အပိုင်း ၁၁၄
Viewers 18k

Chapter 114


ထိုသို့ သိသွားသည်နှင့် တစ်ပြိုင်နက် သူမ၏ မြေးများနှင့် အတူအိပ်လိုစိတ်များ ဖြစ်ပေါ်လာတော့သည်။ 


"အမေရေ အမေ့ဗိုက်ထဲမှာလည်း ကလေးရှိနေတယ်လေ ပြီးတော့ ဥတွေကို အပြင်လူ မြင်သွားလို့လည်း မကောင်းဘူး ..." 


ရမ်ရှန့်က ပြောလိုက်သည်။ သူ့ကလေးများအား အိမ်တွင် ထားခဲ့လျှင် ကိတ် ရှာတွေ့သွားမည်ကို စိုးရိမ်သဖြင့် ကျောက်လင်းယွီက ပြပွဲသို့ ခေါ်သွားစေခြင်းဖြစ်သည်။ ထို့အပြင် ကလေးများကို သူစိမ်းများရှေ့တွင် ထုတ်မပြရန်လည်း မှာခဲ့သေးသည်။ 


သူတို့ရဲ့ ကလေးတွေက တကယ်ကို ကွဲပြားတယ်လေ ... 


"အိုး ..." 


ရှန်းချိုးရှစ်က သက်ပြင်းချကာ ရမ်ရှန့် အဝတ်ဖြင့် ပြန်ဖုံးလိုက်သည်ကိုသာ စိတ်ပျက်လက်ပျက်ဖြင့် ကြည့်နေလိုက်သည်။ 


ယာဉ်ပျံ၏ အရှိန်မှာ အလွန်မြန်ဆန်သည့်အတွက် ညီလာခံအဆောက်အဦးသိူ့ ရောက်ရှိရန် သိပ်မကြာလိုက်။ ညီလာခံ အဆောက်အဦးသည် မြို့တော်ကြယ်၏ အကြီးမားဆုံးကျွန်း အလယ်ရှိ အလွန့်အလွန် ကြီးမားသော ပြဿာဒ်အဆောက်အဦးဖြစ်ကာ စတုရန်းမီတာနှစ်သန်း ကျယ်ဝန်းပေသည်။ ၎င်းကို သတ္ထုနှင့် အခြား ရှားပါး တွင်းထွက်ပစ္စည်းတို့ဖြင့် တည်ဆောက်ထားပြီး မြို့တော်ကြယ်၏ အကြီးမားဆုံးနှင့် အသန်မာဆုံး အဆောက်အဦးတစ်ခုဖြစ်ကာ ကြီးကျယ်သည့် ပွဲတိုင်းကို ဤနေရာတွင်သာ ကျင်းပကြပေသည်။ 


စက်ရုပ်ပြပွဲကို မြို့တော်ကြယ်သာမက ဖက်ဒရယ်မှ ပိုင်ဆိုင်သည့် အခြား လူနေဂြိုဟ်အားလုံးကပါ လာရောက်ကြသည့်အတွက် အလွန်ကြီးကျယ်ကာ ဝသ်ပေါက်တွင်ပင် လူများ အုံခဲနေပေသည်။ 


ထိုသို့ တက်ကြွလှသည့် လေထုကြောင့် ရမ်ရှန့်က ဟိုဟိုသည်သည် လျှောက်ကြည့်ချင်လာသော်လည်း Gerd ကမူ အနည်းငယ် စိတ်ကျဉ်းကျပ်လာတော့သည်။ ထိုအချိန်တွင် ဖန့်ချန်ကျွင့်က ခပ်ပြုံးပြုံးဖြင့် ရောက်လာကာ ... 


"တိုက်ဆိုင်လိုက်တာ မင်းတို့တွေလည်း ပြပွဲကို လာကြည့်ကြတာလား ..." 


