အပိုင်း (108)
သူ့ရဲ့နှလုံးသားက ခုန်လှုပ်သွားသည်။
အဲဒီနောက် အဲဒီအခိုက်အတန့်မှာပဲ သူ့ရဲ့ ကိုယ်ပိုင်အတွေးတွေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။
နေ့လည်စာ စားချိန်တွင် နင်ကျယ်ဟန်က ဝေ့ရှောင်း၏ မဟာအောင်မြင်မှုကြီးအကြောင်း ကြားလိုက်ရပြီး လေးစားမှုဖြင့် ပြည့်နှက်သွားသည်။
ဝေ့ရှောင်းသည် သိုသိပ်မှုနှင့် တက်ကြွမှုအပြည့်နှင့် မွေးဖွားလာသူ ဖြစ်သည့်အလျောက် ပြောလိုက်သည်။
“ဘာရယ် မဟုတ်ပါဘူး။ ပြေးတာက အရမ်းရိုးရှင်းပါတယ်။ ခြေလှမ်းတစ်လှမ်း လှမ်းပြီးတိုင်း အသက်ရှုသွင်း ရှုထုတ် လုပ်ရုံပဲ။ ခြေနှစ်လှမ်း လှမ်းပြီးနောက် အသက်ရှုသွင်းပြီး ရှုထုတ်လိုက်။ ဒီလို တည်ငြိမ်တဲ့ ဟန်ချက်ကို ထိန်းသိမ်းထားတာက မင်းရဲ့ အရှိန်နှုန်းကို ခေါင်းဆောင်နဲ့ လိုက်မီစေလိမ့်မယ်။ ဒါက 5V5 ပရိုအသင်းတစ်ခုနဲ့ ဖြတ်လျှောက်တစ်ယောက် ပက်ပင်းတိုးသွားသလိုပေါ့။ ဒီအတိုင်း ပြေးပြီး လုပ်လိုက်ရုံပါပဲ”
ကျောက်ပုဇွန်ကို ကြိတ်ဝါးနေသော ချိုင်ကောက ပြောသည်။
“မင်း ကျပန်းစကားပြောတဲ့အထဲကို မပါဝင်တာ အတော်လေးကို ဖြုန်းတီးရာ ရောက်တာပဲ”
ဝေ့ရှောင်းက သူ့ကို ကြည့်သည်။
“ငါ့ဘာသာ တစ်ယောက်တည်း ပြောနေရင် ပျင်းစရာ ကောင်းတာပေါ့။ လောင်ပိုင် မင်း ငါ့ကို နည်းနည်း ချီးကျူးပေးစမ်း”
ပိုင်ချိုင်က လုံလောက်ပြီဟု ခံစားရသည်။
“ထွက်သွား”
လုဖုန်း၊ ချန်းဖုန်းနှင့် ထန်ချန်းတို့ ရောက်လာသောအခါ ဝေ့ရှောင်းက တစ်သင်းလုံးအပေါ် ကြက်ဥများ ကောက်ပေါက်ပြီးလေပြီ။
“လာ ပြေးကြ။ ပျော်စရာကောင်းပြီး စိတ်လှုပ်ရှားဖို့ ကောင်းတယ်”
လုဖုန်း “…”
ချန်းဖုန်း “…”
သူတို့ ဘာပြောနိုင်မှာလဲ။ သူတို့လို လူကြီးတွေက ဒီကောင်စုတ်လေးကို ဘာပြောရမှာလဲ။
ထန်ချန်းက ရှေ့တက်သွားသည်။
“ဘာပြေးတာလဲ။ ရေသွားကူးတာပေါ့”
သူက ထိုသို့ ပြောပြီးသည်နှင့် ဝေ့ရှောင်းက ချက်ချင်း သတိရသွားသည်။
“အိုး…”
သူတို့က အခု အားလပ်ရက် ကျွန်းပေါ်မှာ နေနေတာလေ။ ဒီတော့ ဘာလို့ ပျင်းစရာကောင်းအောင် ပြေးနေမှာလဲ။ ဒီတော့ ရေသွားကူးပြီး ဆော့ရမှာပေါ့။
ချန်းဖုန်း၏ ခန္ဓာကိုယ်က ယိုင်နဲ့ချင်သွားသည်။ သူသည် ထန်ချန်းကို သေအောင် ရိုက်သတ်လိုက်ချင် သွားသည်။
မင်း စကားလျော့ပြောရင် သေမှာ စိုးလို့လား။ ရေသွားကူးတယ် ဆိုတာက လူတစ်ယောက် လုပ်သင့်တဲ့အရာလား။
ဝေ့ရှောင်းက အားပေးသည်။
“ညီအစ်ကိုတို့ မပြေးနဲ့တော့။ ငါတို့ ပင်လယ်ထဲ သွားပြီး ခပ်ကြမ်းကြမ်း ကစားရအောင်”
နင်ကျယ်ဟန်က စိတ်ဝင်စားသွားသည်။
“ငါ ငါ… ရေကူးဘောင်းဘီ ယူလာတယ်”
ယွဲ့ဝမ်လဲ့ “…”
ချိုင်ကောကမူ စိတ်မဝင်စားပေ။
“ငါက အိပ်မှာ”
ဝေ့ရှောင်းက သူ့ကို တစ်ချက် ကြည့်သည်။
“ငါ မင်းရဲ့ အဲဒီခရီးဆောင်အိတ်ကို ပင်လယ်ထဲကို လွှင့်ပစ်မယ် ဆိုရင် ယုံလား”
ချိုင်ကော၏ နှလုံးသားက ခုန်လှုပ်သွားသည်။
“ဝေ့ရှောင်း မင်းအဖေ… မင်း ငါ့ရဲ့ ခရီးဆောင်အိတ်ကို ထိရဲရင် ငါမင်းကို အခုပဲ လုပ်ပြမယ်”
