အပိုင်း ၁၂၆
Viewers 18k

Chapter 126


ရမ်ရှန့်မှာ အလွန်ရိုးရှင်းရာ သူ့ကို နားလည်ရန် လွယ်ကူလှပေသည်။ ဤအချက်မှာ ကောင်းမွန်သော်ငြား ယခုအချိန်တွင် သူတို့သည် အခြားသူ၏ ပိုင်နက်အတွင်း ရောက်နေခြင်းဖြစ်ရာ ပိုပြီး သတိကြီးကြီး ထားသင့်ပေသည်။ 


"ဒါဆို သူ့ကို သွားရှာကြရအောင် ..." 


အကြီးအကဲထန့်က ပြောလိုက်သည်။ သူနှင့် ဖန့်ချန်ကျွင့်တို့၏ စိတ်စွမ်းအားမှာ မသန်မာလှသည့်အတွက် မက်ခါမောင်းနှင်ရာတွင် ခက်ခဲမည်ဖြစ်သောကြောင့် အလျင်မလိုလှပေ။ 


ရင်ပြင်သို့ ရောက်ရှိပြီးနောက် အခြေခံလေ့ကျင့်ရေးအခန်းများတွင် လိုက်ရှာလိုက်ကြသည်။ 


လေ့ကျင့်ရေးအခန်း များစွာ‌ရှိနေရာ သူတို့နှစ်ဦးသည် မက်ခါကို မဝတ်ဆင်ဘဲ တစ်ခန်းဝင်တစ်ခန်းထွက် လိုက်ရှာနေသည့်တိုင် ကနဦးအဆင့် လေ့ကျင့်သူ တစ်ဦးတစ်ယောက်ကိုမှ မတွေ့ရချေ။ ထိုအစား လေ့ကျင့်ရေးအခန်းတံခါးတစ်ခုမှာ ပွင့်နေပြီး မြောက်များစွာသော လူများက တံခါးအပြင်ဘက်တွင် စုရုံးကာ ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ 


"ဘာဖြစ်နေတာလဲ ..." 


အကူကိရိယာမှတစ်ဆင့် လောယာဘာသာစကားကို အတန်အသင့် သင်ယူထားသော အကြီးအကဲထန့်က စူးစမ်းလိုဟန်ဖြင့် မေးလိုက်သည်။ 


"လေ့ကျင့်ရေးအခန်းထဲမှာ လူနှစ်ယောက် ရန်သတ်နေကြတာလေ .... ရန်ပွဲက ... တကယ်ကို အံ့ဩလောက်စရာပဲ ..." 


ရန်ပွဲကြည့်နေကြသူများမှာလည်း မက်ခါကို ဝတ်ဆင်မထားသည့်အတွက် အကြီးအကဲထန့်၏ အမေးစကားကို ကြားလိုက်ရသူတစ်ဦးက လှည့်ကြည့်ကာ ဖြေလာသည်။ 


အကြီးအကဲထန့်မှာ အံ့ဩသွားပြီး တစ်ချိန်တည်းတွင်ပင် မလှမ်းမကမ်းရှိ ဆယ်မီတာကျော်ခန့် မြင့်မားသော မက်ခါနှစ်စီးကို တွေ့လိုက်ရသည်။ 


ထိုမက်ခါများမှာ တစ်ပုံစံတည်း တူညီနေသော်ငြား ရင်ဘက်နေရာရှိ အမှတ်အသားမှာမူ ကွဲပြားပေသည်။ မက်ခါနှစ်စီးမှာ လက်သီးထိုးခြင်း၊ လည်ပင်းညှစ်ခြင်း၊ မျက်နှာကို ဖြတ်ရိုက်ခြင်းတို့ဖြင့် လက်ရုံရည်ချင်း တိုက်ခိုက်နေကြပြီး ထိုကဲ့သို့သော တိုက်ခိုက်မှုမျိုးကို  အကြားအမြင် များပြားလှသည့် အကြီးအကဲထန့်ပင်လျှင် များများစားစား မတွေ့ဖူးချေ။ 