မင်းမေကြီးပဲ တိုက်ဆိုင်နေလိုက် မင်း ဒီမှာ စောင့်နေမှန်း လူတိုင်းသိတယ် ... 


Gerd က သူ့ကို စိတ်လေနေဟန်ဖြင့် စိုက်ကြည့်လိုက်သော်ငြား စကားတော့ တစ်ခွန်းမှ ဆိုမလာပေ။ 


ဤရက်ပိုင်းအတွင်း သူသည် ကိတ်နှင့် Crohn တို့ကို ကြည့်နေရသည့်အတွက် ကလေးရရန်အလို့ငှာ Crohn ကို အသုံးချလိုက်သည့် ကိတ်၏ ခံယူချက်အပေါ် ယခင်ကလောက် မအံ့ဩမိတော့ချေ။ 


သူက တစ်ခွန်းမှ ပြောမလာသည့်အတွက် ဖန့်ချန်ကျွင့်မှာ ပိုပြီး တည်ငြိမ်လာကာ စက်ရုပ်အမျိုးမျိုးအကြောင်းကို ရှင်းပြလိုက်တော့သည်။ 


Gerd သည် သုတေသနလုပ်ရခြင်းကို နှစ်သက်သော်ငြား သူ၏ ပင်မဘာသာရပ်မှာ လက်နက်နှင့် စစ်သင်္ဘောများ ဖြစ်ရာ အိမ်မှုကိစ္စအတွက် သုံးသော စက်ရုပ်များအကြောင်းကို များစွာ မသိချေ။ ထို့ကြောင့် ဂရုတစိုက် နားထောင်နေလိုက်သည်။ 


"ဒါက နောက်ဆုံးပေါ် အိမ်သန့်ရှင်းရေး စက်ရုပ်လေ သူ့မှာ လက်၈ ဘက် ပါပြီးတော့ ထောင့်တိုင်းကို လှည်းနိုင်တဲ့အပြင် မျက်နှာကြတ်ကိုပါ သန့်ရှင်းပေးနိုင်တယ် ပြီးတော့ သူ့ရဲ့ အဆွဲဆောင်နိုင်ဆုံး အချက်ကတော့ အမှိုက်အမျိုးအစားတွေကို ခွဲခြားပေးနိုင်ပြီးတော့ မီးဖိုချောင်သုံး စွန့်ပစ်ပစ္စည်းနဲ့ ဖုန်မှုန့်တွေကို အပင်စိုက်မယ့်ရွှံ့ထဲ ပေါင်းထည့်ပေးနိုင်တာပဲ ..." 


ဖန့်ချန်ကျွင့်က ဂဏန်းပုံစံ စက်ရုပ်ကို ပြလိုက်ပြီးနောက် စက်ရုပ်စားပွဲအသေးလေးထံ ခေါ်သွားလိုက်သည်။ 


"ဒါက မီးဖိုချောင်သုံးစက်ရုပ် ဒီပေါ်ကို ပါဝင်ပစ္စည်းတွေ တင်ထားလိုက်ရင် အလိုအလျောက် သန့်စင်ပေးပြီးတော့ ချက်ပြုတ်ပေးလိမ့်မယ် ဟင်းလျာစတိုင် အမျိုးမျိုးကို ချက်ပြုတ်ပေးနိုင်ပြီးတော့ တစ်ချို့ကဆို စားဖိုမှူးရဲ့ လက်ရာထက်တောင် ကောင်းသေးတယ်တဲ့ ဥပမာပြောရရင် ဒီငါးကင်က ဟွိုက်ဖုစားသောက်ဆိုင်က လက်ရာအတိုင်း တစ်ထေရာတည်းပဲ ပြီးတော့ ဟင်းလျာတွေကို ကိုယ့်စိတ်ကြိုက်လည်း ဖန်တီးလို့ရသေးတယ် စားသုံးမယ့်သူအတွက ပါဝင်ပစ္စည်းတွေကို သီးသန့်ရွေးချယ် ချက်ပြုတ်ပေးမယ့် ပရိုဂရမ်တွေကိုပါ ထည့်ထားသေးတယ် ဥပမာပြောရရင် ကလေးစားဖို့ ချက်တာဆိုရင် ဟင်းခတ်အမွှေးအကြိုင် ထည့်တဲ့နေရာမှာ ပိုပြီး ဂရုစိုက်ပေးတဲ့အပြင် ကလေးနဲ့ သင့်တော်မယ့် ဟင်းလျာတွေကိုပဲ ရွေးပေးတယ် ..." 


