အပိုင်း ၁၂၀
Viewers 18k

Chapter 120


သူ၏ စကားလုံးများမှာ အနည်းငယ် ရင့်သီးဟန် ရှိသော်ငြား ကျောက်လင်းယွီ၏ အမူအယာမှာမူ ပြောင်းလဲမသွားချေ။ 


"ကျွန်တော်တို့တွေ လောယာအင်ပါယာကို သွားမယ်လို့ ဘယ်လိုလုပ်သိလဲ ..." 


"မင်းတို့က သေချာပေါက် သွားကြမှာပဲလေ ..." 


သူက ခါးသီးစွာ ပြုံးလိုက်သည်။ 


"မင်းတို့က လူရှာဖို့ သွားပြီးတော့ ငါကတော့ လက်စားချေဖို့ သွားမှာလေ အတူတူ သွားကြရင်ရော ဘယ်လိုလဲ ..." 


"ကောင်းပြီလေ ..." 


ကျောက်လင်းယွီက ခေါင်းငြိမ့်ပြလိုက်သည်။ 


အကြီးအကဲထန့်တောင် လက်စားချေမလို့ လုပ်နေရင် သူကရော ဘာလို့ မလုပ်နိုင်ရမှာလဲ သူ့ရင်ခွင်ထဲမှာ ရှိနေတဲ့ ကလေးတွေက နူးညံ့ပြီး မိဘကို မှီခိုနေရတုန်းဆိုရင် ပြန်ပေးဆွဲခံလိုက်ရတဲ့ ကလေးကလည်း ... 


သူ့ကတိစကားကို ကြားကာမှ အကြီးအကဲထန့်လည်း ခေါင်းတလားထဲရှိ အမျိုးသားရှိရာဆီသို့ ပြန်လှည့်လိုက်တော့သည်။ 


သူသည် ငယ်ရွယ်စဉ်အချိန်ကတည်းက သူ့ဝမ်းကွဲကို အားကျခဲ့ရသူဖြစ်သည်။ သူ့စွမ်းရည်မှာ ဝမ်းကွဲအစ်ကိုနှင့် မတူညီ၍ပင် သည်းသည်းထန်ထန် ငိုကြွေးဖူးကာ နောက်ပိုင်း ကြီးပြင်းလာချိန်တွင်လည်း ထိုသူကို အားတက်သရော သွေးဆောင်ခဲ့ပေသည်။ 


အကြိမ်များစွာ အငြင်းခံခဲ့ရသော်ငြား သူကတော့ ပို၍ပင် အတင့်ရဲလာခဲ့သည်။ နောက်ဆုံးတွင်တော့ တစ်ဖက်သူနှင့် တိတ်တဆိတ် အတူနေနိုင်သွားသော်ငြား မလွယ်ကူလှသည့် ခံစားချက်တစ်ခုတော့ ရှိနေဆဲဖြစ်သည်။ 


သူတို့၏ မိဘများက အတင်းအကြပ် မခွဲကြစဉ်အထိ ထိုအကြောင်းအရင်းကို နားမလည်ခဲ့ချေ။ 


သူတို့ ခွဲခွါခဲ့ရသည့်အချိန််မှာ အတူရှိရသည်ထက် ပိုပြီး များပြားလှသည့်တိုင် ထိုသူမှာ သူ့ဘဝအတွက် အရေးအကြီးဆုံးသူ ဖြစ်နေဆဲပင်ဖြစ်သည်။ 


ပြီးခဲ့သည့်တိုက်ပွဲ၌ သူ၏ အပင်စွမ်းရည်မှာ လုံးဝ အသုံးမဝင်ခဲ့။ ထိုသူ၏ ကာကွယ်ပေးမှုကြောင့်သာ မဟုတ်ပါလျှင် အစောကြီးကတည်းက အသက်ဆုံးရှုံးနှင့်ပြီဖြစ်သည်။ 


ယခုမူ ထိုသူမှာ သူ့ကို ချန်ထားရစ်ခဲ့လေပြီ။ ထို့ကြောင့် သူ့အတွက် လက်စားမချေပေးရန် အကြောင်းမရှိပေ။ 


"လောယာအင်ပါယာက ဟိုတစ်ယောက်ကို စစ်ဆေးတဲ့ကိစ္စရော ဘယ်လိုနေလဲ ..." 


