အပိုင်း ၁၂၄
Viewers 18k

Chapter 124


ကလေးက တစ်လုပ်မြည်းကြည့်ပြီးနောက် မျက်ဝန်းတို့ တဖိတ်ဖိတ်တောက်သွားသည်။ ထို့နောက် ... 


သူက အကုန်လုံးကို စားပစ်လိုက်တယ် ... 


"ဒီကလေးက အစာစားချင်စိတ် ကောင်းကောင်းရှိတာပဲ ..." 


ဒူနီယာ၏ အမူအယာမှာ အင်မတန် သိမ်မွေ့နေသော်ငြား ကျန်သူများမှာမူ နားဝေတိမ်တောင် ဖြစ်ကုန်ကြတော့သည်။ 


ဒါက တကယ်ရော ကလေးဟုတ်ရဲ့လား သူက ဘာလို့ ဒီလောက်အများကြီး စားနိုင်ရတာလဲ ... 


......


ထိုအချိန်တွင် ကျောက်လင်းယွီနှင့် Crohn တို့်မှာလည်း အင်ပါယာကြယ်ရှိ ဗီလာသို့ ပြန်လာကြချေပြီ။ 


"ကျောက်လင်းယွီက မင်းက တကယ်ကို စိတ်လိုက်မာန်ပါ တအားလုပ်တာပဲ မရိုက်ခင် စကားကောင်းကောင်း ပြောလို့ရသားပဲကို အခုတော့ ကြည့်ပါဦး လူတိုင်းက ပြောကုန်ပြီ အမတ်မင်းက အကြမ်းဖက်တတ်တဲ့တစ်ယောက်ကို မျက်နှာသာ ပေးနေတယ်တဲ့ ဒါက ငါ့အကြိုက်‌ကို မေးခွန်းထုတ်လိုက်တာ ဖြစ်မနေဘူးလား ..." 


Crohn က မကျေမနပ်ဖြင့် ပြောလိုက်သည်။ 


အကြမ်းဖက်တတ်တဲ့သူနဲ့စာရင် အေးစက်တဲ့ ... မဟုတ်သေးဘူး သူက အပြုအမူကောင်းကောင်းနဲ့ နာခံတတ်တဲ့သူမျိုးကိုပဲ သဘောကျခဲ့တာ မဟုတ်ဘူးလား ... 


ထားပါ ကိတ်က သူ့အကြိုက်တွေကို အောင်အောင်မြင်မြင်နဲ့ ပြောင်းလဲနိုင်ခဲ့တာပဲ ... 


"စိတ်မပူပါနဲ့ ငါလည်း မင်းကို မကြိုက်ပါဘူး ..." 


ကျောက်လင်းယွီက သူ့ကို ပြောလိုက်သည်။ ထိုသု့ လုပ်ခဲ့သည်မှာလည်း သူ့တွင် အကြောင်းပြချက် ရှိနေ၍သာ ဖြစ်သည်။ 


သူသာ အခြားသူတစ်ဦးဦးနှင့် တိုက်ခိုက်လိုက်ပါလျှင် ထိုသူ၏ စွမ်းအင်ကို စုပ်ယူကာ သူ့ကိုယ်ပိုင်ခွန်အားကို တိုးမြှင့်နိုင်မည်ဖြစ်သည်။ ထိုအကြောင်းကို Crohn ၏ရှေ့တွင်ပင် ဖုံးကွယ်မနေ။ သူသည် ယခင်က အဆင့်ခုနစ်တစ်ဦးကို အခြောက်တိုက် စုပ်ယူခဲ့ဖူးသည့်အတွက် သူ့အဆင့်မှာ ခုနစ်သို့ ရောက်နေပြီဟု သိထားပြီးဖြစ်သည်။ 


ကျောက်လင်းယွီက သူ့ကို မကြိုက်ဘူး ဟုတ်လား ဘာဖြစ်လို့လဲ ... 


Crohn က ခုန်ပေါက်ကာ မေးလိုက်ချင်သော်ငြား ကျောက်လင်းယွီက ရမ်ရှန့်အခန်းထဲသို့ ဝင်သွားပြီးဖြစ်၍ သူလည်း ကိတ်ကိုသာ သွားတွေ့လိုက်တော့သည်။ 


ရမ်ရှန့်၏ အခန်းမှာလည်း သူ့အခန်းပင်ဖြစ်ရာ အခန်းထဲဝင်ရန် တံခါးခေါက်နေစရာ မလိုအပ်ပေ။ တံခါးဖွင့်ပြီးနောက် ကုတ်အင်္ကျီကို ချွတ်လိုက်တော့သည်။ ပြီးခဲ့သော တိုက်ပွဲသည် သူ့အဝတ်အစားများကို ပျက်ဆီးစေခဲ့ပေသည်။  


"ပြန်လာပြီလား ..."


