အပိုင်း ၁၁၆
Viewers 18k

Chapter 116


သူတို့နှင့် အဆင့်မြင့်မျိုးနွယ်စုတို့အကြား မျက်စိကျသည့်အရာနှင့် ပတ်သက်၍ ပဋိပက္ခ တစ်စုံတစ်ရာမှ မရှိဖူးသေးသည့်အပြင် သူ့လက်ထဲတွင် ထိုသူတို့ လိုအပ်မည့် ပစ္စည်းတစ်ခုပင် ရှိနေရာ ထိုသူများသည် လူသားတို့ကို ဒုက္ခပေးရမည့်အစား ကာကွယ်ပေးရမည်ဖြစ်သည်။ 


Crohn နှင့် ဆက်သွယ်မိပြီးနောက် အဆင့်မြင့်မျိုးနွယ်သုတွင် မျိုးပွားရေးဆိုင်ရာ ပြဿနာ ရှိနေကြောင်း သိလိုက်ရသည့်အတွက် စိတ်သက်သာရာ ရသွားတော့သည်။ 


ဒါပေမယ့် ကြည့်ရ‌တာတော့ သူပျော်တာ စောသွားသလိုပဲ ... 


ပျက်စီးလုနီးပါး ဖြစ်နေသော ညီလာခံအဆောက်အဦးကို ကြည့်ကာ နောင်တကြီးစွာ ရလာတော့သည်။ 


သို့သော် သူ့တွင် ပိုကောင်းသည့် အကြံလည်း မရှိချေ။ အန္တရာယ် ချဉ်းကပ်လာကာမှ ကိုယ်လွတ်ရုန်းကာ ထွက်ပြေး၍ မရသလို အကယ်၍ ရခဲ့လျှင်ပင် ရှန်းချိုးရှစ်နှင့် ကျောက်ဖမ်းတို့က သူနှင့်အတူ လိုက်လာရန် ဆန္ဒရှိမည် မဟုတ်ချေ။ 


တိုက်ခိုက်မှုတို့ ထုတ်လွှင့်နေသော မက်ခါများက ဥထဲမှ ထွက်လာသော သူ့ကလေးကို လျင်လျင်မြန်မြန် ယူဆောင်သွားလိုက်တော့သည်။ 


ကျောက်လင်းယွီမှာ သူတို့နောက်သို့ ပျံသန်းကာ လိုက်မသွားနိုင်သည့်အတွက် ဘေးနားရှိ စက်ရုပ်တို့ကို စုစည်းကာ အားကုန်သုံးပြီး ထိုမက်ခါထံ ပစ်လွှတ်လိုက်သည်။ 


သူသည် ခန္ဓာကိုယ်ကြံ့ခိုင်ရေးကျင့်စဉ်ကို စဉ်ဆက်မပြတ် ကျင့်ကြံထားသည့်အတွက် သူ့ခွန်အားမှာ တုနှိုင်းမဲ့လှသည့်အပြင် ရမ်ရှန့်နှင့် တူနှစ်ကိုယ်ကျင့်ကြံခဲ့သည့်အတွက် စိတ်စွမ်းအင်များ တိုးတက်လာသောကြောင့် စက်ရုပ်များဖြင့် ပစ်ပေါက်ခံလိုက်ရသည့် မက်ခါမှာ လှုပ်ယမ်းကာ ပြုတ်ကျလာတော့မမတတ် ဖြစ်နေတော့သည်။ 


စဉ်းစားမနေဘဲ ခန်းမအပျက်အစီးတစ်ခုကို ကောက်ကာ နောက်တစ်ကြိမ် ပစ်လွှတ်လိုက်သည်။ 


ထိုအချိန်တွင် အားကောင်းလှသည့် သံချပ်ကာယာဉ်နှစ်စီး ထွက်ပေါ်လာကာ မီးတောက်နီရောင် သံချပ်ကာယာဉ်မှာမူ အဝေးသို့ ထွက်ပြေးသွားချေပြီ။ 