ကျောက်လင်းယွီက ထပ်မေးလိုက်သည်။ သူသည် ခိုးပြီး ဝင်ရောက်လာသည့် ထိုစွမ်းရည်ပိုင်ရှင်အမျိုးသမီးကို မုန်းတီးလွန်းသည့်အတွက် လုပ်ရိုးလုပ်စဉ်များအတိုင်း မဆောင်ရွက်ဘဲ အကြီးအကဲထန့်၏ လက်ထဲသို့သာ တိုက်ရိုက်လွှဲပေးလိုက်သည်။ 


အကြီးအကဲထန့်၏ အမုန်းတရားမှာ သူ့ထက် သာလွန်သည့်အပြင် သူကိုယ်တိုင်သည်လည်း ရမ်ရှန့်အနားတွင်သာ ကပ်နေလိုသည့်အတွက် စစ်ဆေးမှုကိစ္စအဝဝကို အကြီးအကဲထန့်ကိုသာ လွှဲပေးထားလိုက်တော့၏။ 


အကြီးအကဲထန့်က သူမကို ကျကျနန ဂရုစိုက်ပေးလိမ့်မည်ဟု ယုံကြည်ပေသည်။ 


"သူမက ဘာမှမပြောဘူး ..." 


ထိုအမျိုးသမီးမှာ အင်မတန် နှုတ်လုံလှသည့်အပြင် သူ့ကိုယ်သူ သတ်သေရန်ပင် ကြံစည်လိုက်သေးသည်။ ဖက်ဒရယ်၏ နည်းပညာများမှာ သူမကို သတ်မသေနိုင်စေရန် ကာကွယ်နိုင်၍သာ တော်သေးသည်။ 


အကြီးအကဲထန့်၏ နုပျိုနေသော မျက်နှာတွင် တစ်ခါမှ မရှိဖူးသည့် ရက်စက်မှုတို့ လွှမ်းခြုံလာတော့သည်။ 


သူ့အမူအယာကို မြင်လိုက်သော ကျောက်လင်းယွီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ 


"သူမကို ဘာလုပ်လိုက်တာလဲ ..." 


"ခွဲစိတ်ပြီးတော့ အရိုးတွေအကုန် ထုတ်ခိုင်းလိုက်တယ်လေ ..." 


သူက ပြောလိုက်သည်။ 


လောယာအင်ပါယာသားများမှာ သန်မာလှသော်ငြား စွမ်းရည်ကုန်ခမ်းသွားသည့်အပြင် အရိုးများပါ အထုတ်ခံရသည့်အချိန်တွင်မူ ယခင်ကကဲ့သို့ များစွာ မခြိမ်းခြောက်နိုင်တော့ချေ။ ကျောက်လင်းယွီက စိတ်သက်သာသွားဟန်ဖြင့် သက်ပြင်းချလိုက်သော်ငြား ရမ်ရှန့်က ကောက်ကာငင်ကာ ဝင်ပြောလိုက်သည်။ 


"သူမက စိတ်စွမ်းအင်ကိုလည်း သုံးနိုင်သေးတယ် ..." 


လောယာအင်ပါယာမှ လူများသည် စိတ်စွမ်းအင်ကို အသုံးပြုနိုင်သော်ငြား ရမ်ရှန့်၏ အမြင်အရမူ ထိုသူများ၏ ထိန်းချုပ်နိုင်မှုမှာ အားနည်းသည့်အတွက် များစွာ စိုးရိမ်နေရန် မလိုအပ်ပေ။ 


"စိတ်စွမ်းအင် ..." 


