အပိုင်း ၁၁၅
Viewers 18k

Chapter 115


သူတို့အုပ်စုထဲတွင် Gerd နှင့် ရှန်းချိုးရှစ်သည် ကိုယ်ဝန်လွယ်ထားရသည့်အတွက် တိုက်ခိုက်နိုင်ရန် အဆင်မပြေလှချေ။ ရမ်ရှန့်မှာလည်း ကလေးများကို ကာကွယ်ရမည်ဖြစ်ရာ အကောင်းဆုံး မတိုက်ခိုက်နိုင်ပေ။ ကျောက်ဖမ်း၊ ဖန့်ချန်ကျွင့်၊ အကြီးအကဲဖန့်နှင့် အကြီးအကဲထန့်သာ ကျန်ပေတော့သည်။ 


ထိုမက်ခါနှစ်စီးကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ဖန့်ချန်ကျွင့်နှင့် အကြီးအကဲဖန့်တို့က ရေခဲစွမ်းရည်ကို ထုတ်သုံးလာပြီး အကြီးအကဲထန့်ကလည်း ရှောင်လွီကို ၎င်းတို့ထံ ပစ်လွှတ်လိုက်သည်။ 


သို့သော် ဤသို့သော တိုက်ခိုက်မှုကပင်လျှင် မက်ခါ၏ မျက်နှာပြင်၌ ခပ်ဖျော့ဖျော့ အပြာရောင်မီးတောက်တစ်ခု ထွက်လာသည်မှတစ်ပါး အရာမထင်ချေ။ မျက်စိတစ်မှိတ်အတွင်း ရေခဲစွမ်းရည်များသာမက ရှောင်လွီပါ ပျောက်ကွယ်သွားကာ ထိုမီးတောက်ပြာက ကြမ်းပြင်တစ်ခုလုံးကို သံရည်ကျိုများ သွန်းလောင်းလိုက်တော့သည်။ (😭)


ဒီအပြာရောင်မီးတောက်က သူ့ဆရာ ဆေးဖော်တဲ့အချိန်မှာ ထွက်လာတဲ့ မီးတောက်နီကိုတောင် အမီလိုက်နိုင်တာပဲ ... 


အကြီးအကဲဖန့်နှင့် ဖန့်ချန်ကျွင့်တို့ တိုက်ခိုက်လိုက်ရသည်နှင့်တစ်ပြိုင်နက် ရမ်ရှန့်သည် ရှန်းချိုးရှစ်နှင့် Gerd ကို ဆွဲခေါ်ကာ ပြေးသွားတော့သည်။ စိတ်စွမ်းအင်ကိုသုံးကာ ပြေးနှုန်းကို မြှင့်တင်လိုက်သည့်အတွက် သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်တို့မှာ ကပြောင်းကပြန် ဖြစ်သွားတော့သည်။ 


မီးတောက်က ခန်းမအစွန်သို့ ရောက်လုနီးပါး ဖြစ်နေချိန်တွင် ရမ်ရှန့်လည်း ရှန်းချိုးရှစ်နှင့် Gerd တို့ကို လွှတ်ကာ ခန်းမနံရံကို အားကုန်သုံးပြီး ဝင်တိုက်လိုက်သည်။ 


သူ့ခွန်အားမှာ အဆင့်တူ ကျင့်ကြံသူများထက် အားနည်းသော်ငြား တိုက်ခိုက်ရာတွင်မူ ကျောက်လင်းယွီမှအပ ဖက်ဒရယ်ရှိ လူအားလုံးထက် သာလွန်ပေသည်။ ယခု နံရံကို တိုက်ခိုက်လိုက်ချိန်တွင် နံရံနှင့်အတူ တပ်ဆင်ထားသော အကာအကွယ်အလွှာပါးပါ ပျက်စီးသွားသော်ငြား အပြင်ဘက်ကာကွယ်ရေးအလွှာမှာမူ လှုပ်ခါသွားရုံမှတစ်ပါး ထူးခြားမသွားခဲ့ချေ။ 


ဒီအကာအကွယ်အလွှာက စွမ်းရည်ကြောင့်ပဲ ဖြစ်ရမယ်  ရုတ်တရက်ကြီး ပေါ်လာတဲ့ နှစ်ယောက်ထဲက ဘယ်တစ်ယောက်ရဲ့ စွမ်းရည်ပါလိမ့် ... 


