အပိုင်း ၁၂၅
Viewers 18k

Chapter 125


"ခင်ဗျားရဲ့ စွမ်းရည်တွေက ရှုပ်ထွေးလာပြန်ပြီ ..." 


ကျောက်လင်းယွီသည် အလျင်အမြန် ခွန်အားတိုးစေရန်အလို့ငှာ အခြားသူများ၏ စွမ်းရည်ကိုပါ စုပ်ယူခဲ့သည့်အတွက် သူ့ကိုယ်ထဲမှ စွမ်းရည်တို့မှာ မတည်မငြိမ် ဖြစ်လာရတော့သည်။ ယခုအချိန်တွင် သူ့ကိုယ်ထဲမှ စွမ်းအင်များစွာ လွတ်ထွက်နေပေသည်။ 


"ဒီလိုနည်းနဲ့ပဲ ကိုယ့်ရဲ့ ခွန်အားက မြန်မြန် သန်မာလာနိုင်မှာလေ ..." 


သူက ပြောလိုက်သည်။ သူထုတ်ပြထားသည့် စွမ်းအင်မှာ အဆင့်ခြောက်၊ ခုနစ်မျှသာ ရှိသော်ငြား အမှန်တွင်မူ သူသည် Crohn နှင့်ပင် အဆင့်တူလုနီးပါး ဖြစ်နေပေသည်။ 


ရမ်ရှန့်က သူ့ကို ဖက်တွယ်ကာ အဝတ်များကို ချွတ်ပစ်လိုက်သည်။ ရမ်ရှန့်က သူ့ခွန်အားများ တိုးမြင့်နိုင်ရန် ကျင့်ကြံခြင်းကိုသာ မှီခိုရသော်ငြား ကျောက်လင်းယွီနှင့် တူနှစ်ကိုယ် ကျင့်ကြံသေးသည့်အတွက် ပြဿနာ မရှိလှပေ။ 


သူက ကျောက်လင်းယွီ၏ ခန္ဓာကိုယ်ထဲရှိ ကသောင်းကနင်း ဖြစ်နေသော စွမ်းရည်များကို ပပျောက်စေကာ စွမ်းရည်လမ်းကြောင်းကို ချောမွေ့အောင် လုပ်ပေးလိုက်သည်။ ထို့နောက် အခြားသူ၏ ကိုယ်ထဲမှ စွမ်းရည်ကို ပြန်မပေးခင် သူ့ကိုယ်ထဲသို့ ဆွဲသွင်းလိုက်သည်။ ထိုနည်းအားဖြင့် စွမ်းရည်မှာ ပိုပြီး ‌ချောမွေ့လာကာ ကျောက်လင်းယွီ၏ ကိုယ်ထဲသို့ ပြန်ရောက်လာချိန်တွင် ယခင်ကလောက် ကြမ်းကြုတ်မနေတော့ချေ။ 


ဤကဲ့သို့ ထပ်ကာထပ်ကာ ဆောင်ရွက်ခဲ့သည့်အတွက် နောက်နေ့မနက် မိုးလင်းချိန်တွင် ကျောက်လင်းယွီ၏ ကိုယ်ထဲရှိ စွမ်းအင်များမှာ များစွာ ချောမွေ့လာသည့်အပြင် ရမ်ရှန့်မှာလည်း ပိုပြီး သန်မာလာပေသည်။ Crohn က အစမ်းမောင်းနှင်ရေးစက် လာပို့ချိန်တွင် ကျောက်လင်းယွီ၏ ကိုယ်ပေါ်မှ လျှံထွက်နေသော စွမ်းအင်များမှာ အသုံးပြုခံလိုက်ရပြီးဖြစ်ကြောင်း တွေ့လိုက်ရသည့်အတွက် အလန့်တကြား စိုက်ကြည့်နေလိုက်တော့သည်။ 


