အပိုင်း ၁၁၇
Viewers 18k

Chapter 117


သို့သော် အကြီးအကဲဖန့်မှာ မမျှော်လင့်ဘဲ သေဆုံးသွားရရှာလေပြီ။ 


အကြီးအကဲဖန့်၏ ခန္ဓာကိုယ်မှာ လေအေးတို့နှင့်အတူ ရပ်တည်နေဆဲဖြစ်သော်ငြား အသက်ငွေ့ငွေ့မျှပင် မကျန်‌ရစ်တော့ချေ။ 


ဖန့်ချန်ကျွင့်၏ စွမ်းရည်တို့မှာလည်း ပြန်လည်သက်သာလာပြီဖြစ်ရာ သူ့အဘိုးဘေးတွင်သာ မတ်တပ်ရပ်နေလိုက်တော့သည်။ ထာဝစဉ်ပြုံးနေတတ်သည့် သူ့မျက်နှာမှာလည်း ဗလာသပ်သပ်သာ ကျန်နေတော့သည်။ 


သူ့မိခင်သည် သူ့ကို မွေးဖွားပြီးကတည်းက အကြီးအကဲဖန့်လက်ထဲထည့်ကာ အာကာသတစ်ခွင် ခရီးသွားနေသည်မှာ မြို့တော်ကြယ်သို့ ပြန်မလာလုနီးပါးပင်။ ထို့ကြောင့် သူ့တစ်ဘဝလုံးကို ထိုလူအိုကြီးကသာ ပျိုးထောင်ပေးခဲ့သော်ငြား ယခုမူ သေဆုံးသွားချေပြီ။ 


ထိုသည်ကို မြင်နေရသည့် Gerd ကလည်း မတ်တပ်ထရပ်ကာ သူ့အနားသို့ တစ်ဖြေးဖြေး လျှောက်လာလိုက်သည်။ ယခုအချိန်တွင် ဖန့်ချန်ကျွင့်သည် သူ့ကို လိုအပ်နေမည့်အပြင် သူကိုယ်တိုင်လည်း သူ့ဘေးနားတွင် ရှိနေပေးလိုသည်။ 


အကြီးအကဲထန့်က ၎င်းတို့ကို အာရုံစိုက်မနေဘဲ ရှောင်လွီကို ထိုအမျိုးသမီး၏ လက်ချောင်းတစ်ချောင်းအား ဆွဲဖြုတ်ပစ်ရန် အမိန့်ပေးကာ သူမ၏ သည်းသည်းထန်ထန် အော်ကြွေးသံများကို လက်ပိုက်ကြည့်နေလိုက်သည်။ 


သူသည် အမြဲလိုလို ကြင်နာတတ်သူတစ်ဦး ဖြစ်ခဲ့သော်ငြား ယခုမူ သူ့တစ်ကိုယ်လုံးမှာ ရှုရာ၏ လွှမ်းမိုးခြင်းကို ခံနေရတော့သည်။ 

(ရှုရာက ဒေါသကြီးတာ၊ မနာလို ဝန်တိုစိတ်များတာလိုမျိုး ခံစားချက်ပြင်းထန်တဲ့ အခြေအနေတွေကို ဖော်ပြတဲ့နေရာမှာ သုံးပါတယ်တဲ့ ) 


"အကြီးအကဲထန့် ဒါက လောယာအင်ပါယာက လူနော် သူတို့က မြို့တော်ကြယ်ကို စစ်လေယာဉ်တစ်စီး‌နဲ့တင် ဖျက်ဆီးပစ်လိုက်လို့ရတယ် သူမကို ဒီလိုမျိုး နှိပ်စက်ရင် လောယာက ပြန်ပြီး လက်တုန့်ပြန်လာမှာ မကြောက်ဘူးလား ..."


