တော့ဘူးလေ ..." 


"ဘာလို့ ဖက်ဒရယ်ကို လက်မခံနိုင်တာလဲ တကယ်ဆို လူသားတွေကလည်း ငါတို့နဲ့ ဆင်တူတာပဲလေ ပြီတော့ သူတို့မှာ သီးသန့်မျိုးပွားတာမှ မရှိတာ လူသားတွေရဲ့ ဖက်ဒရယ်နဲ့ ပူးပေါင်းလိုက်ရင် ..." 


"ရူးနေလား မင်းက လူတွေကို ငါတို့နဲ့တန်းတူ သဘောထားချင်နေတာလား ..." 


... 


ဖက်ဒရယ်အပေါ် သဘောထားကြောင့် လောယာအင်ပါယာတွင် အုပ်စုနှစ်စု ကွဲသွားရှာတော့သည်။ 


အချို့က သူတို့သည် ဖက်ဒရယ်ကို ကူညီထားဖူးရာ ၎င်းကို လောယာအင်ပါယာ၏ အပိုင်ဟုသာ သတ်မှတ်ရမည်ဖြစ်သည်။ သို့အတွက် ဖက်ဒရယ်က သူတို့၏စကားကိုသာ နာခံရမည်ဟု တွေးထားကြသည်။ 


အချို့ကမူ ဖက်ဒရယ်အပေါ် ဖော်ရွေသူများဖြစ်သည်။ အင်ပါယာတွင် လူဦးရေ ပြတ်လပ်နေကာ ဖက်ဒရယ်၏ လူဦးရေမှာမူ များပြားလှသည့်အတွက် အတူပေါင်းစည်းလိုက်ပါလျှင် သန္ဓေတည်နှုန်း တိုးမြှင့်လာနိုင်သည်ဟု တွေးကြသည်။ 


"ဟုတ်ပြီ ရပ်လိုက်ကြတော့ ..." 


လောယာအင်ပါယာ၏ ဘုရင်က ပြောလိုက်သည်။ 


"ဖက်ဒရယ်နဲ့ ပူပေါင်းဖို့က စောလွန်းသေးတယ် သန္ဓေတည်ဆေးက တကယ်ပဲ အာနိသင်ရှိမရှိ စမ်းသပ်ပြီးမှ ညှိနှိုင်းကြတာပေါ့ အဲ့ဒီအချိန် မတိုင်ခင်အထိ ဖက်ဒရယ်ကို ထွေး‌ထွေးပွေ့ပွေ့ပဲ ဆက်ဆံ ..." 


သူ့တွင် ဆက်ခံသူလည်းမရှိ၊ ညီအစ်ကို မောင်နှမလည်း မရှိ။ တော်ဝင်မိသားစုဝင် အရေအတွက်မှာ နည်းပါနေပြီဖြစ်ရာ သန္ဓေတည်ဆေးကို အလွန် အလေးထားမိတော့သည်။ 


တော်ဝင်မိသားစုတွင် သက်ဦးဆံပိုင်စနစ် မရှိတော့သည့်အပြင် နိုင်ငံရေးရာအများစုကို လွှတ်တော်က ဆုံးဖြတ်ရသော်ငြား အဆင့်ကိုး စွမ်းရည်ပိုင်ရှင်တစ်ဦးဖြစ်သော ဘုရင်က ထိုသို့ပြောလာသည့်အတွက် မည်သူမှ မငြင်းဆန်ရဲတော့ပေ။ 


သို့သည့်တိုင် လက်မခံလိုသူများ အများအပြား ရှိနေဆဲဖြစ်သည်။ 


သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးက မင်းသား Chapman ကို ဆီးတားကာ မေးလိုက်သည်။ 


"အရှင့်သား ဘုရင့်ဆုံးဖြတ်ချက်ကို ဘယ်လို ထင်မိပါသလဲ ..." 


"ဘယ်လို ထင်ကြေးပေးနိုင်ရဦးမှာလဲ ..." 


သူက နှုတ်ခမ်းထောင့်စွန်းတို့ကို ကော့ညွတ်ကာ မေးလိုက်သည်။ 


"အရှင့်သား အရှင်က တကယ်ပဲ အဆင့်နိမ့်တဲ့ လူသားတွေ ကျွန်မတို့ခေါင်းပေါ် တက်လာမှာကို ကြည့်နေမှာလား ..." 