သူက အစမ်းမောင်းနှင်ရေးစက်များကို တစ်ခုထက်မက ယူဆောင်လာသည်။ ရမ်ရှန့်အတွက်သာမက အကြီးအကဲထန့်၊ ဖန့်ချန်ကျွင့်နှင့် Gerd တို့အပြင် သူ့နောက်သို့ လိုက်လာသော ကော်ဘီယန်အတွက်ပါ တစ်ခု ပြင်ဆင်ပေးခဲ့သေးသည်။ ထိုအစမ်းမောင်းနှင်ရေးစက်မှာ မက်ခါဖွဲ့စည်းပုံအကြောင်း လေ့လာနိုင်သည့်အပြင် ကြယ်တာယာကွန်ယက်နှင့် ချိတ်ဆက်ပြီး ပြိုင်ပွဲများလည်း ယှဉ်ပြိုင်နိုင်သေးသည်။ သို့သော် မည်သူကမှ ယှဉ်ပြိုင်ကစားလိုခြင်း အလျဉ်းမရှိချေ။ 


"ရမ် အစမ်းမောင်းတဲ့စက်ထဲ ရောက်ရင် ခွန်အားကို ထိန်းချုပ်ဖို့ သတိရနော် ..." 


သုံးစွဲသူလမ်းညွှန်ကိုဖတ်ရင်း ကျောက်လင်းယွီက ပြောလိုက်သည်။ အစမ်းမောင်းနှင်သည့် ကိရိယာတွင် ကွန်ယက်လုံခြုံရေးကို သေချာစေရန် အဆင့်မြင့်နည်းပညာများစွာ ပါဝင်ကာ လောယာအင်ပါယာ၏ ပင်မကွန်ပျူတာဖြင့် ထိန်းချုပ်ထားသည့်တိုင် သူတို့အနေဖြင့် ဂရုစိုက်နေရဦးမည်ဖြစ်သည်။ 


"စိတ်ချပါ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ သူ့အမူအယာမှာ အနည်းငယ် ဆွံ့အနေဟန်ပင်။ 


စွမ်းရည်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုကိုပါ သရုပ်ပြကွန်ယက်အတွင်း ယူသွား၍ရသည့် ထိုအစမ်းမောင်းနှင်သော ကိရိယာမှာ အလွန်အဆင့်မြင့်ကာ ဈေးကြီးလှသော်ငြား ရမ်ရှန့်အတွက်မူ ထွင်းဖောက်မြင်နေရသည့် အကြည်ရောင်ခေါင်းတလားနှင့် ဆင်တူလှပေသည်။ 


သူ့ဆရာတွင် မိတ်ဆွေအနည်းငယ် ရှိခဲ့ပြီး ထိုထဲမှ တစ်ယောက်၏ သမီးဖြစ်သူသည် အသတ်ခံခဲ့ရသည်။ ထိုအခါ သူက သူ့သမီး၏ ရုပ်အလောင်းကို မပုပ်မသိုးနိုင်သော ဆေးရည်ဖြင့် စိမ်ကာ ခေါင်းတလားထဲထည့်ခဲ့သည်။ ထိုခေါင်းတလားနှင့် သူ့ရှေ့ရှိ အစမ်းမောင်းနှင်ရေးကိရိယာမှာ မကွဲပြားလှ။ ထိုစက်ထဲတွင်လည်း အရည်များ ရှိနေပေသည်။ 


ဒီလိုနေရာကြီးထဲမှာ လှဲအိပ်ရမှာ နည်းနည်းတော့ တစ်မျိုးကြီးပဲ ... 