ကလေးကို လုယူသွားသည့် မက်ခါယာဉ်မောင်းမှာ ရမ်ရှန့်ကို မျိုးစုံတိုက်ခိုက်ခဲ့သည့် အမျိုးသမီးပင်ဖြစ်သည်။ သူမ၏ မက်ခါမှာ အနည်းငယ် ထိခိုက်ထားပြီးဖြစ်သည့်အပြင် ကျောက်လင်းယွီ၏ တိုက်ခိုက်မှုကို မရှောင်လွှဲလိုက်သည့်အတွက် ပိုပြီး ဆိုးဝါးလာတော့သည်။ 


အဝေးမှ မီးတောက်နီရောင်မက်ခါကို တွေ့လိုက်ရသည့်အခါ သူမက ကလေးကို ထိုမက်ခါထံ ပစ်လွှတ်လိုက်ပြီး သံကြိုးဖြင့်လွှဲယမ်းကာ အပျက်အစီးပုံများကို ကျောက်လင်းယွီထံ ပစ်လွှတ်လိုက်သည်။ 


သူမက ထိုအရှိန်ကို အကာအကွယ်ယူကာ ထွက်ပြေးရန် ကြံစည်ထားသော်ငြား သူမ၏ လက်ထဲရှိ သံကြိုးမှာ မမျှော်လင့်ဘဲ ပျက်စီးသွားပြီး လက်ဗလာဖြစ်သွားတော့သည်။ 


ကျောက်လင်းယွီက မျက်နှာသေဖြင့်ပင် သူ့ကိုယ်ပိုင်ယာဉ်ပျံဆီသို့ ပြေးသွားလိုက်သည်။ ထို့နောက် မီးတောက်နီရောင်မက်ခါကို ကြည့်ကာ အော်ပြောလိုက်သည်။ 


"ကလေးကိုကယ် ..." 


ထိုမက်ခါမှာ Crohn ၏မက်ခါ ဖြစ်သည်။ 


ကလေးကို အခြားယာဉ်ပျံတစ်ခု၏ မောင်းနှင်သူနေရာတွင် ထည့်ထားသည့်အတွက် ၎င်းနောက်သို့ မိုင်ကုန်ဖွင့်ကာ လိုက်သွားသော Crohn လည်း လေယာဉ်ကိုယ်ထည်များကိုသာ ဦးစားပေး တိုက်ခိုက်လိုက်ရတော့သည်။ များမကြာမီ ထိုယာဉ်ပျံနှစ်စီးလုံး အမြင်အာရုံထဲမှ ပျောက်ကွယ်သွားတော့သည်။


ယာဉ်ပျံကို ကိုယ်တိုင် မောင်းနှင်လာသော ကျောက်လင်းယွီက အနောက်တွင် ပြတ်ကျန်နေသော မက်ခါကို အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်သည်။ သူ့ယာဉ်ပျံမှာ အထူးတလည် အဆင့်မြှင့်ထားခြင်းဖြစ်ရာ အံ့ဩဖွယ်ကောင်းလောက်အောင် မြန်ဆန်ရုံသာမက လက်နက်ကိရိယာများစွာကိုလည်း တပ်ဆင်ထားသေးသည်။ အလွန်အမင်း မြန်ဆန်သည်အထိ အရှိန်တင်ပြီးနောက် သူသည် ဇာ့ဂ်ဘုရင်မကို ဝင်တိုက်ခဲ့သည့်နှယ် ဝင်တိုက်လိုက်သည်။ ယာဉ်ပျံပေါက်ကွဲကာ မီးဟုန်းဟုန်းတောက်‌လာချိန်တွင် သူသည် ထိုမက်ခါပေါ်သို့ တွယ်တက်နေပြီဖြစ်သည်။ 