"မင်း မလွတ်နိုင်တော့ပါဘူး ..." 


မက်ခါတစ်ခုထံမှ အမျိုးသမီးအသံကို ကြားလိုက်ရသည်။ ထို့နောက် သူ့ထံသို့ ‌ဗုံးတစ်လုံး ပျံဝဲလာတော့သည်။ 


"စီစီ ဂရုစိုက်စမ်း သူတို့ကို မထိခိုက်စေနဲ့ ..." 


"ဒီလူတွေက လွယ်လွယ်နဲ့ မသေပါဘူး ..." 


သူမက ပြောလိုက်သည်။ ရမ်ရှန့်ကို တိုက်ခိုက်ခဲ့သူမှာလည်း သူမပင်ဖြစ်သည်။


မက်ခါပေါ်ရှိ လူနှစ်ဦးမှာ ရမ်ရှန့်တို့ကို ဂရုပင်စိုက်မ‌နေဘဲ ဖက်ဒရယ်သုံး ဘာသာစကားဖြင့် အချင်းချင်း ပြောနေကြခြင်းဖြစ်သည်။ သို့သော် ရမ်ရှန့်တို့မှာမူ သွေးနားထင် မရောက်ရဲသေးချေ။ 


Gerd က သူ၏ သတ္ထုစွမ်းရည်ကို အသုံးချကာ လက်နက်အချို့ဖြင့် ပစ်လွှတ်လိုက်သော်ငြား အနည်းငယ်ပင် မသက်ရောက်ချေ။ ထို့အပြင် ရှန်းချိုးရှစ်၏ တိုက်ခိုက်မှုမှာလည်း ထိုသူတို့အတွက်မူ အယားပြေစေရုံမျှသာ ရှိပေသည်။ 


ရမ်ရှန့်က ချီအားဖြည့်ဆေးလုံးနှစ်လုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ တစ်ဖက်သူ၏ မီးတောက်ပြာကြောင့် သူ့အမြစ်များကို အသုံးမပြုရဲတော့ရာ တိုက်ခိုက်ရန် နည်းလမ်းနှစ်ခုသာ ရှိပေတော့သည်။ 


ကြီးမားလှသည့် စွမ်းအင်တစ်ခုက သူတို့ထံ ချဉ်းကပ်လာသည့် မက်ခါပေါ်သို့ ကပ်ငြိသွားကာ ထိုမက်ခါကို လှုပ်ယမ်းစေပြီး တိုက်ခိုက်မှုကို ရပ်‌တန့်စေလိုက်သည်။ 


"မင်းကလည်း သန်မာသားပဲ ..." 


သူမ၏ ကိုယ်ပိုင်မက်ခါမှာ ပျက်စီးသွားကြောင်း သိလိုက်ရသည့်အခါ ထိုမောင်းနှင်သူအမျိုးသမီးလည်း မထင်မှတ်ထားသော စွမ်းအင်ကို အံ့ဩသွားပြီး ကြိတ်မှိတ်သည်းခံထားရသည့် လေသံဖြင့် ပြောလိုက်သည်။ 


"ဒီလိုဆိုတော့ မင်းကို နောက်တစ်ခါ ထပ်လုပ်ခွင့် မပြုနိုင်တော့ဘူး ..." 


