အပိုင်း ၁၁၈
Viewers 18k

Chapter 118


 


 ဤတစ်ကြိမ်တွင်တော့ ထိုအရှိန်အဝါကို ကောင်းကောင်းထိန်းချုပ်ထားနိုင်သည့်အတွက် သူ့ကလေးများကိုတော့ မသက်ရောက်ပေ။ ထို့ကြောင့် အကြီးဆုံးကလေးက သူ့ကို ဆက်ပြီး ပွတ်သပ်နေကာ ဒုတိယကလေးက သူ့ကျောပေါ်မှတစ်ဆင့် ရေကန်ထဲ ဆင်းသွားပြီး ‌အငယ်ဆုံးကလေးကမူ ရေလှိုင်းတို့ ဂယက်ထလာအောင် ဆော့ကစားနေသည်။ 


စိုးရိမ်ကြောင့်ကြမှုတို့ ပြေလျော့သွားကာမှ သူ့ကလေးများမှာ တကယ့်ကလေးအစစ်များနှင့် တူညီမနေကြောင်း သိလိုက်ရသည်။ ကြံ့ခိုင်မှုနှင့် ဉာဏ်ရည်တို့တွင် ကလေးအစစ်များထက် ပိုမိုသာလွန်နေကာ အသွင်အပြင်မှာလည်း ခြောက်လသား၊ ခုနစ်လသားအရွယ်သို့ ရောက်နေပေသည်။ 


ထို့နောက် ရေထဲရှိ စွမ်းအင်တို့မှာ မလုံလောက်သေးကြောင်း သိလိုက်ရသည့်အတွက် သူသည် ကျန်အာဟာရဖျော်ရည်များနှင့် ချီအားဖြည့်ဆေးလုံးများကို ရေကန်ထဲ ထပ်ထည့်ပေးလိုက်သည်။ 


ထိုသို့ ပြုလုပ်ပေးပြီးနောက် ရေချိုးခန်းထဲမှ ထွက်မသွားဘဲ အပြင်ဘက်တွင် ရှိနေသူများကို ဆက်သွယ်လိုက်သည်။ 


ထိုသူတို့၏ အစီရင်ခံမှုမှတစ်ဆင့် ဖြစ်ရပ်အလုံးစုံကို သိရှိသွားတော့၏။ 


လောယာအင်ပါယာတွင် ငြိမ်းချမ်းရေးကို လိုလားသည့် ရှေးရိုးစွဲ ကွန်ဆာဗေးတစ်ပါတီဝင်များနှင့် အစွန်းရောက်ဝါဒီကို လက်ကိုင်ထားသူများဟူ၍ ဂိုဏ်းဂဏနှစ်ခု ကွဲနေပေသည်။ 


အစွန်းရောက်ဝါဒီများသည် လူသားများကို အမြဲလိုလို အထင်အမြင်သေးကာ လူသားများအား စွမ်းရည်ပေးခဲ့ခြင်းမှာလည်း အစမ်းသပ်ခံအဖြစ် အသုံးပြုလို၍သာဖြစ်သည်။ သို့သော် ကွန်ဆာဗေးတစ်တို့က ဟန့်တားခဲ့သဖြင့် ထိုအကြံမှာ မအောင်မြင်ခဲ့ချေ။ 


ကိတ်နှင့် Crohn တို့ကိုမူ ကွန်ဆာဗေးတစ်များဟု သတ်မှတ်၍ ရပေမည်။ သူတို့သည် လူသားများကို အထင်မကြီးသည့်တိုင် ဒုက္ခပေးလိုခြင်းလည်း အလျဉ်းမရှိပေ။ ဤတစ်ကြိမ်တိုက်ခိုက်မှုမှာလည်း အစွန်းရောက်တို့၏ လက်ချက်သာ ဖြစ်သည်။ 