ရမ်ရှန့်မှာ ထိုနေရာနှင့် အသားမကျသေးသည့်တိုင် တွန့်ဆုတ်မနေတော့ဘဲ ဝင်လှဲလိုက်သည်။ ထို့နောက် သူ့စိတ်စွမ်းအင်ကို လာရောက်ဆက်နွယ်နေသည့် ထူးဆန်းသော စွမ်းအင်တစ်ခုကို ခံစားလိုက်ရတော့သည်။ 


ရမ်ရှန့်၏ စိတ်စွမ်းအင်မှာ အသန်မာဆုံး ဖြစ်သော်ငြား ကျင့်ကြံသူအများစုသည် စိတ်စွမ်းအားကို ကာကွယ်ထားကာ တိုက်ခိုက်ရန် မသုံးကြသည့်အတွက် သူသည်လည်း မည်ကဲ့သို့ အသုံးပြုသင့်မှန်း မသိချေ။ အနည်းငယ် စဉ်းစားပြီးနောက် သူ၏ စိတ်စွမ်းအင်အများစုကို စုစည်းကာ တစ်ပိုင်းတစ်စကိုသာ Crohn ပေးထားသည့် စက်ထဲတွင် ချန်ခဲ့လိုက်သည်။ 


ထိုအမျိုးအမည်မသိရသော စွမ်းအင်နှင့် သူချန်ထားခဲ့သည့် စိတ်စွမ်းအင်များ ရောနှောသွားချိန်တွင် ဆက်နွယ်မှုတစ်ခုကို ခံစားလိုက်ရတော့သည်။ တစ်ချိန်တည်းတွင်ပင် သူ့ကြွက်သားများမှာလည်း အနည်းငယ် စပ်ဖျဉ်းဖျဉ်းဖြစ်သွားသည့်အတွက် စိတ်စွမ်းအင်အားလုံးကို ခန္ဓာကိုယ်ထဲသိူ့ စုစည်းလိုက်တော့သည်။ 


သူ့ခန္ဓာကိုယ်အချက်အလက်တို့မှာ လောယာတို့နှင့် မတူညီပေ။ အစမ်းမောင်းနှင်သည့် ကိရိယာနှင့် ပူးတွဲပါရှိသော စက်သည် သူ့ခန္ဓာကိုယ်အခြေအနေကိုသာ ပြသနိုင်သည် ဆိုသော်ငြား သတိထားရန်တော့ လိုအပ်နေသေးသည်။ အနည်းငယ် လှည့်ပတ်ပြီးနောက် အပြာရောင်အာကာသပြင်တွင် လွင့်မျောနေသော သူ့ကိုယ်သူ ပြန်တွေ့လိုက်ရသည်။


သရုပ်ပြကွန်ယက်အတွင်း ထွက်ပေါ်လာသော အချက်အလက်များသည် သုံးစွဲသူကို စကန်ဖတ်ရာမှ ရရှိလာခြင်းဖြစ်ရာ အွန်လိုင်းပေါ်ရှိ စွမ်းရည်များကို လက်တွေ့ဘဝရှိ စွမ်းရည်များက ကန့်သတ်ထားပြီး ပြောင်းလဲ၍ မရသော်ငြား ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲလိုပါလျှင်မူ ပြဿနာမရှိချေ။ ရမ်ရှန့်က သူ၏ ရုပ်ဖျက်ထားပြီးဖြစ်သော မျက်နှာကို စိုက်ကြည့်ရင်း နောက်ထပ် မပြောင်းလဲတော့ချေ။ 


ရုပ်ရည်ကို မပြောင်းတော့ရန် ဆုံးဖြတ်ပြီးနောက် ရမ်ရှန့်သည် ညွှန်ကြားချက်အချို့ကို နားထောင်ကာ အလိုရှိသည့် နေရာတိုင်းကို သွားနိုင်သည့် ကောင်းမွန်စွာ ပြင်ဆင်ထားသော အခန်းထဲသို့ ရောက်သွားတော့သည်။ ရမ်ရှန့်က သူ့ကိုယ်ပိုင် အချက်အလက်များကို ဆွဲယူကြည့်လိုက်သည်။ 


