အပိုင်း ၁၂၂
Viewers 18k

Chapter 122


ဧကရာဇ်မှာ ကျောက်လင်းယွီ တွေးထားသည်နှင့် တစ်ခြားစီပင်ဖြစ်သည်။ သူက အလွန်အင်အားကြီးကာ သွေးညှီနံ့ လှိုင်နေမည့် အမျိုးသားတစ်ဦးကို တွေ့ရလိမ့်မည်ဟု တွေးထားခဲ့မိသော်ငြား ဧကရာဇ်မှာ ကိတ်နှင့် Crohn တို့ထက် သန်မာသည့်တိုင် ဖော်ရွေတတ်သော ခပ်ဝဝအမျိုးသားတစ်ဦးသာဖြစ်သည်။ ထိုသူက အပြစ်ဆိုခြင်း အလျဉ်းမရှိရုံမျှသာမက Crohn လိုပင် မောက်မာခြင်း အလျဉ်းမရှိပေ။ 


"ကိုယ်တော့်မှာ စစ်ပွဲစတင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး တကယ်လို့ ရွေးချယ်ခွင့်ရှိမယ်ဆိုရင်တောင် လူသားတွေနဲ့ လောယာတွေကို တစ်သားတည်း ဖြစ်လာဖို့ကိုပဲ ပိုပြီး အားသာပါတယ် ..." 


ကျောက်လင်းယွီတို့ကို တွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ဝဲလ်အမည်ရ ဧကရာဇ်၏ နှုတ်ဖျားမှ ဤကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းလှသည့် စကားတစ်ခွန်း ထွက်ကျလာတော့သည်။ 


ကျောက်လင်းယွီက ချက်ခြင်း ငြင်းဆန်လိုက်သည်။ 


"မဖြစ်နိုင်ပါဘူး ..." 


အကယ်၍ လူသားများသာ လောယာအင်ပါယာနှင့် ပူးပေါင်းရပါလျှင် ဖက်ဒရယ်ရှိ ကေးများကဲ့သို့ပင် အဖိနှိပ်ခံဘဝသို့ ရောက်သွားရမည်ဖြစ်သည်။ 


"ဒီလိုမျိုး အလောတကြီး ငြင်းဆန်ဖို့ မလိုအပ်ပါဘူး တစ်ဖြေးဖြေးချင်း စဉ်းစားလို့ ရပါတယ် ..."


ဝဲလ်က သူ့ဗိုက်ပေါ်ရှိ အဆီပိုတို့ တသိမ့်သိမ့်တုန်သည်အထိ ရယ်မောရင်း ပြောလိုက်သည်။ ထိုသူ့ထံတွင် အဆင့်ကိုးစွမ်းရည်ပိုင်ရှင်နှင့် ဆင်တူသည့် အရိပ်အ‌ယောင် တစ်ခုတစ်လေကိုမှ မတွေ့ရချေ။ 


"ဒါဆိုရင်တော့ အရှင့်ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် ဒီတစ်ခေါက် အင်ပါယာကို ရောက်လာတာက ကိစ္စတစ်ခုအကြောင်း ဆွေးနွေးချင်လို့ပါ ..." 


ကျောက်လင်းယွီက ရိုင်းပျခြင်းမရှိဘဲ ဆိုလိုက်သည်။ 


"ကလေးလာရှာတာ မဟုတ်လား ကလေးရဲ့ ဘေးကင်းရေးအတွက် သတင်း မထုတ်ပြန်သေးဘဲ အရင်ဆုံး မင်းတို့ရဲ့ ဆန္ဒကို မေးမလို့ ..." 


ဝဲလ်က ပြောလိုက်သည်။ သူသည် မငယ်ရွယ်တော့သည့်အတွက် တိုက်ခိုက်သတ်ဖြတ်ခြင်းတို့ကို စိတ်မဝင်စားတော့ချေ။ ကျောက်လင်းယွီနှင့် ရန်သူဖြစ်ရမည့်အစား သူ့ဘက်တော်သား ဖြစ်လာရန်သာ မဲဆွယ်လိုပေသည်။ 


"ကျွန်တော်တို့ ကိုယ့်ဘာသာကိုယ် ရှာလို့ရအောင် အရှင်က သက်သေခံအထောက်အထားအချို့ ပေးဖို့ မျှော်လင့်မိပါတယ် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။  လောယာလူမျိုးတို့ကို မယုံကြည်သော်ငြား လောယာအင်ပါယာထဲတွင် လူလာရှာလိုပါလျှင် ထိုက်သင့်သည့် အထောက်အထား ရှိထားခြင်းက ပိုမိုကောင်းမွန်ပေသည်။ ထိုသည်သာမက သူတို့တွင်သာ အထောက်အထား ရှိထားပါလျှင် လူရှာနေရင်း အခြားကိစ္စများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်သည်။ 


"မင်းက တကယ်ကို ထက်မြက်တာပဲ ..." 