ထိုသူတို့တွင် နည်းပညာမြင့် ပစ္စည်းကိရိယာများနှင့် အသိဉာဏ်တုများစွာ ရှိသည့်အတွက် ပြပွဲထဲရှိ စက်ရုပ်များကို ထိန်းချုပ်ရန်မှာ အင်မတန် လွယ်ကူလှပေသည်။ အကယ်၍ ကိတ်နှင့် Crohn ေကြာင့်သာ မဟုတ်ခဲ့ပါလျှင် ကျောက်မိသားစုရှိ ပစ္စည်းကိရိယာများကို ထိန်းချုပ်ပြီး ကျောက်အိမ်တော်ထဲသို့ အလွယ်တကူ ဝင်ရောက်လာကြမည်ဖြစ်သည်။ 


သို့သော် ထိုအစွန်းရောက်များသည် ဖက်ဒရယ်ရှိ နေရာများနှင့် မရင်းနှီးသည့်အတွက် သူတို့၏ နည်းပညာများမှာ မည်မျှပင် အင်အားကြီးနေပါစေ ရမ်ရှန့်နှင့် အခြားသူများအကြောင်း အတွင်းကျကျသိမည် မဟုတ်ချေ။ ထိုသို့ လုပ်ဆောင်နိုင်ရန် အတွင်းလူများဖြစ်ကြသော ရန်နှင့် လော့ခဲမိသားစု၏ အကူအညီကို ယူခဲ့ရပေမည်။ 


သူတို့က ရန်နှင့် လော့ခဲမိသားစုကို တစ်ခုခု ကတိပေးခဲ့၍သာ ထိုသို့ ပူးပေါင်းခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။ အကြောင်းမှာ ကျောက်လင်းယွီသာ လောယာအင်ပါယာနှင့် ဆက်ဆံရေးကောင်းတစ်ရပ် ထူထောင်နိုင်သွားပါလျှင် သူတို့ကို တစ်ဖန်ပြန်ပြီး ဖိနှိမ်မည်ကို စိုးရိမ်နေကြ၍ဖြစ်သည်။ 


"အရှင်ဖမ်းမိထားတဲ့ ဟိုစွမ်းရည်ပိုင်ရှင် အမျိုးသမီးကို အကြီးအကဲထန့်လက်ထဲ ထည့်လိုက် ပြီးတော့ ရန်နဲ့ လော့ခဲမိသားစုအကြောင်း အခုရှာတွေ့ထားတဲ့အချက်အလက်တွေကို ဟိုးအရင်က ငါတို့ရှာတွေ့ထားတာတွေနဲ့ပါပေါင်းပြီး သတင်းဖြန့်လိုက် ..." 


သူက ပြောလိုက်သည်။


ရန်မိသားစုဖြစ်စေ လော့ခဲမိသားစုဖြစ်စေ တစ်ခုခုကို ကိုင်တွယ်လိုက်ပါလျှင် ဖက်ဒရယ်တစ်ခုလုံး ကသောင်းကနင်း ဖြစ်သွားနိုင်၍ များစွာ သည်းခံပေးထားသည့်အနေဖြင့် သူတို့၏ လက်ပါးစေများကိုသာ ရှင်းထုတ်ခဲ့ခြင်းဖြစ်သည်။ 


သို့သော် ယခု ပြန်စဉ်းစားကြည့်ကာမှ သူသည် ထိုသူတို့အပေါ် အလွန်အမင်း ကြင်နာပေးခဲ့မိပေသည်။ 


ထိုသူများကိုသာ ဖက်ဒရယ်တွင် ဆက်ထားထားပါလျှင် မည်သို့မှ တိုးတက်နိုင်တော့မည် မဟုတ်‌ချေ။ ထို့ကြောင့် ဒုက္ခပေးနေသော အကျိတ်နှစ်ခုကို မကြာချက်ခြင်း ရှင်းထုတ်ပစ်ပေတော့မည်။ 