လူတိုင်း၏ အခြအနေမှာ ကွဲပြားပေရာ စက်က စစ်ဆေးပေးသော ရုပ်ပိုင်းဆိုင်ရာ အခြေအနေများမှာ မပြည့်စုံလှသော်ငြား စိတ်စွမ်းအင်သန်မာမှုမှာမူ မမှားယွင်းပေ။ ထို့ကြောင့် ရမ်ရှန့်၏ စိတ်စွမ်းအင်မှာ အဆင့်ရှစ်ဖြစ်ပြီး သူ့စိတ်စွမ်းရည်အဆင့်မှာ အလွန်မြင့်သော်ငြား ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာမူ အဆင့်သုံးသာ ရှိပေသည်။ 


စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာတို့ကို အဆင့်ကိုးဆင့် ခွဲခြားထားပြီး သာမန်အားဖြင့် ထိုနှစ်မျိုးအကြား ကွာခြားမှုမှာ အဆင့်နှစ်ဆင့်ထက် မပိုပေ။ အဆင့်ငါးဆင့် ကွာဟသူဟူ၍ ရမ်ရှန့်တစ်ဦးတည်းသာ ရှိသည့်အတွက် ထူးဆန်းသည်ဟု ဆိုရပေမည်။ 


သို့သော် ရမ်ရှန့်ကတော့ သတိမပြုမိ။ သူ့ခန္ဓာကိုယ်မှာ အနည်းငယ် လေးလံနေသည်ဟု ခံစားရသော်ငြား များများစားစား ဂရုစိုက်မနေဘဲ မက်ခါရင်ပြင်သို့သာ တိုက်ရိုက်သွားလိုက်တော့သည်။

125.2


မက်ခါရင်ပြင်သည် မက်ခါအစိတ်အပိုင်း ရောင်းဝယ်သည့်ဆိုင်များ ဝန်းရံထားသော ရင်ပြင်ဖြစ်သည်။ ရင်ပြင်၏ အလယ်တွင် ဟိုဟိုသည်သည် သွားလာနေကြသူများသာမက ကစားနေကြသူများပင် ရှိနေသေးသော်ငြား ထိုသူတို့ကို အကြည့်တစ်ချက်ပင် မစွန့်ကြဲဘဲ လေ့ကျင့်ရေးအခန်းသို့သာ တန်းတန်းမတ်မတ် သွားလိုက်သည်။ 


လေ့ကျင့်ရေးအခန်း အများစုမှာ လူပြည့်နေသည့်အတွက ရမ်ရှန့်လည်း ပြန်မထွက်ခင် အထဲသို့ ဝေ့ဝဲကြည့်ရှုလိုက်သည်။ ထို့နောက် နေရာလွတ်တစ်ခုကို တွေ့လိုက်သည့်အတွက် အထဲသိူ့ဝင်ကာ စတင်လေ့လာလိုက်တော့သည်။ 


ပထမဆုံး စတင်လေ့လာရသည့် အခြေခံလှုပ်ရှားမှုများမှာ ခက်ခဲလိမ့်မည်ဟု ထင်ခဲ့သော်ငြား အလွယ်တကူပင် ပြီးစီးသွားခဲ့သည်။ အခြေခံလှုပ်ရှားမှုများပြီးနောက် နောက်ထပ်အဆင့်မှာ စတင်ရွေ့လျားခြင်းဖြစ်သည်။ 


လေ့ကျင့်ရေးကွင်းပြင်တွင် မက်ခါကို ‌ရှေ့တိုးနောက်ဆုတ် ရွေ့လျားကြည့်ပြီးနောက် စက်ဝိုင်းပုံပတ်ကာ ပျံသန်းလိုက်သည်။ ထို့နောက် အရှိန်တင်ရန် ပြင်လိုက်ချိန်တွင် ခလုတ်တစ်ခုကို မတော်တဆ မှားနှိပ်မိလိုက်တော့၏။ 


လူသားတို့၏ လက်ချောင်းအရှည်မှာ ကန့်သတ်ချက်များ ရှိနေသည့်အတွက် ခလုတ်မှားနှိပ်ပြီးနောက် ရမ်ရှန့်မှာ အခြေ‌အနေကို ပြန်မပြင်နိုင်တော့ချေ။ မြေကြီးပေါ်သို့ ပြုတ်ကျတော့မည်ဟု တွေးလိုက်မိချိန်တွင် သူ့လက်ထဲမှ အမြစ်ခုနစ်ချောင်းခန့် ထွက်လာတော့သည်။ 


သူ့ရဲ့ လူသားပုံစံကိုပဲ စကန်ဖတ်လိုက်တာ မဟုတ်ဘူးလား ဘယ်လိုဖြစ်ပြီး အမြစ်တွေပါ ပါလာရတာလဲ ... 