သူမက ထပ်မေးလိုက်သည်။ လောယာများအဖို့ လူသားများသည် အကြောင်းပြချက်မရှိဘဲ ကျွေးမွေးထားသည့်  ခွေးသာသာပင်ဖြစ်သည်။ လောယာတို့ကြောင့်သာ သဘာဝလွန်စွမ်းရည်များ ရလာခဲ့ခြင်း ဖြစ်သည့်အတွက် လူသားများကို သူတို့နှင့်တန်းတူ မဆက်ဆံလိုကြပေ။ 


"မလုပ်ချင်တော့ရော ..." 


သူက သာမန်ကာလျှံကာ မေးလိုက်သည်။ 


သူက လူသားများကို အရေးမထား။ သို့သော် ထိုလူသားများ လက်ချက်ဖြင့် ဧကရာဇ်တွင် ဆက်ခံသူ ရသွားခဲ့ပါလျှင် ... 


အဆုံးမှာ ဒီအင်ပါယာကြီးက ဘယ်သူ့လက်ထဲ ရောက်သွားမှာလဲ.

.....111.2


ရန်ယဲ့က ကျောက်လင်းယွီနှင့် ရမ်ရှန့်အကြား သွေးထိုးပေးလိုက်သည့်တိုင် ဘာအကျိုးအမြတ်မှ မရခဲ့ချေ။  ထိုသူနှစ်ဦးမှာ ပွဲပြီးသွားကတည်းက အိမ်အပြင် ထွက်မလာတော့။ 


ထို့အပြင် လောယာအင်ပါယာမှ ဧည့်သည်များကလည်း ကျောက်အိမ်တော်တွင်သာ စတည်းချနေကြသည့်အတွက် သူတို့အဖို့ ချဉ်းကပ်ရန် လမ်းစ တစ်ခုတစ်လေမျှပင် ရှာမတွေ့တော့ချေ။ 


အာဟာရဆေးရည်တစ်ပုလင်းမှာ သန်းတစ်ထောင်ဖြစ်သည့်အတွက် အင်မတန် ဈေးကြီးလှပေသည်။ သို့သော် အမှန်တကယ် လိုအပ်သော်ငြား ငွေကြေးမတတ်နိုင်သူများမှာ လျှောက်လွှာဖြည့်ကာ အမှန်တကယ်လိုအပ်နေကြောင်း ကျောက်မိသားစုက အတည်ပြုပြီးပါလျှင် တစ်ပုလင်း ရရှိမည်ဖြစ်သည်။


သို့သော် သူတို့လက်ထဲသို့ ဆေးရည်ကို တိုက်ရိုက်ထည့်ပေးမည် မဟုတ်။ ကျောက်မိသားစုပိုင် ဆေးရုံတွင် နေစေကာ ဆေးရည်ကို ထိုနေရာတွင် တစ်ခါတည်း သောက်သုံးရမည်ဖြစ်သည်။ 


ဆေးရည်၏ ရောင်းအားမှာ ကောင်းမွန်လှသည့်အပြင် ကျောက်လင်းယွီ ပိုင်ဆိုင်သမျှ ဝင်ငွေအားလုံးမှာလည်း ရမ်ရှန့်၏ ဘဏ်စာရင်းထဲသို့ စီးဆင်းသွားတော့သည်။ 


ရမ်ရှန့်ကမူ ထိုအကြောင်းကို အာရုံစိုက်ရန် မဆိုထားနှင့် သူ့ကိုယ်ပိုင်ဘဏ်စာရင်း၏ လျှို့ဝှက်နံပါတ်ကိုပင် မသိသေးချေ။ 


သူပိုင်ဆိုင်သမျှအားလုံးကို ကျောက်လင်းယွီလက်ထဲ ထည့်ထားကာ ဓာတ်ခွဲခန်းထဲတွင် ချီအားဖြည့်ဆေးလုံး ဖော်စပ်နေလိုက်သည်။ 


ချီအားဖြည့်ဆေးလုံး၏ အနှစ်သာရမှာ မျက်နှာအားဖြည့်ဆေးလုံးနှင့် မတူညီပေ။ မျက်နှာအားဖြည့်ဆေးလုံးမှာလည်း အသားအရေထိန်းသိမ်းသည့် ဆေးလုံးနှင့် လုံးဝ ကွဲပြားပေသည်။ ချီဆေးလုံးသည် ပြုပြင်ထိန်းသိမ်းမှုကို ပိုပြီး အလေးပေးသည့်အတွက် စွယ်စုံသုံးနိုင်သော်ငြား အာနိသင်မှာမူ သာမန်မျှသာဖြစ်သည်။ 


