အပိုင်း ၁၁၉
Viewers 18k

Chapter 119


ညီလာခံအဆောက်အဦးတစ်ခုလုံး ပျက်စီးသွားသည့် ဓာတ်ပုံများမှာ ဖက်ဒရယ်အနှံ့ ပျံ့နှံ့သွားတော့သည်။ 


ရမ်ရှန့်၊ အကြီးအကဲဖန့်၊ အကြီးအကဲထန့်နှင့် တကယ်လုံး မည်းနက်နေသော ကျောက်လင်းယွီတို့၏ ဓာတ်ပုံများ အဓိက ပါဝင်ကာ အခြား ခံစားခဲ့ရသူများလည်း အများအပြား ပါဝင်ပေသေးသည်။ 


ထိုနေ့က လောယာအင်ပါယာမှ ဂြိုဟ်သားနှစ်ဦးက စက်ရုပ်များကို ထိန်းချုပ်ကာ အဆင်အခြင်မဲ့စွာ တိုက်ခိုက်ခဲ့သည့်အတွက် အပြစ်မဲ့သာမန်ပြည်သူများစွာ သေဆုံးခဲ့ရသည်။ သို့သော် အသက်ရှင်ကျန်ရစ်သူများလည်း အများအပြား ရှိနေပြီး ထိုသူများက ပြပွဲခန်းမအတွင်း ဖြစ်ပျက်ခဲ့သည်များကို ရိုက်ကူးမှတ်တမ်းတင်ခဲ့ကြသည်။ 


ရှောင်လွီကိုသုံးကာ ကယ်တင်ပေးခဲ့သည့် အကြီးအကဲထန့်၊ အသက်ကိုပင် စတေးကာ ထိုသူတို့ကို ဟန့်တားခဲ့သည့် အကြီးအကဲဖန့်၊ အပြင်းအထန် ဒဏ်ရာရထားသည့်တိုင် ထွက်ပြေးပုန်းရှောင်မသွားသော ဖန့်ချန်ကျွင့်နှင့် ကျောက်ဖမ်းတို့အားလုံးသည် ပြည်သူများ၏ စံပြသူရဲကောင်းများ ဖြစ်သွားတော့သည်။ 


သို့သော် ကြည့်ရှုမှုအများဆုံး ဓာတ်ပုံမှာမူ ရမ်ရှန့်ဖြစ်သည်။ 


တစ်ကိုယ်လုံး သွေးများ ရွှဲရွှဲစိုနေသော ရမ်ရှန့်က အပျက်အစီးပုံကို နောက်ခံထားကာ ကလေးများကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားရင်း ကောင်းကင်ကို မော့ကြည့်နေသည်။ 


"ဖျက်ဆီးခြင်းနှင့် အသစ်ဖွဲ့စည်းခြင်း" ထိုကဲ့သို့ အစွန်းနှစ်ဖက် လွန်ဆွဲနေသော ဓာတ်ပုံကြောင့် ကြည့်ရှုသူတိုင်းမှာ မျက်ရည်လည်ရွှဲ ဖြစ်ကုန်ကြတော့သည်။ 


ထိုဓာတ်ပုံများမှာ အချိန်တိုအတွင်းမှာပင် အဆင့်မြင့်မျိုးနွယ်စုတို့၏ သတင်းနှင့်အတူ ဖက်ဒရယ်အနှံ့ ပျံ့နှံ့သွားတော့သည်။ 


လူသားများအနေဖြင့် ဂြိုဟ်သားများ တည်ရှိနေကြောင်း သိထားသည်မှာ ကာလကြာမြင့်နေပြီဖြစ်သော်ငြား အဆင့်မြင့်မျိုးနွယ်စုတို့ တည်ရှိနေကြောင်းကိုမူ သာမန်လူများက မသိကြသေးချေ။ ထို့ကြောင့် ဤသတင်းသည် ဖက်ဒရယ်တစ်ခုလုံးကို အချိန်တိုအတွင်း ဝါးမျိုသွားကာ လူအများစုသည် အဆင့်မြင့်မျိုးနွယ်စုအပေါ် အမြင်ကောင်းမရှိကြတော့ချေ။ 


ထို့ကြောင့်ပင်လျှင် ကျောက်လင်းယွီ၏ ရန်မိသားစုနှင့် လော့ခဲမိသားစုတို့ကို ရှင်းလင်းသည့် လုပ်ငန်းစဉ်ကို တားမြစ်မည့်သူ မရှိကြတော့။ ရန်မိသားစု၏ တပ်ဖွဲ့များသည်ပင် သူ့ကို မခုခံတော့ဘဲ အချိန်တိုအတွင်း လက်နက်ချလိုက်ကြတော့သည်။ 