ဖန့်မိသားစု၏ စက်ရုံမှ ထွက်လာသည့် အခြားစက်ရုပ်များ ရှိနေသေးသည့်အတွက် ပင်မတစ်ခုကို မိတ်ဆက်ပေးလိုက်သည်။


ညီလာခံအဆောက်အဦးတစ်ခုလုံး စက်ရုပ်အမျိုးအစား များစွာဖြင့် ပျားပန်းခပ်နေကာ လူသားပုံစံ စက်ရုပ်များစွာလည်း ပါဝင်နေသေးသည်။ လူသားစက်ရုပ်များမှာ သာမန်စက်ရုပ်များထက် ပိုပြီး ထိန်းသိမ်းရာတွင် ပြဿနာများသည့်အပြင် စွမ်းအင်ပိုလိုအပ်သော်ငြား ၎င်းတို့၏ အသွင်အပြင်ကြောင့် ဝယ်လိုသူ ပေါများနေဆဲဖြစ်သည်။ 


"ဒီနောက်ဆုံးထွက်ထားတဲ့ လူသားစက်ရုပ်တွေက လူနဲ့ လုံးဝ တစ်ထေရာတည်းတူအောင် လုပ်ထားတာ ပြီးတော့ စိတ်နေစိတ်ထားတွေ၊ ရုပ်ရည်သွင်ပြင်တွေကိုလည်း အမျိုးမျိုး ထားလို့ရသေးတယ်။ အခုခေတ်မှာ အဖော်လိုချင်ပေမယ့် အပြန်အလှန် ဂရုစိုက်နေရမှာကိုလည်း မကြိုက်တဲ့ လူတွေက ဒီစက်ရုပ်မျိုးပဲ ဝယ်ကြတော့တာလေ ..." 


ဖန့်ချန်ကျွင့်က ပြောလိုက်သည်။ 


ယနေ့ခေတ်တွင် အများစုသည် တစ်ကိုယ်တည်းသာ နေလိုကြကာ အထီးကျန်သည့် အချိန်မှသာ အဖော်ကို တောင့်တတတ်ကြသည့်အတွက် လူသားပုံစံစက်ရုပ်များမှာ ရွေးချယ်စရာကောင်းတစ်ခုပင် ဖြစ်သည်။ သူတို့သည် အိမ်အလုပ်ကိုလည်း ကူညီပေးနိုင်သည့်အတွက် ငွေကြေးအကုန်အကျလည်း သက်သာပေသည်။ 


"သူတို့တွေက အထိအရှ မခံပေမယ့် ကောင်းကောင်းဒီဇိုင်းဆွဲထားတာပဲ ..." 


Gerd က ပြောလိုက်သည်။ မတူညီသည့် စက်ရုပ်များကို တွေ့လေတိုင်း သူ့စွမ်းရည်ကိုသုံးကာ အတွင်းပိုင်း တည်ဆောက်ပုံများကို ကြည့်ရှုခဲ့‌သည်။ ထိုသည်က သူ့စွမ်းရည်ကို အလွန်အကျူး မကုန်ဆုံးနိုင်သည့်တိုင် မျက်နှာအနေအထားမှာတော့ မကောင်းလှတော့ချေ။ 


သတိပြုမိလိုက်သော ဖန့်ချန်ကျွင့်က ... 


"အာဟာရဆေးရည်နည်းနည်းလောက် သောက်မလား ..." 