သူ့ရဲ့ ဒေါ်လာ ၆၆၀၀၀တန် ခရီးဆောင်အိတ်က ပင်လယ်ထဲကိုသာ ပြုတ်ကျသွားမယ် ဆိုရင် သူပါ နောက်က လိုက်ပြီး ခုန်ချရမှာပဲ။
FTW၏ အဖွဲ့ဝင် တစ်ဝက်ခန့်က စိတ်ဝင်စားသည်။ တစ်ယောက်သောသူက ခေါင်းဆောင် ဖြစ်နေသေးသဖြင့် ဝေ့ရှောင်းက လုဖုန်းကို ကြည့်သည်။
“ခေါင်းဆောင် ရေသွားကူးရင် ဘယ်လိုလဲ”
လောင်ချီကို သင်ပေးလိုက်သော နည်းလမ်းများက အသုံးဝင် မဝင် မသိသော်လည်း မည်သို့ပင် ဆိုစေ သူ၏ ကိုယ်ပိုင် ဆိုးနွဲ့သော စွမ်းရည်က အမြင့်ဆုံးသို့ ရောက်ရှိနေပြီးသား ဖြစ်သည်။
ချန်းဖုန်းကလည်း ခေါင်းလှည့်လျက် လုဖုန်းကို ကြည့်လိုက်သည်။ တောင့်ထား… တောင့်ထား… မင်း သဘောတူလို့ မရဘူးနော်။ ပင်လယ်ထဲကို သွားပြီး ကြမ်းတမ်းကြမယ် ဟုတ်လား… ဒါက မင်း တောင့်ခံနိုင်တဲ့ အရာလား။
လုဖုန်း “…”
ဝေ့ရှောင်းက သူ့ကို မျက်လုံးပြူးကာ ကြည့်သည်။ “ဘယ်လိုလဲ”
လုဖုန်း “ကောင်းပြီ”
108 02
နည်းပြချန်းကမူ ခွေယိုင်လဲလုမတတ် ဖြစ်သွားသည်။ ထိုကိစ္စက အတည်ပြုပြီးသား ဖြစ်သွားသည်။ မနက်ဖြန်မနက် ဆယ်နာရီတွင် FTW အသင်း၏ အဖွဲ့ဝင်တိုင်းက ပင်လယ်ထဲသို့ ဆင်းကာ ကြမ်းတမ်း ကြပေတော့မည်။ အား… ဒါမှမဟုတ် ရေကူးကြတာပေါ့။
သူတို့သည် ဆယ်ရက်နီးပါး လေ့ကျင့်ပြီးကြလေပြီ။ ထို့နောက် အပြင်သို့ ထွက်ကာ အပန်းဖြေပြီး တစ်ခဏခန့် ကစားခြင်းကလည်း မမှားပါပေ။
သူတို့အနေဖြင့် ယခုလို အပန်းဖြေနေရာမျိုးကို လာရန် မလွယ်ကူခဲ့ပေ။ သူတို့က တစ်ခဏခန့်မျှ အပန်းမဖြေလျှင် ရှင်းပြရန်ပင် ခက်ခဲပေလိမ့်မည်။
ရှန်းလျိုက လိုအပ်သည့် ကိစ္စများကို စီစဉ်ပေးရသည်။ ထို့အတွက်ကြောင့် ရေကူးဝတ်စုံကိုပင် ရှာပေးလိုက်သေးသည်။
လျိုကောက ရှင်းပြသည်။ “ဒါက စပွန်ဆာတွေ ပြင်ဆင်ပေးထားတာလေ။ တကယ်လို့ ရေကူးတဲ့ပွဲမျိုး ရှိတယ် ဆိုရင် နေ့စဉ် ဘဝဓာတ်ပုံမျိုး ရိုက်သင့်တယ်လို့ ထောက်ခံချက် ပေးထားတယ်”
တခြားသော အသင်းများအတွက်မူ ထိုသို့ မဟုတ်လောက်ပေ။ သို့သော် FTWကမူ ရုပ်ရည်အားဖြင့် အလွန်အမင်း သန်မာလွန်းသော ဌာနမျိုး ဖြစ်နေသည်။ သူတို့ကသာ ရေကူးပိုစတာ တစ်ခု လုပ်လိုက်မည် ဆိုလျှင် Official Blog မှာ Trffic က ပေါက်ကွဲ သွားစေလောက်သည်။ ထိုသို့ဖြင့် ထိုစပွန်ဆာ၏ Logo သေးသေးလေးကလည်း အနောက်မှ ကပ်လိုက်လာပြီး ကောင်းကင်ပေါ်သို့ မြောက်တက်နိုင်လိမ့်မည်။ ကံဆိုးသည်မှာ ရှန်းလျိုက ထိုသို့သော ကိစ္စမျိုးနှင့် မရှုပ်ရဲသဖြင့် လုဖုန်း၏ ထင်မြင်ချက်ကို အရင်မေးရသည်။
လုဖုန်းက ရေကူးဘောင်းဘီများကို တစ်ချက် ကြည့်လိုက်သည်။ သူ၏ ဦးနှောက်အတွင်း ဝေ့ရှောင်ရှောင်၏ သွယ်လျသော ခါးက ပေါ်လာသည်။
“ဘာဓာတ်ပုံမှ မရိုက်ရဘူး”
မဟာမိစ္ဆာဘုရင်ကြီးက တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။
ရှန်းလျိုက မအံ့ဩပေ။ FTW သည် ထိုစပွန်ဆာများကို မူတည်ကာ ပိုက်ဆံရှာနေခြင်း မဟုတ်ပေ။ သူတို့၏ အဓိက ရည်ရွယ်ချက်က သီးသန့်ရှိပြီးသား ဖြစ်သည်။