ဘယ်နေရာမှ ရောက်လာမှန်းမသိရသာ လော့ခဲမိသားစုခေါင်းဆောင်က ရောက်လျှင်ရောက်ချင်း မကျေမနပ်ဖြင့် အပြစ်တင်လိုက်တော့သည်။ 


အကြီးအကဲထန့်က သူ့ကို ကြည့်ကာ ပြောလိုက်သည်။ 


"လော့ခဲလေး မင်းငယ်ငယ်တုန်းက အမြဲလိုလို လျှို့ဝှက်ကြံစည်ပြီး လက်သီးပုန်းပဲ ထိုးတတ်ခဲ့တာနော် ဒါပေမယ့် အသက်ကြီးလာတဲ့အထိလည်း ဒီလိုနေရာတွေမှာပဲ အားကုန်ခံနေလိမ့်ဦးမယ်လို့ မထင်ထားမိဘူး ..." 


"ဘာပြောလိုက်တာလဲ ..." 


လော့ခဲမိသားစုခေါင်းဆောင်၏ အမူအယာမှာ ရုတ်ချည်း ပျက်ယွင်းသွားတော့သည်။ 


"ဒီခန်းမရဲ့ အပြင်ဘက်မှာ အကာအကွယ်ဒိုင်း နှစ်ခု ရှိနေပြီးတော့ တစ်ခုက လက်သီးတစ်ချက်ထိုးရုံနဲ့ ပျက်စီးသွားတယ်လေ အဲဒါက မင်းလက်ချက် မဟုတ်လား မင်းက လူသားမျိုးနွယ်တစ်ခုလုံးကို တစ်ခြားမျိုးနွယ်တွေဆီ ကျွန်အဖြစ် ရောင်းစားဖို့ ကြံနေတာလား ..." 


အကြီးအကဲထန့်က ထိုသို့ပြောကာ ရှောင်လွီဖြင့် သူ့ကို ချည်နှောင်လိုက်သည်။ 


"အကြီးအကဲထန့် ဘာတွေပြောနေတာလဲ ကျွန်တော်က ခင်ဗျားကို အမှားမလုပ်စေချင်ရုံလေးတင်လေ ဒါကို ခင်ဗျားက ကျွန်တော့်ကို တစ်ပြန်ကြီး လာစွပ်စွဲနေသေးတယ်ပေါ့ ..." 


လော့ခဲမိသားစုခေါင်းဆောင်က ရှောင်လွီ၏ တိုက်ခိုက်မှုကို ရှောင်ရှားကာ သူကပင် ဖြောင့်မတ်မှန်ကန်လေဟန်ဖြင့် ပြောလိုက်သည်။ 


သို့သော် အကြီးအကဲထန့်ကမူ ဂရုမထား။ ရုတ်ချည်း တိုက်ခိုက်လိုက်တော့သည်။ 


"အကြီးအကဲထန့် ခင်ဗျားသာ ထပ်လုပ်ရင် ဒါက နိုင်ငံတော်ကို ပုန်ကန်မှုပဲနော် ..." 


နောက်ဆုံးတွင်တော့ သူလည်း ပူပန်လာသည့်အတွက် အကာအကွယ်ဒိုင်းကို ထုတ်ကာ မြို့တော်ကြယ်၏ မြို့စောင့်တပ်ကို အကြီးအကဲထန့်အနား ဝိုင်းထားရန် အမိန့်ပေးလိုက်သည်။ 


အကြီးအကဲဖန့်မှာ သေဆုံးသွားပြီးဖြစ်သည့်အတွက် ချောက်ကမ်းပါးအစွန်းသို့ ရောက်နေပြီဖြစ်သော အကြီးအကဲထန့်မှာ ကြောက်ရွံ့မနေတော့ချေ။ 


မင်းသိလား လောယာအင်ပါယာက လူတွေက ငါသာ ကျောက်လင်းယွီနဲ့ ရမ်ရှန့်ရဲ့ လျှို့ဝှက်ချက်အကြောင်း ရှာတဲ့နေရာမှာ ကူညီပေးရင် မြို့တော်ကြယ်ရဲ့ အုပ်ချုပ်သူဖြစ်အောင် ကူညီပေးမယ်တဲ့လေ ... 