အကြီးအကဲထန့်က တအံ့တဩ မေးလိုက်သည်။ 


"ခင်ဗျားမှာလည်း ရှိတယ်လေ ကျွန်တော် သင်ပေးမယ်..." 


ရမ်ရှန့်က ပြောလိုက်သည်။ အတိတ်အချိန်များက သူသည် ကောင်းကောင်းဖုံးကွယ်ထားနိုင်ရန် အလို့ငှာ များများစားစား ထုတ်မပြခဲ့သော်ငြား ယခုမူ ထိုအတွေးတို့ မရှိတော့ပေ။ 


ထိုသို့ပြောရင်း သူ့ရင်ခွင်ထဲရှိ ကလေးနှစ်ဦးကို ငုံ့ကြည့်လိုက်သည်။ တစ်ဉီးက သူ့ပုခုံးပေါ်တွင် မျက်စိမှိတ်ကာ လှဲနေပြီး ကျန်တစ်ဦးကမူ ဟိုဟိုသည်သည် လျှောက်ပတ်ကြည့်နေပေသည်။ 


နှစ်ဦးလုံးမှာ အားနည်းနေသည့်အတွက် သူက အကောင်းဆုံး ကာကွယ်ပေးရမည်ဖြစ်သည်။ 


"ရမ်ရှန့်ကလည်း တစ်ခြား အဆင့်မြင့်မျိုးနွယ်စုကပဲလေ ..." 


အကြီးအကဲထန့် မမေးခင် ကျောက်လင်းယွီက ပြောလိုက်သည်။ 


အကြီးအကဲထန့်က အတော်ကြာ အသံတိတ်နေပြီးကာမှ သက်ပြင်းချရင်း ပြောလိုက်သည်။ 


"ဒီလိုကိုး ..." 


ရမ်ရှန့်တွင် အသက်နှင့် ခန္ဓာကိုယ် ရုတ်ချည်းပြောင်းလဲသွားခြင်းတို့ကဲ့သို့သော လျှို့ဝှက်ချက်များစွာ ရှိနေသည့်အတွက် ထူးဆန်းနေမိခဲ့သော်ငြား ယခုမူ နားလည်သွားချေပြီ။ 


သို့သော် အခြားသူများကတော့ ရမ်ရှန့်ကို တစူးတစမ်း ကြည့်နေကြဆဲဖြစ်သည်။


ပြီးခဲ့တဲ့ရက်ပိုင်း မတွေ့ရတဲ့ အချိန်လေးမှာတောင် ရမ်ရှန့်က ပိုပြီး ငယ်လာသလိုပဲ ... ဒါပေမယ့် သူက အရင်ကတည်းက ဒီလိုလေး ဖြစ်နေတဲ့ပုံပဲဆိုတော့ ကျောက်လင်းယွီရဲ့ လက်တွဲဖော်လေးက တော်တော်ငယ်သေးတာပဲ ... 


အားလုံးက စပ်စုလိုသွားကြသော်ငြား မည်သူမှ ထုတ်မမေးရဲ။ ကျောက်လင်းယွီသည် ဖက်ဒရယ်ကို သာမန်ထက် လွန်ကဲစွာ ထိန်းချုပ်နိုင်နေပြီဖြစ်ရာ သူ၏ ရန်နှင့်လော့ခဲမိသားစုအပေါ် ကိုင်တွယ်ပုံများကို ကြည့်ရင်း မည်သူမှ မေးခွန်းမထုတ်ရဲကြတော့ပေ။ 


ထိုအချိန်တွင် ဈာပနအခမ်းအနားတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ 


ကျောက်လင်းယွီလည်း လှည့်ကြည့်လိုက်ရာ ငွေရောင်ဆံပင်၊ နီမြန်းနေသော မျက်လုံးတို့ဖြင့် ကိတ်ကို တွေ့လိုက်ရသည်။ 


