အပိုင်း ၁၂၁
Viewers 18k

Chapter 121


"*&%&$$##.... "


ကလေးက ငေးကြောင်ကြောင်ဖြင့် စိုက်ကြည့်နေရင်း သူတို့နားမလည်သည့် ဘာသာစကားတို့ဖြင့် ပြောနေသည်။ သူ့လက်ချောင်းမှတစ်ဆင့် မြောက်များစွာသော အမြစ်တို့ ထွက်လာကာ ထိုအမြစ်တို့မှာလည်း နူးညံ့ဟန် တူသည့်အပြင် အနည်းငယ်ပင် တုန်ရီနေသေးသည်။ 


"ဒီကလေးရဲ့ မွေးရာပါ စွမ်းရည်က ထူးဆန်းလိုက်တာ သူ့စွမ်းရည်က လက်ပွါးတွေ ထွက်လာတာမျိုးများလား မသိဘူးနော် ..." 


မူခါ့သီက ကလေး၏ အမြစ်ပွားများကို ကိုင်ကြည့်လိုက်ပြီးနောက် ၎င်းတို့မှာ အလွန်နူးညံ့နေသဖြင့် ထပ်ကာထပ်ကာ နမ်းရှုံ့လိုက်သည်။ 


တင်းနေအောင် ဆွဲဆန့်ထားသော အမြစ်ထိပ်ဖျားအားလုံး လိမ်ယှက်ကုန်ကာ တစ်ဖက်သူက မထိနိုင်ခင်မှာပင် နောက်ပြန်ဆုတ်သွားတော့သည်။ 


ထို့နောက်တွင်မှ မူခါ့သီလည်း တစ်စုံတစ်ခုကို ရုတ်ချည်း သတိရလိုက်တော့သည်။ 


"ကလေးရဲ့ ဉာဏ်ရည်က တစ်ခုခုများ မှားနေတာလား ..." 


ဒီကလေးက အနည်းဆုံး သုံးနှစ်သားလောက်တော့ ရှိရတော့မှာလေ ဘာလို့ သူတို့ပြောတာတွေကို နားမလည်တာလဲ ပြီးတော့ ငိုလည်းမငို ဂျီလည်းမကျဘူး ထူးဆန်းလိုက်တာ ... 


"ကြည့်ရတာတော့ ..." 


"သူ့ရဲ့ စိတ်စွမ်းအင်က မနိမ့်ဘူး အနည်းဆုံး အဆင့်ငါးတော့ ရှိတယ် သူ့ရဲ့ ဉာဏ်ရည်ကကျ ..." 


ဆရာဝန်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ 


"သူချစ်ခင်ရတဲ့သူ သေသွားတာကို မျက်ဝါးထင်ထင် တွေ့လိုက်ရလို့များလား ငါ့အထင်တော့ စိတ်ရောဂါဆရာဝန်နဲ့ ပြဖို့လိုမယ်ထင်တယ် ..." 


"သူ့ကိုကုပေးဖို့ ပိုက်ဆံရှာရမယ် ..." 


မူခါ့သီက ကောက်ကာငင်ကာ ထပြောလိုက်သည်။ 


"ကလေးက အရမ်း သနားဖို့ ကောင်းတာပဲ ..." 


ထို့နောက် ထုံထိုင်းထိုင်း ကလေးလေးကို သူ့ရင်ခွင်ထဲတွင်သာ ချီထားပြီး မည်သူ့ကိုမှ အထိမခံတော့ချေ။


အခုလေးတင်မှ မွေးဖွားလာကာ အသိဉာဏ်များကို လက်ခံရထားသူအနေဖြင့် ထိုကလေးမှာ အလွန်ဉာဏ်ကောင်းသည်ဟု ဆိုနိုင်သော်ငြား သူနားမလည်သည့် ဘာသာစကားတို့ဖြင့် ပြောဆို‌ဆက်ဆံနေသော နေရာသို့ ရောက်သွားရသည့်အတွက် ဉာဏ်ရည်ပိုင်းဆိုင်ရာတွင် ပြဿနာဖြ့စ်နေသည်ဟု အထင်လွဲခံလိုက်ရပေတော့သည်။ 


.......