ကိစ္စအများအပြား ဖြစ်ပွားသွားပြီးနောက် အခြားသူများကိုသာ အင်တာနက်မှတစ်ဆင့် ဆောင်ရွက်စေပြီး သူကတော့ ရမ်ရှန့်နှင့် ကလေးသုံးယောက်အနားတွင်သာ နေပေးလိုက်တော့သည်။ သူတို့အနားမှ လွယ်လင့်တကူ ထွက်မလာရဲတော့ချေ။ 


"ရန်မိသားစုရဲ့ ဒုတိယတပ်ဖွဲ့ကတော့ ဖြိုခွဲစရာ မလိုအပ်ဘူး အရာရှိတစ်ချို့ကိုပဲ စစ်တပ်ဒေသအသီးသီးက တပ်သားတွေကို ဦးဆောင်ရမယ့်ရာထူး တိုးပေးလိုက် ပထမတပ်ဖွဲ့လည်း အတူတူပဲ ရှေ့လျှောက် ဖက်ဒရယ်မှာ တပ်ဖွဲ့ရယ်လို့ မခွဲတော့ဘူး စစ်ခရိုင်တွေပဲ ရှိလာလိမ့်မယ် ..." 


ကျောက်လင်းယွီက စခရင်တစ်ဖက်ခြမ်းတွင် ရှိနေသူများကို ညွှန်ကြားလိုက်သည်။ 


မူလက ဖက်ဒရယ်ကို S အဆင့် စွမ်းရည်ပိုင်ရှင်မိသားစု အသီးသီးက ထိန်းချုပ်သည့် တပ်မဟာ၇ခုဖြင့် ပိုင်းခြားထားသည်။ နောက်ပိုင်းတွင် ထိုမိသားစုများမှာ S အဆင့် စွမ်းရည်ပိုင်ရှင်များကို မမွေးထုတ်နိုင်တော့သည့်အတွက် တပ်ဖွဲ့ ၇ ဖွဲ့မှ ၂ ဖွဲ့သာ ဖြစ်လာတော့သည်။ 


အမှန်စင်စစ်တွင် ထိုကဲ့သို့သော ဖွဲ့စည်းပုံမျိုးမှာ ကျိုးကြောင်းမဆီလျော်လှပေ။ ဖက်ဒရယ်မှာ တစ်နေ့တစ်ခြား ကျယ်ပြန့်လာရာ စစ်ခရိုင်အလိုက် ခွဲခြားထားခြင်းကသာ အုပ်ချုပ်ရန် ပိုပြီး အဆင်ပြေပေသည်။ 


ကျောက်လင်းယွီသည် ရမ်ရှန့်၏ ကျေးဇူးကြောင့် သေရွာမှ ပြန်ရောက်လာကတည်းက ထိုအကြောင်းကို တွေးထားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က သူ့တွင် ဆက်ခံသူ မရှိသည့်အတွက် ကျောက်မိသားစု၏ ထိန်းချုပ်မှု မပါဘဲ ရန်မိသားစု စိတ်ကျေနပ်မှု မရှိစေရန် အင်အားများကို စုစည်းတိုးမြှင့်လိုခဲ့ခြင်းဖြစ်သည်။ 


"ဟုတ်ကဲ့ပါ မာရှယ် ..." 


စခရင်တစ်ဖက်ခြမ်းရှိ လူပေါင်းများစွာတို့က တစ်ညီတစ်ညွတ်တည်း ပြန်ဖြေလိုက်ကြသည်။ 


ကျောက်လင်းယွီက နောက်တစ်ခု ထပ်ပြောမည် ပြင်နေစဉ် သူ့ရှေ့ရှိ ဂျင်ဆင်းဝိဉာဉ်လေး လှုပ်ရှားလာသည်ကို မြင်လိုက်ရတော့သည်။ 


"ဒါဆို အဲဒါကို အရင်ကိုင်တွယ်လိုက် တစ်ခုခု အကြောင်းထူးရင် ပြန်ဆက်သွယ် ..." 