ဝဲလ်က ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


"မင်းတို့ကို တော်ဝင်ကောလိပ်ရဲ့ ဧည့်သည်တော်တွေအဖြစ် စီစဉ်ပေးထားမယ် အဲဒီမှာ လောယာရဲ့ နည်းပညာတွေကို လေ့လာရင်း ကလေးကိုလည်း လိုက်ရှာပေါ့ ..." 


"ကျေးဇူးတင်ပါတယ် ..." 


ကျောက်လင်းယွီက‌ ပြောလိုက်သည်။ သို့သော် သိပ္ပံနှင့် နည်းပညာအကြောင်း အမှန်တကယ် လေ့လာလိုပါလျှင် အွန်လိုင်းပေါ်မှ သင်လိုက်ခြင်းကသာ ပိုပြီး ထိရောက်မည်ဖြစ်ကြောင်းကိုတော့ သူလည်း သဘောပေါက်ထားပြီးဖြစ်သည်။ 


ထူးကဲသံမဏိကိုပင် မပြုလုပ်နိုင်သေးသည့် အခြေခံလူမျိုးစုများအဖို့ ယာဉ်ပျံဒီဇိုင်းရေးဆွဲခြင်းသည် အသုံးမဝင်လှပေ။ တော်ဝင်အကယ်ဒမီက သင်ကြားပေးမည့် သင်ခန်းစာများမှာ သူတို့အတွက် အကျိုးမထူးလှသော်ငြား အထောက်အထားမှာမူ အလွန် ကောင်းမွန်လှသည်။ 


အထောက်အထားနှင့် နေရာထိုင်ခင်းအားလုံး စီစဉ်ပေးပြီးနောက် အချက်အလက်အားလုံးကို ပေးကာ Crohn ၏‌ နောက်သို့ လိုက်သွားစေပြီး ထို့နောက်တွင်မှ ဝဲလ်က ကိတ်ကို ခေါ်လိုက်တော့သည်။ 


"အရှင် ..." 


ကိတ်က သူ့ကို အေးစက်ကာ အသက်မဲ့နေသည့် အမူအယာတို့ဖြင့် နှုတ်ဆက်လိုက်သည်။ 


ဝဲလ်ကလည်း ထိုသို့ အေးစက်စက် ဆက်ဆံခံလိုက်ရခြင်းအပေါ် စိတ်မကွက်။ သူ့မျက်နှာပေါ်တွင်သာမက မျက်လုံးများအထိပါ ပြုံးရိပ်ထင်နေသည်အထိ ပြုံးပြလိုက်သည်။ 


"ကိတ် ... အာ ... သန္ဓေတည်ဆေးလေ ... မင်းမှာ နည်းနည်းလောက် ရှိသေးလား ..." 


ကျောက်လင်းယွီနှင့် ရမ်ရှန့်တို့က အင်ပါယာကြယ်တွင် အခြေချကာ လူရှာနေစဉ် သူတို့ရှာဖွေလိုသည့် ကလေးသည် ခန္ဓာကိုယ်မှ စွမ်းအင်တို့ကို လည်ပတ်စေရင်း ခြေဗလာဖြင့် မတ်တပ်ရပ်နေသည်။ သူ့မျက်နှာမှာလည်း အလွန်လေးနက်နေပေ၏။


သူ၏ ဥခွံထဲမှ ထွက်မလာခင်ကတည်းက စွမ်းအင်အမြောက်အများ ရခဲ့သော်ငြား မထင်မှတ်ထားစွာဖြင့် လမစေ့ဘဲ မွေးဖွားလာရသည့်အပြင် ပြန်ပေးဆွဲခံလိုက်ရသေးသည်။ ထို့ကြောင့် ပြန်ပေးဆွဲသမား၏ စွမ်းရည်များကို ဖြည့်စွက်စာအဖြစ် သဘောထားကာ စုပ်ယူလိုက်သော်ငြား အနည်းငယ် ပမာဏ များပြား‌သွားပေတော့သည်။ 