အသင်း၏ မြင့်မားလွန်းသော အဆင့်တွင် ရှိနေသည့် ရုပ်ရည်များသည် တမင်တကာ ရည်ရွယ်ထားခြင်း မဟုတ်ပေ။
ချိုင်ကောကဲ့သို့ ကြည့်ကောင်းကာ နူးညံ့သော လူ (တကယ်တော့ မဟုတ်ပါဘူး) ကို မဆိုထားဘိ၊ အတိတ်က ချိုင်ကောက ထောက်ခံပေးခဲ့သော လောင်ယွဲ့ ဆိုလျှင် ယခုအခါ FTWက မဟာပျော်ရွှင်မှု အပြည့်နှင့် အားကိုး၍ ရသော Maskman တစ်ယောက် ဖြစ်လာသည်။ ထို့ကြောင့် သူတို့၏ ရုပ်ရည်က မည်သို့ရှိကြောင်း ကြည့်ချိန် မရှိသေးချေ။ နင်ကျယ်ဟန်က FTW ပြည်တွင်းတွင် ချန်ပီယံရှစ် ရကာ လက်မှတ်ထိုးခဲ့ခြင်း ဖြစ်ပြီး ယုံကြည်မှု အရှိဆုံးလည်း ဖြစ်သည်။ အနာဂတ် မှော်ဆရာ ဘုရင်ကို လက်မှတ်ထိုးကြေး အမြင့်ဆုံး ၃သန်းဖြင့် ခေါ်ခဲ့ခြင်း ဖြစ်ပြီး သူ၏ ဖက်ရှင်ကျကျ ဝတ်စားတတ်သော ပုံစံမျိုးကြောင့် လက်မှတ်ထိုးခဲ့ခြင်း မဟုတ်ပါပေ။
နောက်ဆုံးမှ အသင်းသို့ ဝင်လာသော ဝေ့ရှောင်း အတွက်ကမူ …
မဟာဆရာသခင်က ဘယ်လို ရုပ်ရည် ဆိုတာကို ဘယ်သူက သိမှာလဲ။ အရင်က ရှန်းလျိုကမူ မဟာဆရာသခင်ဟု တွေးလိုက်မိသည်နှင့် သူ့စိတ်ထဲတွင် ကတုံးပြောင်နှင့် လူဝကြီးတစ်ယောက်က ပေါ်လာတတ်သည်။ ယခုမူ FTW မှ ကစားသမား ငါးယောက်၏ သာမန်ကာလျှံကာ ရိုက်လိုက်သော ဓာတ်ပုံတိုင်းက Idol အဖြစ် ပွဲဦးထွက်၍ ရနေသည်။ ရှန်းလျို၏ ဘဝက အလွန်ခက်ခဲ၏။
သူက သိသိသာသာပဲ eSport Club တစ်ခုရဲ့ မန်နေဂျာပါ။ ဘယ်လို ဖြစ်ပြီး Boy Band တစ်ခုကို ခေါင်းဆောင်နေရသလို ခံစားနေရတာလဲ။
အထူးသဖြင့် သူတို့၏ အွန်လိုင်း ပရိသတ်များနှင့် ပတ်သက်သောအခါ ပို၍ ဆိုးသည်။ မည်သူကမဆို သူတို့ကို ဖျော်ဖြေရေး အသိုင်းအဝိုင်းတွင် ဦးဆောင်သွားနိုင်သည့် စတားများ ဖြစ်လာနိုင်နေသည်။
သူတို့၏ အန်တီဖန်များက ပရိသတ်များထက် ပိုများသည်။
ဖန်များကလည်း အန်တီဖန်များထက် ကြမ်းသေးသည်။ သူတို့၏ ငြင်းခုန်မှုကတင် ကောင်းကင်ကို ပြောင်းပြန်လှန်ပြီး မြေပြင်ကို တုန်ခါစေသည်။
FTW ရဲ့ အများအမြင်ကို ထိန်းသိမ်းတဲ့ အသင်းက အတော်လေးကို ပင်ပန်းပါတယ်။ ဟုတ်ပြီလား။
ဒီပရိသတ်တွေက ကစားသမားတွေရဲ့ ရုပ်ရည်ကို အာရုံမစိုက်ဘဲနဲ့ ပွဲကိုပဲ အာရုံစိုက်ဖို့ လုပ်ရတာက တကယ်ကို မလွယ်ကူတာပါ။
++++
108 03
နောက်တစ်ရက်တွင် လူတိုင်းက စောစောထကြသည်။
လုဖုန်းက သူ၏ နာရီကို ဆယ်နာရီသို့ ပြောင်းရွေ့ထားသည်။ ထို့ကြောင့် သူ၏ စိတ်အခြေအနေကမူ အလွန်အမင်း ရှုပ်ထွေးနေခဲ့သည်။
သူက အရှေ့မှ စာရွက်များကို ဘေးသို့ တွန်းဖယ်ရင်း ကန့်လန့်ကာ အနောက်ဖက်သို့ မှီလိုက်သည်။
ရေကူးတာ။
သွားရမှာလား။ မသွားရဘူးလား။
သူသည် ဝေ့ရှောင်း၏ တောက်ပသော အပြုံးကို တွေးမိသွားသော် တစ်ဖက်လူကို စိတ်မပျက်စေချင်ခဲ့ပေ။
တစ်ဖက်သူ၏ Bared ခန္ဓာကိုယ်နှင့် ကပ်တွယ်သော ပုံစံကို တွေးမိသွားသော် လုဖုန်းသည်လည်း သူ အမှန်တကယ် ခံစားရလောက်သည်ဟု ခံစားရသည်။