အံ့ဩသွားသည့်အတွက် ရမ်ရှန့်မှာ ပယ်ဖျက်သည့်ခလုတ်ကိုပင် မနှိပ်နိုင်တော့။ ဟန်ချက်ပျက်ကာ မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့သည်။ 


" လမ်းတောင် ကောင်းကောင်းမလျှောက်နိုင်သေးဘဲနဲ့များ ဒီနေရာကိုလာပြီး  ကိုယ့်ကိုယ်ကို အရှက်ခွဲဖို့ ကြံနေတာလား ..." 


ရမ်ရှန့်က သူ့မက်ခါကို ပြန်ထူရန် ထိန်းချုပ်နေစဉ် အမျိုးသားအသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ 


မော့ကြည့်လိုက်ချိန်တွင် သူနှင့်ဆင်တူသည့် မက်ခါတစ်စီးကို တွေ့လိုက်ရသည်။ ထိုမက်ခါက သူ့ကို အထင်တသေး ကြည့်နေသည့်အပြင် သူ့ကိုယ်ကို တက်နင်းရန်ပင် ခြေထောက်ကို ဆန့်ထုတ်လိုက်သေးသည်။ 


ရမ်ရှန့်သည် ကျောက်လင်းယွီ၏ ကာကွယ်မှုအောက်တွင်သာ နေခဲ့ရသည့်အတွက် ထိုသို့ တစ်ခါမှ မကြုံဖူးချေ။ 


အဲဒီ့လူရဲ့ အပြုအမူတွေ၊ အပြောအဆိုတွေအားလုံးက သူ့ကို စော်ကားနေတာတွေပဲ ဒါပေမယ့် သူက ဘယ်လိုဖြစ်ပြီးတော့ ဒီလို လုပ်ရတာလဲ ... 


ရမ်ရှန့်မှာ အနည်းငယ် သတိကပ်သွားသည်။ 


လောယာအင်ပါယာက လူတွေက သူ့ကို စမ်းသပ်ချင်လို့များလား ဒါပေမယ့် စမ်းသပ်ချင်တယ်ဆိုရင်တောင် ဒီလိုမျိုး ရိုင်းစရာမှ မဟုတ်တာ ပြီးတော့ သူ့ရဲ့ သရုပ်မှန်ကို သစ်ပင်လူသားအဖြစ် ပြောထားတာလည်း သိပ်မှမကြာသေးတာ အဲဒါကနေ ဟာကွက်တစ်ခုခု ရှိသွားတယ် ဆိုဦးတောင် ဒီ သရုပ်ပြကွန်ယက်မှာ ဘယ်လိုလုပ် ရှာတွေ့နိုင်မှာလဲ ... 


"တော်ဝင်အကယ်ဒမီ ... မင်းကလည်း ဘာမှ မတတ်ကျွမ်းတဲ့ အထက်တန်းလွှာအမည်ခံ ငတုံးတစ်ကောင်ပဲလား ..." 


ထိုသူက ပြောလိုက်သည်။ 


"မက်ခါကိုတောင် မမောင်းနိုင်ဘဲနဲ့များ ... တော်ဝင်အကယ်ဒမီကတော့ ကြုံရာကျပန်း အကုန်ကို လက်ခံနေတာပဲ ..." 


တော်ဝင်အကယ်ဒမီ ဟုတ်လား ... 