ထို့နောက် ဆက်သွယ်ရေးစက်ကို ပိတ်လိုက်စဉ် ရေကန်ထဲ လှဲနေသော ဂျင်ဆင်းပင်မှာ ရမ်ရှန့်အဖြစ်သိူ့ ပြန်ပြောင်းသွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ 


သူနှင့် တူနှစ်ကိုယ်ကျင့်ကြံပြီးနောက် ရမ်ရှန့်သည် လူငယ်အရွယ်အထိ ကြီးပြင်းလာခဲ့ပြီဖြစ်သော်ငြား ယခု ဒဏ်ရာရသွားချိန်တွင် တစ်ဖန် ပြန်ငယ်သွား‌ပြန်တော့၏။ 


လူသားပုံစံသို့ အပြည့်အဝ ပြောင်းလဲပြီးနောက် ၁၆နှစ် ၁၇ နှစ်အရွယ် လူငယ်လေး၏ မျက်တောင်တို့မှာ တဆတ်ဆတ်လှုပ်ကာ မျက်လုံးပွင့်လာတော့သည်။ 


"ကလေးကို ရှာတွေ့ပြီလား ..." 


သတိပြန်ရလာသည်နှင့် တစ်ပြိုင်နက် ရမ်ရှန့်က မေးလိုက်သည်။ 


"တောင်းပန်ပါတယ် ..." 


သူက ပြောလိုက်သည်။ သူသည်လည်း ကလေးကိုသာ လိုက်ရှာလိုသော်ငြား ဖက်ဒရယ်တွင် ချက်ခြင်းကိုင်တွယ်ရန် လိုအပ်သည့် အရေးကိစ္စများလည်း များစွာ ရှ်ိနေသေးသည်။ 


"ခင်ဗျားအပြစ် မဟုတ်ပါဘူး အားလုံးက ကျွန်တော့်ကြောင့်ပါ ..."


ရမ်ရှန့်က ပြောလိုက်သည်။ သူသာ ပိုပြီး သန်မာပါလျှင် သူ့ကလေးကို ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ 


"ရမ် မစိုးရိမ်ပါနဲ့ မင်းသက်သာလာတဲ့အချိန်ကျရင် ကိုယ်တို့တွေ ကလေးကို အတူတူ လိုက်ရှာကြမယ်လေ ..." 


သူက ‌ပြောလိုက်သည်။ သူသည် လတ်တလောတွင် ဖက်ဒရယ်၏ အရေးကိစ္စမျိုးစုံကို ကိုင်တွယ်နေရရာ ထိုကိစ္စများ ပြီးစီးသွားပါလျှင် လိုက်ရှာနိုင်တော့မည်ဖြစ်သည်။ 


"ကျွန်တော်က သက်သာနေပါပြီ ဘယ်လိုဖြစ်ပြီး ရက်တွေ အကြာကြီး သတိမေ့သွားရတာလဲ ..." 


ရမ်ရှန့်က ရေထဲမှ ထရပ်ကာ မေးလိုက်သည်။ သူ့ကလေးသုံးဦးက သူရှိရာဆီသို့ ရေကူးကာ ရောက်လာကြသည်။ 


"လေးရက် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


လေးရက် ဟုတ်လား ... 


ရမ်ရှန့်က အံကို တင်းတင်းကြိတ်လိုက်သည်။ အပင်တစ်ပင်အနေဖြင့် သူသည် နှစ်ပေါင်းများစွာ နေရောင်အောက်တွင် လှဲလျောင်းလာခဲ့ရရာ အတိတ်က သူ့အတွက်မူ လေးရက်တာကာလမှာ တစ်ခဏမျှသာ ဖြစ်သည်။ 


သို့သော် ယခုအချိန်တွင်မူ လေးရက်မှာ မတိုတောင်းလှ။ သူ့ကလေးကို အဝေးသို့ ‌ယူဆောင်သွားရန် လုံလောက်သည့် အချိန်ကာလပင်ဖြစ်သည်။ 


မတ်တပ်ထရပ်ကာ ကျောက်လင်းယွီ ပြင်ပေးထားသော အဝတ်တို့ကို မဝတ်တော့ဘဲ သူ့သစ်ရွက်များကိုသာ အစိမ်းရောင် ထသွားထလာဝတ်စုံအဖြစ် ဖန်ဆင်းလိုက်သည်။ 


"ကျွန်တော် သက်သာနေပါပြီ ..."

119.2


ကျောက်လင်းယွီက သူ၏ စိတ်အားထက်သန်မှုကို နားလည်နိုင်ကာ သူကိုယ်တိုင်သည်လည်း ကလေးကို အမြန်ဆုံး လိုက်ရှာလိုသော်ငြား ... 