နောက်ဆုံးတစ်ကြိမ် သူတွေ့ခဲ့ဖူးသည်မှာလည်း ဖက်ဒရယ်နှင့် ဝေးလံလှသည့် ဂြိုဟ်တစ်ခုပေါ်ရှိ အမျိုးသမီးတစ်ဦးက သူ့ခင်ပွန်း ဖောက်ပြန်နေသည်ကို လက်ပူးလက်ကြပ် ဖမ်းမိခဲ့စဉ်ကဖြစ်သည်။ ထိုအချိန်က ရန်ပွဲမှာလည်း ယခု သူမြင်နေရသည်နှင့် တစ်ထေရာတည်းပင်ဖြစ်သည်။ 


သို့သော် ထိုအမျိုးသမီး၏ လက်သည်းများမှာ ချွန်ထက်လှသည့်အတွက် ခင်ပွန်းသည်၏ မျက်နှာကို ကုတ်ခြစ်ခြင်းဖြင့် အဆုံးမဲ့သော အောင်ပွဲကို ဆွတ်ခူးနိုင်ခဲ့ပေသည်။ 


ထိုကဲ့သို့သော ရန်ပွဲမျိုးမှာ ဂုဏ်သိက္ခာနှင့် သဘာဝလွန်စွမ်းရည်တို့အကြောင်း ထည့်စဉ်းစားစရာ မလိုအပ်သည့် သာမန်သူများအကြားတွင်သာ ဖြစ်ပွားသည်ဟု ထင်ခဲ့မိရာ ဤနေရာမျိုးတွင် တွေ့ရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားဖူးချေ။ 


မက်ခါတွေက ဒီလိုမျိုးလည်း တိုက်လို့ရတာပဲလား ဒီလောယာတွေကတော့ တကယ်ကို အရေထူတာပဲ ... 


"အရိုက်ခံနေရတဲ့ မက်ခါရဲ့ ပိုင်ရှင်က အူဂျင်း မဟုတ်လား ဒီကောင်လေးက အမြဲတမ်း ရူးကြောင်ကြောင်နဲ့လေ သူက အသက်ငါးဆယ်အောက် လူတွေထဲမှာ အတော်ဆုံးဆိုပေမယ့် မထင်ရဘူးနော် ဒီလိုမျိုးကြီး အရိုက်ခံရလိမ့်မယ်လို့ ..." 


"ဘယ်လိုစီနီယာကများ ဒီလိုခက်ခဲတဲ့ လှုပ်ရှားမှုသုံးပြီး ရိုက်နိုင်တာလဲ မသိဘူး အူဂျင်းကတော့ သေချာပေါက်ကို မျက်နှာပျက်တော့မှာပဲ ..." 


"ငါကတော့ စီနီယာလို့ မထင်ဘူးနော် သူ့ရင်ဘက်ပေါ်က တော်ဝင်အကယ်ဒမီတံဆိပ်ကို မတွေ့ဘူးလား သူသာ တော်ဝင်အကယ်ဒမီရဲ့ သင်တန်းသားဆိုရင် သူ့အသက်က ငါးဆယ်တောင် မရှိလောက်သေးဘူး ..." 


"မင်းက တံဆိပ်ကို သေချာမကြည့်မိဘူးပဲ အဲဒါက အရည်အချင်းစစ် ကျောင်းသားတွေအတွက် တံဆိပ်လေ အဲဒီ့ကျောင်းသားတွေအတွက် အသက်ကန့်သတ်ချက် မရှိမှန်း သိသားနဲ့ သူတို့က နည်းနည်းလေး ပိုအသက်ကြီးတယ်လေ ..." 


.... 


တစ်ယောက်တစ်ပေါက် ပြောနေကြသည့်အတွက် အကြီးအကဲထန့်နှင့် ဖန့်ချန်ကျွင့်တို့လည်း သိလိုစိတ် ပြင်းပြလာကြတော့သည်။ ထို့ကြောင့် ဖန့်ချန်ကျွင့်က အနီးနားရှိ တစ်ယောက်ကို လှမ်းဆွဲကာ အူဂျင်းအကြောင်း မေးလိုက်သည်။ 