ကိုယ့်ကိုယ်ကိုယ် ဘေးသင့်စေသောအခါ အသက်ရှုရန်ပင် ခက်ခဲလောက်အောင် ခံစားရစေနိုင်သည်။
သူသည် တစ်ရက်တွင် ဒီစကားလုံးများက မဟာမိစ္ဆာဘုရင်ကြီး၏ နဖူးပေါ်သို့ လာကပ်လိမ့်မည်ဟု မထင်ထားမိချေ။
FTWက အောက်ဘက်သို့ ဆင်းချိန်တွင် ယွမ်ဇယ်နှင့် တွေ့သည်။ ယွမ်ဇယ်က အံ့ဩသွားသည်။
“ဒါက…”
လုဖုန်း “ငါတို့ အတူပြေးကြမလို့ လိုက်မှာလား”
ယွမ်ဇယ်က အံ့ဩသွားသည်။
“မလိုက်ပါဘူး။ မလိုက်ဘူး။ သောက်ကျိုးနည်းကို … FTWက တစ်ခုခုတော့ မှားနေပြီ။ သူတို့ မနက်အစောကြီး အတူပြေးဖို့ အောက်ထပ်ကို ဆင်းလာကြတယ် ဟုတ်လား”
ဝေ့ရှောင်းကမူ သူတို့၏ စကားကို မကြားချေ။ သူက ကြားလျှင် သေချာပေါက် စကားအနည်းငယ် ထည့်ပြောခြင်းဖြင့် မီးထဲသို့ လောင်စာဆီ လောင်းထည့်ပေးလိမ့်မည်။
FTW က ကမ်းခြေတွင် အသင်းဖော်များ၏ နေ့စဉ် လှုပ်ရှားမှု ဓာတ်ပုံများကို ရိုက်ရန်ပင် မရည်ရွယ်ထားခဲ့ကတည်းက အခြားသော သူများကိုလည်း သူတို့ကို ဓာတ်ပုံ ရိုက်ခွင့်ပြုရန် မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် ကစားရန်အတွက် ရှင်းလင်းသော ကမ်းခြေဘက်ခြမ်းကို ရှာဖွေလိုက်ကြသည်။ လူတိုင်းက အောက်ထပ်က ဆင်းသောအခါ သူတို့၏ Team ယူနီဖောင်းများကို ဝတ်ဆင်ထားကြပြီး အတွင်းပိုင်းတွင်က သူတို့၏ ရေကူးဝတ်စုံများ ဖြစ်သည်။
ထို့ကြောင့် ရေထဲသို့ ဆင်းမှသာ ယူနီဖောင်းကို ချွတ်လိုက်ရုံ ဖြစ်သည်။
နင်ကျယ်ဟန်က ရေမကူးတတ်ပေ။ သူသည် လင်းပိုင် အသက်ကယ်ကွင်းလေးကို ကိုင်ထားရုံနှင့်ပင် အလွန်ပျော်နေသည်။ လောင်ယွဲ့ကမူ အဝတ်အစားများကို ဖယ်လိုက်သောအခါ မှင်တက်ဖွယ် ကောင်းလောက်အောင် ဖြူဖျော့သော နေဗီဂလိုးနေသည့် နာမည်ကျော် ရှောင်ပိုင် မျက်နှာလေးအဖြစ် ထိုက်တန်ကြောင်း ဖော်ပြသည်။ ချိုင်ကောကမူ ရေကူးတတ်သည်။ ထို့ကြောင့် သူ ထွက်သွားသည်မှာ ကြာပြီဖြစ်သည်။
ထန်ချန်းက အသင်းထဲတွင် အသားအမည်းဆုံး ဖြစ်သည်။ သူက သူ၏ ခေါင်းအနောက်ဖက်သို့ လှမ်းကုပ်ရင်း ပြောလိုက်သည်။
“ဒါက မဟုတ်သေးဘူး။ ငါက ပုံမှန်အားဖြင့် အသားမည်းသလို မထင်ရပါဘူး”
သူ၏ အသားအရည်က ဂျုံရောင် ဖြစ်သည်။ သို့သော် တခြားသူများနှင့် ယှဉ်သောအခါ အလွန်မည်းနေသလို ပုံပေါက်နေသည်။
108 04
ဝေ့ရှောင်း၏ အသားအရေက ယွဲ့ဝမ်လဲ့လောက် မဖြူသလို ချိုင်ကောကဲ့သို့ ပိန်ပါးကာ ဖြူဝင်းနေခြင်းလည်း မဟုတ်ပေ။ ခန္ဓာကိုယ် အချိုးအစားကလည်း အလွန်ကောင်းသည်။ သူ့တွင် ကြွက်သား အများကြီး မရှိပေ။ သို့သော် အားနည်းပုံလည်း မပေါက်နေပေ။ သူသည် အဝတ်အစားများကို ချွတ်ပြီး ခါးလိုင်းကို ဖော်ပြလိုက်သောအခါ ပိန်ပါးကာ သွယ်လျပြီး ဖျော့တော့လျက် အတန်ငယ် ဆွဲဆောင်မှု ရှိသည့် မော်ဒယ်လို ခန္ဓာကိုယ်မျိုးကို မြင်ရသည်။
လုဖုန်းက တစ်ချက်ခန့်သာ ကြည့်ပြီးနောက် အကြည့် ပြန်လွဲသွားသည်။ ချိုင်ကောက ရေထဲသို့ မဆင်းပေ။ သူသည် နေရောင်အောက်တွင် ထီးကိုင်ကာ ရပ်ရင်း လှမ်းလာသည်။
“ပျော်လား”
လုဖုန်း “…”