ကျောက်လင်းယွီကလည်း လောယာအင်ပါယာသို့ သွားရန် လိုအပ်သည်များကို ပြင်ဆင်ထားပြီးဖြစ်သည်။ 


အကြီးအကဲဖန့်၏ ဈာပနပြီး‌ဆုံးသွားပြီးနောက် သူသည် ကိတ်ကို ခေါ်ကာ သူ့ရှေ့တွင်ပင် ရမ်ရှန့်ကို အာဟာရဆေးရည် ပြုလုပ်ပေးရန် ပြောလိုက်သည်။ ထို့နောက် ကိတ်အနေဖြင့် လောယာအင်ပါယာသို့ ယူဆောင်သွားနိုင်ရန် အာဟာရဆေးရည် ဖော်စပ်ရာတွင် သုံးရမည့် အစေ့များကိုပါ တစ်ပါတည်း ထုတ်ပေးလိုက်သည်။ 


သို့သော် သန့်စင်မြေကိုတော့ မပေးခဲ့ချေ။ 


ကိတ်အနေဖြင့် ဆေးရည်ဖော်စပ်သည့် လုပ်ငန်းစဉ်တစ်ခုလုံးကို အလွတ်ရရုံသာမက မျိုးစေ့များပါ ရှိနေသည့်တိုင် သန့်စင်မြေသာ မရှိပါလျှင် အာဟာရဆေးရည်ကို ဖော်စပ်နိုင်မည် မဟုတ်ချေ။ 


ထိုနည်းဖြင့် သူ၏ အရေးပါမှုကို သိစေလိုက်သည်။ 


သူသာ အရေးပါနေ‌သရွေ့ လောယာအင်ပါယာသည် သူတို့ကို အစွန်းရောက်များထံမှ ကာကွယ်ပေးထားမည်ဖြစ်သည်။ 


ဖော်စပ်ထားပြီးဖြစ်သော သန္ဓေတည်ဆေးနှင့် အာဟာရဆေးရည်များအတွက်မူ ... သူ့မိသားစုကိုသာ တစ်စုံတစ်ရာ ထိခိုက်စေပါလျှင် လုံးဝ ပေးမည်မဟုတ်ဟု ပြောထားသည့်အတွက် ထိုစကားကို ပြန်ပြင်‌မည်မဟုတ်ချေ။ 


ထိုအပင်များမှာ ကျောက်လင်းယွီနှင့် ရမ်ရှန့်တို့သာ စိုက်ပျိုးနိုင်ကြောင်းကို ကိတ်လည်း သိထားသည့်အတွက် ပစ္စည်းများကိုသာ လက်ခံထားပြီး သူတို့အတွက် အာကာသယာဉ် ပြင်ပေးလိုက်သည်။ နောက်နေ့မနက်တွင် ရမ်ရှန့်တို့နှစ်ဦးလုံး ယာဉ်ပျံပေါ် ရောက်နေပေသည်။ 


ဤတစ်ကြိမ်တွင်မူ ရမ်ရှန့်က တတိယနှင့် စတုတ္ထကလေးတို့ကို ချီမထားတော့။ ဒုတိယကလေး၏ စိတ်အားထက်သန်နေမှုကြောင့် သူနှင့် တတိယကလေးကိုသာ ချီထားပြီး စတုတ္ထသားကိုမူ ကျောက်လင်းယွီထံ ပေးထားလိုက်သည်။ 


ကျောက်လင်းယွီနှင့် စတုတ္ထသားတို့မှာ ရုပ်ချင်း ဆင်လှသည့်အပြင် မျက်နှာတည်ကြီးများဖြင့် ရပ်နေသောကြောင့် ပို၍ပင် ဆင်တူလာတော့သည်။ သားအဖနှစ်ယောက်ကို ကြည့်ရင်း ရှန်းချိုးရှစ်၏ မျက်ဝန်းတို့မှာ နီရဲလာသည့်တိုင် သူတို့ကိုတော့ မတားမြစ်ခဲ့ချေ။  ထိုအစား နောက်ကြောင်းအေးနိုင်စေရန် ဖက်ဒရယ်ကို ဂရုစိုက်ပါ့မည်ဟု ကျောက်ဖမ်းကို ကတိပေးစေလိုက်သည်။ 


သူတို့နှစ်ယောက် ယာဉ်ပျံပေါ် ရောက်ပြီး မကြာလိုက် အကြီးအကဲထန့်လည်း ရောက်လာသည်။ ရမ်ရှန့်ကို အံ့အားသင့်စေရန် အလို့ငှာ သူက Gerd နှင့် ဖန့်ချန်ကျွင့်တို့ကိုပင် ခေါ်ခဲ့သေးသည်။ 


"ခင်ဗျားလည်း လိုက်မလို့လား ..." 