ဒီလူတွေက ဘယ်လောက်သန်မာသလဲဆိုတာ အားလုံးလည်း အသိပဲလေ သူတို့ဘက်က လူတစ်ယောက် ဖမ်းမိသွားတယ် ဆိုဦးတော့ ဘယ်လိုနည်းနဲ့မှ ရှုံးမှာ မဟုတ်ဘူး ... 


လော့ခဲမိသားစုခေါင်းဆောင်က ဂုဏ်ယူဝံ့ကြွားနေချိန်တွင် ကောင်းကင်ပြင်မှ ငွေရောင်စစ်သင်္ဘောတစ်စီး သူ့အရှေ့သို့ ဆင်းသက်လာတော့သည်။ 


ထိုစစ်သင်္ဘောကို မြင်လိုက်သည်နှင့် ရမ်ရှန့်က မတ်တပ်ထရပ်ရန် ကြိုးစားလိုက်သော်ငြား သူ့ခြေထောက်များမှာ အမြစ်ပုံစံ ပြောင်းနေပြီဖြစ်ရာ ထိုအကြံကို လက်လျော့လိုက်ရတော့သည်။ ထိုအချိန်တွင် စစ်သင်္ဘော၏ဘေးတွင် လဲလျောင်းနေသူကို မြင်လိုက်ရ၏။ ထိုသူမှာ ကျောက်လင်းယွီပင် ဖြစ်သည်။ 


ကျောက်လင်းယွီမှာ မည်းနက်သည်အထိ လောင်က်ျွးခံထားရကာ ခန္ဓာကိုယ်တစ်ခုလုံး ဒဏ်ရာဒဏ်ချက်တို့ အပြည့်ဖြစ်နေသော်ငြား သူ့အရှိန်အဝါမှာ အလွန်သန်မာကာ ကျန်စွမ်းရည်ပိုင်ရှင်အားလုံးကို ထိတ်လန့်စေသည်။ 


သူက လေယာဉ်တောင်ပံပေါ်မှ ခုန်ဆင်းကာ လော့ခဲမိသားစုခေါင်းဆောင်ကို စိုက်ကြည့်လိုက်သည်။ 


"လော့ခဲမိသားစုက မြို့တော်ကြယ်ကို ကျူးကျော်လာတဲ့ ဂြိုဟ်သားမျိုးနွယ်တွေနဲ့ ပူးပေါင်းကြံစည်ခဲ့တဲ့အတွက် သေဒဏ်နဲ့ပဲ ထိုက်တန်တယ် ..." 


ထို့နောက်တွင်တော့ အားကောင်းလှသည့် စွမ်းအင်လှိုင်းတစ်ခုက လော့ခဲမိသားစုခေါင်းဆောင်ထံ ပြေးဝင်သွားကာ သူ၏ အကာအကွယ်ဒိုင်းကို ချိုးဖျက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို လွင့်စင်သွားစေတော့သည်။ 


"သူ့ကို ဖမ်းလိုက် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ သူ့စကားကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် လော့ခဲမိသားစု ခေါ်ဆောင်လာသည့် မြို့စောင့်တပ်က သူ့ကို ဖမ်းဆီးလိုက်ကြသည်။ သူတို့သည် လောခဲမိသားစုထက် ကျောက်လင်းယွီကို သာ၍ ယုံကြည်ကြပေသည်။ 


"ကလေးရော ဘယ်မှာလဲ ..." 


ရမ်ရှန့်က အလောတကြီး မေးလိုက်သည်။ 


ကျောက်လင်းယွီ၏ အမူအယာမှာ အေးခဲသွားကာ နောင်တရဟန်တို့ အထင်းသား ထွက်ပေါ်လာတော့သည်။ 


"အဲဒီ့မက်ခါက အာကာသယာဉ်ပတ်လမ်းကြောင်းထဲကို ဝင်သွားပြီ..." 