ဝေ့ရှောင်းက ဟိုဟိုဒီဒီ ကြည့်ပြီး ခေါင်းဆောင်ကို ရှာသည်။ ထို့နောက် အပြေးလာကာ ပြောသည်။
“ခေါင်းဆောင် မြန်မြန်လာ သူတို့အားလုံး ရေထဲမှာ”
လုဖုန်းက မည်သည့်နေရာသို့ ကြည့်သင့်မှန်း မသိတော့ပေ။
“မင်း သွားပြီး ကစားလေ ငါ ဒီမှာ စောင့်နေမယ်”
ဝေ့ရှောင်းက အံ့ဩသွားသည်။
“ခေါင်းဆောင်က မလာဘူးလား”
လုဖုန်း “…”
ချန်းဖုန်းက သူ့ကို ကယ်ပေးသည်။
“မင်းရဲ့ ခေါင်းဆောင်က ရေမကူးတတ်ဘူး”
ဝေ့ရှောင်းက ကြောင်သွားသည်။
“အာ…”
လုဖုန်းက တိတ်နေသည်။ ဝေ့ရှောင်း၏အသံက မယုံကြည်ပုံပေါက်သည်။
“ဘာလို့ စောစော မပြောတာလဲ။ ခေါင်းဆောင်က ရေမကူးတတ်ဘူးဆိုရင် ငါတို့ ဘာလို့ ဒီနေရာကို လာမှာလဲ”
လုဖုန်း၏ နှလုံးသားက နွေးသွားသည်။
“မင်းတို့ပဲ ကစားပါ”
ဝေ့ရှောင်းကလည်း ထိုအခြေအနေကို လက်သင့်မခံလိုသေးသဖြင့် ဆက်ပြောသည်။
“ငါ ရေကူးဘောကွင်း ရှာပေးမယ်”
ချန်းဖုန်းကလည်း သူ၏သူဌေးကို ဆက်လက်ပြီး ကယ်တင်ပေးသည်။
“လုပ်မနေနဲ့၊ ရှောင်နင်အတွက်တော့ အဲဒီဘောကွင်းကို သုံးတာ အဆင်ပြေပေမဲ့ မင်းတို့ ခေါင်းဆောင်ကသာ တစ်ခု ယူပြီး ရေထဲကို ဆင်းသွားခဲ့ရင်… အင်း… ရှက်စရာ မကောင်းဘူးလား”
ဝေ့ရှောင်း “… ဟုတ်သားပဲ”
သူက လုဖုန်းကို ကြည့်ပြီး နောင်တရသလို ပြောသည်။
“အန်းဒယ်ဒယ်ရေ ငါတို့ ရေထဲ မဆင်းတော့ဘူး”
လုဖုန်းက အနည်းငယ် ငုံ့ကြည့်လိုက်သောအခါ နေရောင်အောက်မှ လူငယ်၏ ကျန်းမာလှပသော ခန္ဓာကိုယ်ကို မြင်လိုက်ရသည်။
သူသည်လည်း တွေးလိုက်သည်။ သွားပြီး မကစားခြင်းကလည်း အကြံဆိုးတော့ မဟုတ်လောက်ချေ။ ထို့ကြောင့် သူ၏ ပါးစပ်က ပြောလိုက်သည်။
“သွားကစားလေ အားလုံးက စောင့်နေပြီ”
ဝေ့ရှောင်းက တွန့်ဆုတ်စွာ ထွက်သွားသည်။
လုဖုန်းကမူ ခုံစောင်းပေါ်တွင် ထိုင်ရင်း ရေခဲရေအပြည့် တစ်ငုံသောက်လိုက်သည်။
ချန်းဖုန်း၏ မျက်လုံးများက မှေးကျဉ်းသွားသည်။
“ပြော အရူးလေးဝေ့က မင်းရဲ့အတွေးကို တကယ်နားမလည်တာလား”
လုဖုန်း “...”
ချန်းဖုန်းက သူ့အစား ပြန်ဖြေပေးသည်။
“သူ တကယ် နားမလည်ဘူး။ သူ နည်းနည်း နားလည်တာနဲ့ ဒီလောက် အရိုင်းဆန်ရဲမှာ မဟုတ်ဘူး”
108 05
လုဖုန်းက သူတို့နှင့် လာရောက် မပူးပေါင်းသော်လည်း FTW မှ အကောင်ပေါက်လေးကောင်က အချိန်ကောင်းကို ပိုင်ဆိုင်ထားသည်။ သူတို့သည် တစ်ဝက်ခန့် အရွယ်ရောက်ပြီးသား လူငယ်များ ဖြစ်သည်။ ပုံမှန်အားဖြင့် လေ့ကျင့်ခြင်းအပြင် လေ့ကျင့်ခြင်းကိုသာ အာရုံစိုက်စရာ ရှိခဲ့သည်။ ရေထဲတွင် မကြာခဏ ကစားခြင်းကပင် အလွန်ပျော်ရွှင်ဖွယ် ကောင်းသော ဖြစ်ရပ် ဖြစ်နေပြီဖြစ်သည်။
ဝေ့ရှောင်းက ရေကူးတော်သည်။ သူသည် Breast Stroke နှင့် Free Style ပုံစံမျိုးကိုလည်း သိသည်။ အဆုံးသတ်နားတွင် လိပ်ပြာတောင်ပံခတ်ဟန် လုပ်ပြသေးသည်။ ထန်ချန်းက သူ့အတွက် အားပေးကာ မကြာခဏ ဆိုသလို ထုတ်ဖော် ပြောပြသည်။ (ရေကူးနည်းတွေပါ)
“Close ရဲ့ လိပ်ပြာတောင်ပံခတ်ပုံကလည်း တကယ်ချောတယ်”
ဝေ့ရှောင်း “???”