သူ့မျက်ဝန်းထဲရှိ အနီရောင်အလင်းတန်းတို့ တစ်ဖြေးဖြေး ပြန်မှိန်လာကာ မူလအနက်ရောင်မျက်ဝန်းပုံစံ ပြန်ဖြစ်လာရန်ကိုပင် များစွာ အချိန်ယူလိုက်ရသည်။ ထို့နောက်တွင်တော့ တစ်ခုပြီးတစ်ခု အမိန့်များကို ဆက်တိုက် ပေးလိုက်တော့သည်။ 


လော့ခဲမိသားစုနှင့် ရန်မိသားစုတို့သည် ကျောက်လင်းယွီမှာ သူတို့ထက် သန်မာသည့်တိုင် ထိုမျှအထိတော့ သန်မာလိမ့်မည် မဟုတ်ဟုသာ တွေးခဲ့ကြပေသည်။ သို့သော် ကျောက်လင်းယွီက သတင်းထုတ်ပြန်လိုက်ကြောင်း ကြားသိရချိန်၌ သူတို့တွင် ခုခံရန်ခွန်အား မရှိတော့ပေ။ 


ထိုအချိန်တွင် Crohn က ယာဉ်ပတ်လမ်းကြောင်းကို ဖြတ်ကျော်နိုင်သွားပြီဖြစ်သည်။ 


သူတွက်ဆထားသည့်အတိုင်းပင်  လမ်းကြောင်း၏ အခြားတစ်ဖက်သည် လောယာအင်ပါယာတည်ရှိရာကြယ်၏ အလယ်ဗဟိုရှိ ကွင်းပြင်ဖြစ်သည်။ ထိုနေရာတွင် လူအနည်းစုက ကြိုဆို‌နေကြပြီး ထိုသူအားလုံး၏ အဆင့်မှာ ၅ နှင့် ၆ သာ ရှိကြပေသည်။ 


လူများများ စေလွှတ်ပါလျှင် သတင်းပေါက်ကြားနိုင်ချေ ပိုမြင့်သွားကာ ရမ်ရှန့်တို့ကို ဖမ်းဆီးရန် အခွင့်အရေးပင် မရနိုင်မည်ကို စိုးရိမ်သဖြင့် ထိုလူနည်းစုသာ ရောက်နေခြင်းဖြစ်သည်။ 


ထိုသူများက မွေးကင်းစကလေးကိုပင် တိုက်ခိုက်ရက်သည်ဟု တွေးလိုက်မ်ိချိန်တွင် Crohn ၏ မျက်နှာပြင်တစ်ခုလုံး ဒေါသတို့ဖြင့် ဖုံးလွှမ်းသွားကာ သူ၏ ‌မီးတောက်နီရောင်မက်ခါထဲမှ ဓါးကို ဆွဲထုတ်ပြီး သူ့ရှေ့တွင် ရပ်နေသူများကို လွှဲခုတ်လိုက်တော့သည်။ 


အသက်သေသည်အထိ မသတ်ဘဲ ပြင်းပြင်းထန်ထန် ဒဏ်ရာရစေကာ ထိုသူတို့၏ မက်ခါကိုပါ တစ်စစီ ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် ခေါင်းဆောင်ဖြစ်သူ၏ ရင်ဘက်ကို တက်နင်းကာ မေးလိုက်သည်။ 


"ငါ့ရှေ့ကနေ ထွက်လာတဲ့ကောင်ရော ဘယ်မှာလဲ ..." 


"ဘာကြီး မင်းအရှေ့မှာ ဝင်သွားတဲ့သူ ရှိသေးတယ်လား ..." 