သူ့ခန္ဓာကိုယ်မှာ ရုတ်ချည်း ထွားကျိုင်းလာသည့်အပြင် စွမ်းအင်တို့မှာလည်း အထိန်းအကွပ် မဲ့လာတော့၏။ အကြီးဆုံးသားက သက်ပြင်းချကာ ကောင်းကင်သို့ မော့ကြည့်ရင်း သူ့အဖေနှစ်ယောက် သူ့ကို ပြန်ရှာတွေ့နိုင်မည့် အချိန်အား တွက်ဆနေမိတော့သည်။ ... သူတို့က သူ့ကို မရှာဖွေနိုင်ခဲ့ပါလျှင်လည်း သူ စွမ်းအားကြီးကာ သန်မာလာချိန်တွင် ကိုယ်တိုင် ပြန်သွားမည်ဖြစ်သည်။ 


ကောင်းကင်ပေါ်ရှိ နေမင်းကို မော့ကြည့်နေရင်း အကြီးဆုံးသားသည် သူ့ခြေထောက်ပေါ်ရှိ အမြစ်များကို အနည်းငယ် ဆန့်ထုတ်လိုက်သည်။ 


"ပေါက်စလေး ဘာလို့ နေပူထဲ ရပ်နေပြန်တာလဲ ..." 


မူခါ့သီက နေပူထဲတွင် ငေးငိုင်နေသူကို တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် အော်ခေါ်လိုက်သည်။ ထို့နောက် ကလေးကို ပွေ့ချီကာ ယာဉ်ပျံရှိရာဆီသို့ ခေါ်သွားလိုက်တော့သည်။ 


Crohn က ကျောက်လင်းယွီနှင့် အခြားသူများကို ကျောက်စံအိမ်ထက် မသေးငယ်လှသည့် အိမ်တစ်လုံးထံ ခေါ်လာလိုက်သည်။ 


ရဲတိုက်သဖွယ် တင့်တယ်လှသည့် ‌အဆောက်အဦး၊ ကျယ်ဝန်းသော ခြံဝန်းနှင့် အဆောက်အဦးနှင့်အတူ ပူးတွဲပါရှိသော ပရိဘောဂများကို ကြည့်ရှုရင်း ကျောက်လင်းယွီမှာ အနည်းငယ် အံ့ဩသွားရတော့သည်။ 


"အိမ်က အရမ်း မကြီးလွန်းနေဘူးလား ..." 


ထိုအိမ်မှာ ကျောက်စံအိမ်နှင့်ပင် ယှဉ်နိုင်ကာ လဒါဇင်ပေါင်းများစွာ နေထိုင်၍ ရသည်အထိ ကျယ်ဝန်းလှပေသည်။ 


"မဟုတ်ဘူး အိမ်က တော်တော်သေးတယ်လို့ ပြောလို့ရတယ် ဘယ်သူမှ ဒီမှာ တောက်လျှောက်ကြီး မနေကြလို့လေ..." 


Crohn က လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ 


"ဟမ် ..." 


ကျောက်လင်းယွီက အံ့ဩမင်သက်စွာဖြင့်သာ ကြည့်နေလိုက်တော့သည်။ 


"အင်ပါယာကြယ်တစ်ခုလုံးက လူနေရပ်ကွက်ကြီး ဆိုပေမယ့် လက်ရှိလူဦးရေက ‌၁၁ သန်းပဲ ရှိတယ်လေ မင်းပဲ စဉ်းစားကြည့်ပေါ့ ..." 


Crohn က ပြောလိုက်သည်။ လောယာအင်ပါယာမှာ မြေနေရာကျယ်ပြန့်သော်ငြား လူဦးရေ နည်းပါးသည့်အတွက် အိမ်ခြေ ကျဲပါးလှပေသည်။ 


မြို့တော်ကြယ်တွင် ကျောက်မိသားစုကဲ့သို့ မိသားစုကြီးကသာ ကျွန်းသေးသေးလေးတစ်ခုကို ပိုင်ဆိုင်နိုင်သော်ငြား အင်ပါယာကြယ်တွင်မူ ဤမျှ ကြီးမားသည့် မြေနေရာ ပိုင်ဆိုင်ရန်မှာ မခဲယဉ်းလှပေ။ 