သူမစကားဆုံးသည်နှင့်တစ်ပြိုင်နက် Gerd နှင့် ရှန်းချိုးရှစ်ထံသို့ ဒုံးပျံများ ကျရောက်လာကာ ရမ်ရှန့်ကိုင်ထားသော ခြင်းတောင်းများကို လုယူရန် မက်ခါထံမှ သံမဏိလက်သည်းတစ်ခု ကျဆင်းလာတော့သည်။ 


သူမ၏ အဆက်မပြတ် တိုက်ခိုက်မှုများကြောင့် ရမ်ရှန့်မှာ အသည်းအသန် ရှောင်တိမ်းနေရစဉ် အတူပါလာသူက လောယာဘာသာစကားဖြင့် မကျေမနပ် လှမ်းပြောလိုက်သည်။ 


Crohn အဖို့ ဖက်ဒရယ်ဘာသာစကားကို သင်ယူရန် အချိန်သိပ်မလိုအပ်ခဲ့ရာ ရမ်ရှန့်လည်း လောယာဘာသာစကားကို သင်ယူရန် ဆုံးဖြတ်ခဲ့သည့်အတွက် သူတို့ပြောနေသည်များကို နားလည်လိုက်ပေသည်။ 


"သူတို့ကို အရှင်လိုချင်တယ် ..." 


လောယာအင်ပါယာက လူတွေလား။ ငါတို့ကိုဖမ်းဖို့ ရောက်လာတာပေါ့ ဟုတ်လား ငါတို့တွေက Crohn၊ ကိတ်တို့နဲ့ အလုပ်လုပ်နေပြီ မဟုတ်ဘူးလား ... 


ရမ်ရှန့်၏ မျက်နှာမှာ ရုတ်ချည်း ဖြူရော်သွားတော့သည်။ သို့သော် အကာအကွယ်ဒိုင်းကို တိုက်ခိုက်နေသည့်အားကိုလည်း အရှိန်မလျော့ချရဲပေ။ 


"ကြိုးစားကြည့်မယ် ..." 


အမျိုးသမီးက ပြန်ဖြေလိုက်သည်။ ရမ်ရှန့်၊ Gerd နှင့် ရမ်ရှန့်၏ ကလေးများကို အရှင်ဖမ်းခေါ်လာရန် အမိန့်ပေးထား‌သော်ငြား သူမကတော့ ညှာတာထောက်ထားနေမည် မဟုတ်ချေ။ 


သေသွားလျှင်ပင် သူမအနေဖြင့် စမ်းသပ်နိုင်ဦးမည် ဖြစ်ရာ သူမ၏ မက်ခါကိုသာမက သူမကိုပါ ထိခိုက်စေသူများကို ခွင့်လွှတ်မည်မဟုတ်ချေ။ 


မြောက်များစွာသော တိုက်ခိုက်မှုတို့ ကျရောက်လာသည့်အတွက် ရမ်ရှန့်သည် စိတ်စွမ်းအင်များကို စုစည်းကာ အကာအကွယ်ဒိုင်းလုပ်ပြီး ပထမအကြိမ် တိုက်ခိုက်မှုများကို ကာကွယ်နိုင်လိုက်သည့်တိုင် ဒုတိယအကြိမ် တိုက်ခိုက်မှုကိုတော့ မရှောင်လွဲနိုင်လိုက်ချေ။ 


ထိုအချိန်တွင် ဖောက်ထွင်းမြင်ရလုနီးပါး ဖြစ်နေသော အားကောင်းသည့် ရေခဲဒိုင်းတစ်ခုက သူတို့ခေါင်းပေါ်သို့ လွှမ်းခြုံကာ တိုက်ခိုက်မှုများကို တားဆီးလိုက်သည်။ ထို့နောက်တွင်တော့ ဘေးနားရှိ ဖန့်ချန်ကျွင့်မှာ သွေးတစ်ပွက်အန်ကာ ဆက်ပြီး မတိုက်ခိုက်နိုင်တော့ချေ။ 


"လူလာနေပြီ သူတို့ကိုခေါ်ပြီး သွားရအောင် ..." 