ရမ်ရှန့်က သူ့ကို လှည့်ကြည့်လိုက်သည်။ 


"အမ်း ..." 


ကျောက်လင်းယွီက အခန်းထဲကို တိတ်တဆိတ် အကဲခတ်နေလိုက်သည်။ 


အခန်းမှာ အလွန်ကြီးမားသည့်အတွက် အခန်းခွဲများစွာ ခွဲထားပြီး ရမ်ရှန့်က စားပွဲတွင်ထိုင်ကာ အချက်အလက်တို့ကို အွန်လိုင်းမှ ရှာဖွေနေသည်။ 


ရမ်ရှန့်တစ်ဦးတည်းကိုသာ တွေ့ပါလျှင် သာမန်ဟု ထင်မိမည်ဖြစ်သော်ငြား ကလေးသုံးယောက်ကိုသာ ကြည့်မိပါလျှင် ... 


သူ့ကလေးသုံးယောက်မှာ ပိုပြီး လျင်မြန်စွာ ကြီးထွားလာကြကာ မွေးဖွားပြီး မကြာမီမှာပင် တစ်နှစ်သားအရွယ် ဖြစ်နေပေသည်။ ယခု သူတို့သုံးယောက်လုံး၏ အမြစ်များမှာ ရစ်ပတ်နေပေသည်။ 


ဒုတိယကလေးက အမြစ်များ ရစ်ပတ်ကာ အခန်းထဲတွင် ဝမ်းသာအားရ ဒန်းစီးနေပေသည်။ တတိယကလေးက အမြစ်များဖြင့် ဖန်တီးထားသော ပုခက်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေပြီး စတုတ္ထကလေးကမူ ဘေးနားရှိ အမြစ်တို့ကို လျစ်လျူရှုကာ စခရင်ကိုသာ အာရုံစိုက်ကြည့်နေသည်။ 


"အမြစ်တွေကို ဒီလိုသုံးတော့ ရှုပ်မကုန်ဘူးလား ..." 


ကျောက်လင်းယွီက တတိယကလေး အိပ်နေသည့် ပုခက်ကိုထိကာ မေးလိုက်သည်။ 


"သေချာပေါက်ကို မရှုပ်ဘူးပေါ့ ..." 


ရမ်ရှန့်က ပြန်လှည့်ကြည့်ကာ ပြောလိုက်သည်။ 


"ပြီးတော့ လျှောက်မထိနဲ့ ..." 


"ကိုယ်က ဒီတိုင်းပဲ ထိလိုက်တာပါ ဘာလဲ အဲဒါက မင်းရဲ့ အဓိကနေရာ ဖြစ်သွားလို့လား ကလေးတွေကလည်း အကုန်လျှောက်ထိနေတာပဲ မဟုတ်ဘူးလား ..." 


ကျောက်လင်းယွီက မေးလိုက်သည်။ 


"ခင်ဗျားရော ကလေးတွေထိတာနဲ့ အတူတူလို့ ခံစားရလို့လား ..." 


ရမ်ရှန့်က သူ့ကို ခပ်စူးစူးစိုက်ကြည့်လိုက်သည်။ 


ဤရက်ပိုင်းအတွင်း ရမ်ရှန့်သည် တစ်ခုခုကို ‌မျိုသိပ်ထားရသည့်နှယ် မရွှင်မပျ ဖြစ်နေခဲ့ရာ ဤကဲ့သို့သော အပြုအမူမျိုးကို တွေ့လိုက်ရချိန်တွင် ကျောက်လင်းယွီမှာ အတော်အံ့ဩသွားရတော့သည်။ 


"ခံစားချက်တွေ ပိုကောင်းလာပြီလား ..." 