သို့သော် အများစုက ထိုသို့ ကြီးမားကျယ်ဝန်းသည့် နေရာမျိုးတွင် နေထိုင်ရန် ဝန်လေးကြသည့်အတွက် ခြံဝန်းကျယ်တစ်ခု ပူးတွဲပါရှိသော ဗီလာအစား လူနေများသည့် ရပ်ကွက်များကိုသာ ရွေးချယ်ကြပေသည်။

122.2


သူ့ရှင်းပြချက်ကို နားထောင်ပြီးမှသာ ကျောက်လင်းယွီလည်း သဘောပေါက်သွားတော့သည်။ လောယာအင်ပါယာမှာ လူဦးရေ သန်းငါးထောင်ကျော် အခြေချနေထိုင်နိုင်သည်အထိ လုံလုံလောက်လောက် ကျယ်ဝန်းသော်ငြား ယခုအချိန်တွင် ဆယ်သန်းကျော်သာ နေထိုင်သည့်အတွက် ဤမျှကျယ်ဝန်းသော ခြံဝန်းကျယ်ကြီးထဲတွင် တစ်ယောက်တည်း နေထိုင်ရပါလျှင် အလွန်ထူးဆန်းနေမိမည်ဖြစ်သည်။ 


"ကြီးတယ်လို့ မတွေးပါနဲ့ ကိတ်ရယ် ငါရယ်အပြင် နောက်ထပ် လူယုံနှစ်ယောက်လည်း ပြောင်းလာဦးမှာဆိုတော့ လူအများကြီးလို့ ပြောလို့ရပါတယ် ..." 


Crohn က ထပ်ပြောလိုက်သည်။ 


"ပြီးတော့ အရှင်ကလည်း မင်းတို့လုံခြုံရေးအတွက် ငါ့ကို တာဝန်ပေးထားတဲ့အပြင် အကောင်းဆုံးမက်ခါတွေကိုပါ ပေးထားသေးတော့ မင်းတို့ကို အကောင်းဆုံး ကာကွယ်ပေးမှာပါ ..." 


"ကျေးဇူးတင်ပါတယ် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ သို့သော် ထိုသို့ ကျေးဇူးတင်လိုက်သည့်တိုင် Crohn ကို လုံးဝဥဿုံ မယုံကြည်တော့ချေ။ 


Crohn ကလည်း သူ့အပြုအမူကို သတိထားမိလိုက်သည့်အတွက် ခါးသက်သက်သာ ပြုံးလိုက်တော့၏။ အကယ်၍ သူ့ရင်သွေးကိုသာ ဆုံးရှုံးရပါလျှင်လည်း ဤကဲ့သို့ပင် အပြစ်မြင်မိမည်ဖြစ်သည်။ 


အိမ်ထဲရှိ နည်းပညာမြင့်ပစ္စည်းကိရိယာများကို တစ်ခုချင်း ရှင်းပြပေးပြီးနောက် ပစ္စည်းကိရိယာများစွာ သယ်ဆောင်လာသော စက်ရုပ်နှစ်ရုပ်နှင့်အတူ ကိတ်ပါ ရောက်လာတော့၏။ 


"မင်းတို့တွေ ရုပ်ဖျက်ဖို့ လိုလိမ့်မယ် ..." 


သူက ထိုသို့ပြောကာ သေတ္တာထဲရှိ ပစ္စည်းများကို ထုတ်ယူလိုက်သည်။ 


အတိတ်ကာလများတွင် လူသားများ၏ သက်တမ်းမှာ နှစ်ငါးဆယ်မျှသာ ဖြစ်သည့်အတွက် နယ်ပယ်တစ်ခုတည်းကိုသာ သုတေသန ပြုနိုင်ခဲ့ကြသည်။ 


သို့သော် နှစ်ထောင်ပေါင်းများစွာ အသက်ရှင်နိုင်သည့် လောယာတို့အတွက်မူ ပိုမိုသင်ကြားခြင်းသည် ပြဿနာတစ်ရပ် မဟုတ်ချေ။ ဇီဝကမ္မနှင့် စက်ပစ္စည်းပိုင်းဆိုင်ရာ နယ်ပယ်နှစ်ရပ်လုံးကို သင်ကြားခဲ့သည့် ကိတ်မှာလည်း ရုပ်ဖျက်ခြင်းနှင့် ပတ်သက်ပြီး များစွာ သိကျွမ်းကာ ဘက်စုံတော်သူဟုပင် ခေါ်ဆိုနိုင်ပေသည်။ 