"ဟင့်အင်း အာဟာရဆေးရည်က ငါ့စွမ်းရည်တွေကို ပြန်ဖြည့်မပေးနိုင်ဘူး ..." 


သူက ခေါင်းကို အသာယမ်းပြလိုက်သည်။ ကျောက်မိသားစုတွင် အလကား သောက်နိုင်သော်ငြား ဖန့်ချန်ကျွင့်ကမူ ငွေကုန်ကြေးကျခံကာ ဝယ်ပေးရသည့်အတွက် ထိုဆေးရည်ကို သောက်ချိန်တိုင်း စိတ်မကောင်းဖြစ်မိတော့သည်။ 


"‌ဒါဆိုလည်း အခုကနေစပြီးတော့ စွမ်းရည်ကို မသုံးနဲ့တော့နော် ..." 


ဖန့်ချန်ကျွင့်က ထပ်ပြောလိုက်သည်။ 


"သိပါပြီ ..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ 


"Gerd ဒါက ခင်ဗျားရဲ့ စွမ်းရည်ကို ပြန်ဖြည့်ပေးနိုင်တယ် ..." 


ရမ်ရှန့်က သူ့လက်ပေါ်သို့ စွမ်းအင်ပုံဆောင်ခဲ တင်ပေးလိုက်ရင်း ပြောလိုက်သည်။

114.2


Gerd ကို ဂရုစိုက်ပေးရန် ကြံရွယ်နေသော ဖန့်ချန်ကျွင့်၏ အခွင့်‌အရေးမှာမူ အခြားသူများ၏ လက်ထဲသို့ ပြန်ပါသွားချေပြီ။ 


"စွမ်းအင်ပုံဆောင်ခဲတွေ ..." 


အပေါ်ဆုံးထပ်ရှိ အခန်းထဲမှ အမျိုးသားသည် ရမ်ရှန့် ပေးလိုက်သည်ကို ကြည့်ကာ ရေရွတ်လိုက်သည်။ 


"တစ်ယောက်ယောက်ကသာ လူသားတွေကို ထောက်ပံ့ပေးနေရင် နောက်ဆို လောယာအင်ပါယာတောင် ရှိပါတော့မလား ..." 


"လူသားဆိုတာ ငါတို့ရဲ့ အစမ်းသပ်ခံတွေပဲလေ ဘယ်လိုဖြစ်ပြီး ခေါင်းပေါ် အတက်ခံရမှာလဲ ..." 


သူ့ဘေးနားရှိ အမျိုးသမီးက နှာမှုတ်ကာ ပြောလိုက်သည်။ 


"အဲဒီ့ ရမ်ရှန့်နဲ့ Gerd ကို ဖမ်းမိတာတောင် ငါတို့ လောယာရဲ့ နည်းပညာနဲ့ဆို သန္ဓေတည်နှုန်း တိုးမြှင့်နိုင်မယ့်နည်းလမ်း မရှာနိုင်ဘူးဆိုတာ မယုံနိုင်ဘူး ... လုပ်လိုက်တော့ ..." 


သူမစကား ဆုံးသည်နှင့်တစ်ပြိုင်နက် ဘေးနားရှိ ကွန်ပျူတာမှာ ရုတ်ချည်း စက်ပွင့်သွားတော့သည်။ 


ညိလာခံအဆောက်အဦးတစ်ခုလုံး လူများ၊ စက်ရုပ်များဖြင့် ပြည့်နှက်နေသည်။ 


Gerd မှာလည်း သူ့စွမ်းရည်ကို ထုတ်မသုံးရဲတော့။ ရမ်ရှန့်ပေးထားသော ပုံဆောင်ခဲကို ဝတ်ဆင်ရင်း စွမ်းရည်တို့ ပြန်သက်သာလာမည့်အချိန်ကို စက်ရုပ်များအား လိုက်ကြည့်ရင်း စောင့်နေလိုက်သည်။ 