ခေါင်းဆောင်မှာ ထိတ်လန့်သွားဟန်ပင်။ 


Crohn မှာ သူထွက်လာစဉ်က ထိုသူများ၏ လက်ထဲတွင် လက်နက်ရှိမနေကြောင်းကို သတိရလိုက်သည့်အတွက် ခေါင်းဆောင်၏ စကားများကို ကြားလိုက်ရချိန်တွင် စိုးရိမ်ရေမှတ်တို့ မြင့်တက်သွားတော့သည်။ 


ဟိုတစ်ယောက်ရဲ့ မက်ခါက နည်းနည်းလေး ပျက်စီးသွားသေးတယ်ဆိုပေမယ့် ယာဉ်ပတ်လမ်းထဲမှာတော့ မတော်တဆ မဖြစ်နိုင်လောက်ဘူး မဟုတ်လား အဲဒါကြောင့်သာ သူ့မက်ခါက ကောင်းပေမယ့် အဲဒီ့လူကို အမီမလိုက်နိုင်တာပေါ့ ပြီးတော့ ဒီလူတွေကလည်း သူထွက်လာတာနဲ့ မတိုက်ခိုက်ဘဲ နှုတ်ဆက်ကြတာ‌လား ... 


ထိုအကြောင်းကို တွေးရင်း Crohn ၏ အမူအယာမှာ ပြောင်းလဲသွားတော့သည်။

118.2


လူတို့ဖန်တီးထားသည့် ယာဉ်ပတ်‌လမ်းကြောင်းမှာ ယေဘုယျအားဖြင့် လုံခြုံသည်ဟု ဆို၍ရပေသည်။ သို့သော် အကယ်၍ ထိုလမ်းကြောင်းထဲတွင် စစ်သင်္ဘော သို့မဟုတ် မက်ခါတစ်စီး မတော်တဆ ဖြစ်ခဲ့ပါလျှင် လမ်းကြောင်းထဲမှ ဆွဲထုတ်ကာ ခြေဦးတည့်ရာသို့ လွှင့်ပစ်ခံရမည်ဖြစ်သည်။ ဒါပေမယ့် မွေးကင်းစကလေးလေးကသာ နာမည်တောင် မရှိတဲ့ ကြယ်‌တွေထဲ လွှင့်ပစ်ခံလိုက်ရရင် အသက်ရှင်နိုင်ပါတော့မလား ... 


ထိုသို့သော ရလဒ်မျိုးနှင့်စာလျှင် Crohn သည် ထိုသူများသည် ယာဉ်ပတ်လမ်းကြောင်းမှ အောင်အောင်မြင်မြင် ထွက်ခွါနိုင်ကာ ကလေးကိုလည်း ဖမ်းဆီးထားလိုက်ပြီဟူ၍သာ ယုံကြည်လိုက်ချင်တော့သည်။ 


သူ့ရှေ့တွင် လဲနေသူများကို ကြိုးဖြင့်တုပ်နှောင်ကာ အေးစက်စွာ သရော်လိုက်သည်။ 


"မင်းတို့အားလုံးကို ဧကရာဇ်ဆီ ခေါ်သွားမယ် သူ့နောက်ကွယ်မှာ ပြဿနာရှာနေတဲ့ကောင်တွေမှာ ဘယ်လိုအကျိုးဆက် ဖြစ်လာမလဲဆိုတာ ကြည့်ကြသေးတာပေါ့ ..." 


သူက စိတ်လက်မကြည်မသာဖြင့် ပြောလိုက်ပြီး ပြန်ပေးဆွဲခံလိုက်ရသည့် ကလေးအကြောင်း တွေးလိုက်မိချိန်တွင် ပို၍ပင် စိတ်လေးလံသွားတော့သည်။ 


ကျောက်လင်းယွီနှင့် ရမ်ရှန့်က သူ့ကို ကလေးရရန် ကူညီပေးခဲ့သော်ငြား သူ့အင်ပါယာကမူ ထိုသူတို့၏ ကလေးကိုပင် ပြန်ပေးဆွဲလိုက်သေးသည်။ 


ရှေ့လျှောက် ကျောက်လင်းယွီကို ဘယ်လိုရော မျက်နှာပြရပါ့မလဲ ပြီးတော့ သူကရော သန္ဓေတည်ဆေး ထပ်ပြီး ပေးပါတော့မလား ... 