အကြီးအကဲထန့်မှာ အလှအပဆေးလုံးများကို အမြောက်အများ စားခဲ့၍သာ မဟုတ်ပါလျှင် နုပျိုလာရန် လွယ်ကူမည် မဟုတ်ချေ။ အာဟာရဆေးရည်၏ အာနိသင်မှာ ဆေးလုံးထက်ပင် ပိုပြီး နည်းပါးကာ စိတ်စွမ်းအင်အနည်းငယ်သာ ပါဝင်ပေသည်။ 


ချီဆေးလုံးများမှာမူ မျက်နှာအားဖြည့်ဆေးလုံးနှင့် ကွဲပြားပေသည်။ 


စိတ်စွမ်းအင်ကို ပြန်ဖြည့်ရန် အသုံးပြုသည့် ချီအားဖြည့်ဆေးလုံးများမှာ ကျင့်ကြံဆင့်နိမ့်သည့် ကျင့်ကြံသူများအဖို့ မရှိမဖြစ်ပင်ဖြစ်သည်။ ၎င်းတို့တွင် ပါရှိသည့် စိတ်စွမ်းအင်မှာ  မျက်နှာအားဖြည့်ဆေးလုံးများထက်ပင် ပိုပြီး သန်မာသေးသည်။ 


၊Gerd က သန္ဓေတည်ဆေးကြောင့် ကိုယ်ဝန်ရလာခဲ့ခြင်းဖြစ်ရာ သူ့စိတ်စွမ်းအင်ကို ပြန်ဖြည့်ပေးမည့် ချီအားဖြည့်ဆေးလုံးကိုလည်း လိုအပ်ပေလိမ့်မည်။ ထို့အပြင် သူ့ကလေး လေးယောက် မွေးဖွားလာပါလျှင်လည်း ထိုဆေးလုံးကို မုချနှစ်ခြိုက်ကြမည်ဖြစ်သည်။ 


ရမ်ရှန့်က သူ့စိတ်စွမ်းအင်တစ်ခုလုံးကို နှစ်မြှုပ်ကာ ချီအားဖြည့်ဆေး ဖော်စပ်ရာတွင်သာ အာရုံစိုက်ထားသည့်တိုင် ဆေးမှုန့်အနည်းငယ်သာ ထွက်လာပေသည်။ 


အကြီးအကဲထန့်က ထိုဆေးမှုန့်ကို စမ်းသပ်ရန် ယူဆောင်သွားပြီး ရမ်ရှန့်က ဆေးပင်နောက်တစ်သုတ်ကို ထုတ်လာလိုက်သည်။ 


ထိုဆေးမှုန့်မှာ ဆေးလုံးလုပ်ရာမှ ကျရှုံးသွားခြင်း ဖြစ်သည့်တိုင် အာနိသင်ရှိနေဆဲဖြစ်သည်။ သို့သော် သူသည် ဆေးလုံးအဖြစ် အောင်အောင်မြင်မြင် ဖော်စပ်နိုင်ရန် မျှော်လင့်မိနေသေးသည်။ 


အချိန် မည်မျှကြာသွားသည်တော့ မသိ။ ကျောက်လင်းယွီနှင့် တူနှစ်ကိုယ်ကျင့်ကြံရန် သွားတော့မည် ကြံလိုက်သည့်အချိန်တွင် သူ့အရှေ့ရှိ အဂ္ဂိရက်မီးပြင်းဖိုပုံစံ ဖန်တီးထားသည့် အပူပေးစက်ထဲတွင် ဆေးလုံးတစ်ဒါဇင်နီးပါး ရှိနေပေသည်။ 


ချီအားဖြည့်ဆေးလုံးကို ဖော်စပ်နိုင်သွားချေပြီ။ 


ထိုဆေးလုံးကို ထုတ်ကာ ရမ်ရှန့်က အားရဝမ်းသာ ပြေးလာလိုက်သည်။ ထို့နောက်တွင်တော့ လက်ထဲရှိ မက်ခါပုံစံတူတစ်ခုကို ကလိရင်း တစ်ဖြေးဖြေး လမ်းလျှောက်နေသော Gerd ကို တွေ့လိုက်ရသည်။ သူ့နောက်နားတွင်မူ ဆက်သွယ်ရေးစက်မှတစ်ဆင့် Gerd ၏ ကလေးများကို လေ့လာနေသော ကိတ်ကို မျက်နှာသေဖြင့် တွေ့လိုက်ရသည်။ 


ဒီနှစ်ယောက်က အပြန်အလှန် အကျိုးပြုနေကြတာလား ....