စိုက်ပျိုးရေးစက်ရုပ်နား ရပ်နေစဉ် ထိုစက်ရုပ်က ရုတ်ချည်း အသက်ဝင်လာကာ ဘယ်ဘက်လက်ထဲရှိ ချိန်းကြိုးကို သူ့ထံ လွှဲယမ်းလိုက်သည်။ 


စက်ရုပ်က အသိပေးခြင်း တစ်စုံတစ်ရာ မရှိဘဲ လွှဲယမ်းလိုက်သည့်အပြင် မြက်ခင်းညှိရာတွင် အသုံးပြုသည့် ချိန်းကြိုးများမှာလည်း အားအပြည့်ဖြင့် ဖြစ်သည်။ Gerd သာ ယခင်ကကဲ့သို့ စွမ်းရည်အပြည့်အဝ ရှိနေပါလျှင် ထိုစက်ရုပ်တစ်ခုလုံးကို အရည်ဖျော်နိုင်မည် ဖြစ်သော်ငြား ယခုမူ ချိန်းကြိုးကိုသာ ဖျက်ဆီးပစ်နိုင်သည်။ ထို့နောက် မြောက်များစွာသော စက်ရုပ်တို့က သူ့ထံ ဦးတည်လာကြတော့သည်။ 


သူ့နောက်သို့ လိုက်လာသော ဖန့်ချန်ကျွင့်က လက်ကို ဝှေ့ယမ်းကာ အေးခဲစေလိုက်ကာမှသာ သူတို့အနားရှိ စက်ရုပ်များသာ အသက်ဝင်လာခြင်းမဟုတ်မှန်း သိလိုက်ရတော့သည်။ 


"ဘုရားရေ ဒီစက်ရုပ်တွေက စိတ်ရူးပေါက်ကုန်ပြီ ..." 


"ကယ်ကြပါဦး ..." 


"ပြေး ပြေး ..." 


"အမေရေ ..." 


လူသံသူသံ ကျွတ်ကျွတ်ညံလာကာ ပြပွဲကြည့်ရန် ရောက်လာသူများမှာလည်း ကြောက်အားလန့်အားဖြင့် ပြေးလွှားကုန်ကြသည်။ သူတို့မျက်စိရှေ့တွင် ဖြစ်ပျက်ခဲ့သမျှသည် သွေးပျက်ဖွယ်ရာပင် ဖြစ်သည်။ 


လုပ်ဆောင်ချက်ကို ထုတ်ပြရန် လိုအပ်သည့် စက်ရုပ်အချို့မှအပ ကျန်စက်ရုပ်အားလုံးမှာ မရွေ့လျားနိုင်ကြသော်ငြား ယခုမူ အားလုံး အသက်ဝင်လာချေပြီ။ 


စစချင်းက လူတိုင်းသည် ပြပွဲတစ်ခုဟုသာ တွေးကာ အနားတိုးပြီး ကြည့်လိုက်ကြသေးသည်။ စက်ရုပ်များက ဧည့်သည်များကို စတင်တိုက်ခိုက်လာမှသာ တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိ‌သွားတော့သည်။


သဏ္ဍာန်တူအောင် ဖန်တီးထားသော စက်ရုပ်ဖြင့် ကလေးကို စနောက်နေသော မိဘနှစ်ပါးထံတွင်လည်း စက်ရုပ်က ရုတ်ချည်း အသက်ဝင်လာကာ လက်သီးဖြင့် ပိတ်ထိုးသည်ကို ခံလိုက်ရသည်။ ဖခင်ဖြစ်သူက မြန်မြန်ဆန်ဆန် တုန့်ပြန်နိုင်၍သာ မဟုတ်ပါလျှင် ကလေးမှာ ခေါင်းတစ်ခြားကိုယ်တစ်ခြား ဖြစ်သွားတော့မည်ဖြစ်သည်။ သို့သော် သူကမူ သွေးတစ်လုပ် အန်ချကာ သေမည်ရှင်မည် မသိရတော့ချေ။ 