"ဟင့်အင်း ဒါပေမယ့် ပြုပြင်သင့်တယ်လို့ ထင်လို့ စာအုပ်ထဲမှာ ပြောထားတာ မိဘတွေက စိတ်ညစ်နေရင် ကလေးတွေလည်း စိတ်ဓာတ်ကျတတ်တယ်တဲ့ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


သူ့ကလေးတစ်ယောက် ပျောက်ဆုံးသွားသည့်အတွက် စိတ်လက်မရွှင်ပျသည်မှာ သာမန်ပင်ဖြစ်သော်ငြား ထိုအတွက်ကြောင့်နှင့် ကျန်ကလေးသုံးဦးကိုပါ လျစ်လျူရှုထား၍ မရချေ။ ထို့အပြင် သူ့တွင် အခြားအကြောင်းပြချက်တစ်ခုလည်း ရှိနေသေးသည်။ 


"လင်းယွီ သားကြီးမှာ ဘာမှမဖြစ်ခဲ့ဘူး သူအသက်ရှင်နေသေးတယ် ..." 


"တကယ်ကြီးလား ..." 


ကျောက်လင်းယွီက မေးလိုက်သည်။ 


"သွေးချည်နှောင်မှုကို အသုံးပြုပြီး ကိုယ်ချစ်ရတဲ့သူတွေရဲ့ အခြေအနေကို စုံစမ်းတဲ့ ဂါထာတစ်ပုဒ် တွေ့ခဲ့တယ်လေ အဲဒါကြောင့် သားကြီးက အသက်ရှင်နေသေးမှန်း သေချာသွားတာ တကယ်ဆို အဲဒီ့ဂါထာက လူဘယ်ရောက်နေလဲ ဆိုတာကိုပါ ရှာလို့ရတယ် ဒါပေမယ့် ဒီကမ္ဘာမှာက စိတ်စွမ်းအင် မရှိတော့ ကောင်းကောင်း အလုပ်မဖြစ်တာ နှမြောစရာပဲ သားနဲ့ သိပ်မဝေးတော့မှန်း သိနေပေမယ့် ဘယ်လောက် ကွာသေးလဲ မသိနိုင်ဘူး ဖြစ်နေတာ  ..." 


"အဆင်ပြေတယ်ဆိုရင်‌ကို ရပါပြီ ..."

124.2


ကျောက်လင်းယွီက ပြောလိုက်သည်။ 


"ဟုတ်တယ် ကလေးတွေ အဆင်ပြေနေတယ်ဆိုရင် ရပါပြီ သူတို့ မမွေးခင်ကဆို မွေးလာဖို့ကို မစောင့်နိုင်တော့လို့ လေးယောက်လုံးကို အမြစ်နဲ့ ချည်ပြီး ပုခက်လွှဲပေးခဲ့တာ  ..." 


ရမ်ရှန့်မှာ တစ်ဖန် စိတ်ဓာတ်ကျသွားပြန်သည်။ 


"အခွင့်အရေး ရှိလာမှာပါ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ သူသည် တစ်ချိန်လုံး ပြေးလွှားနေခဲ့သည့်အတွက် လူအချို့ကို စုမိထားပြီးဖြစ်သည်။ 


"လင်းယွီ ..." 


ရမ်ရှန့်က ရုတ်ချည်း ခေါင်းမော့လာသည်။ 


"ဘာဖြစ်လို့လဲ ..." 


သူက မေးလိုက်သည်။ 


"ကျွန်တော့်ရဲ့ စိတ်စွမ်းအားက တစ်ခြားသူတွေနဲ့ ယှဉ်ရင် အားနည်းတဲ့အထဲ ပါတော့ ခုခံရေးဂါထာတွေက ကျွန်တော့်အတွက် သိပ်ပြီး မထိရောက်ဘူ အဲဒါကြောင့် မက်ခါကို ဘယ်လိုမောင်းရမလဲဆိုတာ သင်ချင်တယ် ..."


ရမ်ရှန့်သည် မက်ခါမောင်းနှင်ခြင်းကို သင်ယူရန် အသေအချာ စဉ်းစားပြီးမှသာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ 


ဤလောကတွင် စိတ်စွမ်းအင်များ မရှိသည့်အတွက် မည်သည့်ဂါထာကို အသုံးပြုပါစေ အာနိသင်ကတော့ လျော့ပါးသွားမည်ဖြစ်သည်။ ထိုသည်သာမက သူ၏ စိတ်စွမ်းအင်မှာလည်း တိုက်ခိုက်ရာတွင် ညံ့ဖျင်းသည်ဟု ယူဆ၍ရသော သစ်သားအနွယ်ဝင် ဖြစ်နေသေးသည်။ 