အချက်အနည်းငယ် ထိုးပြီးနောက် သူ၏ မယုံနိုင်လောက်အောင် မာကျောသော အရေပြားလည်း ပေါက်ပြဲသွားသည့်အပြင် မက်ခါ၏ မောင်းနှင်သူ ထိုင်သည့်နေရာကိုလည်း ချိုးဖျက်နိုင်ခဲ့တော့သည်။ 


ထို့နောက် သူ၏ ပေါင်းစပ်စွမ်းရည်ကို အပြည့်အဝ အသုံးချလိုက်တော့၏။ 


တူနှစ်ကိုယ်ကျင့်ကြံခြင်း၏ အာနိသင်မှာ အလွန်ကောင်းမွန်လှသည့်အတွက် သူ၏ စွမ်းရည်မှာ အပြည့်အဝ သက်သာလုနီးပါး ဖြစ်နေလေပြီ။ အစောပိုင်းက ဇာ့ဂ်ဘုရင်မ၏ စွမ်းအင်ကိုသာ အခြောက်တိုက် စုပ်ယူနိုင်သော်ငြား ယခုမူ သူ့ရှေ့တွင် ရှိနေသူ၏ စွမ်းရည်ကိုပါ စုပ်ယူနိုင်နေပြီဖြစ်သည်။ ထို့အပြင် သူ့ခန္ဓာကိုယ်မှာလည်း ပိုပြီး ကြံ့ခိုင်လာသည့်အတွက် စွမ်းရည်အများအပြား စုပ်ယူမိကာ သေဆုံးသွားမည်ကို ပူနေရန် မလိုတော့ချေ။ သို့သော် စွမ်းရည်များမှာ များပြားလွန်းသည့်အတွက် သူ၏ စွမ်းအင်ဗဟိုချက်သည် တစ်ဖန် အစိတ်စိတ်အမွာမွာ ကွဲသွားပြန်သည်။ 


သူ့စွမ်းရည်မှာ နောက်တစ်ကြိမ် ပျက်စီးသွားပြန်ပြီ။ 


နာကျင်မှုမှာ ဇာ့ဂ်ဘုရင်မနှင့် ရင်ဆိုင်စဉ်ကထက် မလျော့ပါးသော်ငြား သူက မြေပေါ်သို့ သတိလက်လွတ် မေ့လဲမသွားခဲ့။ 


ဖက်ဒရယ်က သူ့အတွက် စစ်ကူလွှတ်ပေးလိုက်သည့် ‌ယာဉ်ပျံပေါ် သို့ ရပ်လိုက်သည်။ 


ကလေးကို ယူသွားသည့် မက်ခါနှင့် နောက်မှလိုက်သွားသော မီးတောက်နီရောင် မက်ခါတို့ကို မမြင်ရတော့သော်ငြား ငွေမင်ရောင် ယာဉ်ပျံငယ်တစ်စီးကိုမူ ခပ်လှမ်းလှမ်းမှ တွေ့နေရသည်။ Crohn ၏ သင်ပြမှုအောက်တွင် စိတ်စွမ်းအင်ကို အနည်းငယ် အသုံးပြုနိုင်နေ‌ပြီဖြစ်သော ကျောက်လင်းယွီက ထိုယာဉ်ပျံကို မောင်းနှင်လာသူမှာ ကိတ်ဖြစ်ရမည်ဟု ခံစားမိလိုက်တော့သည်။ 


သို့သော် ၎င်းမှာ ယာဉ်ပျံငယ်မဟုတ်။ စစ်လေယာဉ်အသေးတစ်စီးသာ ဖြစ်သည်။ 


ခပ်ပြင်းပြင်းထောက်ကန်ချက်တစ်ခုနှင့်အတူ သူသည် ထိုယာဉ်ပျံငယ်ပေါ် ခုန်တက်ကာ လေထုထဲမှ ပျောက်ကွယ်သွားနှင့်ပြီဖြစ်သော စစ်သင်္ဘောနောက်သို့ လိုက်သွားလိုက်သည်။ 