ရမ်ရှန့်မှာ အနည်းငယ် ပဟေဠိဖြစ်သွားသည်။ 


"ဒါပေါ့ ငါတို့လည်း လိုက်မှာလေ ..." 


ဖန့်ချန်ကျွင့်က ပြောလိုက်သည်။ 


ငါတို့အတွက် လောယာအင်ပါယာက ဖက်ဒရယ်ထက် ပိုလုံခြုံတယ်လေ ... ပြီးတော့ လက်စားလည်း ချေချင်သေးတယ် ... 


လောယာအင်ပါယာမှ ဂြိုဟ်သားများအဖို့ ဖက်ဒရယ်သို့ လာရောက်ရန်မှာ လွန်စွာလွယ်ကူလှရာ သူတို့အနေဖြင့် ထိုသူတို့ကို တားဆီးနိုင်မည် မဟုတ်ချေ။ ‌သို့သော် သူတို့ကသာ လောယာအင်ပါယာကို သွားရောက်ခဲ့ပါလျှင် အခြေအနေက မတူတော့ချေ။ အင်ပါယာ၏ လုံခြုံရေးမှာ အားကောင်းလှသည့်အတွက် ထိုသူများက အင်ပါယာ၏ရှေ့မှောက်တွင် ရန်စရဲလိမ့်မည် မဟုတ်ချေ။ 


အပြည့်အဝ လုံခြုံလိမ့်မည်ဟုတော့ ယူဆ၍ မရသော်ငြား လက်ရှိအခြေအနေအရမူ များစွာ စဉ်းစားနေ၍ မရချေ။ 


ထိုအခါမှ ရမ်ရှန့်လည်း သဘောပေါက်သွားပြီး ကျောက်လင်းယွီကို မေးလိုက်သည်။ 


"မိဘတွေကရော ..." 


"မပူပါနဲ့ ကိတ်က သူတို့အတွက် လူနှစ်ယောက် ချန်ထားပေးခဲ့တယ် ပြီးတော့ သူတို့က တကယ်လည်း ဘာမှမသိဘူးလေ ..." 


ကျောက်လင်းယွီက လောယာသို့ ရောက်လျှင်ရောက်ချင်း ဧကရာဇ်နှင့် ညှိနှိုင်းရန် ဆုံးဖြတ်လိုက်သည်။ သူ့တွင် အချက်အလက် ခိုင်လုံနေပါသရွေ့ ဧကရာဇ်ကလည်း ရှေ့ဆက်တိုးလာမည် မဟုတ်ချေ။ 


အခြားသူဘက်မှ လှည့်ကွက်လုပ်လာနိုင်ခြင်း ရှိမရှိမှာမူ ... သူနှင့် ရမ်ရှန့်တို့သည် အသန်မာဆုံး မဟုတ်ကြသည့်တိုင် လှည့်ကွက်အချို့ကိုတော့ အလေးထားနေရန် မလိုအပ်ချေ။ ထို့အပြင် သူတို့သည် ကျင့်ကြံသူများ ဖြစ်ပေသည်။ 


ကျင့်ကြံခြင်းအကြောင်း တွေးရင်း သူက မျက်မှောင်ကြုတ်လိုက်သည်။ နောက်ဆုံးတိုက်ပွဲတွင် သူ၏ စွမ်းအင်ဗဟိုချက် ပျက်စီးသွားပြီး စွမ်းရည်တို့ တစ်ဖန် ပျောက်ကွယ်သွားသော်ငြား ထိုစွမ်းအင်တို့မှာ ခန္ဓာကိုယ်ထဲမှ လွတ်ထွက်မသွားဘဲ သူ၏ စိတ်စွမ်းအင်နှင့် ပေါင်းစပ်ကာ စွမ်းအင်သစ်တစ်ရပ် ဖြစ်ပေါ်‌လာပေသည်။

121.2


ယာဉ်မောင်းအခန်းထဲသို့ ပြန်ကာ ရမ်ရှန့်ကို စီမံစေပြီးနောက်တွင်တော့ မေးခွန်းထုတ်ရန် အခွင့်အရေး မရခဲ့လေရှာသည့် ကျောက်လင်းယွီ၏ မေးမြန်းစူးစမ်းရန် အချိန်သို့ ရောက်ရှိလာခဲ့တော့သည်။ 