သူက ရေထဲမှ ထွက်လာပြီး ရေစိုနေသော ဆံပင်များကို အနောက်သို့ လှန်တင်လိုက်သည်။
“ခေါင်းဆောင်ရဲ့ လိပ်ပြာတောင်ပံ ဟုတ်လား”
ထန်ကောက ချန်းဖုန်းကို ကောင်းကင်သို့ ရောက်သည်အထိ ရောင်းထုတ်လိုက်သည်။
“ဟုတ်တယ် တော်တော်လေးကို အံ့ဩဖို့ ကောင်းတာ။ အင်အားက အကြွင်းမဲ့ပဲ”
ဝေ့ရှောင်းက စကားတစ်ခွန်းမျှ ထပ်မပြောတော့ဘဲ ကမ်းစပ်သို့ ပြေးသည်။
ချန်းဖုန်းသည် လုဖုန်းနှင့် စကားပြောနေချိန်တွင် ရုတ်တရက် ရက်စက်သော အရှိန်အပြည့်နှင့် အပြေးလာသောသူကို မြင်သောအခါ အံ့ဩသွားသည်။
ဝေ့ရှောင်း၏ တစ်ကိုယ်လုံးက စိုရွဲနေသည်။ နေရောင်အောက်တွင် သူ၏ကြည်လင်သော ခန္ဓာကိုယ်ပေါ်မှ ရေစက်လေးများကို မြင်ရသည်။
လုဖုန်းက ဘေးမှ တဘတ်ကို ကောက်ယူလိုက်ပြီး ပစ်ပေးလိုက်သည်။ ဝေ့ရှောင်းက တဘတ်နှင့် မျက်နှာကို သုတ်ရင်း ရည်မှန်းချက် အပြည့်နှင့် ပြောသည်။
“ခေါင်းဆောင် ငါ့ကို လိမ်တယ်”
လုဖုန်း “???”
ဝေ့ရှောင်းက စိတ်လှုပ်ရှားလွန်းနေသည်။ မြေပြင်ပေါ် ချထားသော သူ၏ ခြေထောက်ကပင် မတည်မငြိမ် ဖြစ်သွားပြီး ရုတ်တရက် အားခနဲ အော်လိုက်သည်။
လုဖုန်းက ချက်ချင်းလိုလို ထကာ လူငယ်လေးကို ဆွဲထူပေးလိုက်သည်။
ဝေ့ရှောင်းက သူ၏ စိုရွဲကပ်နေသော ခန္ဓာကိုယ်တစ်ခုလုံးက လုဖုန်း၏ ခန္ဓာကိုယ်ကို ဖက်ထားလိုက်သည်။ လုဖုန်း၏ ခပ်ပါးပါး တီရှပ်ကပင် ရေစိုသွားရသည်။ လုဖုန်း၏ နှလုံးသားက ခုန်လှုပ်သွား၏။ သူ၏ ခန္ဓာကိုယ်အတွင်းမှ သွေးများကပင် မြန်မြန် စီးဆင်းသွားသည်။
ဝေ့ရှောင်းက ခေါင်းငုံ့သွားသည်။ သူ၏ မျက်လုံးများက ရေစိုထားသောကြောင့် ပို၍ တောက်ပနေသည်။
“ထန်ကောက ပြောတယ်။ မင်းရဲ့လိပ်ပြာတောင်ပံခတ်ပုံက ပိုပြီးတော့တောင် ချောမော ကြည့်ကောင်းသေးတယ်တဲ့။ မင်းပြောတော့ ရေမကူးတတ်ဘူးဆို”
သေချာပေါက်ကိုပဲ… သူ့ ခေါင်းဆောင် မလုပ်နိုင်တာ ဘာမှကို မရှိဘူး။
လုဖုန်းက အသက်ပြင်းပြင်း ရှုလိုက်သည်။
“ငါ ရေမကူးတတ်ဘူးလို့ မပြောပါဘူး”
ဝေ့ရှောင်းက ကြောင်သွားသည်။
သူသည်လည်း ပြန်တွေးကြည့်လိုက်သည်။ ယခုလေးတင် သူတို့နည်းပြက စကားပြောနေခဲ့ချိန်တွင် လုဖုန်းက ဘာမှ ဝင်မပြောခဲ့ပေ။
ဝေ့ရှောင်းက မကျေနပ်သေးပေ။
“ဒါဆိုရင် ဘာလို့ ရေထဲ မဆင်းတာလဲ”
လုဖုန်း၏အသံက အနည်းငယ် ဩရှနေသည်။
“ငါ နေလို့ မကောင်းလို့”
ဝေ့ရှောင်းသည်လည်း သူ့အသံထဲမှ သေချာကြားလိုက်ရသဖြင့် သူ့ကို ကြည့်သည်။
“အအေးမိတာလား”
ဒီဩရှနေတဲ့အသံက အင်း…
ဝေ့ရှောင်း၏ နားက ရှင်းပြရ ခက်ခဲလောက်အောင် ပူတက်လာသည်။ လုဖုန်းက သူ့ကို ကူညီပြီး ကောင်းကောင်းရပ်နိုင်အောင် လုပ်ပေးရင်း သူ၏ နှလုံးခုန်သံများကို တည်ငြိမ်အောင် လုပ်သည်။
108 06
“အင်း… နည်းနည်း”
“စောစောနားလေ။ မင်းရဲ့ ခန္ဓာကိုယ်က သက်တောင့်သက်သာ မရှိဘူးဆိုရင် အရမ်းအားတင်းမနေနဲ့။ ပြန်ပြီး မြန်မြန် စောစောနားလိုက်”
လုဖုန်းက သူ၏ကိုယ်ကို ရေချိုးတဘတ်ဖြင့် တင်းတင်းပတ်ပေးပြီး ပြောသည်။
“မင်းလည်း… စောစောပြန်နှင့်မယ်”
ဝေ့ရှောင်းက ခေါင်းညိတ်သည်။ “အွန်း..”
