အပိုင်း ၁၂၃
Viewers 18k

Chapter 123


ကျောက်လင်းယွီ၏ သင်ကြားနိုင်စွမ်းမှာ အလွန်အားကောင်းလှသည့်အပြင် Crohn ကလည်း လိုလိုလားလား ရှာဖွေပေးလိုသည့်အတွက် မြောက်များစွာသော မြေအောက်အဖွဲ့အစည်းများကို ဖြိုခွင်းကာ လောယာအင်ပါယာ၏ စာရင်းသွင်းထားသော အချက်အလက်များကို ရှာကြည့်ခဲ့သော်ငြား အသုံးမဝင်ချေ။ သို့သော် ထိုတိုက်ပွဲများ၏ ကျေးဇူးကြောင့် ကျောက်လင်းယွီ၏ ခွန်အားမှာ ပိုပြီး သန်မာလာပြန်တော့သည်။ 


ကျောက်လင်းယွီ၏ စွမ်းရည်များမှာ အထိန်းအကွပ် မဲ့သွားပြီးနောက် သူ၏ စိတ်စွမ်းအင်က စွမ်းရည်အပေါ် သက်ရောက်ကာ သူ့ကိုယ်သူ တိုးမြှင့်နိုင်ရန် အလို့ငှာ အခြားသူတို့၏ စွမ်းရည်များကိုပါ စုပ်ယူနိုင်သွားတော့သည်။ အတိတ်ကာလများတွင်မူ ထိုနည်းလမ်းမှာ မလုံခြုံလှသော်ငြား ယခုအချိန်တွင်တော့ သူက များများစားစား ဂရုစိုက်မနေတော့။ အခြားသူများနှင့် တိုက်ခိုက်ရစဉ်တိုင်း ထိုသူတို့၏ စွမ်းအင်အချို့အဝက်ကို သူ့ကိုယ်ကျိုးအတွက် စုပ်ယူလိုက်တော့သည်။ 


ထိုနည်းဖြင့် ခွန်အားတိုးမြှင့်ခြင်းသည် ထိရောက်ရုံသာမက သူ၏ ကျင့်ကြံရေးလမ်းကြောင်းကိုပါ ပိုပြီး နက်ရှိုင်းလာစေသည်။ 


Crohn က ရမ်ရှန့်ကို ဖမ်းဆီးရန် ကြိုးစားခဲ့သည့် စွမ်းရည်ပိုင်ရှင်အမျိုးသမီး အလုပ်လုပ်ခဲ့သော အဖွဲ့အစည်းကို ရှာတွေ့သွားတော့၏။ 


ထိုအဖွဲ့အစည်းမှာ အင်ပါယာကြယ်တွင် ရှိနေခြင်းမဟုတ်။ စွန့်ပစ်ခံရတော့မည့် လူနေဂြိုဟ်တစ်လုံးပေါ်တွင် တည်ထောင်ထားသည်။ 


"အဲဒီ့အဖွဲ့ရဲ့ ခေါင်းဆောင်ပိုင်းက လောယာကဆိုပေမယ့် အောက်ခြေမှာ တစ်ခြားမျိုးနွယ်တွေလည်း ပါသေးတယ် ပြီးတော့ တစ်ခါတစ်လေမှာ ကျွန်ရောင်းဝယ်ရေးကိုလည်း လုပ်ကြသေးတယ်တဲ့ ..." 


Crohn က ကျောက်လင်းယွီကို ဧည့်ကြိုတစ်ဦးပင် ရှိ‌မနေသည့် ဘားတစ်ခုသို့ ခေါ်လာရင်း ပြောလိုက်သည်။ 


"အဲဒီ့စွမ်းရည်ပိုင်ရှင်အမျိုးသမီးက ဒီအဖွဲ့အတွက် လူတွေအများကြီး ဖမ်းပေးခဲ့တာ.... ရှာတွေ့ထားသလောက်ဆိုရင်တော့ ဖြစ်ခဲ့တာတွေက ဒီအဖွဲ့နဲ့ မဆိုင်ဘူး ဒါပေမယ့် အချက်အလက်တွေတော့ သေချာပေါက် ရလာလိမ့်မယ် ..." 