သူ့အမူအယာမှာ ယခင်အတိုင်း မျက်နှာသေဖြင့်သာ ရှိနေသေးသော်ငြား လက်ထဲတွင် ဖက်ဒရယ်ကို ကိုယ်စားပြုပြီး ငြိမ်းချမ်းသည့်အဓိပ္ပါယ်ကို ဖော်ဆောင်သော ပန်းအဖြူများကို ကိုင်ဆောင်ထားသည်။ 


ယခုအချိန်တွင် ကိတ်၏ သရုပ်မှန်နှင့် မရင်းနှီးသူဟူ၍ ဖက်ဒရယ်တွင် မရှိတော့ချေ။ 


ကျောက်လင်းယွီက ရန်နှင့် လော့ခဲမိသားစုတို့ကို ပစ်မှတ်ထားချိန်တွင် လော့ခဲမိသားစုခေါင်းဆောင်က ကျောက်လင်းယွီကို သူတို့ကို အာခံသော အဆင့်မြင့်မျိုးနွယ်စုများက တိုက်ခိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြောလာသည်။ 


ထိုအခါ သူက ကိတ်ကို ‌ဆွဲထုတ်လာကာ ကနဦးက ဖက်ဒရယ်သည် လောယာအင်ပါယာနှင့် အကျိုးတူ‌ပူးပေါင်းရန် ရည်ရွယ်ထားခဲ့ကြောင်း၊ ရန်နှင့် လော့ခဲမိသားစုတို့နှင့် ပူးပေါင်းခဲ့သူများမှာ လောယာရှိ သူပုန်များသာဖြစ်ကြောင်း ရှင်းလင်းစေသည်။ ကိတ်ကလည်း ထိုအချက်အားလုံးကို တိတ်တဆိတ်သာ သဘောတူခဲ့၏။ 


ကျောက်လင်းယွီက လောယာအင်ပါယာမှာ လူသားများနှင့် ပူးပေါင်းလိုသည်ဟု ပြောခဲ့သည့်တိုင် ကိတ်သည် ထိုအင်ပါယာမှ ဖြစ်သည့်အတွက် ဈာပနသို့ တက်ရောက်လာသူတိုင်းက သူ့ကို ခါးခါးသီးသီး စိုက်ကြည့်နေကြသည်။ သို့သော် သူကတော့ ထိုသူများကို ဂရုစိုက်မနေဘဲ ပန်းအဖြူကို ရုပ်အလောင်းပေါ် တင်ကာ ကျောက်လင်းယွီထံ သွားလိုက်သည်။

120.2


"Crohn က သတင်းပြန်ပို့လာပါတယ် ..." 


"ကလေးအကြောင်းရော ဘာသတင်းရသေးလဲ ..." 


ကျောက်လင်းယွီက သူ့ရင်ခွင်ထဲရှိ ကလေးကို အမှတ်တမဲ့ ဖျစ်ညှစ်မိရင်း မေးလိုက်သည်။ ကလေးကလည်း ကြောက်အားလန့်အားဖြင့် သူ့နားကို ငုံ့ကိုက်လိုက်တော့သည်။ 


ထို့နောက် သူက ရမ်ရှန့်ကို မျက်ရည်အပြည့်ဖြင့် စိုက်ကြည့်ကာ အော်လိုက်သည်။ 


"အား ..." 


သို့သော် ရမ်ရှန့်မှာလည်း သူ့ညီငယ်နှစ်ယောက်ကို ချီထားရသေးသည့်အတွက် သူ့ကို မခေါ်နိုင်တော့ပေ။ 


"ကလေးက ရှာမတွေ့သေးဘူး ဒါပေမယ့် ရာဇဝတ်ကောင်နှစ်ယောက်ရဲ့ အချက်အလက်တွေကိုတော့ ရှာတွေ့ပြီ ..." 