ထိုအချိန်တွင် ရမ်ရှန့်က လိပ်အခွံကို အဝေးသို့ ပစ်ထုတ်ကာ ကျန်ဥသုံးလုံးကိုသာ တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားလိုက်တော့သည်။ 


သူ့ပါးစပ်မှလည်း သွေးများ အဆက်မပြတ် ကျဆင်းနေကာ အတိတ်အချိန်တွင်သာ ဆိုပါလျှင် နှမြောတသစိတ်ဖြင့် သူကိုယ်တိုင် စုပ်ယူလျှင် စုပ်ယူ၊ မဟုတ်လျှင် ကျောက်လင်းယွီ၏ ပါးစပ်ထဲသို့ အတင်းထိုးထည့်မိမည်ဖြစ်သည်။ 


ကျောက်လင်းယွီ ပစ်ချခဲ့သည့် မက်ခါတွင် သူ့သွေးများ စွန်းထင်းနေခဲ့သည့်အတွက် သန့်စင်မြေအနံ့မှာ ပြင်းပြင်းထန်ထန် ထွက်ပေါ်နေပေသည်။ ယခင်ကအတိုင်းသာဆိုပါလျှင် သူသည် ထိုနေရာသို့ အပြေးသွားကာ စုပ်ယူမိမည်ဖြစ်သည်။ 


သို့သော် ယခုတော့ ဘာမှ မလုပ်ဘဲ သူ့ကလေးများကိုသာ လက်ထဲ တင်းတင်းပိုက်ကာ ကောင်းကင်ကို ငေးကြည့်နေလိုက်သည်။ 


သူ့သွေးဖြစ်စေ သန့်စင်မြေဖြစ်စေ မည်သည်ကမှ သူ့ရင်သွေးများလောက် အရေးမကြီးချေ။

116.2


ထိုကလေးလေးယောက်ကို ယူရန် ဆုံးဖြတ်ခဲ့စဉ်က သူသည် ဘာမှ မပြင်ဆင်ခဲ့ရသေးပေ။ ထိုအချိန်က ဖခင်တစ်ဦး မည်ကဲ့သို့ ဖြစ်လာသလဲပင် မသိ‌ခဲ့ချေ။ 


ကျောက်လင်းယွီက ကလေးလိုချင်လိမ့်မည်ဟု တွေးမိ၍သာ ထိုကလေးများကို စိုက်ပျိုးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး သူ့အတွက်မူ စမ်းသပ်ချက်တစ်ခုမျှသာ ဖြစ်ခဲ့သည်။ 


ထိုအကြောင်းနှင့် ပတ်သက်၍ မှားယွင်းသည်ဟု မခံစားခဲ့ရသော်ငြား ယခုမူ သူ့ကိုယ်သူ အနည်းငယ် တာဝန်ပျက်ကွက်ခဲ့မိကြောင်း သိလာတော့သည်။ 


သူသာ ပိုပြီး သတိရှိခဲ့မိရင် ၊ သူက မြေ၊‌ နေ၊လေ ရှိနေသရွေ့ အသက်ရှင်နေနိုင်‌တဲ့ အပင်မဟုတ်တော့မှန်း စောစောစီးစီး သဘောပေါက်ခဲ့မိရင်၊ ဒါမှမဟုတ် အဲဒီအချိန်တုန်းက ကလေးမလိုချင်ခဲ့မိရင် ဒီနေ့လိုမျိုး သူ့ကလေးတွေ လုယူခံလိုက်ရမှာ မဟုတ်ဘူး ... 