ကျောက်လင်းယွီက ခေါင်းငြိမ့်ကာ ဦးစွာ ဝင်သွားလိုက်သည်။


ထိုအဖွဲ့၏ ခံတပ်မှာ အပြင်ဘက်မှ ကြည့်ပါလျှင် ဘားတစ်ခုဖြင့် တူသော်ငြား အတွင်းတွင်မူ လုံးဝ ကွဲပြားပေသည်။ ကတ်ကို ဖြတ်ပြီးပါလျှင် အထူးထုတ်ကုန်များကို ကြည့်ရှုရန် မြေအောက်ထပ်သို့ ဝင်နိုင်ပေသည်။ 


Crohnက အနက်ရောင်ကတ်ကို ထုတ်ပြလိုက်သည့်အတွက် သူနှင့်ကျောက်လင်းယွီမှာ မြေအောက်ထပ်သို့ ရောက်ရှိသွားတော့သည်။ ထို့နောက် ကျယ်ပြောလှသည့် စင်မြင့်တစ်ခုကို တွေ့လိုက်ရ၏။ 


ထိုစင်မြင့်မှာ အလွန်ကြီးမားကာ မီးအလင်းကို တမင်တကာ မှိန်ချထားသည်။ သတ္တဝါပေါင်းများစွာကို လှောင်ချိုင့်ထဲထည့်ကာ ပြသထားပြီး အချို့မှာ ဉာဏ်ရည်ရှိနေကြသော အကောင်များ ဖြစ်သည်။ 


ကျောက်လင်းယွီက နီမြန်းနေသော မျက်ဝန်းတို့ဖြင့် လှည့်ပတ်ကြည့်ရှုကာ လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။ ဤသို့သောနေရာမျိုးမှာ ဖက်ဒရယ်တွင်လည်း ရှိသော်ငြား သူ့အနေဖြင့် တစ်ခါမှ မရောက်ဖူးခဲ့သည့်အတွက် ယခု မျက်မြင်တွေ့လိုက်ရချိန် အထူးသဖြင့် လှောင်အိမ်ထဲမှ ကလေးနှစ်ယောက်ကို တွေ့လိုက်ရချိန်တွင် စိတ်ကို တည်ငြိမ်အောင် ထိန်းမထားနိုင်တော့ချေ။ 


"ဒီက လူကြီးမင်းနှစ်ယောက်အတွက် ဘာများ ဆောင်ရွက်ပေးရပါမလဲ ..." 


ငွေရောင်ဆံပင်နှင့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးက မျက်နှာချိုသွေးကာ မေးလိုက်သည်။ 


"ဒီမှာ လိုချင်တာ အကုန်ရှိတဲ့အပြင် သီးသန့်မှာလို့လည်းရ ..." 


ထိုသူကို စိုက်ကြည့်ရင်း ကျောက်လင်းယွီက ခန်းမတစ်ခုလုံး တုန်ခါသွားအောင် ခြေလှမ်းကို ခပ်ပြင်းပြင်း နင်းချလိုက်သည်။ 


"ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ..." 


ထိုအမျိုးသားက ရုတ်ချည်း သတိကပ်သွားသည်။ 


"မင်းတို့ခေါင်းဆောင်ကို ခေါ်လိုက် ..." 


ကျောက်လင်းယွီက နံရံကို လက်သီးဖြင့်ထိုးကာ ဖျက်ဆီးပြီး အထဲတွင် ဖွက်ထားသော စနိုက်ပါကို ထုတ်ယူလိုက်သည်။ 


Crohn ကမူ ဘာတစ်ခွန်းမှ ဝင်မပြောဘဲ ဘေးနားတွင်သာ ရပ်ကြည့်နေပေသည်။ 


ဒီကျောက်လင်းယွီကတော့ တစ်နေ့ထက်တစ်နေ့ကို ပိုပြီး ကြမ်းတမ်းလာတာပဲ ... 