ဖန့်ချန်ကျွင့်နှင့် ကျောက်ဖမ်းတို့ကို ကန်ထုတ်ရင်း လောယာဘာသာစကားဖြင့် ပြောလိုက်သည်။ 


"ပျင်းစရာကောင်းလိုက်တာ ..." 


အမျိုးသမီးက ကြိုးထုတ်ကာ ရမ်ရှန့်နှင့် အခြားသူမျကို ချည်နှောင်လိုက်သည်။ 


ထိုအချိန်တွင် ပြင်းထန်လှသည့် အေးစက်မှုတို့ တစ်ဖန်ပြန်ထွက်လာပြန်ကာ ဤတစ်ကြိမ်မှာမူ အကြီးအကဲဖန့်ထံမှ ဖြစ်သည်။ ထိုအေးစက်မှုကြောင့် မက်ခါနှစ်စီးမှာလည်း ရုတ်ချည်း အေးခဲသွားကာ အကြီးအကဲဖန့်၏ ဒွါရကိုးပေါက်မှလည်း သွေးများ ကျစီးလာတော့သည်။ 


အေးစက်နေသော ရာသီဥတုကြောင့် သွေးများမှာ ချက်ခြင်း အေးခဲသွားကာ အကြီးအကဲဖန့်၏ မျက်နှာပေါ်တွင် အနီရောင်ရေခဲများသဖွယ် ကပ်ငြိတွယ်နေသည်။

115.2


ဖန့်ချန်ကျွင့်၏ တိုက်ခိုက်မှုမှာ သူတတ်နိုင်သည့် အ‌မြင့်ဆုံး အနေအထားဖြစ်ကာ S အဆင့်စွမ်းရည်ပိုင်ရှင်တစ်ဦး၏ လုပ်နိုင်စွမ်းထက် မကျော်လွန်ပေ။ သို့သော် အကြီးအကဲဖန့်၏ တိုက်ခိုက်မှုမှာမူ သူ့ထက် အဆပေါင်းများစွာ သာလွန်ပေသည်။ 


ရှောင်လွီ၏ အကူအညီမပါလျှင် ပိုပြီး အားနည်းသွားသည့် အကြီးအကဲထန့်မှာ သူ့နောက်တွင်သာ ရပ်တန့်နေခဲ့သော်ငြား ယခုမူ ယာဉ်ပျံနှစ်စီးကို တိုက်ခိုက်ရန်မှာ သူ့တာဝန်ဖြစ်လာတော့သည်။ ယခင်ကတည်းက စိတ်လှုပ်ရှားနေသည့်အပြင် ယခုအချိန်တွင် သူ့နှလုံးသားမှာ အထိန်းအကွပ်မဲ့စွာ လှုပ်ခါနေပြီး မရေမတွက်နိုင်လောက်သော ထိတ်လန့်မှုတို့က သူ့ရင်ဘက်မှတစ်ဆင့် တဆတ်ဆတ်တုန်ရီနေသော လက်ချောင်းထိပ်ဖျားများအထိ စီးဆင်းလာတော့သည်။ 


ဖန့်ချန်ကျွင့်မှာလည်း တုန်လှုပ်နေပေတော့သည်။ 


"အဘိုး ..." 