လူသားများသည် အာကာသတစ်ခွင် ခရီးသွားနိုင်နေကြပြီဖြစ်သည့်တိုင် စစ်သင်္ဘောများကို ဖြေးဖြေးမှန်မှန်သာ မောင်းနှင်နိုင်ကြသည့်အတွက် ဖက်ဒရယ်၏ အဝေးဆုံး ဂြိုဟ်နှစ်ခုသို့ သွားရောက်နိုင်ရန် တစ်နှစ်ကျော် ကြာမြင့်ပေသည်။ 


သို့သော် လောယာအင်ပါယာကမူ ရှေးယခင်ကတည်းက အာကာသယာဉ်ပတ်လမ်းကြောင်းကို တည်ဆောက်ခဲ့ပြီးဖြစ်သည်။ ထိုအချိန်က သူတို့သည် ခရီးစဉ် တိုတောင်းနိုင်ရန် အာကာသထဲရှိ မူလပတ်လမ်းကြောင်းကိုသာ သုံးခဲ့သော်ငြား နောက်ပိုင်းတွင် ကိုယ်ပိုင်လမ်းကြောင်းတစ်ခု တည်ဆောက်ခဲ့သည့်အတွက် ဖက်ဒရယ်နှင့် လောယာအင်ပါယာအကြား ရက်အနည်းငယ်သာ ခရီးနှင်ရန် လိုအပ်ပေတော့သည်။ 


အသစ်စက်စက် တည်ဆောက်ထားသော ယာဉ်ပတ်လမ်းကြောင်းမှာ မြို့တော်ကြယ်၏ အပြင်ဘက်တွင် တည်ရှိပေသည်။ 


သေးငယ်လှသည့် ယာဉ်ပတ်လမ်းကြောင်းကို ဖွင့်လှစ်နိုင်ရန်ပင် စွမ်းအင်အမြောက်အများ လိုအပ်ပေသည်။ ဤကိစ္စများ၏ နောက်ကွယ်တွင် ရှိနေသူသည် အင်မတန် ငွေကြေးကြွယ်ဝလိမ့်မည်ဖြစ်ကာ သူ့ငွေများမှာ အလဟဿတော့ ဖြစ်မသွားချေ။ အနည်းဆုံးတော့ ကျောက်လင်းယွီမှာ သူတို့ကို အမိမဖမ်းနိုင်ခဲ့ချေ။


အာကာသထဲတွင် ရှိနေစဉ်က Crohn သည် ထိုမက်ခါနောက်လိုက်ကာ အကြိမ်‌များစွာ တိုက်ခိုက်ခဲ့သော်ငြား ၎င်းက ယာဉ်ပတ်လမ်းကြောင်းထဲသို့ ဝင်ပြေးသွားခဲ့သည်။

117.2


Crohn နှင့် ကိတ်တို့က သူ့ခြေထောက်တစ်ဖက်ကို ကြေမွစေခဲ့သည့်တိုင် ထိုသူမှာတော့ ယာဉ်ပတ်လမ်းထဲ ပြေးဝင်သွားနိုင်ခဲ့သေးသည်။ ကျောက်လင်းယွီက ထိုထဲအထိ လိုက်သွားလိုသော်ငြား ကိတ်က တားဆီးလိုက်သည်။ 


သူ့ယာဉ်ပျံမှာ သေးငယ်သည့်အပြင် ကိုယ်ဝန်လည်း လွယ်ထားရသည့်အတွက် ယာဉ်ပတ်လမ်းကြောင်းထဲသို့ မဝင်ရောက်နိုင်ပေ။ ထို့အပြင် ကျောက်လင်းယွီမှာလည်း ယာဉ်ပျံအပြင်ဘက်တွင်သာ ရှိနေသေးပေသည်။ 


ထို့အပြင် ယာဉ်ပတ်လမ်းကြောင်း၏ အခြားတစ်ဖက်တွင် လူအင်အားအများအပြားဖြင့် စောင့်ဆိုင်းနေခြင်း ရှိမရှိလည်း  မသိနိုင်ပေ။ 


ထို့ကြောင့် Crohn တစ်ဦးတည်းသာ လိုက်သွားပြီး ကိတ်နှင့် ကျောက်လင်းယွီတို့က နောက်ကြောင်းပြန်လှည့်လာခဲ့လိုက်သည်။ 


"အာကာသယာဉ်ပတ်လမ်းကြောင်း ဟုတ်လား..." 