ကိတ်က ပြောလိုက်သည်။ 


"ဘယ်သူတဲ့လဲ ..." 


ကျောက်လင်းယွီက ပြန်မေးလိုက်သည်။ 


"အချက်အလက်တွေက ဒီမှာ ..." 


ကိတ်က အချက်အလက်များကို ပေးလိုက်သည့်တိုင် သူ့အကြည့်တို့မှာမူ ကျောက်လင်းယွီနှင့် ရမ်ရှန့်တို့ ချီထားသည့် ကလေးများထံတွင်သာ ကျရောက်နေပေသည်။ 


"တစ်နေရာရာ ရှာပြီးမှ ဖွင့်ကြည့်ရအောင်လေ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ ထိုစကားကို ကြားလျှင် အကြီးအကဲထန့်ကလည်း ခပ်ပြုံးပြုံးဖြင့် ထလာလိုက်သည်။ 


လောယာအင်ပါယာမှာ လူဦးရေ နည်းပါးသည့်အတွက် သက်သေခံအထောက်အထား စာရင်းသွင်းရာတွင် တင်းကြပ်လှပေသည်။ ထို့ကြောင့် ဖက်ဒရယ်သို့ လာရောက်ခဲ့သည့် အဆင့်ခုနစ် စွမ်းရည်ပိုင်ရှင်နှစ်ဦးမှာလည်း သဲလွန်စများစွာ ကျန်ရစ်ခဲ့ပေသည်။ 


ထိုသူနှစ်ဦးလုံးမှာ စစ်တပ်ကို အတူတူဝင်ရောက်ခဲ့ကြခြင်း ဖြစ်သော်ငြား တပ်ထဲမှ ထွက်လာပြီးနောက် အဆက်အသွယ် မရှိကြတော့ပေ။ သူတို့သည် အဆင့်နိမ့်မျိုးနွယ်စုများကို နှစ်မြို့ခြင်းမရှိ၊ ထိုမျိုးနွယ်စုများကလည်း သူတို့ကို အထူးသဖြင့် စွမ်းရည်ပိုင်ရှင်အမျိုးသမီးကို ရွံ့ရှာစက်ဆုပ်ကြသည်ဆိုသည့် အချက်မှတစ်ပါး မည်သည့်နောက်ကြောင်းကိုမှ ရေရေရာရာ မတွေ့ရချေ။ ထိုအမျိုးသမီးသည် လူဦးရေ စတင်ဖွံ့ဖြိုးလာကာစ ရှေးဟောင်းဂြိုဟ်တစ်လုံးကို အညှာအတာမဲ့ မီးရှို့ဖျက်ဆီးခဲ့သဖြင့် စစ်တပ်မှ နှင်ထုတ်ခံခဲ့ရကာ ထိုကြောင့်ပင်လျှင် အဆင့်နိမ့်မျိုးနွယ်စုများက ပိုပြီး မုန်းတီးလာကြတော့သည်။ 


ထိုအချက်အလက်များမှတစ်ဆင့် များများစားစား မသိရသည့်အတွက် ကျောက်လင်းယွီလည်း ကိတ်ကို ပြန်ပေးလိုက်သည်။ 


"ငါတို့ လောယာအင်ပါယာကို သွားမလို့ ..." 


"ကောင်းပြီ ..." 


ကိတ်က ခေါင်းငြိမ့်ပြလိုက်သည်။ 


"Crohn ရဲ့ ယာဉ်ပျံလည်း အဆင်သင့်ဖြစ်နေပြီ ..." 