အကယ်၍ သူသာ ကျင့်ကြံရေးကမ္ဘာတွင် ရှိနေသေးပါလျှင် မှော်ပစ္စည်းအချို့ ရှာဖွေကာ၊ စိတ်ဝိဉာဉ်ဆေးပင်အချို့နှင့် စာချုပ်ချုပ်ပြီး စိတ်စွမ်းအင်ကျောက်တုံးများကို စုဆောင်းခြင်းဖြင့် လက်ရှိအခြေအနေကို အဖတ်ဆယ်နိုင်မည်ဖြစ်သည်။ အရင်းအမြစ် လုံလောက်နေသရွေ့ အခြားသူများကို အမြစ်ပြတ်ချေမှုန်းရန်မှာ သူ့အတွက် မခဲယဉ်းလှချေ။ 


သို့သော် ယခုမူ သူ့တွင် အရင်းအမြစ်များလည်း ရှိမနေချေ။ 


သူ့ဆရာ ချန်ထားခဲ့သည့် ဂူမှာလည်း လွန်ခဲ့သည့် နှစ်တစ်သိန်းကျော်ကတည်းက ပြုန်းတီးသွားခဲ့လေသည်။ စိတ်စွမ်းအားကျောက်တုံးများကို မဆိုထားနှင့်။ ဆေးလုံးများကိုပင်လျှင် စုပ်ယူလိုက်ပြီးဖြစ်ရာ ထိုအခြေအနေမျိုးတွင် မည်သို့သော နည်းနှင့်မျှ အပြင်ထွက်ကာ အရင်းအမြစ်အတွက် အခြားသူများကို တိုက်ခိုက်နိုင်မည် မဟုတ်ချေ။ 


သူ့တွင် မှော်ဝင်ပစ္စည်းအချို့ ရှိနေသေးကာ ၎င်းတို့မှာ အသုံးပြုရန် သင့်လျော်လှသော်လည်း စိတ်စွမ်းအင်ကို များစွာ အသုံးပြုရပေသည်။ သူသန့်စင်ထားသည့် အဆင့်နိမ့်ဆေးလုံးများဖြင့်ပင်လျှင် ထိုအခြေအနေကို ပြန်မပြင်ဆင်နိုင်သည့်အပြင် အဆင့်မြင့် ဆေးလုံးများကိုလည်း မဖော်စပ်နိုင်သည့်အတွက် သူ့ခွန်အားကို တိုးမြှင့်ရန် အခြားနည်းလမ်းများကိုသာ ‌စဉ်းစားရပေတော့၏။ 


သူသည် Crohn ကြောင့် မက်ခါများကို သတိပြုမိလာခြင်းဖြစ်သည်။ Crohn သည် သန်မာလှသော အဆင့်ရှစ်စွမ်းရည်ပိုင်ရှင် ဖြစ်နေသည့်တိုင် မက်ခါကို အသုံးပြုနေဆဲဖြစ်သည်။ ပြန်ပေးဆွဲရန် ဖက်ဒရယ်သို့ ရောက်လာသည့် အဆင့်ခုနစ် စွမ်းရည်ပိုင်ရှင်နှစ်ဦးမှာလည်း မက်ခါကို အသုံးပြုခဲ့ကြသေးသည်။ 


လောယာအင်ပါယာ၏ စဉ်ဆက်မပြတ် တိုးတက်နေသော နည်းပညာအရ အဆင့်မြင့်မက်ခါများ၏ တိုက်ခိုက်နိုင်စွမ်းမှာ အဆင့်မြင့်စွမ်းရည်ပိုင်ရှင်တို့ထက် မနိမ့်လှပေ။ သို့သော် အဆင့်မြင့်မက်ခါများကို အဆင့်မြင့် စွမ်းရည်ပိုင်ရှင်များကသာ မောင်းနှင်နိုင်သည့်အတွက် အဆင့်နိမ့်စွမ်းရည်ပိုင်ရှင်များအဖို့ အဆင့်မြင့်သူများကို မက်ခါသုံး၍ အနိုင်တိုက်နိုင်ရန် မဖြစ်နိုင်ချေ။ 


မက်ခါတစ်စီးသာ ပိုင်ဆိုင်ထားပါလျှင် ပိုမိုပြီး ကြံ့ခိုင်သန်မာလာမည်ဖြစ်သည်။ ထိုအကြောင်းကိုတွေးရင်း ရမ်ရှန့်မှာ အသက်ကို ပြင်းပြင်းရှူထုတ်လိုက်မိတော့သည်။ 