ရမ်ရှန့်မှာ အတော်ကြာမှသာ သူ၏ လက်ရှိ အထောက်အထားသည် တော်ဝင်အကယ်ဒမီ၏ အရည်အချင်းစစ် ကျောင်းသားဖြစ်နေကြောင်း သတိရလိုက်တော့သည်။ 


နေပါဦး သူက တော်ဝင်အကယ်ဒမီက ကျောင်းသားဆိုရင်တောင် အဲဒီ့ကျောင်းကို တစ်ခါမှ ရောက်ဖူးသေးတာ မဟုတ်ဘူးလေ ဘယ်လိုဖြစ်ပြီးများ ကံဆိုးမိုးမှောင်ကျလာရတာလဲ ... 


တစ်ဖက်သူက မည်သည့်အကြောင်းကြောင့် တော်ဝင်အကယ်ဒမီကို မုန်းတီးနေမှန်း မသိရသော်ငြား ရမ်ရှန့်ကမူ ထိုသူကို အမြင်မကြည်တော့ချေ။ 


စွမ်းရည်ရှိတယ်ဆိုတာနဲ့ပဲ တစ်ခြားသူကို ပြဿနာရှာလို့ ရလို့လား ဘယ်လိုလူမျိုးကရော အခုမှ မက်ခါမောင်းတာ စသင်ကာစလူကို ပစ်မှတ်ထားလို့လဲ ... 


ပြီးတော့ သူက အရည်အချင်းစစ် ကျောင်းသားလေ သာမန်ကျောင်းသားမှ မဟုတ်တာ သူဖတ်ထားတဲ့ အချက်အလက်တွေအရဆိုရင် အရည်အချင်းစစ် ကျောင်းသားတွေမှာ အထူးထောက်ခံချက် ရှိနေရင် သမားရိုးကျ စမ်းသပ်ချက်တွေကို ကျော်ဖြတ်စရာ မလိုဘူးလေ ဒီလိုဆိုမှတော့ သူ မက်ခါတွေအကြောင်း မရင်းနှီးတာ အဆန်းမှ မဟုတ်တာ ... 


"ဒီလေ့ကျင့်ရေးအခန်းက ဗဟိုအကယ်ဒမီအပိုင်ဆိုတာ မင်းမသိဘူးလား ..." 


ထိုသူက ယခုအချိန်အထိ ရမ်ရှန့်အပေါ် နင်းထားသော ခြေထောက်ကို ဖယ်မပေးသေးချေ။ 


ရမ်ရှန့်က သူ၏ အမြစ် ၅ ချောင်းနှင့် စိတ်စွမ်းအင်အားလုံးကို မောင်းနှင်ရေးစက်ခလုတ်ထံ နစ်မြှုပ်ထားလိုက်သည်။ ဤကွန်ယက်တွင် အဆင့် ၈ စိတ်စွမ်းအင်နှင့် အံ့ဩဖွယ်ကောင်းလောက်သည့် လက်လှုပ်ရှားမှုတို့ ပေါင်းစပ်ပါလျှင် မက်ခါကို ရာနှုန်းပြည့် အောင်မြင်စွာ ထိန်းချုပ်နိုင်ပေသည်။ 


ရမ်ရှန့်က တစ်ဖက်သူ၏ ခြေထောက်ကို ဆွဲယူကာ ကိုင်ပေါက်လိုက်သည်။ ထို့နောက် လက်သီးဖြင့် ထိုးကာ သူ့အောက်သို့ ရောက်သွားသူကို တိုက်ခိုက်နည်းပေါင်းစုံသုံးကာ ရိုက်နှက်လိုက်တော့သည်။ 


မက်ခါကို ထိန်းချုပ်ရခြင်းသည် ခက်ခဲသည့်အတွက် လှုပ်ရှားမှုတိုင်းကို မှန်ကန်အောင် မလုပ်ဆောင်နိုင်သော်‌ငြား သူ၏ မြန်ဆန်လှသော လက်အရှိန်က မှားခဲ့သမျှကို ပြန်ပြီး အဖက်ဆယ်ပေးနေသည်။ အမှားများ ရှိသဖြင့် လှုပ်ရှားမှုမှာ မချောမွေ့သည့်တိုင် များစွာ ထိခိုက်မသွားချေ။ မက်ခါတို့၏ သတ္ထုအချင်းချင်း ပွတ်တိုက်နေသည့် အသံများ အခန်းထဲတွင် ပျံ့နှံ့လာတော့သည်။ 