သူ့အမူအယာမှာ တွေဝေငေးမှိုင်နေစဉ် သူ့လက်မောင်းထဲရှိ ဥများက ရုတ်ချည်း လှုပ်ရှားလာတော့သည်။ 


နောင်တတို့ကို ဝါးမျိုပြီး၍ အသိပြန်ဝင်လာကာမှ သူ့ရင်ခွင်ထဲရှိ ဥသုံးလုံးတွင် သူ့သွေးများ စွန်းထင်းနေပြီး တစ်လုံးမှာ ရုတ်ချည်း အကောင်ပေါက်ကာ လက်တစ်ဖက် ထွက်လာပြီဖြစ်ကြောင်း တွေ့လိုက်ရတော့သည်။ 


လက်ကလေးမှာ သေးငယ်သော်ငြား ဖောင်းဖောင်းတုတ်တုတ်လေးနှင့် ချစ်စရာကောင်းလှသည်။ သူထိကြည့်လိုက်ချိန်တွင် ထိုလက်ကလေးက ဆတ်ခနဲ နောက်ပြန်ဆုတ်သွားသည်။ ထို့နောက် ဆံပင်ကျိုးတိကျိုးကျဲနှင့် ခေါင်းကလေး ပြန်ထွက်လာကာ မဟူရာရောင် မျက်ဝန်းဝိုင်းကြီးများဖြင့် သူ့ကို စိုက်ကြည့်နေလိုက်တော့သည်။ 


ကလေးက အသံသေးသေးလေးပြုကာ သူ့ကို ပြုံးပြလိုက်သည်။ 


၎င်းမှာ အလွန်ချစ်စရာကောင်းလှရာ နောက်ပိုင်း ပြန်တွေးမိချိန်တိုင်း ရမ်ရှန့်မှာ အလွန်ပျော်ရွှင်မိမည်ဖြစ်သည်။ သို့သော် ယခုမူ သူ့မျက်လုံးတို့မှာ ပူနွေးစိုစွတ်လာတော့သည်။


"ရမ် စိတ်မပူပါနဲ့ ကလေးက အဆင်ပြေမှာပါ လင်းယွီက သေချာပေါက် ပြန်ယူ‌လာပေးနိုင်မှာပါ ..." 


ရှန်းချိုးရှစ်က ပြောလိုက်သည်။ 


"ဟုတ်တယ် ..." 


ရမ်ရှန့်က မျက်ဝန်းတို့ကို ပြန်ဖွင့်ကာ ရေရွတ်လိုက်သည်။ 


ဟုတ်တယ် သူ့ကလေးလေးက သေချာပေါက်ကို အဆင်ပြေနေမှာ ... 


ကလေးတစ်ယောက် မွေးဖွားလာမှုက နှိုးဆော်၍လား သူ့သွေးက ဓာတ်ပြုနိုင်သည့်အစွမ်း ရှိနေ၍လားတော့မသိ။ ကျန်ဥနှစ်လုံးမှာလည်း တစ်လုံးပြီးတစ်လုံး ကွဲအက်လာကြတော့သည်။ 


အခွံထဲမှ ထွက်လာသော တတိယကလေးက ရမ်ရှန့်ကို ချောင်းကြည့်ကာ နောက်ပြန်ဆုတ်သွားပြီး သူ့ဥအခွံကို တစ်ဖြေးဖြေး ကိုက်ဝါးလိုက်တော့သည်။ ဥခွံထဲမှ ထွက်လာသော နောက်ဆုံးကလေးကလည်း သူ့လက်မောင်းထဲရှိ ဥခွံကိုအလုတ်ကြီးကြီးကိုက်ရင်း ကျောက်လင်းယွီ ပစ်ချသွားသည့် မက်ခါကို ငေးကာကြည့်နေလိုက်သည်။ 


နောက်ဆုံးမွေးလာသည့် ကလေးနှစ်ဦးက ဥခွံများကို ကိုက်ဝါးနေကြသော်ငြား ဒုတိယကလေးမှာမူ ထိုဥခွံများကိူ လျစ်လျူရှုကာ ရမ်ရှန့်အပေါ် တွယ်တက်ရင်း သူ့အနာကို လျာဖြင့် လျက်ပေးလိုက်သည်။ ထို့နောက် သူက ရမ်ရှန့်ကိုပင် အပြုံးခပ်ကြီးကြီးတစ်ပွင့် လှစ်ဟပြလိုက်သေးသည်။ 