"ခင်ဗျားက မိစ္ဆာကျင့်ကြံသူ ဖြစ်သွားတာ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ အတိတ်အချိန်များတွင် ကျင့်ကြံရေးလောကကို စိတ်စွမ်းအားကျင့်ကြံရေးနှင့် မိစ္ဆာကျင့်ကြံ‌ခြင်းဟူ၍ နှစ်ပိုင်းပိုင်းခြားထားခဲ့သည်။ 


စိတ်စွမ်းအားကျင့်ကြံသူများသည် ကောင်းကင်နှင့် မြေကြီးတို့မှ စွမ်းအင်များကို တစ်ဖြေးဖြေး စုပ်ယူပြီး ကောင်းကင်ဘုံသို့ တက်လှမ်းကြသည့် သာမန်ကျင့်ကြံသူများ ဖြစ်သည်။ သူ့ဆရာမှာလည်း ထိုကဲ့သို့သော ကျင့်ကြံသူပင်ဖြစ်သည်။


စိတ်စွမ်းအားကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါလျှင် မိစ္ဆာကျင့်ကြံသူများသည် တိုးတက်ရန် ပိုမိုမြန်ဆန်ကြသော်ငြား ထိုသူတို့၏ ကျင့်ကြံစဉ်မှာ ပိုပြီး မတည်မငြိမ်ဖြစ်ကာ ကောင်းကင်ဘုံသို့လည်း မတက်လှမ်းနိုင်ကြပေ။ သူတို့သည် စိတ်စွမ်းအင်ကိုသာ စုပ်ယူရမည့်အစား ပြင်ပအရာဝတ္ထုတို့၏ အကူအညီပေါ် မှီခိုကာ ကျင့်ကြံစဉ်ကို မြှင့်တင်ခဲ့၍ ဖြစ်သည်။ 


အချို့မိစ္ဆာကျင့်ကြံသူများက ခန္ဓာကိုယ်ထဲတွင် မိစ္ဆာသားရဲတို့၏ စွမ်းအင်များကိုပါ ပေါင်းထည့်ကြပြီး အချို့က အခြားသူများ၏ စွမ်းအင်များကို စုပ်ယူကြကာ အချို့ကမူ သာမန်သူတို့၏ အသွေးအသားများကို စွမ်းအင်အဖြစ် သုံးစွဲကြသည်။ ထိုသို့သော နည်းလမ်းများသုံးကာ ကျင့်ကြံကြသည့်အတွက် စိတ်စွမ်းအားကျင့်ကြံသူတို့ထက် ပိုပြီး မြန်ဆန်စွာ အဆင့်တက်နိုင်ကြသော်ငြား ထို့ကြောင့်ပင်လျှင် နှလုံးသားကို အမှောင်ဖုံးလွှမ်းမှု ပိုများလာကာ ကောင်းကင်ဘုံသို့ တက်လှမ်းရန် ပိုမိုခက်ခဲသွားကြတော့သည်။ 


အကယ်၍ ကျောက်လင်းယွီသာ ခန္ဓာကိုယ်သန့်စင်သည့်နည်းလမ်း စတင်ကျင့်ကြံချိန်တွင် သူ့ကိုယ်ပိုင်စွမ်းရည်ကို မမှီခိုခဲ့ပါလျှင် အစောကြီးကတည်းက မိစ္ဆာကျင့်ကြံသူ ဖြစ်နေနှင့်မည်ဖြစ်သည်။ 


သို့သော် ထိုအချိန်က မဖြစ်ခဲ့သည့်တိုင် ယခုတော့ ဖြစ်လာချေပြီ။ သူ့ဆရာက မိစ္ဆာကျင့်ကြံသူများသည် အခြားသူများကို ရည်ရွယ်ချက်ရှိရှိ နာကျင်အောင် ပြုကြသူများဟု ပြောထားဖူးသဖြင့် ရမ်ရှန့်မှာ မိစ္ဆာကျင့်ကြံသူများကို သဘောမကျသည့်တိုင် ကျောက်လင်းယွီ၌ ဖြစ်ပွားလာချိန်တွင်မူ လွယ်လင့်တကူပင် လက်ခံလိုက်သည်။ 


"မိစ္ဆာကျင့်ကြံသူ ဟုတ်လား ..." 