"လူငယ်လေး  ဒီနေရာက ဘယ်လိုနေရာလဲဆိုတာကိုရော သိလား ဘယ်လိုသတ္တိမျိုးနဲ့များ ပြဿနာ လာရှာရဲရတာလဲ ..." 


ထိုသူက သတိကြီးကြီးထားကာ ခြေတစ်လှမ်းနောက်ဆုတ်လိုက်သော်ငြား ကျောက်လင်းယွီ၏ လက်သီးချက်က သူ့ရင်အုပ်ပေါ် ကျရောက်လာသည့်အတွက် အဝေးသို့ လွင့်စင်သွားတော့သည်။ 


သူနှင့် Crohn တို့ အခြားဂြိုဟ်ပေါ်သို့ ရောက်နေစဉ် ခေတ်နောက်ကျနေသော ယာဉ်ပျံတစ်စီးက အင်ပါယာကြယ်ထံ ကမ်းကပ်လာသည်။ 


"ဒီစုတ်ပြတ်သပ်နေတဲ့ သင်္ဘောကတော့ လမ်းတစ်ဝက်မှာပဲ ထပ်ပျက်ပြန်ပြီ နောက်တစ်ခါ ပိုက်ဆံရလာလို့ကတော့ သေချာပေါက်ကို အသစ်လဲပစ်ဦးမယ် ..." 


"မလဲနိုင်ရင်တောင် အနည်းဆုံးတော့ အဆင့်မြှင့်ပစ်မယ် ..." 


"အဆင့်မြှင့်ဖို့ ပိုက်ဆံမရှိရင်လည်း ပရိဘောဂနည်းနည်းလောက်တော့ ဝယ်ကြတာပေါ့ ..." 


.... 


"ပရိဘောဂဝယ်မယ် ဟုတ်လား ..." 


မူခါ့သီက သူ့အဖွဲ့သားများကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်သည်။ 


"ဝန်ပိုများလေ သင်္ဘောအတွက် သုံးရတဲ့စွမ်းအင် ပိုများလာလေပဲ ..." 


"..." 


ဆိုတော့ ပရိဘောဂတောင် မဝယ်ရဘူးဆိုတဲ့ သဘောလား ... 


"ဒါပေမယ့် ကလေးအတွက် အခန်းတစ်ခန်း ထပ်ထည့်လို့ ရတယ်လေ ဒါနဲ့ လူအိုကြီးအိုးစ်က သတ္ထုစွမ်းရည်ပိုင်ရှင်နဲ့ ထိန်းသိမ်းပြုပြင်ရေး အင်ဂျင်နီယာ မဟုတ်လား သူ့မိန်းမကလည်း ကလေးချစ်တတ်တယ်လေ ငါတို့သာ ကလေးကို ခေါ်ပြီး သူတို့ရှေ့မှာ သနားစရာကောင်းအောင် သွားငိုပြရင် ငါတို့သင်္ဘောကို အလကား‌ပြင်ပေးလောက်လား ..." 


"ခေါင်းဆောင်ရေ ကလေးက အခုမှ ငယ်ငယ်လေးပဲ ရှိသေးတာလေ သူ့ရဲ့ အပြစ်ကင်းစင်မှုတွေကို ကိုယ်ကျိုးအတွက် အသုံးမချပါနဲ့လား ..." 


တစ်ယောက်က ချီတုံချီချဖြင့် ဝင်ပြောလိုက်သည်။ 


"..." 


အကြီးဆုံးသားက သူ့ဘေးနားရှိ လူများကို ပြောစရာစကားပင် မရှိတော့ဟန်ဖြင့် စိုက်ကြည့်နေလိုက်တော့သည်။ 


"ငါ့အဖေကိုပဲ သွားရှာတော့မယ် ..." 


"မင်းက အကြောက်လွန်ပြီး ရူးနေတာ မဟုတ်ဘူးလား ..." 


မူခါ့သီက သူချီထားသည့် ကလေးကို အထိတ်တလန့်ဖြင့် စိုက်ကြည့်လိုက်သည်။ 


"ရူးနေတယ် ဟုတ်လား ..." 