ကိတ်လည်း ထိုသို့ ပြောလိုက်ပြီးနောက် သူ့အကြည့်တို့ကို ရမ်ရှန့်ချီထားသည့် ကလေးများထံသာ ပြန်ပို့ထားလိုက်ပြီး အငယ်ဆုံးကလေးကလည်း သူ့ကို မဟူရာရောင်မျက်ဝန်းတစ်စုံဖြင့် စိုက်ကြည့်နေလိုက်သည်။ 


တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းစုံနေကြချိန်တွင် ကျောက်လင်းယွီ၏ လက်ထဲရှိ ကလေးက တစ်ခစ်ခစ် ရယ်မောလိုက်သည်။ အကြောင်းမှာ ကိတ်ကလည်း မျက်နှာသေဖြင့် ဖြစ်နေသလို အငယ်ဆုံးကလေးကလည်း မျက်နှာတည်ကြီးဖြင့် ကြည့်နေ၍ဖြစ်သည်။ 


ရမ်ရှန့်၏ ပုခုံးပေါ်မှ ကလေးက ပုံစံပြောင်းလိုက်ကာမှသာ ကိတ်လည်း သူ့ဗိုက်ကို အမူမဲ့အမှတ်မဲ့ ပွတ်မိလိုက်တော့သည်။ 


"မနက်ဖြန် စထွက်မယ်..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


"ကောင်းပါပြီ ..."


ကိတ်က ပြောလိုက်သည်။ သူက ထွက်ခွါမည့်ဟန် ပြုပြီးကာမှ ကျောက်လင်းယွီကို မေးလိုက်သည်။ 


"ကလေးတွေရဲ့ နာမည်က ဘာလဲ ..." 


နာမည် ... 


ကျောက်လင်းယွီမှာ ထိုအခါမှသာ တစ်ဖက်သူက သူ့ကလေးများ၏ နာမည်ကို မေးနေခြင်းဖြစ်ကြောင်း သဘောပေါက်သွားတော့သည်။ သူမေးလိုက်မှသာ ကလေးများကို နာမည်မပေးရသေးမှန်း သတိရသွားတော့၏။ 


ကလေးများအတွက် အနှစ်သာရပြည့်ဝကာ လှပခန့်ညားသည့် နာမည်များစွာ စဉ်းစားခဲ့ဖူးသော်ငြား ယခုမူ ကလေးတစ်ယောက်မှာမှ ရှိမနေပေ။ 


"သားကြီး ဒုတိယသား တတိယသား စတုတ္ထသား ..." 


သားကြီးဟု ပြောလိုက်ချိန်တွင် ရမ်ရှန့်၏ အသံမှာ အနည်းငယ် တုန်ယင်သွားသော်ငြား နောက်နာမည်သုံးခုကိုမူ သူနှင့် ကျောက်လင်းယွီ၏ လက်မောင်းထဲရှိ ကလေးများကို အသီးသီးညွှန်ပြရင်း ပြောလိုက်ခြင်းဖြစ်သည်။ 


ဂျင်ဆင်းဝိဉာဉ်များသည် ဆေးဖက်ဝင်အမျိုးအစားတစ်မျိုး ဖြစ်သည့်အတွက် ဆေးစာအညွှန်းတွင် သူတို့ကို "လသားအရွယ်ဂျင်ဆင်း" ဟူ၍ ဖော်ပြလေ့ရှိရာ သူ့ကလေးများကိုလည်း "ကလေး"ဟုသာ ခေါ်ကြမည်ဖြစ်သည်။ 


နာမည်တွေက ပြီးလွယ်စီးလွယ်နဲ့ တောဆန်လွန်းမနေဘူးလား ... 


အကြီးအကဲထန့်က အနည်းငယ် အံ့ဩသွားသော်ငြား ကိတ်ကမူ အလေးအနက် ခေါင်းငြိမ့်ပြလိုက်သည်။ 


"ရိုးရှင်းပြီးတော့ မှတ်မိလွယ်သားပဲ ..." 


"ကျေးဇူးတင်ပါတယ် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


"အခု အကြီးဆုံးသားက ဘယ်ရောက်နေပါလိမ့်နော် ..." 