"ရမ် အကြီးအကဲဖန့်ရဲ့ ဈာပနကို အရင်သွားကြရအောင် ..." 


ရမ်ရှန့်မှာ အေးခဲသွားကာ ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးရင်း သွေးဆုတ်သွားတော့သည်။ 


ပြီးခဲ့သည့်တိုက်ပွဲမှာ သူ့ရှေ့တွင် လူသေသွားခြင်းကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည့်အပြင် အကြီးအကဲဖန့်မှာ သူရင်းနှီးနေမိသူဖြစ်သည်။ 


"ဖေဖေ့ ..." 


အသံတစ်ခုက ရုတ်ချည်း ထွက်ပေါ်လာသည်။ ရမ်ရှန့်လည်း ငုံ့ကြည့်လိုက်ရာ သူ့ခြေထောက်ကို ဖက်တွယ်နေသော ကလေးတစ်ဦးကို တွေ့လိုက်ရသည်။ 


ကလေးလေးယောက်လုံးမှာ အတူတူ မွေးဖွားလာကာ ဥထဲမှ တစ်ချိန်တည်း ထွက်လာသည့်တိုင် ရုပ်ရည်မှာတော့ အနည်းငယ် ကွဲပြားပေသည်။ ရမ်ရှန့်မှာ ပထမကလေးကို မမြင်လိုက်ရသော်ငြား ကျန်သုံးဦးကိုမူ မြင်လိုက်ရသည့်အတွက် သူ့ကို ဖက်ထားသူမှာ ဥထဲမှ ဒုတိယမြောက်ထွက်လာသော ကလေးဖြစ်မှန်း သတိရလိုက်တော့သည်။ 


ကလေးက သူ့ခြေထောက်တစ်ဖက်လုံးကို တံတွေးတို့ဖြင့် နစ်ရွှဲသွားသည်အထိ ဝမ်းသာအားရ တတိတိ ကိုက်ဝါးနေသည်။ ကျန်တစ်ယောက်မှာ သူ့ဘေးနားတွင် ပျင်းတိပျင်း‌ရွဲဖြင့် ရေစိမ်နေကာ နောက်ဆုံးတစ်ယောက်မှာမူ မျက်နှာသေးသေးလေးဖြင့် အမူပယာမျိုးစုံ လုပ်ပြနေပေသည်။ 


ယခင်က ရမ်ရှန့်၏ အတွေးများကို ပြန်ပေးဆွဲခံရသော ကလေးကသာ ကြီးစိုးထားသော်ငြား ယခုမူ အသိပြန်ဝင်လာချေပြီ။ ကလေးသုံးယောက်စလုံးကို ပွေ့ချီလိုက်ကာ သူတို့အလယ်တွင် ခေါင်းအပ်ထားလိုက်၏။ 


အတက်ကြွဆုံးကလေးက သူ့ကို ပြန်ဖက်ကာ မျက်ရည်များကို သုတ်ပေးလိုက်သည်။ 


"ကလေးတွေက အရမ်းဉာဏ်ကောင်းတာပဲ သူတို့အဖေတွေကိုတောင် ခေါ်တတ်နေပြီ ..." 


ကျောက်လင်းယွီက ကလေးများကို အံ့ဩတကြီးကြည့်ရင်း ပြောလိုက်သည်။ 


ယခုရက်ပိုင်းတွင် သူ့အလုပ်များဖြင့် ရှုပ်နေသည့်အတွက် သူတို့ကို တစ်ခုတစ်လေမှ သင်ကြားမပေးနိုင်ရာ အဖေဟု ခေါ်လာခြင်းသည် ကလေးများ၏ စိတ်ကူးသပ်သပ်သာဖြစ်သည်။ 


ရက်သားလေးတွေပဲ ရှိသေး‌တာတောင် ဖေဖေလို့ ခေါ်နိုင်နေပြီ သူ့ကလေးတွေက တကယ်ကို ဉာဏ်ကောင်းတာပဲ ... 