သူ့သွေးများကို ရတနာသဖွယ် သဘောထားသည့် ရမ်ရှန့်မှာ ထိုအချိန်တွင်တော့ နှမြောတွန့်တိုခြင်း အလျဉ်းမရှိပေ။ သူက ချီအားဖြည့်ဆေးလုံးတစ်လုံးကို သောက်ကာ သူ့သွေးများကို လေးပုံပုံပြီး ကလေးသုံးယောက်ကို ပေးလိုက်သည်။ ကျန်တစ်ပုံကိုမူ ကျောက်စိမ်းပုလင်းထဲထည့်ကာ သိမ်းထားလိုက်သည်။ 


ထိုအချိန်တွင် သူ၏ လူသားပုံစံကို ထိန်းသိမ်းမထားနိုင်တော့သည့်အတွက် ခြေထောက်များမှာ အမြစ်ပုံစံသို့ ပြောင်းစပြုနေလေပြီ။ ခြင်းတောင်းကို အုပ်ထားသည့် စောင်ဖြင့် ဖုံးထားမိ၍သာ တော်သေးသည်။ 


ရမ်ရှန့်က ကလေးသုံးယောက်လုံးကို သူ့ရင်ခွင်ထဲ ထည့်ထားပြီး မိုးပေါ်သို့သာ မော့ကြည့်နေလိုက်သည်။ ထိုအချိန်တွင် အဆင့်မြင့်မျိုးနွယ်စုများ၏ ထိန်းချုပ်မှု မရှိတော့သည့်အတွက် စက်ရုပ်များ၏ လှုပ်ရှားမှုများမှာလည်း ရပ်တန့်သွားကာ ရှောင်လွီလည်း လွတ်လပ်သွားတော့သည်။ 


သူ့အစိတ်အပိုင်း အများစုမှာ အပူလောင်သွားသည့်အတွက် အကြီးအကဲထန့်ကို ပွတ်သပ်ကာ နှစ်သိမ့်ပေးရန် တောင်းဆိုခဲ့သော်ငြား ဤတစ်ကြိမ်တွင်တော့ သူ့ကို အမြဲလိုလို အလိုလိုက်ခဲ့သည့် အကြီးအကဲထန့်က မလိုက်‌လျောခဲ့တော့ချေ။ 


သူက ရှောင်လွီကို ရှည်လျားစေကာ မြေကြီးပေါ် ပြုတ်ကျနေသော မက်ခါကို ရစ်ပတ်ပြီး အထဲမှလူကို ဆွဲထုတ်လိုက်သည်။ 


ထိုသူမှာ စွမ်းရည်ပိုင်ရှင် အမျိုးသမီးဖြစ်သည်။ 


သူမမှာ အလွန်လှပသည်။ ညစ်ပတ်ပေရေနေသည့်တိုင် မီးတောက်နီရောင် ဆံပင်နှင့် မျက်ဝန်းတို့ကြောင့် မျက်စိကျိန်းလောက်အောင်ပင် လှပနေဆဲဖြစ်သည်။ သို့သော် မည်သူကမှ သူမကို အထင်ကြီးလေးစားဟန်မတူ။ ပြင်းထန်လှသည့် အမုန်းတရားတို့ဖြင့်သာ စိုက်ကြည့်နေကြသည်။ 


ညီလာခံအဆောက်အဦးနှင့် ပြပွဲခန်းမထဲတွင် သေဆုံးသူနှင့် ဒဏ်ရာရသူ ထောင်ပေါင်းများစွာ ရှိနေပေသည်။ 


ရှောင်လွီက သူမ၏ အသားတို့ ပြတ်ထွက်လာသည်အထိ တင်းတင်းကြပ်ကြပ် ရစ်ပတ်ထားသည့်အတွက် နောက်ဆုံးတွင် သူမလည်း ပြန်သတိလည်လာကာ လောယာဘာသာစကားဖြင့် အော်ဟစ်လိုက်တော့သည်။ 


"ငါ့ရဲ့ စိတ်စွမ်းအား ငါ့ရဲ့ စိတ်စွမ်းအားတွေ ..." 