ဖန့်ချန်ကျွင့်မှာ စကားပြောကောင်းသူ ဖြစ်သည့်အတွက် စကားတစ်ခွန်းနှစ်ခွန်း ပြောရုံဖြင့်ပင် အူဂျင်းအကြောင်း ပြောနေသူအနား ချဉ်းကပ်နိုင်သွားတော့သည်။ 


"မင်းက လူသစ်ဖြစ်မယ်ထင်တယ် အူဂျင်းအကြောင်းကို မသိဘူးဆိုတာ ယုံတောင် မယုံနိုင်ဘူး အူဂျင်းက အခုမှ ၃၉နှစ်ပဲ ရှိသေးတာလေ သူက ပြည်သူတွေထဲမှာတော့ ဉာဏ်ကြီးရှင်ပဲ သူငယ်ငယ်တုန်းကဆို အဆင့်မြင့်စွမ်းရည်ပိုင်ရှင် ဖြစ်နိုင်တယ်လို့တောင် ပြောကြတာ အရွယ်ရောက်လာတော့လည်း စွမ်းရည်က တကယ်ကို မြန်မြန်ဆန်ဆန်ကြီး တိုးတက်လာတယ်လေ ၂၅ နှစ်မှာတင် အဆင့် ၆ ကို‌ ရောက်နေပြီ ‌တော်ဝင်အကယ်ဒမီက လောယာမှာ အကောင်းဆုံးကောလိပ်ကွာ တကယ်ဆို အဲဒီ‌ကျောင်းကို ရောက်ရမှာ ဒါပေမယ့် ဘာလို့မှန်းတော့ မသိဘူး ဗဂိုကောလိပ်ကို ရွေးလိုက်တယ်လေ အဲဒီ့နောက်ပိုင်းကနေစပြီးတော့ သူက တော်ဝင်အကယ်ဒမီက ကျောင်းသားတွေကို ပြဿနာ ရှာတော့တာပဲ ဒါပေမယ့် ဒီတစ်ခေါက်တော့ သူခံရတော့မယ့် အလှည့်ထင်တယ် ..." 


"အဲဒီ့လိုကိုး ခင်ဗျားက တကယ်ကို အကြားအမြင်များတာပဲနော် ..." 


ဖန့်ချန်ကျွင့်က ချီးကျူးလိုက်သည်။ 


သူ့ကို ပြောပြနေသူက ရယ်လိုက်သည်။


"မဟုတ်တာ ငါလည်း များများစားစား မသိပါဘူး ဒါပေမယ့် ထူးတော့ထူးဆန်းတယ်ကွ အူဂျင်းက အာရုံနောက်စရာ ကောင်းတယ် ဆိုပေမယ့် ငယ်တဲ့သူတွေကလည်း သူ့ကို မရိုက်နိုင်သလို အကြီးတွေကလည်း သူနဲ့ ပြဿနာမဖြစ်ချင်ကြဘူးလေ အဲဒါကြောင့် အခုအချိန်အထိ ရန်ပွဲကြီးကြီးမားမား မရှိသေးတာပေါ့ ဒီတစ်ခေါက်တော့ သူ ဘယ်သူ့ကိုများ အပြစ်လုပ်မိလဲ မသိပါဘူး ..." 


"ကြည့်ရတာတော့ သူ လူမှားပြီး ပြဿနာရှာမိပြီထင်တယ် ..." 


ဖန့်ချန်ကျွင့်က ကွင်းထဲကိုကြည့်ကာ ပြောလိုက်သည်။ 


အနိုင်ရရှိသွားသော တော်ဝင်အကယ်ဒမီတံဆိပ်ပါ မက်ခါက အူဂျင်း၏ မက်ခါ လည်ပင်းကို ချိန်ရွယ်ကာ ရက်ရက်စက်စက် နင်းချေရန် ကြံရွယ်လိုက်သည်။ 


လူသားပုံစံမက်ခါ၏ လည်ပင်းမှာ အလွန်ပါးလျကာ ယခင်ကပင် ကျိုးပဲ့တော့မည့်ဟန် ဖြစ်နေသည့်အတွက် ယခု အကန်ခံလိုက်ရချိန်တွင် ချက်ခြင်း ကျိုးပဲ့သွားကာ လည်ပင်းပြုတ်ထွက်လာတော့၏။ 