"သူတို့ကလည်း ဂျင်ဆင်းဝိဉာဉ်တွေပဲဆိုတော့ ကျွန်တော့်ရဲ့ မှတ်ဉာဏ်တစ်ပိုင်းတစ်စကို အမွေရလာမှာပဲ ဒါပေမယ့် နည်းနည်းပဲ ပေးနိုင်မလားဆိုတာကိုတော့ စိုးရိမ်မိတုန်းပဲ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ စိတ်ဝိဉာဉ်ဆေးပင်အနေဖြင့် မျိုးပွားချိန်တွင် ဆန္ဒရှိပါက သူ့မှတ်ဉာဏ်တစ်ပိုင်းတစ်စကို လွှဲပေးနိုင်သော်ငြား ပထမဆုံးအနေဖြင့် အကြံဉာဏ်တစ်ခု အနည်းဆုံး ရှိရမည်ဖြစ်သည်။ 


သို့သော် သူသိထားသည့် ဗဟုသုတမှာ နည်းပါးလှသည့်အပြင် သူ့ကလေးများမှာ သွေးနှောဖြစ်သည့်အတွက် လက်ခံရရှိနိုင်မည့် မှတ်ဉာဏ်မှာ မများနိုင်လောက်ချေ။ သို့သော် မများပြားသည့်တိုင် သူတို့ကို ဖေဖေဟု ခေါ်နိုင်ရန်လောက်မှာမူ ပြဿနာ မဟုတ်ပေ။ 


"အဲဒီလိုမျိုးလည်း ရှိသေးတယ်လား ..." 


ကျောက်လင်းယွီက သူ့ကို တအံ့တဩ မေးလိုက်သည်။


 Crohn က သူ့ကလေးမှာ ယာဉ်ပတ်လမ်းကြောင်းထဲတွင် ပျောက်ဆုံးသွားပြီဟု ပြောခဲ့စဉ်က ကလေး၏ အသက်ရှင်သန်နိုင်မှုအပေါ် စိုးရိမ်ခဲ့မိသော်ငြား ယခု ရမ်ရှန့်၏ စကားများ ကြားလိုက်ရချိန်တွင်တော့ စိတ်သက်သာရာ ရသွားတော့သည်။ 


"ဘာဖြစ်လို့လဲ ..." 


ရမ်ရှန့်က သူ့ကို လှမ်းမေးလိုက်သည်။ ကျောက်လင်းယွီတွင် ပြောစရာစကားရှိနေသည်ဟု ခံစားမိလိုက်ပေသည်။ အတိတ်ကာလများတွင်မူ ကျောက်လင်းယွီ ပြောလိုသည့် ကိစ္စအပေါ် စိတ်မဝင်စားသည့်အတွက် ထိုကဲ့သို့ မေးခဲ့ခြင်း မရှိသော်ငြား ယခု အခြေအနေတို့မှာ မတူညီတော့ချေ။ 


ကျောက်လင်းယွီကလည်း ဖုံးကွယ်မထားဘဲ Crohn ပို့ထားသည့် သတင်းအားလုံးကို ပြန်ပြောပြလိုက်သည်။ 


"ကျွန်တော် လောယာအင်ပါယာကို သွားချင်တယ် ..." 


ရမ်ရှန့်က ကလေးများကို ပွေ့ချီထားရင်း အခိုင်အမာ ပြောလိုက်သည်။ 


မည်သည့်အရာကိုမှ ထိုမျှ တလေးတနက် မတောင်းဆိုဖူးသည့်အတွက် ကျောက်လင်းယွီက သူ့နဖူးကို နမ်းကာ ပြောလိုက်သည်။


"ကောင်းပြီ ..." 


..........


အကြီးအကဲဖန့်၏ ဈာပနကို ရင်းနှီးသော ဆွေမျိုး မိတ်ဆွေများဖြင့်သာ အကျဉ်းချုံး ကျင်းပပြီး ဖန့်ချန်ကျွင့်တစ်ဦးတည်းကသာ ထိုသူများကို လက်ခံတွေ့ဆုံနေရသည်။ 


ထိုကဲ့သို့သော ဈာပနအခမ်းအနားမျိုးကို သူ့မိခင်က ဦးဆောင်သင့်သော်ငြား အချိန်မီ ပြန်မရောက်နိုင်သည့်အတွက် အရာအားလုံးမှာ ဖန့်ချန်ကျွင့်၏တာဝန် ဖြစ်လာတော့သည်။ 


လေးရက်ကြာမြင့်ပြီးနောက် သူ့ခန္ဓာကိုယ်မှာ ပိုပြီး ပိန်ပါးလာသော်ငြား စိတ်အခြေအနေမှာတော့ ယခင်ကကဲ့သို့ ဆိုးရွားမနေတော့ချေ။ Gerd ကလည်း သူ့ဘေးတွင် တစ်ချိန်လုံး ရှိနေပေးပေသည်။ 