အကြီးအကဲဖန့်၏ တိုက်ခိုက်မှုမှာ အလွန်ပြင်းထန်သည့်အတွက် မက်ခါနှစ်စီးကို အေးခဲစေရုံသာမက ခန်းမထဲတွင် အသက်ရှင်ကျန်နေသူများကိူပါ အရိုးခိုက်အောင် အေးခဲစေကာ အချို့မှာမူ အေးခဲပြီး ရုတ်ချည်း သေဆုံးသွားရတော့သည်။


သို့သော် ဤမျှ အားကောင်းလှသည့် ရေခဲစွမ်းရည်ကပင်လျှင် မက်ခါနှစ်စီးကို အချိန်တစ်ခဏသာ တားဆီးနိုင်ပေသည်။ 


ထို သုံးမီတာမျှ မြင့်မားလှသည့် မက်ခါနှစ်စီးသည် ရမ်ရှန့်ရှေ့သို့ ရောက်လာကာ သူ့မခံနိုင်လောက်သည့် အားတို့ဖြင့် ဖိနှိပ်လိုက်တော့သည်။ 


ရမ်ရှန့်မှာလည်း အတော်ပင် စိတ်သောက ရောက်နေရချေပြီ။ 


သူသည် အပင်တစ်မျိုးသာ ဖြစ်သည့်အတွက် ရှင်သန်ရခြင်းအပေါ်  နက်နက်နဲနဲ မတွေးခဲ့ဖူး။ ဘဝသည် တစ်ခဏသာဖြစ်သည်ဟုသာ ခံယူထားသူဖြစ်သည်။ 


ထို့ကြောင့် လိုက်လံဖမ်းဆီးခံရသည့်တိုင် လွတ်မြောက်ရန်မှတစ်ပါး မည်သည့်ပူလောင်မှုကိုမှ မခံစားခဲ့ရ။ ယုတ်စွအဆုံး သူ့ရန်သူများ၏ မျက်နှာကိုပင် မမှတ်မိ‌ခဲ့ချေ။ 


သူ့ဘဝမှာ အလွန်ကောင်းမွန်သည်ဟု ခံစားရကာ အလွန်ကျေနပ်ခဲ့မိသော်ငြား ယခုမူ သူ့ဆရာနောက်သို့လိုက်ကာ ကျကျနန မသင်ကြားခဲ့မိသည့်အတွက် နောင်တရလာတော့သည်။ 


သူသာ သေချာသင်ကြားခဲ့လျှင် ပိုပြီး သန်မာကာ ဤသို့သော ကိစ္စမျိုးကို ရှောင်လွှဲနိုင်မည်ဖြစ်သည်။ 


သူ့ဆရာက မှော်လက်နက်တစ်ခု ချန်ထားပေးခဲ့သော်လည်း ၎င်းမှာ ထွက်ပြေးစဉ်က ပျက်စီးသွားခဲ့ပြီဖြစ်သည်။ ၎င်းသည် အကာအကွယ်လိပ်ခွံ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သော်ငြား ထိုလိပ်ခွံမှာ အသက်သွင်းရန် မလွယ်ကူလှချေ။ 


ထိုလိပ်ခွံပေါ်သို့ သွေးတစ်လုပ်စာ ပက်ဖြန်းလိုက်လျှင် သူ့ကိုယ်ထဲရှိ စိတ်စွမ်းအင်အားလုံး သူ့ကိုယ်ထဲမှ အဆက်မပြတ် ထွက်သွားသည်ဟု ခံစားမိလိုက်တော့သည်။ လိပ်ခွံက သူတို့အပေါ် အုပ်မိုးကာ ကာကွယ်ပေးလိုက်သော်ငြား ရမ်ရှန့်မှာမူ သူ၏ လူသားပုံစံကိုပင် ထိန်းမထားနိုင်တော့။ တစ်ကိုယ်လုံး ပျော့ခွေယိုင်သွားတော့သည်။ 


ထိုသူနှစ်ဦးမှာ ရမ်ရှန့်ကို ဖမ်းဆီးရမည့် တာဝန်မှာ အလွန်လွယ်ကူကာ ခန်းမထဲရှိ စက်ရုပ်များကို ထိန်းချုပ်ရုံမျှဖြင့် ဖမ်းနိုင်လိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော် မမျှော်လင့်ထားစွာဖြင့် အဆင့် ၇ စွမ်းရည်ပိုင်ရှင်နှစ်ဦးအနေဖြင့် ခွန်အားများစွာ စိုက်ထုတ်ထားရသည့်တိုင် ပစ်မှတ်ကို မဖမ်းဆီးနိုင်ခဲ့ရုံသာမက စစ်ကူများလည်း ရောက်လာချေပြီ။ 