ဤအခြေအနေမျိုးတွင် တစ်ဖက်သူကလည်း အရှုံးမပေးချေ။ ထိုသူမှာ မက်ခါနှင့် အလွန်အကျွမ်းတဝင်ရှိလှသဖြင့် ရုတ်ချည်း တန်ပြန်တိုက်ခိုက်လိုက်သော်ငြား လက်ဦးမှု ဆုံးရှုံးသွားသည့်အပြင် ရမ်ရှန့်ကဲ့သို့လည်း မမြန်ဆန်သည့်အတွက် ရမ်ရှန့်က အကြိမ်ပေါင်းများစွာ ရိုက်ပြီးကာမှ သူက တစ်ချက်သာ ပြန်ရိုက်နိုင်ပေသည်။ 


အခြားလက်နက်များမှာမူ ... ဤလေ့ကျင့်ရေးအခန်းထဲရှိ မက်ခါများမှာ အခြားလက်နက် သုံးခွင့်မရှိပေ။ 


ဖန့်ချန်ကျွင့်နှင့် အကြီးအကဲထန့်တို့လည်း အစမ်းမောင်းနှင်ရေးကိရိယာထဲ ရောက်လာခဲ့သော်ငြား ရမ်ရှန့်ကဲ့သို့ ချက်ခြင်း မလေ့ကျင့်ဘဲ တစ်ယောက်ကိုတစ်ယောက် ဦးစွာ ရှာဖွေလိုက်ကြသည်။ 


အကြီးအကဲထန့်သည် ဖန့်ချန်ကျွင့်ကို အထင်အမြင်သေးခဲ့ဖူးသော်ငြား ဤရက်ပိုင်းအတွင်း ပိုပြီး ရင်းနှီးလာကာ သူ့ကိုပင် အနည်းငယ် နည်းပေးလမ်းပြ လုပ်လိုက်သေးသည်။ သို့သော် သူသည် ရမ်ရှန့်အတွက်လည်း စိတ်ပူနေမိဆဲဖြစ်သည်။ 


ရမ်ရှန့်မှာ ကလေးပျောက်ဆုံးသွားကတည်းက စိတ်အခြေအနေ မကောင်းသည့်အတွက် သူလည်း မပူပန်ဘဲ မနေနိုင်တော့ချေ။ ကျောက်လင်းယွီကလည်း ရမ်ရှန့်ကို ဂရုစိုက်ပေးရန် သူ့ကို တောင်းဆိုထားသည့်အတွက် ဖန့်ချန်ကျွင့်နှင့် တွေ့ဆုံပြီးနောက် ရမ်ရှန့်ကို သွားရှာရန် အကြံပြုလိုက်သည်။ 


"ငါတို့တွေ သူ့ကို သွားရှာကြရအောင် သူက နားမလည်သေးတာတွေ အများကြီးရှိသေးတော့ နည်းနည်းလောက် သတိလက်လွတ်ဖြစ်သွားရင် လူတွေ ဟာကွက်ကို တွေ့သွားလိမ့်မယ် ပြီးတော့ ကျောက်လင်းယွီကလည်း နည်းနည်းလောက် ဂရုစိုက်ပေးဖို့ တောင်းဆိုထားသေးတယ် ..." 


ဖန့်ချန်ကျွင့်ကလည်း သဘောတူလိုက်သည်။ သူသည်လည်း ရမ်ရှန့်နှင့် အဆက်အသွယ်ရှိခဲ့သူဖြစ်ရာ အခြေအနေများကို အနည်းနှင့်အများ သိထားပေသည်။


Xxxxxx