Crohn က အင်ပါယာအနှံ့ ကလေးလိုက်ရှာရန် အပူတပြင်း ကြိုးစားနေစဉ် လူတစ်စုက လောယာအင်ပါယာအစွန်းရှိ ဗီလာတံခါးကို  ဖျက်ဆီးနေကြသည်။ ထိုနေရာသည် နှစ်ထောင်ပေါင်းများစွာ အကြာကတည်းက စွန့်ပစ်ခံခဲ့ရသော အင်ပါယာအပိုင် ဂြိုဟ်တစ်လုံး ဖြစ်ကာ ထိုသူများမှာ စွန့်ပစ်ခံထားရသည့် နေရာရှိ တန်ဖိုးကြီးပစ္စည်းများကို လာရောက်ရှာဖွေကြခြင်းဖြစ်သည်။ 


လောယာအင်ပါယာ၏ လူဦးရေမှာ နည်းသည်ထက် နည်းလာသောကြောင့် အရင်းအမြစ် ကြွယ်ဝသည့် ဂြိုဟ်များကို တစ်ခုပြီးတစ်ခု စွန့်ပစ်လိုက်ရတော့သည်။ 


အင်ပါယာပိုင်နက်ထဲတွင် ထိုကဲ့သို့သောဂြိုဟ်များ တစ်ဖြေးဖြေး များပြားလာရာ "ရတနာမုဆိုး" ဟူသည့် အလုပ်အကိုင်သစ်တစ်ရပ်လည်း ပေါ်ထွန်းလာတော့၏။


"ရတနာမုဆိုး" ဟု အမည်ရသူများသည် တစ်ဦးချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ စွန့်ပစ်ခံဂြိုဟ်များသို့ သွားရောက်ကာ စွမ်းအင်ပုံဆောင်ခဲကဲ့သို့သော တန်ဖိုးကြီးပစ္စည်းများကို ရှာဖွေကြသည်။ ရံဖန်ရံခါ ကံကောင်းထောက်မပါလျှင် အမွေဆက်ခံသူမရှိဘဲ သေဆုံးခဲ့ရသည့် သူကြွယ်အိုကြီးများ၏ ကျန်ရစ်ခဲ့သော ရတနာပစ္စည်းများကိုပင် တွေ့ရှိနိုင်ပေသည်။ 


ထိုဂြိုဟ်များတွင် တန်ဖိုးကြီးပစ္စည်းများ ရှာမတွေ့ခဲ့လျှင်ပင် ရှေးဟောင်းအမွေအနှစ်ပစ္စည်းများကိုတော့ မလွဲမသွေ တွေ့နိုင်မည်ဖြစ်သည်။ 


ဗီလာတံခါးကို ဖျက်ဆီးနေသည့် အုပ်စုမှာလည်း "ရတနာမုဆိုး" များပင်ဖြစ်သည်။ 


"ဒီဗီလာရဲ့ မြေအောက်ခန်းထဲမှာ မက်ခါစု‌ဆောင်းသူတွေ အကြိုက်တွေ့နိုင်မယ့် နှစ်တစ်ထောင်ကျော်သက်တမ်းရှိတဲ့ မက်ခါတစ်စီး ရှိတယ်တဲ့ အဲဒါတစ်ခုပဲ ရလိုက်ရင်တောင် ဒီကိုလာရကျိုးနပ်သွားပြီ ..." 


အဖွဲ့ခေါင်းဆောင် မူခါ့သီက မက်ခါကို ဂရုတစိုက် ထုတ်ယူစေရင်း ဝမ်းသာအားရ ရယ်မောလိုက်သည်။ 


နည်းနည်းဝေးဝေးသွားဖို့ ဆုံးဖြတ်လိုက်မိတာ မှန်သွားပြီပဲ ... 


"ခေါင်းဆောင် အဲဒါ ဘာကြီးလဲ ..." 