ကလေးက သူ့ကို မကျေမနပ်ဖြင့် ပြန်ကြည့်လိုက်သည်။ သူသည် ဉာဏ်ကောင်းသည့်တိုင် လောယာဘာသာစကားကို အချိန်တိုအတွင်း နားလည်နိုင်ရန်မှာမူ မဖြစ်နိုင်ချေ။ 


မကျေမနပ်ဖြစ်ကာ ပြူးကျယ်လာသည့် ကလေး၏ မျက်လုံးအစုံမှာ ချစ်စရာပင် ကောင်းလှသေးသည့်အတွက် မူခါ့သီမှာ သူပါးလေးများကို ဆွဲဆိတ်ရန် ချဉ်းကပ်လိုက်တော့သည်။ 


ကလေးက ထိုသူများ ပြောလေ့ရှိသည့် စကားကို ပြန်စဉ်းစားလိုက်သည်။ 


"မယူနဲ့ ပွင့်လာလိမ့်မယ် ..." 


"မဖျစ်ညှစ်ဘူးဆိုရင်ရော ပျက်စီးသွားနိုင်လား ..." 


ပါးကို ဆွဲခံထားရသည့်အတွက် လေသံတို့မှာ မပီသသော်ငြား သူ့အမူအယာမှာတော့ အလွန်လေးနက်နေသောကြောင့် အခြားသူများမှာ ရယ်လိုစိတ်ကို ထိန်းချုပ်၍ မရတော့ချေ။ 


"ဘာတွေ လုပ်နေကြတာလဲ ..." 


ဆိပ်ကမ်းအရာရှိက အနားရောက်လာကာ မူခါ့သီကို မယုံသင်္ကာဖြင့် မေးလိုက်သည်။ 


"ဘာလို့ ကလေးကို အနိုင်ကျင့်နေတာလဲ ဒီကလေးက မင်း ကလေးလား ..." 


"ဒါပေါ့ သူက ကျွန်တော်တို့ ကလေးလေ ..."

123.2


မူခါ့သီက အလောတကြီး ပြောလိုက်သည့်တိုင် အနည်းငယ်တော့ ကြောက်ရွံ့နေဆဲဖြစ်သည်။ ကလေးကို နိုင်ငံသားအဖြစ် စာရင်းသွင်းထားခြင်း မရှိကြောင်းသာ သိသွားပါလျှင် သူတို့လက်ထဲမှ ဆွဲခေါ်သွားကြမည်ဖြစ်သည်။ 


"ကျွန်တော့်ရဲ့ စွမ်းရည်အဆင့်က တော်တော်နိမ့်တယ်လေ တော်သေးတာပေါ့ ကလေးတစ်ယောက်တော့ ရခဲ့သေးလို့ ..." 


"ဟုတ်ပါ့ ဒီကလေးက ကျွန်တော်တို့ရဲ့ ရတနာလေးလေ ..." 


အခြားသူများကလည်း ဝင်ပြောလိုက်သည်။ သူတိူ့သည်လည်း မူခါ့သီမိသားစု၏ အခြေ‌အနေကို သိထားကြသည့်အတွက် ကလေးကို အခြားသူများ ခေါ်သွားမည်ကို မလိုလားချေ။ 


အကြီးဆုံးသားက သူ့အဖေများကို ရှာလိုသည့်တိုင် မူခါ့သီသည် သူ့ကို ကယ်တင်ခဲ့သူဖြစ်ကြောင်း သိထားပေသည်။ ထိုလူသည် သူ့အပေါ် အလွန်ကောင်းပေးခဲ့ရာ ဆိပ်ကမ်းအရာရှိနှင့် နှိုင်းယှဉ်ပါလျှင် သူ့ကိုသာ ပိုပြီး ယုံကြည်သည့်အတွက် သူ့လည်ပင်းကိုဖက်ကာ ပြောလိုက်သည်။ 


"ဗိုက်ဆာနေပြီ တစ်ခုခုစားရအောင် ..." 