ကျောက်လင်းယွီလည်း အနည်းငယ် အံ့ဩသွားမိသည်။ 


ရမ်ရှန့်က ခေါင်းငြိမ့်ကာ အသေးစိတ် ရှင်းပြလိုက်သည်။ 


" မိစ္ဆာကျင့်ကြံသူဖြစ်သွားတာက ခင်ဗျားရဲ့အမှားကြောင့် မဟုတ်ဘူးနော် ဒီကမ္ဘာမှာ နှလုံးသားကို ချုပ်ကိုင်ပစ်မယ့် အမှောင်ဓာတ်တွေလည်း မရှိတော့ ကောင်းကင်ဘုံကို တက်နိုင်မတက်နိုင် စဉ်းစားနေစရာ မလိုဘူး ပြီးတော့ တူနှစ်ကိုယ်ကျင့်ကြံတာကလည်း ခင်ဗျားကိုယ်ထဲက ကသောင်းကနင်းဖြစ်နေ‌တဲ့ စွမ်းအင်တွေကို ကူညီဖြေရှင်းပေးနိုင်တယ်လေ အရေးအကြီးဆုံးအချက်ကတော့ မိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်က ခင်ဗျားရဲ့ ခွန်အားကို ပိုပြီးမြန်မြန် သန်မာလာစေတယ် ..." 


"အခုလည်း ကိုယ့်ခွန်အားတွေ အများကြီး တိုးတက်လာပြီလို့ ခံစားနေရတယ် ..." 


"တူနှစ်ကိုယ်ကျင့်ကြံရအောင် ..." 


ရမ်ရှန့်က ရုတ်ချည်း ပြောလိုက်သည်။ 


ထိုနည်းဖြင့်သာ သူတို့နှစ်ယောက်လုံးမှာ အချိန်တိုအတွင်း သန်မာလာကာ ကျောက်လင်းယွီသည်လည်း သူ့စွမ်းအင်များကို မည်သို့မည်ပုံ ထိန်းချုပ်ရမည်ဖြစ်ကြောင်း သဘောပေါက်လာမည်ဖြစ်သည်။ 


"ကလေးတွေကရော ..." 


ကျောက်လင်းယွီက တောင့်တင်းသွားသည်။ သူတို့ပြောနေစဉ်တစ်လျှောက်လုံး ကလေးများက အကြည့်မလွှဲစတမ်း စိုက်ကြည့်နေကြသည့်အတွက် တူနှစ်ကိုယ်ကျင့်ကြံရေးအကြောင်း လက်လွတ်စပယ် မပြောသင့်ဟု ခံစားလာရတော့သည်။ 


" နောက်ထပ်အရံအတားတစ်ခုကို ထပ်လုပ်လိုက်ဦးမယ် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ ကျင့်ကြံရေးလောက၏ အသုံးအနှုန်းအချို့မှာ နည်းပညာခေတ်အတွက်မူ ဆန်းပြားပွေလီလှပေသည်။ ဥပမာအားဖြင့် နည်းပညာများ မည်မျှပင် အားကောင်းနေပါစေ၊ အရံအတား၏ အတွင်းထဲသို့ မည်သည့်နည်းနှင့်မျှ ချောင်းကြည့်နိုင်မည် မဟုတ်ချေ။ 


ဤလောကတွင် စိတ်စွမ်းအင်များ ရှိမနေသည်ကသာ နှမြောစရာကောင်းသည့်အချက်ဖြစ်သည်။ ထို့ကြောင့် အကာအရံကို အသက်သွင်းရန် သူ့စိတ်စွမ်းအင်များကို အသုံးပြုရမည် ဖြစ်သော်ငြား ခွန်အား တိုးတက်လာစေရန် အလို့ငှာ ထိုအကြံကို လက်လျော့လိုက်သည်။ 


"ဒယ်ဒီ ..." 


ဒုတိယသားက ရမ်ရှန့်ထံ လက်ဆန့်တန်းရင်း မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ငိုတော့မည့်ဟန် ပြုလိုက်သည်။ သူသည် ထိုအကာအရံထဲသို့ မဝင်လိုပေ။ 


"ကောင်းကောင်းကျင့်ကြံကြနော် ..." 