Gerd က သူ့အပေါ် ထားရှိသည့် ဖန့်ချန်ကျွင့်၏ ခံစားချက်များကို မယုံကြည်နိုင်၊ ကလေးလိုချင်၍သာ သူ့ကို ကပ်နေသည်ဟု ထင်ခဲ့သော်ငြား ယခု ရန်သူ့လက်ထဲ ကျရောက်ချိန်မှသာ သူ့အတွေးများမှာ အလွန်ကြောင်သူတော်ဆန်နေကြောင်း သိလိုက်ရတော့သည်။ 


သူသည်လည်း အမျိုးသားတစ်ဦးပင် ဖြစ်ရာ ထိုကိစ္စများကို နေကုန်နေခမ်း တွေးနေရန်အကြောင်း မရှိပေ။ ကလေးနှစ်ဦးမှာ စွမ်းရည်မတူညီကြရာ မွေးဖွားပြီးလျှင် တစ်ဦးစီ ထိန်းသိမ်းကြရမည်မှာ သာမန်ပင်ဖြစ်သည်။ ဖန့်ချန်ကျွင့်က ဆန္ဒရှိ၍ အတူတူ ပျိုးထောင်မည်ဆိုပါလျှင်လည်း မှားသည်ဟု မဆိုနိုင်ပေ။ 


ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့ ရောက်လာချိန်တွင် သူတို့နှစ်ဦးလုံးမှာ အံ့အားသင့်သွားရတော့သည်။ ဖန့်ချန်ကျွင့်က ကျောက်လင်းယွီကို နှုတ်ဆက်ပြီးနောက် ရမ်ရှန့်ကို ကြည့်ကာ ပြောလိုက်သည်။ 


"မင်းပြန်သက်သာလာတာ ဝမ်းသာပါတယ် ..." 


"တောင်းပန်ပါတယ် ကျွန်တော့်ကြောင့်သာ မဟုတ်ရင် ..." 


ရမ်ရှန့်က အပြစ်မကင်းစိတ်အပြည့်ဖြင့် ဆိုလိုက်သည်။ 


"မဟုတ်တာ မင်းနဲ့ ဘာမှမဆိုင်ပါဘူး လောယာအင်ပါယာကိုက လူသားတွေကို လူလို့ မမြင်တာလေ ..." 


ဖန့်ချန်ကျွင့်က သရော်ပြုံး ပြုံးကာ ပြောလိုက်သည်။ 


"အဲဒီ့လူတွေက ငါ့ကိုလည်း ဖမ်းဖို့ လုပ်သေးတယ် ..." 


Gerd က ပြောလိုက်သည်။ ရမ်ရှန့်ကြောင့်သာ မဟုတ်ပါလျှင် သူသည် ထိုအချိန်ကတည်းက သေသွားခဲ့မည်ဖြစ်သည်။ 


"ပြီးတော့ ငါ့ကြောင့်သာ မဟုတ်ရင် ဘယ်သူမှ စက်ရုပ်ပြပွဲကို သွားဖြစ်မှာ မဟုတ်ဘူးလေ ..." 


"အဲဒီ့အကြောင်းတွေ ပြောမနေနဲ့တော့ ..." 


ကျောက်လင်းယွီက တီးတိုးပြောလိုက်သည်။ 


"အကြီးအကဲဖန့်ကို အရင် နှုတ်ဆက်လိုက်ရအောင် ..." 


အကြီးအကဲဖန့်မှာ ခရစ်စတယ်ကဲ့သို့ ကြည်လင်နေသော ခေါင်းတလားထဲတွင် လဲလျောင်းနေကာ အသက်ရှိနေစဉ်ကနှင့် ဘာမှ မထူးချေ။ ထိုဘေးတွင်မူ တစ်ကိုယ်လုံး အနက်ရောင်လွှမ်းခြုံထားသော အကြီးအကဲထန့်က ထိုင်နေပေသည်။ 


အကြီးအကဲထန့်မှာ မငယ်တော့သည့်တိုင် သူ၏ စိတ်ဓာတ်မှာ အမြဲတက်ကြွနေတတ်သဖြင့် နုပျိုသည်ဟု သတ်မှတ်၍ ရပေသည်။ သို့သော် ယခုလက်ရှိ သူ၏ ပုံပန်းသဏ္ဍာန်မှာ အတိတ်ကာလများနှင့် လုံးဝ ကွာခြားနေတော့သည်။ 


‌ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့ကို မော့ကြည့်ရင်း သူက ပြောလိုက်သည်။ 


"ငါလည်း လောယာအင်ပါယာကို သွားမယ် ..."


Xxxxxxx