သူ၏ တုန့်ပြန်မှုသည် အကောင်းဆုံး သက်သေခံချက်ပင် ဖြစ်သည့်အတွက် အရာရှိလည်း မူခါ့သီကို မနာလိုဖြစ်နေဟန်ဖြင့် စိုက်ကြည့်ပြီး ထွက်သွားလိုက်သည်။ 


ထိုအခါမှ မူခါ့သီလည်း စိတ်သက်သာရာရသွားကာ ကျန်လူအားလုံးကို လေယာဉ်ပေါ် တက်စေရင်းအတွေးလွန်နေလိုက်သည်။ 


သူ့တွင် ကလေးမွေးစားရန် ငွေအမြောက်အများ မရှိသည့်အပြင် ကလေး၏ ဇစ်မြစ်ကိုလည်း မသေချာသေးသည့်အတွက် အခြားသူများ၏ အာရုံစိုက်ခြင်းကို ရှောင်ရှားရန် တရားမဝင်နိုင်ငံသားအဖြစ်သာ ထားထားလိုက်ဦးမည်။  


"အဖေ့ကို လိုချင်တယ် ..." 


ကလေးက ထပ်ပြောလိုက်ပြန်သည်။ အဖေဟူသော စကားလုံးမှာ လောယာအင်ပါယာနှင့် ဖက်ဒရယ်နှစ်ခုစလုံးတွင် ဆင်တူနေသည့်အတွက် မူခါ့သီက သူ့ကို ထိုမက်ခါအကြောင်း ပြန်အစဖော်လိုက်ရတော့သည်။ 


"မင်းအဖေက မက်ခါထဲက တစ်ယောက်လား သူက မင်းကို ကာကွယ်ပေးရင်း သေသွားပြီ ..." 


သူက ကလေးကို သနားကရုဏာသက်ဟန်အပြည့်ဖြင့် ပြောလိုက်သည်။ 


အကြီးဆုံးသားက စိတ်ရှုပ်ထွေးသွားသည့်အတွက် မူခါ့သီလည်း သူနားလည်နိုင်ရန် လက်ဟန်ခြေဟန်များသာမက ဓာတ်ပုံများကိုပါသုံးပြီး ရှင်းပြပေးလိုက်သည်။ ကလေးတစ်ယောက်ကို သူ၏ ဆွေမျိုး သေဆုံးသွားပြီဟု ပြောရခြင်းမှာ ရက်စက်ရာကျသော်ငြား အကယ်၍ သိမထားပါလျှင်လည်း ပြဿနာ ဖြစ်လာနိုင်ပေသည်။ 


"သူမဟုတ်ဘူး ..." 


ကလေးက ခေါင်းယမ်းပြလိုက်သည်။ 


"သူက ကျွန်တော့်ကို ဆွဲ‌ခေါ်လာတာ ..." 


ဘာကြီး ... 


မူခါ့သီက သူ့ကို အလန့်တကြား ပြန်ကြည့်လိုက်သည်။ 


ဟိုလူက ကလေးကို ပြန်ပေးဆွဲလာတာ ဟုတ်လား ဒါဆို ကလေးက သူတို့ထင်ထားသလို မိသားစုအထောက်အထား မရှိတာ မဟုတ်ဘူးပေါ့ ... 


သူက အနည်းငယ် စိတ်ဓာတ်ကျသွားသော်ငြား သူ့အဖွဲ့သားများမှာ ပို၍ပင် စိတ်ရှုပ်ထွေးသွားတော့သည်။ 


တကယ်လို့ ဒီကောင်လေးရဲ့ မိသားစုကသာ လိုက်ရှာနေရင် ... 


"မင်းအဖေကသာ လိုက်ရှာနေတာဆိုရင် သေချာပေါက် ပြန်ပို့ပေးပါ့မယ် ..." 


မူခါ့သီက သက်ပြင်းချကာ ပြောလိုက်သည်။ 


"ကျေးဇူးတင်ပါတယ်..." 