လုဖုန်းက အမှန်တကယ် ထွက်သွားသည်။ သူသာ မထွက်သွားလျှင် ဝေ့ရှောင်းကိုပါ သူနှင့် သယ်ရင်း အဆုံးသတ်လောက်သည်။
ဘေးဘက်မှ ချိုင်ကောကမှ အဆုံးသတ်အထိ ဝေ့ရှောင်းရှောင်း၏ ပေါက်ကရ စကားပြောသံကို သည်းခံနေလိုက်ရသည်။
ချိုင်ကော “…”
လာပါ။ မင်း ကြိုက်သလောက်ပြော။ မင်း မပြောနိုင်တော့တဲ့အချိန်က ရှိမှာပဲ။
သူက လုဖုန်းကို သတိရသောကြောင့် ဝေ့ရှောင်းက အကြာကြီး မနေဘဲ ခပ်မြန်မြန် အပေါ်တက်သွားသည်။ သူက အဝတ်အစားလဲပြီး ချိန်တွင် သူ၏ ဆံပင်က စိုနေသေးသည်။
“ခေါင်းဆောင်”
လုဖုန်းက ယခုမူ တည်ငြိမ်သွားပြီ ဖြစ်သည်။
“ပြန်လာပြီလား”
ဝေ့ရှောင်းက ထူးဆန်းသလိုမျိုး ထိတ်လန့်နေသည်။
“နည်းနည်း ပိုသက်သာလာပြီလား”
သူက လက်ကို ဆန့်ထုတ်လျက် လုဖုန်း၏ နဖူးကိုပင် စမ်းလိုက်သေးသည်။ လုဖုန်းက သူ၏လက်ကို လှမ်းဖမ်း၏။
“အဆင်ပြေပါတယ်”
ဝေ့ရှောင်း “မင်း မသက်မသာ ဖြစ်နေသေးတယ်ဆိုရင် အတင်း တွန်းအားမပေးပါနဲ့”
လုဖုန်းက ခေါင်းညိတ်သည်။ သူသည် သူ၏အကြည့်ကိုပင် ဘေးသို့ မရှောင်ဖယ်လိုက်ပေ။
ဝေ့ရှောင်းက ကြည့်ခံနေရသောကြောင့် အနည်းငယ် ယားယံသလို ခံစားလိုက်ရသည်။
“ငါ့မျက်နှာမှာ တစ်ခုခု ရှိလို့လား”
လုဖုန်းက ထိုအခါမှ သတိပြန်ဝင်ပြီး အကြောင်းအရာကို ပြောင်းသည်။
“ဒီနောက်ဆုံး ရက်တွေမှာ… လီဟယ်ယန်ကြောင့် မင်း ကြိုးစားမှာလား”
ထိုစကားတစ်ခွန်းတည်းက ဝေ့ရှောင်း၏ အတွေးများအားလုံး ဖောက်ဝင်သွားသည်။ ဝေ့ရှောင်းက မျက်လွှာချလိုက်၏။
လုဖုန်းကလည်း ဝေ့ရှောင်း၏ အခြေအနေကို မြင်ရသောအခါ သူ့နှလုံးသားက ရှုပ်ထွေးမှုဖြင့် ပျော့ခွေကျသွားသလို ခံစားလိုက်ရသည်။
သူသည် ဝေ့ရှောင်းသည် မနက်စောစော ထပြီး သူနှင့်အတူ လိုက်ပြေးသည်။ အလွန်အမင်း ပင်ပန်းနေသည့်တိုင်အောင် အတင်း လိုက်ပြေးသေး၏။ ယနေ့ဆိုလျှင်လည်း တစ်သင်းလုံးကို အပြင်ဘက် လှုပ်ရှားမှု အနေဖြင့် ခေါ်သွားရန် တာဝန်ယူသေးသည်။ ဒါကို လုဖုန်းက ဘယ်လိုမျိုး နားမလည်ဘဲ နေမှာလဲ။
လီဟယ်ယန်က အပေါ်တက်ပြီး မကစားနိုင်ကတည်းက အရာအားလုံး စတင်ခဲ့ခြင်း ဖြစ်သည်။
ဝေ့ရှောင်း၏ ဦးနှောက်လေးထဲက အတွေးတွေကို သူ မသိပေမဲ့လည်း မကြာခဏဆိုသလို ထွက်ထွက်လာတတ်တဲ့ အဲဒီနှင်းမုန်တိုင်းတွေနဲ့ ပတ်သက်တဲ့ အခြေအနေကိုတော့ သူ အတည်ပြုနိုင်ပါသေးတယ်။
ဝေ့ရှောင်းက အသံတိုးတိုးဖြင့် ပြောသည်။
“အဲဒီနေ့ ငါ ကင်ဆွန်းဟွန်းနဲ့ လီဟယ်ယန်တို့ ငြင်းခုန်နေတာကို ကြားခဲ့တယ်”
လုဖုန်း “အင်း”