လူငယ်လေးက လေထဲကို အံ့ဩတကြီး ညွှန်ပြလိုက်သည်။ 


"မက်ခါ ပျက်စီးနေတဲ့ မက်ခါ အင်ပါယာက လာတဲ့ဟာပဲ ..." 


မူခါ့သီက သူ၏ အထူးစက်ပစ္စည်းနှင့် ပြုတ်ကျနေသည့် အရာကို လှမ်းကြည့်ကာ ပြောလိုက်သည်။ 


"သွားမယ် ယာဉ်မောင်းကို သွားကယ်ရအောင် ဒီမက်ခါက ဈေးပေါမယ့်ပုံ မပေါ်ဘူးဆိုတော့ မောင်းတဲ့သူကလည်း ကျိန်းသေ ချမ်းသာမှာပဲ ..." 


"ရတနာမုဆိုး" များကို အမှိုက်ကောက်သူများဟုလည်း ခေါ်ကြသေးသည်။ သာမန်အားဖြင့် အလွန်ဆင်းရဲသူများကသာ ရတနာမုဆိုး ဖြစ်လာကြ၍ဖြစ်သည်။ မူခါ့သီသည်လည်း အင်မတန် မွဲတေသူဖြစ်ရာ ဒုက္ခရောက်နေသည့် လူချမ်းသာကို တွေ့ရသည်နှင့်တစ်ပြိုင်နက် သေချာပေါက် ငွေရရာရကြောင်း ကြံတော့မည်ဖြစ်သည်။ 


မူခါ့သီနှင့် အခြားသူများလည်း သူတို့၏ ယာဉ်ပျံပေါ်မှဆင်းကာ ပျက်ကျနေသော မက်ခါထံ အပြေးအလွှား သွားလိုက်ကြတော့သည်။ ထို့နောက်တွင်တော့ မြေကြီးထဲတွင် နစ်မြှုပ်နေကာ တစ်စိတ်တစ်ပိုင်းသာ ‌အကောင်းအတိုင်း ကျန်တော့သော မက်ခါကို တွေ့လိုက်ရတော့သည်။ 


"အသက်ရှင်နေသေးတဲ့အရိပ်အယောင် တွေ့တယ် တံခါးကို လှပ်ကြည့်လိုက် ..." 


မူခါ့သီက ထိုသို့ပြောရင်း တံခါးကို ကျွမ်းကျွမ်းကျင်ကျင် ဖွင့်လိုက်သည်။ 


မောင်းနှင်သူမှာ ဆိုးဆိုးရွားရွား ဒဏ်ရာရနေလိမ့်မည်ဟု တွေးထားပြီးဖြစ်သော်ငြား ... 


ထိုထဲရှိ မောင်းနှင်သူမှာ အသက်ရှိမနေတော့။ သို့သော် သူ့ဘေးတွင်မူ သွေးများ ပေကျံနေသော ကလေးတစ်ဦးကို တွေ့လိုက်ရသည်။ 


ကလေးမှာ နှစ်နှစ်သုံးနှစ်အရွယ်ခန့်သာ ရှိသေးပြီး အဝတ်ဗလာဖြင့် တစ်ကိုယ်လုံး တွန့်လိမ်နေပေသည်။ သူ့စွမ်းအင်များမှာ ကသောင်းကနင်း ဖြစ်နေသည့်အတွက် အလွန် ကရုဏာသက်ဖွယ်ရာ ကောင်းလှသည်။ 


"ဘုရားရေ ပြောတော့ကျ ကလေးတွေအားလုံးက အင်ပါယာကြယ်မှာပဲ မွေးတာဆို ဘယ်လိုဖြစ်လို့ ဒီနေရာမှာ ကလေးသေးသေးလေး ရှိနေရတာလဲ ..." 