အကြီးဆုံးသားက ပြောလိုက်သည်။ 


ထို့နောက် မူခါ့သီက အွန်လိုင်းတွင် လိုက်ရှာလိုက်သည်။ ကလေးပျောက်ဆုံးခြင်းသည် သတင်းထူးဖြစ်ကာ စည်းမျဉ်းအရဆိုပါလျှင် ပျောက်ဆုံးနေသော ကလေး၏ ဓာတ်ပုံကို နေရာအနှံ့‌ တွေ့ရမည် ဖြစ်သော်ငြား ယခုမူ တစ်ခုတစ်လေကိုမှ ရှာမတွေ့ချေ။ 


ဘာတွေဖြစ်နေတာလဲ ဒီကလေးက လောယာအင်ပါယာက မဟုတ်တာများလား ... 


မဟုတ်သေးဘူး သူက သေချာပေါက်ကို စွမ်းရည်ပိုင်ရှင်ပါ ... 


စဉ်းစား၍ မရသည့်အဆုံး သူလည်း တွေးမနေတော့ဘဲ ကလေးကို ချီကာ သူ့အဖွဲ့သားများကို ပြောလိုက်သည်။ 


"အားလုံးပဲ ဆင်းခဲ့ကြတော့ မင်းတို့ရဲ့ မရီးကို အရသာရှိတာတွေ ပြင်ပေးဖို့ ပြောထားတယ် ..." 


"အိုး ..." 


သူ့အဖွဲ့သားအားလုံး စိတ်လှုပ်ရှားကုန်ကြတော့သည်။ 


မူခါ့သီ၏ ဇနီးမှာ အလွန်ထူးချွန်သည့် စားဖိုမှူးဖြစ်ပြီး သူမချက်ပြုတ်သမျှ ဟင်းလျာတိုင်းသည် ထူးထူးကဲကဲ အရသာ ကောင်းမွန်လှပေသည်။ သို့သော် ထိုဒူနီယာအမည်ရှိ အမျိုးသမီးမှာ ငယ်ရွယ်စဉ်ကတည်းက စွမ်းရည်ထိခိုက်သွားသဖြင့် ကျန်းမာရေး ဆိုးရွားသွားခဲ့တော့သည်။ မူခါ့သီတစ်ယောက် ရတနာမုဆိုး ဖြစ်လာသည်မှာလည်း သူမကို ကုသရန် ငွေပိုငွေလျှံ လိုအပ်၍ဖြစ်သည်။


ကလေးကို သယ်ပိုးရင်း အိမ်ထဲဝင်လာချိန်တွင် မူခါ့သီသည် စွတ်ပြုတ်ပန်းကန်ကိုင်ကာ ထွက်လာသော ငွေမင်ရောင်ဆံနွယ်တို့ဖြင့် မိန်းမလှလေးကို တွေ့လိုက်ရသည်။ 


အမျိုးသမီးမှာ အင်မတန် လှပကာ သူမ၏ မျက်နှာမှာလည်း အရုပ်မကဲ့သို့ပင် အကြည့်မလွှဲချင်စရာ ကောင်းလှသည်။ သို့သော် ခန္ဓာကိုယ်မှာမူ အမြင်မတင့်တယ်လှ။ ဝလွန်း၍ မဟုတ်ဘဲ ပိန်လှီနေလွန်း၍ဖြစ်သည်။ 


သူမမှာ အင်မတန်ပိန်လှီကာ အသားအရေမှာလည်း သွေးကြောများကိုပင် မြင်ရလောက်သည်အထိ ဖြူဖျော့နေပေသည့်အတွက် အလွန်နာမကျန်းဖြစ်နေမှန်း သိသာလှပေသည်။ 


သို့သော် မူခါ့သီ၏ လက်မောင်းထဲရှိ ကလေးကို တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် သူမ၏ မျက်ဝန်းထဲမှ ဖြာထွက်လာသော အလင်းတန်းများသည် အခန်းတစ်ခုလုံးကိုပင် လင်းထိန်သွားစေတော့သည်။ 


"ကလေးလေး ..." 


"ဒီကလေးက ကိုယ်တို့နဲ့အတူတူ ခဏလောက် နေလိမ့်မယ် ..." 