ရမ်ရှန့်၏ သားကြီးမှာမု ယခုအချိန်တွင် အမှိုက်ကောက်.... မဟုတ်သေးဘူး ရတနာမုဆိုးအဖွဲ့၏ အဖွဲ့ဝင် ဖြစ်နေလေပြီ။ 


မူခါ့သီတို့၏ မူလရည်ရွယ်ချက်မှာ တန်ဖိုးကြီး မက်ခါကို ရှာတွေ့ပြီးလျှင် အိမ်ပြန်ရန် ဖြစ်သော်ငြား ယခု သူတို့တွင် ကလေးတစ်ဦး ရှိလာပေသည်။ 


မူခါ့သီက ကလေးကို မွေးစားရန် ဆုံးဖြတ်လိုက်သော်ငြား ကလေးမွေးစားသည့် လုပ်ငန်းစဉ်မှာ ထင်သလောက် မလွယ်ကူချေ။ 


"အင်ပါယာက နေရာအတည်တကျရှိတဲ့သူ၊ ကြွေးမြီကင်းပြီး ဘဏ်မှာ အနည်းဆုံး သန်းငါးဆယ် ပိုင်ဆိုင်ထားမှ ကလေးမွေးစားလို့ ရမယ်တဲ့ အခု  ..." 


မူခါ့သီက သူတို့တစ်ဖွဲ့လုံး၏ ပိုင်ဆိုင်မှုအားလုံးကို ရေတွက်ရင်း သက်ပြင်းချလိုက်သည်။ 


သူက တကယ်ကို မွဲနေတာပဲ တကယ်ကြီးကို မွဲနေတာ ... 


"ဒီဂြိုဟ်ကို နောက်တစ်ခေါက်လောက် ထပ်ပတ်ကြည့်လိုက်ရင် တန်ဖိုးကြီးတာလေး တစ်ခုတစ်လေလောက်များ တွေ့နိုင်မလားပဲ ..." 


အဖွဲ့၏ စွမ်းရည်ပိုင်ရှင်အမျိုးသမီး လော်ရီနာက မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။ 


"ဟုတ်တယ် ပိုက်ဆံမရှိရုံလေးတင် မဟုတ်ဘူးလား ဒီလောက်လေးက ငါတို့ကို မဟန့်တားနိုင်ပါဘူး ဒီဂြိုဟ်ကို နောက်ထပ်နည်းနည်းလောက် ထပ်ပတ်ကြည့်လိုက်ရင် ပစ္စည်းတွေ ထပ်ရှာနိုင်ဦးမှာ ကျိန်းသေတယ်  ..." 


အခြားတစ်ယောက်ကလည်း ဝင်ပြောလိုက်သည်။ 


လေထုက ရုတ်ချည်း တက်ကြွလာချိန်တွင် အဖွဲ့၏ ဆရာဝန်က ပြောလိုက်သည်။ 


"ကလေးက နိုးလာပြီ ..." 


ကလေးကို သူတို့ စတွေ့စဉ်ကတည်းက ထိုကလေးမှာ ဒဏ်ရာမရသည့်တိုင် သတိလစ်နေပြီး သူ့စွမ်းအင်များမှာလည်း ကသောင်းကနင်းဖြစ်နေသည်။ သူတို့၏ သုံးသပ်ချက်အရမူ ထိုကသောင်းကနင်း ဖြစ်မှုမှာ စွမ်းအင်တက်ကြွလာမှုကြောင့်သာ ဖြစ်ပေသည်။ သို့သော် ကလေးက နိုးလာခဲ့ချေပြီ။ 


မူခါ့သီ၊ လော်ရီနာနှင့် အခြားသူများက သူတို့တွင်ရှိသည့် အနူးညံ့ဆုံး အဝတ်များဖြင့် ပြုလုပ်ပေးထားသော အိပ်ယာထံ အပြေးအလွှား ရောက်သွားကြတော့သည်။ 


Xxxxxx