လက်တွေ့တွင်မူ ထိုမက်ခါခေါင်းထဲတွင် လက်နင်အချို့ ရှိနေနိုင်သော်ငြား သရုပ်ပြကွန်ယက်ထဲတွင်မူ ထိုလက်နက်များ မပါသည့်တိုင် တိုက်ခိုက်နိုင်သေးပေသည်။

126.2


သို့သော် အူဂျင်းက တိုက်ခိုက်နေသည်ကို ရပ်တန့်ကာ ရမ်ရှန့်ဘက်မှ တိုက်စစ်ဆင်လာသည်နှင့်တစ်ပြိုင်နက် သူ့မက်ခါကို အဝေးသို့ လွှင့်ပစ်လိုက်သည်။ 


မလူးသာမလွန့်သာ ဖြစ်သည်အထိ အချုပ်ခံထားရသည့်အပြင် ခေါင်းပါ ပြုတ်ထွက်သွားအောင် အရိုက်ခံလိုက်ရခြင်းသည် အူဂျင်းအတွက်မူ ပြင်းစွာသော အရှက်ရခြင်းပင်ဖြစ်သည်။ 


အူဂျင်းအကြောင်း ပြောပြနေသည့် အမျိုးသား၏ စကားများမှာ မှန်ကန်သော်ငြား လုံးဝဥဿုံ မဟုတ်ချေ။ ဥပမာအားဖြင့် အူဂျင်း တော်ဝင်အကယ်ဒမီသို့ မဝင်ခဲ့ခြင်းမှာ ထိုအချိန်က အထက်တန်းလွှာတစ်ယောက်ကို ဒဏ်ရာရစေခဲ့၍ဖြစ်သည်။ 


အထက်တန်းလွှာ ဖြစ်သွားတာနဲ့ပဲ သာမန်သူတွေထက် မြင့်မြတ်သွားရောလား ... 


အူဂျင်းသည် ထိုအချိန်မှစကာ တော်ဝင်အကယ်ဒမီမှ ကျောင်းသားများကို ပစ်မှတ်ထားလာတော့သည်။ သို့သော် ယခုအချိန်အထိတော့ မည်သည့် အင်အားကြီးသူကိုမှ အမှားမလုပ်မိသေးချေ။ 


ဒီတစ်ယောက်က သေချာပေါက်ကို ဆရာကြီးပဲ အဲဒါတောင် လူသစ်ယောင်ဆောင်ပြီး သူတို့ရဲ့ လေ့ကျင့်ရေးအခန်းထဲ ဝင်လာရဲသေးတယ်ပေါ့ ပြီးတော့ သူ့ကိုတောင် ဒီလိုမျိုး တိုက်ခိုက်ပြီး အရှက်ခွဲလိုက်သေးတယ် ဒါက သေချာပေါက်ကို ကြိုတင်ကြံစည်ထားတာပဲ ... 


ကြိုတင်ကြံစည်ထားကြမှတော့ သူလည်း ပြန်ပြီး လက်စားချေရ‌မှာပေါ့ ... 


မက်ခါကို လွှင့်ပစ်လိုက်သည့် အူဂျင်း၏ မျက်နှာပေါ်တွင် အောင်နိုင်သူအပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းတွင်ပင် ရမ်ရှန့်၏ ထိုးနှက်ချက်များကလည်း သူ့ထံ ကျရောက်လာတော့သည်။ 


"ဒါကြီးက အရမ်းကို ယုတ်မာလွန်းတာပဲ ..." 


တစ်ယောက်က သည်းမခံနိုင်စွာ ထုတ်ပြောလိုက်သည်။ ယခုအချိန်တွင် သရုပ်ပြကွန်ယက်မှာ ပိုပြီး သဘာဝကျလာကာ ကွန်ယက်ပေါ်တွင် ပြစ်မှုကျူးလွန်ခြင်းကို ဟန့်တားရန်အတွက် ပင်မကွန်ပျူတာက နာကျင်မှုစနစ်ကို ပြုပြင်ခဲ့ပြီး အင်ပါယာကလည်း ကွန်ယက်နှင့် သက်ဆိုင်သည့် ဥပဒေများကို အသစ်ပြန်ပြင်ခဲ့သည်။ 