ရုပ်ဖျက်ခြင်းမှာ ဖက်ဒရယ်အတွက်ပင် လွယ်ကူရာ လောယာတို့အတွက် ပို၍ပင် လွယ်ကူလှသေးသည်။ သို့သော် သမားရိုးကျ ပစ္စည်းများကို အသုံးပြုပါလျှင် ချက်ခြင်း သိရှိသွားနိုင်သည့်အတွက် အထူးထုတ်ကုန်များကို အသုံးပြုရန် လိုအပ်ပေသည်။ 


ကိတ်၏ မျက်နှာမှာ အမူအယာမဲ့နေသော်ငြား သူ့လက်တို့မှာမူ အလွန်မြန်ဆန်လှသည်။ အကြီးအကဲထန့်မှာ ဆံပင်ဝါဝါ ၊ မျက်လုံးခရမ်းရောင်နှင့် အမျိုးသားအဖြစ်သို့ ပြောင်းလဲသွားကာ Gerd နှင့် ဖန့်ချန်ကျွင့်တို့၏ မျက်ဝန်းတို့မှာလည်း အဝါရောင်နှင့် အနီရောင်အဖြစ်သို့ အသီးသီးပြောင်းလဲသွားပြီး ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့သာ ကျန်ရစ်တော့သည်။ 


ရုပ်ဖျက်ရာတွင် ကိတ် လုပ်ဆောင်သည့် ပထမဆုံးအဆင့်မှာ အရေပြားအတွင်းပိုင်းသို့ ရုပ်သွင်ပြောင်းဆေးရည်တစ်မျိုး ထိုးသွင်းပေးခြင်းဖြစ်သည်။ သို့သော် အပ်က ကျောက်လင်းယွီ၏ အရေပြားကို မဖောက်နိုင်သည့်အပြင် အပ်ထိပ်ဖျားပင် ကျိုးသွားတော့သည်။ 


"မင်းရဲ့ အရေပြားက တကယ်ထူတာပဲ ..." 


ကိတ်က လူသားဘာသာစကားဖြင့် ပြောလိုက်သည်။ သူ့လေသံမှာ အတက်အကျ မရှိသည့်တိုင် သူ့မျက်ဝန်းထဲတွင်တော့ အထင်ကြီးသည့် အရိပ်အယောင်များ ရှိနေပေသည်။ 


"..." 


ကျောက်လင်းယွီမှာ ပြောစရာစကားပင် မရှိတော့။  


ဒီဂြိုဟ်သားကတော့ ... အရေပြားထူတယ်ဆိုတာ တစ်ခြားအဓိပ္ပါယ်ရှိသေးမှန်း မသိဘူးလား ... 


"လင်းယွီ ခင်ဗျားရဲ့ ကြွက်သားတွေကို ထိန်းချုပ်ဖို့ ကြိုးစားကြည့် ..." 


ရမ်ရှန့်က ပြောလိုက်သည်။


သူသတိပေးလိုက်ကာမှသာ ကျောက်လင်းယွီလည်း သူ့ကိုယ်ပေါ်ရှိ ကြွက်သားတိုင်းကို ထိန်းချုပ်နိုင်သော ခန္ဓာကိုယ်သန့်စင်ပေးသည့်နည်းလမ်းကို သတိရလိုက်တော့သည်။ ထို့နောက် ကြွက်သားများကို ထိန်းချုပ်ကာ မျက်နှာကြွက်သားများကို အနည်းငယ် ပျော့ပြောင်းစေလိုက်သည်။ 


ကိတ်က သူ့ကို အံ့ဩတကြီး ကြည့်လိုက်သော်ငြား နောက်ထပ် ဘာမှ မမေးခဲ့ချေ။ သူ့မျက်လုံးကို ခပ်သွက်သွက် အရောင်ပြောင်းပေးလိုက်ကာ ဆံပင်အရောင်ကိုပါ တစ်ပါတည်း ပြောင်းလဲပေးလိုက်သည်။ 


ရုပ်ဖျက်ပေးရန် ရမ်ရှန့်တစ်ဦးသာ ကျန်ပေတော့သည်။ 


"ကျွန်တော်က ရုပ်ဖျက်ဖို့ မလိုဘူး ..." 


ရမ်ရှန့်က ပြုံးကာ ပြောလိုက်သည်။ 


"ကျွန်တော်က လူသားအစစ် မဟုတ်မှန်း ခင်ဗျားတို့လည်း သိထားပြီးဖြစ်မှာပါ ကျွန်တော်က သစ်ပင်လူသားလေ ..." 