ရမ်ရှန့်က အံတင်းတင်းကြိတ်ကာ မေးလိုက်သည်။ 


"ဟုတ်တယ် အဲဒီ့ယာဉ်ပတ်လမ်းကြောင်းက လောယာအင်ပါယာအထိ ရောက်တယ်လေ Crohn လိုက်သွားတယ် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ ထို့နောက်တွင်တော့ ရမ်ရှန့်၏ လက်မောင်းထဲရှိ ဥပေါက်နေပြီဖြစ်သော ကလေးများကို တွေ့လိုက်ရသည်။ 


"ရမ် ကိုယ် တောင်းပန်ပါတယ် ..." 


သူသည် ရမ်ရှန့်နှင့် ကလေးများကို အနည်းငယ်မှပင် မထိခိုက်လေရအောင် ကာကွယ်ပေးလိုသော်ငြား ကလေးတစ်ဦးမှာ သူ့မျက်စိရှေ့တွင်ပင် လုယူခံလိုက်ရသည်။ 


"ကျွန်တော့်အမှားတွေပါ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ သူသည် နှစ်အတော်ကြာ အသက်ရှင်ခဲ့သူဖြစ်ရာ အကယ်၍သာ အန္တရာယ်ကို စောစောစီးစီး အာရုံခံနိုင်ခဲ့ပါလျှင် ... 


"ရမ် ကိုယ်ကမှ မင်းကို မကာကွယ်နိုင်ခဲ့တာပါ ... ရမ် ရမ် ..." 


ကျောက်လင်းယွီ၏ အမူအယာမှာ ပြောင်းလဲသွားတော့၏။ သူသည် ရမ်ရှန့်၏ အရှိန်အဝါမှာ တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလိုက်သည်။ 


"ကျွန်တော့်အိမ်ကို ပြန်ရတော့မယ်ထင်တယ် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ သူသည် ဒဏ်ရာများစွာ ရထားသည့်အပြင် သွေးထွက်လွန်ထားသည့်အတွက် လူသားပုံစံကို ဆက်ထိန်းထား၍ မရတော့ချေ။ 


ကျောက်လင်းယွီက သူ့အဝတ်များကို ချွတ်ပေးကာ ရမ်ရှန့်နှင့် ကလေးများကို ရစ်ပတ်လွှမ်းခြုံပေးရင်း ထွက်လာလိုက်သည်။ 


သူ့အရှိန်အဝါကို ခံစားမိသည်နှင့်တစ်ပြိုင်နက် ရမ်ရှန့်လည်း စိတ်ကို တင်းမထားနိုင်တော့ဘဲ မူးလဲသွားတော့သည်။ ထို့နောက် သူ့မျက်လုံးကို တစ်ဖန်ပြန်ဖွင့်ကာ ရေရွတ်လိုက်သည်။ 


"နတ်ဆိုးကျင့်ကြံသူ ..." 


ကျောက်လင်းယွီတွင် စိတ်စွမ်းအင်များသာမက သူ့စွမ်းရည်ကို ကသောင်းကနင်းဖြစ်စေသည့် သမားရိုးကျစွမ်းရည်များလည်း ပါဝင်သော်ငြား ယခုမူ နတ်ဆိုးကျင့်ကြံသူ ဖြစ်သွားချေပြီ ... 