ဥပမာအားဖြင့် ကွန်ယက်ပေါ်တွင် အထူးပြိုင်ကွင်းများမှတစ်ပါး ကျန်နေရာများတွင် တမင်တကာ နာကျင်စေခြင်း သို့မဟုတ် သတ်ဖြတ်ခြင်းကို ခွင့်ပြူမထားချေ။ 


လေ့ကျင့်ရေးကွင်းပြင်တွင် မက်ခါနှစ်စီး တိုက်ခိုက်နေပါလျှင် လေ့ကျင့်သည်ဟုသာ ယူဆပြီး တစ်ဖက်ဖက်မှ မက်ခါ ပျက်စီးသွားသည့်တိုင် မည်သူကမှ ဂရုစိုက်မည် မဟုတ်ချေ။ သို့သော် အကယ်၍သာ မက်ခါမပါသည့်တစ်ယောက်ကို မက်ခါဖြင့် တစ်ဖက်သတ် တိုက်ခိုက်ပါလျှင်မူ ဥပဒေချိုးဖောက်ခြင်းဟု ဆိုရပေမည်။ 


အူဂျင်းသည် တစ်ဖက်သူ အပြစ်ပေးခံရစေရန် အလို့ငှာ ထိုသူ့ဘက်မှ တိုက်ခိုက်လာသည်နှင့်တစ်ပြိုင်နက် မက်ခါကို အဝေးသို့ လွှင့်ပစ်လိုက်တော့သည်။ 


သူသည် ပွန်းပဲ့သွားရုံသာမက လက်ကောက်ဝတ်မှာပင် ပြတ်ရှဒဏ်ရာအကြီးကြီး ဖြစ်သွားတော့သည်။ အင်တာနက်ပေါ်တွင် ဖြစ်ပွါးမှုများမှာ သွေးထွက်သံယို သိပ်မဖြစ်သည့်အတွက်သာ အလျင်အမြန် သက်သာလာခြင်းဖြစ်သည်။ 


"ငါက မက်ခါကို မဝတ်တော့တာတောင် မင်းက ဆက်တိုက်ရဲသေးတယ်ပေါ့ ..." 


အူဂျင်းက ရမ်ရှန့်ကို ဒေါသတကြီး ပြောလိုက်သည်။ သို့သော် သူ့အကြည့်တို့မှာမူ စိတ်ကျေနပ်ဟန် ပြည့်လျှံနေသည်။ 


ရမ်ရှန့်၏ ယနေ့တိုက်ခိုက်မှုမှာ ဤရက်ပိုင်းအတွင်း သူစိတ်ထိခိုက်နေသည်များကို ထွက်ပေါက်ပေးလို၍ဖြစ်သည်။ ဒေါသကို ‌ဖြေလျှော့ပြီးနောက် အသိတရား ပြန်ဝင်လာချိန်တွင် ဤအခြေအနေမှာ တစ်ခုခု မှားယွင်းနေကြောင်း သတိထားမိသွားတော့သည်။ 


နောက်တစ်စက္ကန့်အကြာတွင် သူ့ရှေ့သို့ ကွန်ယက်ရဲအရာရှိနှစ်ဦး ရောက်လာတော့၏။ 


"မင်္ဂလာပါ မင်းရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူက ကွန်ယက်ပေါ်က လူတစ်ယောက်ကို သေစေတယ်လို့ သတင်းရထားတဲ့အတွက် ဒဏ်ကြေး‌နဲ့ အလုပ်ကြမ်းပြစ်ဒဏ်ကို ခံရပါ့လိမ့်မယ် ကျေးဇူးပြုပြီး သက်သေခံအထောက်အထားတွေကို ပြပေးပါ ..." 


"အိုင်ဒီက ဘယ်လိုပေးရမှာလဲ ..." 


ရမ်ရှန့်က မေးလိုက်သည်။ 


"မက်ခါထဲကနေ ထွက်လာပြီး ဘယ်ဘက်လက်ကို ဆန့်လိုက်ရုံပါပဲ ..." 