ထိုသရုပ်မှန်မှာ ကျောက်လင်းယွီနှင့် တိုင်ပင်၍ ရလာသော ရလဒ်ဖြစ်သည်။ ဖက်ဒရယ်နှင့် လောယာအင်ပါယာရှိ ရုပ်ရှင်တို့တွင် သစ်ပင်လူသားများနှင့် သစ်ပင်လူသားမျိုးနွယ်များအကြောင်း များစွာ ပါဝင်နေသည်။ သို့သော် မည်သူကမှ လက်တွေ့ မမြင်ဖူးသည့်အတွက် ထိုအတိုင်းသာ သရုပ်ဆောင်ရန် ဆုံးဖြတ်လိုက်တော့သည်။ 


"သစ်ပင်လူသား ဟုတ်လား ..." 


ကိတ်၏ အကြည့်တို့မှာ ရုတ်ချည်း တောက်ပလာသည်။ 


ရမ်ရှန့်က ခေါင်းငြိမ့်ပြကာ ရိုးရှင်းသော နည်းလမ်းတစ်ခုကို သုံးပြီး သူ့မျက်နှာကို အနည်းငယ် ကြွက်သားပိုထွက်လာကာ တောင့်တင်းစေရန် ဖန်တီးလိုက်သည်။ ထို့အပြင် ဆံပင်နှင့် မျက်လုံးအရောင်တို့ကိုပါ အစိမ်းရောင် ပြောင်းလိုက်သည်။ 


"ဒါက မင်းရဲ့ မူလရုပ်သွင်လား ..." 


ကိတ်မှာ ပို၍ပင် စိတ်လှုပ်ရှားလာတော့သည်။ 


"အရင်မျက်နှာကမှ တကယ့်ရုပ်အစစ်ပါ ဒါပေမယ့် ဆံပင်နဲ့ မျက်လုံးကတော့ ဒီအရောင်ပဲ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ သို့သော် ထိုသည်မှာလည်း မုသားသာဖြစ်သည်။ 


"မင်းဒဏ်ရာရပြီး‌တဲ့နောက် ပိုသေးသွားတာ အံ့ဩစရာ မရှိတော့ဘူးပဲ အပင်ဗီဇတွေ ပါနေလို့ကိုး ငါ့ကို  မင်းရဲ့ဗီဇလေး နည်းနည်းလောက် မပေးချင်ဘူးလား  ..." 


ကိတ်က မေးလိုက်သည်။ 


"အားနာပေမယ့် မရပါဘူး ..." 


ရမ်ရှန့်က ငြင်းပယ်လိုက်၏။ 


ကိတ်က သူ၏ စိတ်ဝင်စားမှုတို့ကို စိတ်ပျက်လက်ပျက်ဖြင့် ရုတ်သိမ်းလိုက်တော့သည်။ သူ၏ ကောင်းမွန်လှစွာသော သုတေသီစိတ်ဓာတ်ကလည်း ခွင့်ပြုချက်မရဘဲ တိတ်တခိုး သုတေသနလုပ်ရန် ခွင့်မပြုချေ။ 


ထို့နောက်တွင်တော့ သူနှင့် Crohn တို့လည်း အသီးသီး ရုပ်ဖျက်လိုက်ကြသည်။ သို့သော် ကိတ်ပြန်ခေါ်လာသည့် ကြယ်ဓားပြ ကော်ဘီယန်မှာမူ ရုပ်ဖျက်ရန် ကိတ်၏ အကူအညီကို မလိုအပ်ချေ။ သူက အင်မတန် ရိုးရှင်းသော မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားသည့် လူငယ်လေးအဖြစ် ချက်ခြင်း ပြောင်းလဲလိုက်သည်။ 


ထို့နောက်တွင် Gerd, အကြီးအကဲထန့်နှင့် အခြားသူများက စိတ်စွမ်းအင်ကို အဆင့်မြှင့်တင်ကာ လောယာဘာသာစကားကို လေ့လာလိုက်သည်။ ရမ်ရှန့်က ကလေးသုံးဦးကို ကြည့်ရှုနေပြီး ကျောက်လင်းယွီကမူ ပျောက်ဆုံးနေသော ကလေးကို လိုက်ရှာရန် Crohn နှင့်အတူ ထွက်လာလိုက်သည်။ 


Xxxxxx