ထို့နောက်တွင်တော့ ရမ်ရှန့်လည်း ကြာရှည်တွေးမနေနိုင်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့သည်။ 


ထိုအချိန်တွင် ယာဉ်ပတ်လမ်းကြောင်း ပွင့်သွားကာ တောင်ပံတစ်ဖက် ကျိုးနေသည့် မက်ခါတစ်စီး ဝင်သွားတော့သည်။ 


ယာဉ်မောင်းသူအခန်းတွင် ဒဏ်ရာရထားသော ဂြိုဟ်သားက မက်ခါကို မောင်းနှင်နေသည်။  သူ့မက်ခါမှာ ပျက်စီးနေသည့် အခြေအနေသို့ ရောက်နေပြီဖြစ်ရာ သူသာ ဂရုမစိုက်ပါလျှင် ယာဉ်ပတ်လမ်းကြောင်း အပြင်ဘက်သို့ ကန်ထုတ်ခံရကာ စကြ၀ဠာအတွင်းသို့ လွင့်မျောသွားတော့မည်ဖြစ်သည်။ 


ယာဉ်မောင်းမှာ ထောင့်နားတွင် သူထားထားသည့် ကလေးကို အာရုံစိုက်နေရန် အချိန်မရှိခဲ့။ 


ကလေးတစ်ယောက်က ဘာတွေများ ဒုက္ခပေးနိုင်မှာလဲ ... 


၎င်းသည် နူးညံ့သည့် ကလေးပေါက်စလေးသာ ဖြစ်သော်ငြား သူ့ဥခွံကို ကိုက်ဝါးပြီးနောက် မက်ခါ၏ အရန်စွမ်းအင်ကို လက်လှမ်းလိုက်သည်။ 


ခဏအကြာတွင် ထိုဂြိုဟ်သားက စွမ်းအင်ဗဟိုချက်ကို ထိကြည့်လိုက်သည်။ 


"စွမ်းအင် မလုံလောက်ဘူး ဘယ်လိုဖြစ်လို့ စွမ်းအင် မလုံလောက်ရတာလဲ ..." 


သူက နာကျင်နေသော ရင်ဘက်ကို ဖိကာ မက်ခါ၏ အချက်အလက်များကို စိုက်ကြည့်လိုက်သည်။ စိတ်အားငယ်မှုတို့မှာ သူ့မျက်ဝန်းထဲတွင် ဖြတ်ပြေးသွားတော့သည်။ 


သူသည် ပြင်းပြင်းထန်ထန် ထိခိုက်ထားသည့်အပြင် လိုက်လံဖမ်းဆီးခြင်းကိုလည်း ခံနေရသေးသည်။ အကယ်၍ ဤလမ်းကြောင်းထဲမှ အောင်အောင်မြင်မြင် ထွက်လာနိုင်ပါလျှင် သူ့လူများက လာကြိုမည် ဖြစ်သော်ငြား ယခုမူ စွမ်းအင် ကုန်ခမ်းနေသည့်အပြင် အရန်စွမ်းအင်မှာလည်း ရုတ်ချည်း ကုန်ဆုံးသွားတော့သည်။ 


"အာ ..." 


အသံတစ်ခုက တိတ်ဆိတ်နေသော အခန်းထဲတွင် ရုတ်ချည်း ထွက်ပေါ်လာသည်။ ထို့နောက် သူ၏ ဒဏ်ရာရထားသော ခြေထောက်ကို ရစ်ပတ်ထားသည့် တစ်စုံတစ်ခုကို တွေ့လိုက်ရသည်။ 


ထိုအရာမှာ မျက်စိပွင့်ကာစ ကလေးပေါက်စဖြစ်သည်။ သူက ဂြိုဟ်သားကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကာ တစ်ချိန်တည်းတွင်ပင် သူ့လက်ချောင်းများထံမှ ထွက်ပေါ်လာသည့် စက်ကွင်းများက ဂြိုဟ်သားကို ရစ်ပတ်လိုက်သည်။ 


စွမ်းရည်ပိုင်ရှင်အမျိုးသားမှာ စွမ်းရည်သာမက သွေးများပါ ရုတ်ချည်း ကုန်ဆုံးသွားကာ ရုန်းမထွက်နိုင်တော့ကြောင်း ဝမ်းနည်းဖွယ်ကောင်းစွာ သဘောပေါက်သွားတော့သည်။ 


......