ဤရက်ပိုင်း ကျောက်လင်းယွီ အပြင်သွားနေချိန်တွင် သူသည် မက်ခါများအကြောင်းကို အွန်လိုင်း‌ပေါ်မှတစ်ဆင့် လေ့လာခဲ့ပြီး မက်ခါနှင့် သက်ဆိုင်သည့် ဗဟုသုတများကိုပင် အများအပြား လေ့လာခဲ့သေးသော်ငြား လက်တွေ့လေ့ကျင့်ရန် ‌လိုအပ်နေသေးသည်။ ကျောက်လင်းယွီကလည်း သူ့တောင်းဆိုမှုကို လုံးဝငြင်းပယ်လိမ့်မည် မဟုတ်ချေ။ သူက တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် Crohn ကို ဆက်သွယ်လိုက်သည်။ 


"ရမ်ရှန့်က မက်ခါမောင်းတာကို သင်ချင်တယ် ဟုတ်လား သူက အရမ်း အားနည်းလွန်းမနေဘူးလား မက်ခါအစား စစ်သင်္ဘောမောင်းတာကိုပဲ သင်ပါ့လား ငါ ဖက်ဒရယ်ကို စရောက်ကာစကဆို မင်းရဲ့ စစ်သင်္ဘောမောင်းတဲ့စကေးကို တော်တော်အံ့ဩသွားရတာ ..." 


Crohn က ပြောလိုက်သည်။ ရမ်ရှန့်မှာ သူထင်ထားသလို အားမနည်းကြောင်း သိနေပြီဖြစ်သည့်တိုင် ကျောက်လင်းယွီက ပိုပြီးသန်မာသည်ဟု ခံစားနေရဆဲဖြစ်သည်။ 


"အဲဒီ့အချိန်တုန်းက စစ်သင်္ဘောကို ရမ်ရှန့်မောင်းခဲ့တာ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


Crohn ၏ တစ်ကိုယ်လုံးမှာ မယုံကြည်နိုင်မှုတို့ဖြင့် တောင့်ခဲသွားတော့သည်။ သို့သော် အသေအချာ ပြန်စဉ်းစားပြီးနောက်တွင်မူ မှန်လိမ့်မည်ဟု ခံစားမိလာတော့သည်။ ဤရက်ပိုင်းအတွင်း သူသည် ကျောက်လင်းယွီနှင့် အဆက်အသွယ် ရှိနေသည့်အတွက် ထိုသူမှာ သန်မာကြောင်း သိထားပြီးဖြစ်သည့်တိုင် သူ၏ စိတ်စွမ်းအင်မှာမူ သာမန်အဆင့်မျှသာ ဖြစ်သည်။ ထိုအချိန်က လေယာဉ်မှာ အလွန်သန်မာသည့် စိတ်စွမ်းအင်ပိုင်ရှင်က မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း သိသော်ငြား ထိုသူမှာ ရမ်ရှန့်ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားချေ။ 


"ဒါဆို အစမ်းမောင်းကြည့်ဖို့ စက်တစ်ခု ရှာလာခဲ့လိုက်မယ် အဲဒါနဲ့ လေ့ကျင့်ပြီးရင် သာမန်မက်ခါနဲ့  အသားကျအောင် လုပ်လိုက်ဦး သူ တကယ်ကို မက်ခါမောင်းရတာ ကြိုက်တယ်ဆိုမှ သူ့အတွက် သီးသန့်မှာပေးမယ့်သူနဲ့ မိတ်ဆက်ပေးမယ် ..." 


Crohn က ပြောလိုက်သည်။ မက်ခါတစ်စီးကို မှာယူရန်မှာ မလွယ်ကူလှချေ။ စွမ်းရည်သာမက ဩဇာအာဏာနှင့် ပြည့်စုံသူများသာ မှာယူနိုင်သော်ငြား ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့၏ လက်ထဲတွင် သန္ဓေတည်ဆေးများ ရှိနေသည့်အတွက် မြောက်များစွာသော ပုဂ္ဂိုလ်တို့က လိုလိုလားလား ကူညီကြမည်ဖြစ်သည်။ 


ရမ်ရှန့်က ကျောက်လင်းယွီကိုသာ မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေပြီး Crohn နှင့် ဆွေးနွေးမှု ပြီးစီးသွားကြောင်း သိလိုက်ရသည်နှင့်တစ်ပြိုင်နက် ကလေးသုံးယောက်လုံးကို သူ့အမြစ်နှင့် ရစ်ပတ်ကာ အခန်းအပြင်ကို ထုတ်လိုက်ပြီး ကျောက်လင်းယွီကို ပွေ့ဖက်လိုက်သည်။


Xxxxxx