ထိုအမျိုးသားက ပူပန်သွားရသည့်အတွက် များများစားစား စဉ်းစားမနေတော့ဘဲ လိပ်ခွံကို တိုက်ခိုက်လိုက်တော့သည်။ 


အပေါ်တွင် လှည့်ပတ်ကာကွယ်ပေးနေသည့် လိပ်ခွံမှာ ရပ်တန့်သွားသည့်တိုင် အသက်ဝင်နေဆဲဖြစ်သည်။ သို့သော် ၎င်း၏ ခွန်အားက နောက်ကွယ်ရှိ လူများကို မရပ်တန့်နိုင်တော့ရုံသာမက တိုက်ခိုက်မှုများကိုပါ ပိုပြီး ဆွဲငင်လိုက်သည့်အတွက် ညီလာခံအဆောက်အဦးမှာ ခါယမ်းသွားတော့သည်။ 


ထိုအချိန်တွင် ခန်းမအပြင်ဘက်ရှိ အကာအကွယ်အလွှာသည် လက်သီးတစ်ချက်ဖြင့် ဖျက်ဆီးခံလိုက်ရသည့်အတွက် ထိုသူနှစ်ဦးလည်း မျက်စိမျက်နှာ ပျက်သွားကာ အပြာရောင်မီးတောက်ကို ရမ်ရှန့်ထံ ပြောင်းလဲပစ်လွှတ်လိုက်တော့သည်။ 


အမြဲလိုလို မီးကို ကြောက်ရွံ့ခဲ့သည့် ရမ်ရှန့်လည်း အသည်းအသန်ငိုကြွေးရင်း ထွက်ပြေးရန် ပြင်ဆင်လိုက်တော့သည်။ ထိုအချိန်တွင် သူ့အနားရှိ အကာအကွယ်အလွှာက ပွင့်သွားကာ ခြေထောက်အောက်ရှိ ခြင်းတောင်းကို ဆွဲယူသွားခြင်း ခံလိုက်ရသည်။ 


"ကလေးတွေ ..." 


ရမ်ရှန့်က အသည်းအသန် အော်ဟစ်လိုက်သော်ငြား လက်တစ်ဖက်ကိုမှ မမြှောက်နိုင်တော့။ သူ့ခြေထောက်များမှာ မူလသွင်ပြင်သို့ ပြန်လည်ပြောင်းလဲသွားပြီဖြစ်သည်။ 


ခန်းမအပြင်ဘက်ရှိ အကာအကွယ်အလွှာကို ဖျက်ဆီးခဲ့သူမှာ ကျောက်လင်းယွီဖြစ်သည်။ သူဝင်လာသည်နှင့်တစ်ပြိုင်နက် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အတွက် ကလေးများကို လုယူသွားသူထံ အရှိန်အဟုန်ဖြင့် ပြေးဝင်လိုက်သည်။ သူ့စွမ်းရည်များမှာ အပြည့်အဝ ပြန်ကောင်းနေပြီဖြစ်သည်။ 


အကာအကွယ်ဒိုင်းကို အားကိုးပြီး ကလေးများကို လုယူလိုက်သည့် မက်ခါမှာလည်း စွမ်းအင် အလျင်အမြန် ကုန်ဆုံးနေသည်ကို ခံစားလိုက်ရသည်။ ထိုစဉ် သံကြိုးတစ်ချောင်းက ခြင်းကို ဝင်တိုက်မိကာ ဥတစ်လုံးနှင့်တစ်လုံး ဝင်တိုက်မိပြီး လွင့်စင်သွားကြတော့သည်။ 


ထိုသံကြိုးမှာ မည်မျှ အားကောင်းသည်တော့ မသိရ။ လွင့်စင်သွားသော ဥတစ်လုံးမှာ ကွဲအက်ကာ အတွင်းထဲမှ ဖြူဖွေးနူးညံ့သည့် ခြေထောက်တစ်ဖက် ထွက်လာတော့သည်။ 


...........