အိမ်ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ရမ်ရှန့်သည် အပင်ပုံစံသို့ လုံးဝ ပြောင်းလဲသွားတော့သည်။ 


သူ၏ အရှိန်မှာ အလွန်လျင်မြန်သော်ငြား အပင်ဝိဉာဉ်တစ်ဦးအနေဖြင့် ကြံ့ခိုင်မှုမှာမူ အားနည်းသည့်အတွက် ကြိမ်ဖန်များစွာ တိုက်ခိုက်ခံရပြီးနောက် သူ့ကိုယ်သူ တောင့်ခံမထားနိုင်တော့ချေ။ 


ထိုမြင်ကွင်းကို မြင်နေရသည့် ကျောက်လင်းယွီမှာလည်း အံကို တင်းတင်းကြိတ်ကာ အာဟာရဖျော်ရည်ကို လောင်းချနေသည့်အတွက် ဖျော်ရည်ပုံးကို ဖျက်ဆီးမိမလိုပင် ဖြစ်ခဲ့သေးသည်။ ထို့နောက် သူက ရေချိုးကန်ထဲတွင် လဲလျောင်းနေသော ရမ်ရှန့်ထံသို့ ဖျော်ရည်အားလုံးကို လောင်းချလိုက်တော့၏။ 


သူ့အရှိန်အဟုန်မှာ အနည်းငယ် ကြောက်မက်ဖွယ်ကောင်းလှသည့်အတွက် သူ့ဘေးနားရှိ ကလေးသုံးယောက်မှာ ရမ်ရှန့်အရှေ့တွင် ပိတ်ရပ်ကာ သူ့ကို မယုံသင်္ကာဖြစ်ဟန်ဖြင့် ကြည့်လိုက်ကြသည်။ 


သူ့ကလေးများကို ခြောက်လှန့်မိသွားကြောင်း သိလိုက်ရသဖြင့် သူ့အရှိန်အဝါများကို အလျင်အမြန် ပြန်သိမ်းကာ ချီအားဖြည့်ဆေးလုံးနှစ်လုံးကိုပါ ကြိတ်ချေပြီး ရေထဲထည့်လိုက်သည်။ 


ရမ်ရှန့်က မည်သို့မှ တုန့်ပြန်မလာသော်ငြား ကလေးများမှာမူ ပျော်မြူးနေကြသည်။ ဥထဲမှ ပထမဆုံးထွက်လာသော တစ်ယောက်ကမူ သူ့ကိုယ်ပေါ် တွယ်တပ်ကာ သူ့လက်ဖဝါးကိုပင် မျက်နှာဖြင့် ပွတ်သပ်လိုက်သေးသည်။ 


ကလေး၏ အသားအရေမှာ အလွန်နူးညံ့လှသည့်အတွက် ကျောက်လင်းယွီမှာ သူ့လက်ဖဝါးရှိ အသားမာများကြောင့် ထိခိုက်သွားမည်ကိုပင် စိုးရိမ်နေမိတော့သည်။ သို့သော် အဝေးသို့ ဖမ်းခေါ်သွားခံရသည့် ကလေးအတွက် ပို၍ပင် ပူပန်မိနေပေ၏။ 


သူသာ ပိုပြီး သန်မာခဲ့ပါလျှင် သူ့ကလေး ဆွဲခေါ်သွားခြင်း ခံနေရသည်ကို လက်မှိုင်ချကာ ကြည့်နေခဲ့ရမည် မဟုတ်ချေ။ အတွေးပေါင်းများစွာတို့ ဖြာထွက်လာကာ သူ့မျက်ဝန်းတစ်စုံလုံး ရဲရဲနီလာပြီး သတ်ဖြတ်ချင်စိတ် ပြင်းပြသည့် အရှိန်အဝါတို့က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံလိုက်တော့၏။


Xxxxxxxxx