Gerd က ခြံထဲတွင် လမ်းလျှောက်နေခြင်းဖြစ်သည်။ 


ကိတ်က သူ့ကို မက်ခါဒီဇိုင်များအကြောင်း စတင်သင်ကြားပေးကတည်းက ကျန်းမာရေးနှင့် ညွီညွတ်စေရန် သူ၏ စားသောက်မှုပုံစံနှင့် လေ့ကျင့်ခန်းတို့ကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်လိုက်တော့၏။ 


ဓာတ်ခွဲခန်းထဲတွင်သာ တစ်နေကုန် မက်ခါများ ဖန်တီးလိုသော်ငြား ယခုမူ ခြံထဲတွင် လမ်းလျှောက်ရန် ဖိအားပေးခံနေရသည်။ 


"အခုရော မသက်မသာ ခံစားနေရသေးလား ..." 


ကိတ်က အချက်အလက်အားလုံးကို ချရေးရင်း သူ့ကို မေးလိုက်သည်။ 


"မသက်မသာတော့ မဖြစ်တော့ဘူး ဒီတိုင်း ကျွန်တော့်စွမ်းရည်တွေက တစ်ခါတစ်လေ အလုပ်မလုပ်တော့ရုံတင်။ ပြီးတော့ လွယ်လွယ်လည်း ပင်ပန်းလာတယ် အဲဒီ့အခါကျ အာဟာရဆေးရည်ကို သောက်ဖို့ လိုအပ်လာရော ..." 


Gerd က ပြောလိုက်သည်။ ကျောက်မိသားစုတွင် နေရန် ဆုံးဖြတ်လိုက်သည်မှာ မှန်ကန်သည်ဟုပင် ခံစားလာရတော့၏။ 


သူ့အဖို့ ဖောင်ဖြည့်ကာ လှူဒါန်းမှုကို တောင်းခံရန်လည်း အဆင်မပြေသည့်အပြင် ကျောက်မိသားစုတွင် မနေပါလျှင် အာဟာရဆေးရည်အတွက် များစွာ ငွေကြေးကုန်ကျနေဦးမည်ဖြစ်သည်။ သူသည် ကြွယ်ဝသည့်တိုင် ထိုမျှငွေပမာဏကိုတော့ အသုံးမပြုနိုင်ပေ။ 


မည်သို့ပင်ဖြစ်စေ အာဟာရဆေးရည်ကို အများအပြား သောက်မိပါလျှင်မူ ဘေးထွက်ဆိုးကျိုးကို ခံစားရဆဲဖြစ်သည်။ 


သူ၏ ကြံ့ခိုင်သော အသွင်အပြင်ကို ဂုဏ်ယူနေခဲ့သည့် Gerd ၏ အသားအရေမှာ ရုတ်ချည်း ဖြူဖွေးလာကာ ပိုပြီး နုပျိုလာတော့သည်။ ယခင်ကကဲ့သို့လည်း မခန့်ညားတော့ပေ။ 


"အာ ..." 


ကိတ်က ခေါင်းငုံ့ကာ တစ်ဖန် ချရေးလိုက်ပြန်သည်။ 


ထိုအချိန်တွင် ရမ်ရှန့်က ထွက်လာသည်။ 


"Gerd ကျွန်တော့်မှာ ဆေးအသစ်ရှိတယ် လာပြီး စမ်းသောက်ကြည့်လိုက်ဦး ..." 


ချီအားဖြည့်ဆေးလုံးသည် စိတ်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ရုံသာမက ကျင့်ကြံဆင့်နိမ့်သူများ၏ ခန္ဓာကိုယ်ထဲမှ အညစ်အကြေးများကိုပါ သန့်စင်ပေးသေးသည်။ ထို့ကြောင့် Gerd အနေဖြင့် စားသုံးရန် သင့်တော်ပေသည်။ 


အကယ်၍ မစားနိုင်ခဲ့လျှင်ပင် ... သူသာ အနားတွင် ရှိနေပါလျှင် ပိုလျှံနေသော စိတ်စွမ်းအင်များကို စုပ်ယူရန် Gerd ကို အကူအညီပေးနိုင်မည်ဖြစ်သည်။ 


"အဲဒီ့ဆေးက ဘာအတွက်လဲ ..." 


Gerd မှာ ဂဃနဏ မသိဘဲ မစားရဲတော့ချေ။ 


"ဆေးအသစ်လား ..." 


ကိတ်က သူ့ကို မျက်နှာသေဖြင့် မေးလိုက်သည်။ 


Xxxxxxx,