နောက်ဆုံးပေါ် ကစားစရာစက်ရုပ် စကားပြောနေသော ကျောင်းသားအုပ်စုထံတွင်လည်း ထိုစက်ရုပ်က ရုတ်ချည်း အသက်ဝင်ကာ သူတို့၏ ခြေထောက်များကို ရိုက်နှက်ပစ်သည့် ဖြစ်ရပ်မျိုး ဖြစ်ပွားခဲ့သည်။ 


ဝှီးချဲစက်ရုပ်ပေါ်ထိုင်ကာ အရောင်းစာရေး၏ ရှင်းပြချက်ကို နားထောင်နေသော အဘိုးအိုထံတွင်လည်း ထိုနည်းတူပင်။ မလှုပ်ရှားနိုင်သော ဝှီးချဲစက်ရုပ်က ရုတ်ချည်း အသက်ဝင်လာကာ သူ့ကို တွန်းချလိုက်သည်။ 


.... 


မျက်စိတစ်မှိတ်အတွင်းမှာပင် ခန်းမတစ်ခုလုံး ကသောင်းကနင်း ဖြစ်ကုန်ကြတော့သည်။ လုံခြုံရေးအရ စီစဉ်ထားသော စက်ရုပ်များကပင်လျှင် ဧည့်သည်များကို ကာကွယ်ပေးရမည့်အစား တိုက်ခိုက်လာကြတော့သည်။ 


အတိတ်ကာလများက ဖက်ဒရယ်ရှိ လူသားများကို တန်ပြန်တိုက်ခိုက်ခဲ့သည့် စက်ရုပ်များအကြောင်း ရုပ်ရှင်ဇာတ်လမ်းပေါင်းများစွာ ရိုက်ကူးခဲ့ဖူးသော်လည်း ယနေ့မတိုင်ခင်အထိ မည်သူကမှ မယုံကြည်ခဲ့ကြပေ။ 


ရုပ်ရှင်ထဲမှ ရိုက်ကွက်များမှာ အမှန်ဖြစ်လာတော့သည်။ ရမ်ရှန့်တို့ ကြည့်ခဲ့သည့် ဂဏန်းပုံစံ သန့်ရှင်းရေးစက်သည် လူတစ်ဦး၏ ဦးခေါင်းကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ကာ အသွေးအသားတို့ကို စုပ်ယူပစ်သဖြင့် ထိုသူ၏ နင့်နင့်သည်းသည်း အော်ကြွေးသံမှာ သွေးပျက်ဖွယ်ကောင်းလောက်အောင် ပျံ့လွင့်လာတော့သည်။ 


"ဒီစက်ရုပ်တွေက ဘာဖြစ်နေတာလဲ ..." 


ကျောက်ဖမ်းက ရမ်ရှန့်နှင့် ရှန်းချိုးရှစ်အနားရှိ စက်ရုပ်အားလုံးကို ကန်ထုတ်ရင်း ရေရွတ်လိုက်သည်။ 


"အသိဉာဏ်တု ထွက်လာတာလား အဲဒါ တီဗီထဲမှာ ပါဖူးတယ်နော် ..." 


ရမ်ရှန့်က သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။ သို့သော် ထိုသိလိုစိတ်မှာ သူ့ဘေးနားရှိ လူများ၏ သွေးပျက်ဖွယ် အခြေအနေကို တွေ့လိုက်ရချိန်တွင် ပျောက်ကွယ်သွားတော့သည်။ 


သေခြင်းတရားကို မျက်မြင်ကြုံရသည်မှာ ပထမဆုံးအကြိမ် ဖြစ်ရာ လေထဲတွင် ဆန်တက်နေသော သွေးနံ့များကြောင့် ပျို့အန်ကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်မိလိုက်တော့သည်။ တစ်ချိန်တည်းတွင်ပင် သူ၏ ခြေလက်တို့မှ အမြစ်များ ထွက်လာကာ ဧည့်သည်များကို တိုက်ခိုက်လိုသည့် စက်ရုပ်များကို ရစ်ပတ်လိုက်သည်။ 