မူခါ့သီက ကလေးကို ဆိုဖာပေါ်တင်ကာ ပြောလိုက်သည်။ 


"မင်းက သူနဲ့ အဖော်ပြုပေးနေလိုက်ဦးနော် ကိုယ် မီးဖိုချောင် ဝင်လိုက်မယ် ..." 


ဒူနီယာမှာ ကလေးလိုချင်ခဲ့သော်ငြား သူမ၏ ဆိုးရွားနေသော ကျန်းမာရေးအခြေအနေကို အသာထားဦး၊ ကျန်းမာရေး ကောင်းနေလျှင်ပင် ကလေးရရန် မလွယ်ကူလှချေ။ သူမက အကြီးဆုံးသား၏ ဘေးတွင်ထိုင်ကာ စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သော်ငြား ကလေးကမူ သူမကို စူးစမ်းလိုဟန်ဖြင့် စိုက်ကြည့်နေလိုက်သည်။ 


ဒီလူတွေက သူ့ကို ရန်မပြုဘူးဆိုပေမယ့် ကြည့်တဲ့အကြည့်တွေက ထူးဆန်းလိုက်တာ ပြီးတော့ ဖေဖေ့ကိုလည်း ရှာမတွေ့သေးဘူး ... 


ဘာပဲဖြစ်ဖြစ် သူပျောက်နေတယ်ဆိုမှတော့ ဒယ်ဒီက သေချာပေါက် လိုက်ရှာမှာပဲလေ ဟုတ်တယ် မဟုတ်လား ... 


ထိုသို့တွေးလိုက်မှသာ အနည်းငယ် စိတ်သက်သာသွားတော့သည်။ 


မူခါ့သီဇနီး၏ ဟင်းချက်လက်ရာမှာ တစ်ဖွဲ့လုံး၏ အသိအမှတ်ပြုခြင်းကို ခံရသော်ငြား ဤနေ့ဟင်းပွဲတစ်ဝက်ခန့်မှာ မူခါသီ၏ လက်ရာများ ဖြစ်နေပေသည်။ 


ခရမ်းရောင်ဆန်ကြမ်းအချို့ကို အစိတ်စိတ်အမွာမွာ ခုတ်ထစ်ထားကာ အချို့မှာမူ လူ့လက်ချောင်းအရွယ်လောက်အထိ ထူနေပေသည်။ အသားမှာလည်း တူးနေပြီး အချိုပွဲမှာ ရွှံ့နှင့်ပင် ပို၍ တူနေသေးသည်။ မီးဖိုချောင်ဝင်ခဲသည့် မူခါ့သီလို လူကြမ်းကြီးအဖို့ ဤသို့သော ထူးထူးဆန်းဆန်း ဟင်းလျာများကိုသာ ချက်ပြုတ်နိုင်မည်ဖြစ်သည်။ 


လူတိုင်းက ဒူနီယာ၏ လက်ရာကို စားလိုကြသော်ငြား သူမက ဟင်းလျာအားလုံးကို ကလေးရှေ့သို့သာ ထားပေးထားသည်။ 


"ကလေးလေး ဘယ်ဟာတွေကြိုက်လဲ မြည်းကြည့်နော် မနက်ဖြန်ကျ ကလေးတွေ စားတတ်တာမျိုးလေး ဝယ်ပေးမယ် ..." 


ကလေးတွေက ဒီလောက်အများကြီး စားနိုင်လို့လား ...ဒီကောင်လေးက အခုလေးတင်ပဲ အာဟာရဖျော်ရည်တွေ ပုလင်းတစ်ဝက်လောက် သောက်ထားတာလေ ... 


မူခါ့သီ၏ အဖွဲ့သားများက စားသောက်နှုန်းကိုလျော့ ချလိုက်သည်။ ကလေးလက်ထဲမှ စားစရာကို လုမစားနိုင်သည့်အတွက် ကလေးစားပြီးမည့်အချိန်ကိုသာ စောင့်‌နေရန် ဆုံးဖြတ်လိုက်ကြသည်။ 


Xxxxx