ဝေ့ရှောင်း၏ နှလုံးသားက ရုတ်တရက် ဖိနှိပ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ နဂိုက ဆုတ်ယုတ်သွားသော ကြောက်လန့်မှုများက တစ်ဖန်ပြန်လည်ပြီး ထွက်လာခဲ့သည်။
“ငါ တွေးတာက မင်းသာ ခေါင်းဆောင်လီရဲ့ နေရာမှာ ဆိုရင် ငါ…”
လုဖုန်း၏ နှလုံးသားက တုန်ယင်သွားသည်။ ဖော်ပြရန် ခက်ခဲသော ခံစားချက်တစ်ရပ်က ရင်ဘတ်တစ်ခုလုံးနှင့် ပြည့်သွား၏။
သူလည်း တော်တော်များများတော့ ခန့်မှန်းမိပါသည်။ ဒါပေမဲ့ ဒီလို ဖြစ်နေမယ်လို့ မတွေးမိဘူး။ ဝေ့ရှောင်းက သူ့ကြောင့် ကြောက်နေတာလား။
လုဖုန်း၏အသံက နူးညံ့သွားသည်။
“အဲဒီလို မဖြစ်ပါဘူး”
ဝေ့ရှောင်းက သူ့ကို မော့ကြည့်သည်။
“ဒါပေါ့ မဖြစ်ဘူးပေါ့။ မင်းက နေ့တိုင်း လေ့ကျင့်နေတာ။ မင်းရဲ့ ခန္ဓာကိုယ်က အခြေအနေ ကောင်းတယ်။ သေချာပေါက် လူတိုင်းထက် ပိုကြာကြာ ကစားနိုင်မှာ”
လုဖုန်း၏အသံက တစ်စုံတစ်ရာဖြင့် အပိတ်ခံလိုက်ရသလို ဖြစ်သွားပြီး စကားပြောရန် ခက်သွားသည်။
“မစိုးရိမ်နဲ့။ ငါ မင်းကို အဆုံးထိ အဖော်ပြုပေးမှာ”
ဝေ့ရှောင်း၏ မျက်လုံးများက တောက်ပသွားသည်။
“ငါတို့ အတူ အနားယူမှာလား”
လုဖုန်း “အင်း အတူ အနားယူကြမယ်”
108 07
ဝေ့ရှောင်း၏ ခေါင်းပေါ်တွင် ရက်ပေါင်းများစွာ အုံ့ဆိုင်းနေခဲ့သော တိမ်စိုင်က ပျက်ပြယ်သွားသည်။ သူသည် လုဖုန်းကို ယုံကြည်သည်။ Closeကို ယုံကြည်၏။ သူ ပြောသော စကားလုံးတိုင်းကို ယုံသည်။
“ငါက အခု အသက် ၁၉နှစ်လေ။ ဒီတော့ နောက်ထပ် ၆နှစ် ၇နှစ်လောက် ကစားနိုင်သေးတယ်”
လုဖုန်းက အသာရယ်သည်။ “အင်း”
ဝေ့ရှောင်း၏ မျက်လုံးများက လခြမ်းလေးများ အသွင် ပြောင်းသွားသည်။
“ဒါဆိုရင် သဘောတူပြီနော်”
လုဖုန်း “အင်း”
ထိုအင်းသည် အလွန်အမင်း ပေါ့ပါးစွာ ပြောလိုက်သော စကားလုံး ဖြစ်သော်လည်း အလေးချိန်ကမူ အလွန်လေးသည်။
ဝေ့ရှောင်း၏ ရင်ဘတ်က ပျော့အိအိ ဂျယ်လီများနှင့် ပြည့်နှက်သွားသလိုမျိုး ဖြစ်သွားသည်။ ထိုအချိန်တွင် လုဖုန်း၏ အကြည့်ကြောင့် ထိုပျော့အိအိ ဂျယ်လီကပင် အလုံးစုံ အရည်ပျော်သွားပြီး စေးကပ်ကာ ချိုမြိန်မှု အပြည့်သာ ရှိနေတော့သည်။
အဆုံးထိ မင်းကို အဖော်ပြုမယ်။
ဒါက သဘောတူညီမှုပဲ။
ဝေ့ရှောင်းက လုဖုန်းကို မျက်တောင်ပင် မခတ်ဘဲ ကြည့်သည်။ ထိုသို့ ကြည့်နေရခြင်းအား မည်မျှ သဘောကျကြောင်းကို ခံစားမိလေလေ ဖြစ်သည်။
သူ့နှလုံးက ခုန်လှုပ်လာပြီး ရုတ်တရက် ထိုအခိုက်အတန့်တွင် သူ၏ ကိုယ်ပိုင် အတွေးများကို ရှင်းရှင်းလင်းလင်း သိလိုက်သည်။
သူတော့ သွားပြီ။
သူ ခေါင်းဆောင်နဲ့ တကယ်ကို လက်ထပ်ချင်နေပြီ။
******