ရမ်ရှန့်က ထိုသို့ပြောကာ ကလေးသုံးယောက်လုံးကို ပွေ့ဖက်ပြီး သန့်စင်မြေ စပါးစေ့တစ်စေ့ခန့်နှင့် စွမ်းအင်ပုံဆောင်ခဲ အနည်းငယ်ကို ပေးလိုက်သည်။ 


ထိုသန့်စင်မြေမှာ ကျောက်လင်းယွီထံမှ တိုက်ရိုက်ရလာသည့် သန့်စင်မြေ မဟုတ်ပေ။ ရမ်ရှန့်၏ အခြားအရာများကို စုပ်ယူရာမှ ရလာခြင်းဖြစ်သည်။ 


ထို့နောက် ကလေးသုံးဦးလည်း စကားပြောနေခြင်းကို ရပ်လိုက်ကြကာ စတုတ္ထသားက စတင်ကျင့်ကြံလိုက်တော့သည်။  ထိုအခါမှ ရမ်ရှန့်လည်း သက်ပြင်းချကာ သန့်စင်မြေနှင့် စွမ်းအင်ပုံဆောင်ခဲများကို သူ၏ ချမ်ခွမ့်အိတ်ထဲသို့ ထည့်လိုက်သည်။ 


ထိုညတွင် ‌သူတို့နှစ်ဦးသည် တူနှစ်ကိုယ်ကျင့်ကြံခြင်းကို အားသွန်ခွန်စိုက် ညလုံးပေါက် မရပ်မနား ကြိုးစားလိုက်ကြသည့်အတွက် နောက်တစ်နေ့မနက် နိုးလာချိန်တွင် ရမ်ရှန့်တစ်ကိုယ်လုံး အမှတ်အသားတို့ဖြင့် ပြည့်နှက်နေတော့သည်။ 


"မင်းတို့တွေ မနေ့ညက တော်တော်ကို ကြိုးစားခဲ့ကြတာပဲ ..." 


Gerd က ရမ်ရှန့်ကိုကြည့်ကာ တအံ့တဩ ပြောလိုက်သည်။ ကျောက်လင်းယွီမှာ ဤမျှ အားကြီးလိမ့်မည်ဟု ထင်မှတ်မထားပေ။ 


"အမ်း ... နည်းနည်းလေး စိတ်ဖိစီးနေလို့ပါ ..." 


ရမ်ရှန့်က ခေါင်းငြိမ့်ပြလိုက်သည်။ 


စိတ်ဖိစီးရင် ဒါမျိုး လုပ်ရမယ်လို့ ဘယ်သူပြောလဲအလျင်လိုနေရင် ခပ်သွက်သွက် စားရသောက်ရမှာ မဟုတ်ဘူးလား မင်းတို့တွေက အိပ်ယာထဲတောင် လူးလိမ့်နိုင်ကြသေးတယ်ပေါ့  ...


Gerd မှာ အတော်ကို အံ့ဩနေချေသည်။ 


ဖန့်ချန်ကျွင့်မှာတော့ အနည်းငယ် အားကျနေလေ၏။ သူသည်လည်း ထိုအခွင့်အရေးကို သုံးကာ Gerd အား စနောက်ချင်သော်ငြား သူ့အဘိုးအကြောင်း တွေးမိသည့်အတွက် ထိုအတွေးတို့ ပပျောက်သွားပြီး Gerd ၏ လက်ကိုသာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်တော့သည်။ 


အင်ပါယာသို့ လာသည့် သူတို့၏ ခရီးစဉ်ကို ဘေးကင်းလုံခြုံစေရန် အင်ပါယာက ယာဉ်ပတ်လမ်းကြောင်းကို စွမ်းအင်များစွာ အကုန်အကျခံပြီး ဖွင့်လှစ်ပေးခဲ့သည်။ ထို့ကြောင့် အင်ပါယာကြယ်သို့ တိတ်တဆိတ် ရောက်ရှိလာရန် တစ်ညအိပ်နှစ်ရက်သာ ကြာခဲ့ပေသည်။ 


နာရီအနည်းငယ် ကြာပြီးနောက် ကျောက်လင်းယွီတို့ တစ်ဖွဲ့လုံး လောယာအင်ပါယာ၏ ဧကရာဇ်ရှေ့မှောက်သို့ ရောက်ရှိသွားကြတော့သည်။ 


Xxxxxxx