ကျောက်လင်းယွီသည် ‌ကော်ဘီယန်ထံမှ ရလာခဲ့သည့်သွေးကို စစ်ဆေးကြည့်လိုက်သည်။ ထိုသူမှာ လူမဟုတ်ကြောင်း သိလိုက်ရကတည်းက အမြဲလိုလို ပူပန်နေခဲ့ရသည်။ 


အဆင့်မြင့်မျိုးနွယ်စုများနှင့် ဖက်ဒရယ်အကြား ကွာဟမှုမှာ အလွန်ကြီးမားလှသည့်အပြင် ယခု အဆင့်မြင့်မျိုးနွယ်စုဝင်များက သူတို့ကို တိတ်တဆိတ်စောင့်ကြည့်လာကြသည့်အတွက် ကျောက်လင်းယွီမှာ တိတ်တခိုး ပုန်းကွယ်နေလိုစိတ်များပင် ဖြစ်ပေါ်လာတော့သည်။ 


နည်းပညာတွင်ဖြစ်စေ၊ ကိုယ်ကာယကြံ့ခိုင်မှုတွင်ဖြစ်စေ ဖက်ဒရယ်သည် အဆင့်မြင့်မျိုးနွယ်စုများ၏ ပြိုင်ဘက်မဟုတ်ချေ။ ထိုအချိန်က ကော်ဘီယန်ကို လွှတ်ကာ သူ့သွေးကို တိတ်တဆိတ် ယူခိုင်းသည်မှာ အဆင့်မြင့်မျိုးနွယ်စုများအကြောင်း လူသားတို့ မသိစေရန် ဖြစ်သည်။ သိူ့သော် ကော်ဘီယန်က ကျရှုံးခဲ့သည့်အတွက် ... 


သူသည် ရင်ဆိုင်ရန် နည်းလမ်းပေါင်းများစွာကို စဉ်းစားခဲ့သော်ငြား သမားရိုးကျ နည်းပညာများကို သုံး၍ပင် သူ့ယာဉ်ပျံပေါ် ကျော်နင်းလာနိုင်ခဲ့သည့်ကော်ဘီယန်ကြောင့် သူ့အတွေးအားလုံး အလဟဿဖြစ်သွားတော့သည်။ 


လူသားများမှာ ယခုအချိန်အထိ အဆင့်မြင့်မျိုးနွယ်စုများနှင့် မယှဉ်ပြိုင်နိုင်သေးပေ။ 


ထို့ကြောင့်လည်း သူသည် အာဟာရဆေးရည်ကို လူသိရှင်ကြား ထုတ်ပြခဲ့ခြင်းဖြစ်သည်။ 


သို့သည့်တိုင် ကွာဟချက်မှာ ကြီးမားနေဆဲဖြစ်သည်။ သူ့ကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ နင်းချေ၍ မရကြောင်း အရည်အချင်းများ ထုတ်ပြရင်း တစ်ဖက်တွင်လည်း တစ်ဖြေးဖြေး တိုးတက်လာနိုင်ရန် အချိန်ယူနေခဲ့ပေသည်။ 


လောယာအင်ပါယာနှင့် ပတ်သက်၍ တစ်လုံးတစ်လေမျှပင် သိမထားသည့်အတွက် သူစဉ်းစားရသမျှ နည်းလမ်းများအနက် ထိုသည်ကသာ အကောင်းဆုံးဟု သူထင်ခဲ့သည်။ 


Xxxxxxx