သူ့လှုပ်ရှားမှုမှာ မြန်ဆန်သော်ငြား အကြီးအကဲထန့်က ပိုပြီး မြန်ဆန်ပေသည်။ သူ့လက်ထဲရှိ ရှောင်လွီမှာ အလျင်အမြန် ကြီးထွားလာကာ စက်ရုပ်များစွာကို ရစ်ပတ်ထားလိုက်တော့သည်။ 


ကျောက်ဖမ်း၏ ပေါင်းစပ်စွမ်းရည်မှာ စက်ရုပ်များအပေါ် များစွာ မသက်ရောက်နိုင်ပေ။ ဖန့်ချန်ကျွင့်နှင့် အကြီးအကဲဖန့်၏ ရေခဲစွမ်းရည်များမှာလည်း လူများကို မထိခိုက်စေဘဲ ကျယ်ကျယ်ပြန့်ပြန့် အသုံးချ၍ မရသည့်အပြင် အဆိပ်ရှိအပင် သို့မဟုတ် သေလုဆဲဆဲ အပင်များကိုပင် ပြန်ရှင်သန်စေသည့် ရမ်ရှန့်နှင့် အကြီးအကဲထန့်တို့၏ စွမ်းရည်များမှာလည်း အသုံးမဝင်ချေ။ 


ရှောင်လွီတစ်ဦးတည်းကသာ အသန်မာဆုံး ဖြစ်လာကာ ပြပွဲသို့ ရောက်လာသူများ လွတ်မြောက်နိုင်ရန် စက်ရုပ်များကို အလျင်အမြန် ဖယ်ရှားပေးလိုက်သည်။ 


ထိုအချိန်တွင် ရုတ်ရုတ်သဲသဲ ဖြစ်နေကြသော ဧည့်သည်များမှာ ထွက်ပြေးရန် ကြိုးစားခဲ့ကြသော်ငြား ခန်းမ၏ တံခါးများမှာ ပိတ်ထားသည့်အတွက် လူစုကာ ခန်းမ၏ ထောင့်ချိုးများတွင်သာ ပုန်းအောင်းနေကြရတော့သည်။ 


"ကြည့်လိုက်ဦး ..." 


စက်ရုပ်များကို ဟန့်တားကာ တံခါးဖွင့်ရန် ကြိုးစားနေသော ရမ်ရှန့်သည် ရုတ်ချည်းဆိုသလို ခန်းမတစ်ခုလုံးကို လွှမ်းမိုးထားသည့် အားကောင်းသော စွမ်းရည်နှစ်မျိုးကို ခံစားလိုက်ရတော့သည်။ 


တစ်ယောက်ယောက်က သူတို့ကို တိုက်ခိုက်ဖို့ ကြံစည်နေတာလား ... 


ရမ်ရှန့်က ခေါင်းမော့ကြည့်လိုက်ရင်း အမြစ်များဖြင့် ခြင်းတောင်းကို တင်းတင်းကြပ်ကြပ် ရစ်ပတ်လိုက်သည်။ 


ထိုအချိန်တွင် လူနှစ်ဦးသည် မက်ခါနှစ်စီးဖြင့် သူတို့အားလုံးအရှေ့သို့ ပေါ်ထွက်လာတော့သည်။ 


မက်ခါမှာ သေးငယ်သော်ငြား သုံးမီတာခန့် မြင့်မားကာ မောင်းနှင်သူတို့၏ စွမ်းအင်မှာလည်း အလွန်အားကောင်းလှသည့်အတွက် ရမ်ရှန့်အပါအဝင် အားလုံးမှာ ဖိအားတစ်ခုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရတော့သည်။ 


Xxxxxxxxx