မူခါ့သီက သူ့ရှေ့တွင် ရှိနေသည့်ကလေးကို အလန့်တကြား ကြည့်နေလိုက်သည်။ 


"ကလေးရဲ့ စွမ်းရည်တွေက အရမ်းရှုပ်ထွေးနေတာပဲ ဒဏ်ရာရထားသေးသလားတောင် မသေချာဘူး သူ့ကို သွက်သွက်လေး ခေါ်ထုတ်လိုက် ..." 


အဖွဲ့ထဲရှိ တစ်ဦးတည်းသော အမျိုးသမီးက အလောတကြီး ပြောလိုက်သည်။ 


မူခါ့သီကလည်း မတုန့်မဆိုင်းဘဲ ထုတ်ယူလိုက်သည်။ ကလေးက သူ့ကို မျက်လုံးဖွင့်ကြည့်ပြီးနောက် တစ်ဖန် ပြန်မှိတ်သွားကာ နှုတ်ခမ်းဖျားဆီမှ ညည်းသံသေးသေးလေးကိုသာ ချန်ထားလိုက်တော့သည်။ 


ကလေး... တကယ်ကို ကလေးလေး ဖြစ်နေတာပဲ ... 


မူခါ့သီမှာ အသက်တစ်ရာ ရှိသည့်တိုင် ကလေးမရှိသေးသည့်အတွက် သူ့ရင်ခွင်ထဲမှ ကလေးကို လက်မလွတ်တမ်းသာ ချီထားချင်တော့သည်။ 


သို့သော် အခြားသူများမှာလည်း သူ့လိုပင် ချီပွေ့‌လိုနေကြပေသည်။ 


"ခေါင်းဆောင် ကျွန်တော်တို့လည်း ချီပါရစေဦး ..." 


"ခေါင်းဆောင် ကျွန်မက မိန်းကလေးဆိုတော့ ကလေးကို မြှူတတ်တယ် ..." 


"မဟုတ်ဘူး ငါပဲ ချီထားမှာ ..." 


မူခါ့သီက ငြင်းပယ်လိုက်သည်။ 


ထို့နောက် အဖွဲ့ထဲရှိ ဆရာဝန်က ပြောလိုက်သည်။ 


"ကလေးကို ကျွန်တော့်ကို ပေးပါ သူ့မှာ ဒဏ်ရာရှိမရှိ ကြည့်ရအောင်လို့ ..." 


မူခါ့သီက အင်တင်တင်ဖြင့် ကလေးကို လွှဲပေးလိုက်ပြီးနောက် ဘာဒဏ်ရာဒဏ်ချက်မှ ရမထားကြောင်း သိလိုက်ရသည်။ သူ့ကိုယ်ပေါ်ရှိ သွေးများမှာလည်း ယာဉ်မောင်း၏ သွေးများသာဖြစ်သည်။ 


"ငါသာဆို ဒီလိုချစ်စရာကောင်းတဲ့ကလေးလေးကို အသေခံပြီး ကာကွယ်ပေးမှာပဲ ..." 


မူခါ့သီက ကလေးကို ပြန်ယူပြီး ယာဉ်မောင်းကိုယ်ပေါ်မှ အထောက်အထားများကို ရှာခိုင်းလိုက်သည်။ 


သို့သော် သူ့ကိုယ်ပေါ်တွင် မည်သည့် အထောက်အထားကိုမှ မတွေ့ရပေ။ 


"ဒီလိုအရွယ်လေးတွေဆိုတာ အင်ပါယာကြယ်မှာပဲ နေသင့်တာလေ သူ့မိဘတွေရဲ့ အထောက်အထားက တစ်ခုခုမှားနေလို့များလား ..." 


အလောင်းကောင်ကို ကြည့်ရင်း သူ့အမူအယာတို့မှာ ပြောင်းလဲသွားတော့သည်။ 


ဒီလူက အလိုရှိရာဇဝတ်ကောင်တော့ မဟုတ်လောက်ပါဘူးနော် ... 


ဒီလူက သေသွားပြီဆိုတော့ ကလေးကို သူမွေးထားလို့ ရပြီပေါ့ ...


Xxxxxxxx