သူမ၏ စကားများမှာ Crohn က ကျောက်လင်းယွီကို ပေးထားသည့် ဘာသာစကား ကတ်ပြားကို စိတ်စွမ်းအင်သုံးကာ စစ်ဆေးခဲ့သည့် ရမ်ရှန့်တစ်ဦးတည်းသာ နားလည်ပေသည်။ သူသည်လည်း ထိုစကားများကို ကြားရချိန်တွင် ပျော်ရွှင်သည်မှတစ်ပါး အခြားခံစားချက် မရှ်ိတော့ချေ။ 


"မင်းကို ဒီတိုင်း သေခိုင်းလိုက်ရင် သက်ညှာလွန်းရာ ကျမှာပေါ့ ..." 


အကြီးအကဲထန့်က သူမကို မြေကြီးပေါ်သို့ ကိုင်ပေါက်လိုက်သည်။ သူ့မျက်ဝန်းထဲမှ မုန်းတီးစိတ်များကိုလည်း လုံးဝ ဖုံးကွယ်မထား။ 


အကြီးအကဲဖန့်မှာ သေဆုံးသွားချေပြီ။ 


အစောပိုင်းက သူသည် အကြီးအကဲဖန့်ကို မုန်းတီးခဲ့မိသော်ငြား ထိုသူက သူ့အပေါ် အမှားမလုပ်ခဲ့မိကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း သိထားပေသည်။ ထိုသူကသာ စောစောစီးစီး လက်နက်မချလိုက်ပါလျှင် သူသည် အစောကြီးကတည်းက သေဆုံးသွားမည်ဖြစ်သည်။ ထိုသူက နောက်ပိုင်းတွင် အခြားမိန်းမတစ်ဦးနှင့် ကလေးရသွားသည့်တိုင် သူနှင့် ပြတ်စဲပြီး အချိန်ကာလ ကြာမြင့်မှသာ ဖြစ်သည်။ 


သူ့မိဘများ၏ သေဆုံးမှုမှာမူ ဖန့်မိသားစု၏စနက် လုံးဝ မပါဝင်ခဲ့ချေ။ 


သူကသာလျှင် ဖန့်မိသားစု၏ ဘိုးဘွားပိုင်စံအိမ်ကို ဒေါသတကြီး ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ 


သူ့စိတ်ဓာတ်မှာ ပျော့ညံ့သည့်အတွက် အတိတ်ကို မစွန့်လွှတ်နိုင်ခင်အထိ မြို့တော်ကြယ်သို့ ခြေမချခဲ့ချေ။ 


အကြီးအကဲဖန့်မှာ များစွာ အသက်မရှည်နိုင်တော့ကြောင်း သူသိထားသည့်တိုင် ဖန့်မိသားစု၏ ဘဏ္ဍာရေးအခြေအနေအရ မခဲယဉ်းလှသည့် အာဟာရဆေးရည်များကို တိုက်ကျွေးပါလျှင် နှစ်အချို့ ဆွဲဆန့်နိုင်လိမ့်ဦးမည်ဟု မျှော်လင့်ထားခဲ့သည်။ 


သူနှင့် အကြီးအကဲဖန့်တို့်သည် ဆယ်စုနှစ်ပေါင်းများစွာကြာ ညီအစ်ကိုဖြစ်လာသည့်အတွက် ထိုသူ၏ နောက်ဆုံးနေ့ရက်များကို နောင်တကင်းကင်းဖြင့် အတူတူ ကုန်ဆုံးပေးမည်ဟု ဆုံးဖြတ်ထားပေသည်။ 


Xxxxxxx