ရဲက သူ့ကို အထူးတဆန်း ကြည့်နေလိုက်သည်။ ထို့နောက် လေ့ကျင့်ရေးအခန်းထဲရှိ မော်နီတာကို ကြည့်ကာ ပြောလိုက်သည်။


"စိတ်မပူပါနဲ့ ဒီထဲမှာ ပြောထားတာတော့ တိုက်ခိုက်ရင်း မတော်တဆဖြစ်တာတဲ့ စိတ်ကျန်းမာရေးဆရာဝန်ဆီ သွားပြစရာ မလိုတော့ပါဘူး ... ဟမ် ..." 


ရမ်ရှန့်က မျက်နှာသေဖြင့် မက်ခါထဲမှ ထွက်လာကာ လက်ကို ဆန့်ထုတ်ပေးလိုက်သည်။ ထို့နောက် ရဲအရာရှိ၏ အာမေဋိတ်သံကို ကြားလိုက်ရသည့်အခါ သူက ပြန်မေးလိုက်သည်။ 


"ဘာဖြစ်လို့လဲ ..." 


"မင်းကြည့်ရတာ တော်တော်ငယ်သေးတဲ့ပုံပဲ ..." 


ရဲက ထိုသို့ပြောကာ ရမ်ရှန့်၏ ဘယ်ဘက်လက်ပေါ်ရှိ ဆက်သွယ်ရေးစက်နှင့် ဆက်သွယ်လိုက်သည်။ ထို့နောက်တွင်တော့ သူ၏ အမူအယာမှာ ပို၍ပင် ထူးဆန်းလာတော့သည်။ 


ဤတစ်ကြိမ်တွင်တော့ ရမ်ရှန့်သာမက စောင့်ကြည့်နေသူများပါ ပဟေဠိဖြစ်သွားတော့သည်။ 


"မင်းက အပြစ်ပေးခံရဖို့ မလိုတော့ပါဘူး ..." 


အရာရှိက ရုတ်ချည်း ပြောလိုက်သည်။ 


"ဘာလို့လဲ ..." 


အူဂျင်းက မကျေမနပ်ဖြင့် အော်ပြောလိုက်သည်။ 


"သူက အထက်တန်းလွှာ ဖြစ်တာနဲ့ပဲ ဥပဒေကို မျက်ကွယ်ပြုလို့ ရတယ်ပေါ့ ..." 


"မဟုတ်ဘူး အဲဒါက သူ့ရဲ့ ဂုဏ်ပုဒ်နဲ့ ဘာမှမဆိုင်ဘူး ..." 


အရာရှိက ခေါင်းယမ်းပြရင်း အူဂျင်းကို အထင်သေးဟန်ဖြင့် ကြည့်လိုက်သည်။ 


သူတို့တွေက ကြယ်တာယာခေတ်တောင် ရောက်နေကြပြီလေ အင်ပါယာရဲ့ အခွင့်အရေးတွေက သိပ်မကြီးဘူးဆိုပေမယ့် အထက်တန်းလွှာဆိုတာကလည်း နာမည်ဂုဏ်ဒြပ်သာသာ‌ပဲလေ တစ်ဖက်လူက အထက်တန်းလွှာဖြစ်ရုံနဲ့ ဥပဒေကို ချိုးဖောက်လို့ ရကြေးဆိုရင် သူတော့ ဒီအလုပ်ကို ဆက်လုပ်နိုင်မှာတောင် မဟုတ်ဘူး ပြီးတော့ ဒီလူကလည်း တစ်ဖက်သတ်ကြီးတော့ ရိုက်မှာမဟုတ်ဘူး အကြောင်းအရင်းကတော့ ခန့်မှန်းစရာတောင် မလိုတော့ပါဘူး ... 


"ဒါဆို ဘာလို့လဲ ..." 


အူဂျင်းက မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်သည်။ 


"သူက အသက်မပြည့်သေးဘူးလေ ..." 


အရာရှိက ပြောလိုက်သည်။ လောယာအင်ပါယာတွင် အသက် ၂၄ နှစ်ပြည့်မှသာ အရွယ်ရောက်သည်ဟု သတ်မှတ်ထားရာ သူ့ရှေ့တွင် ရပ်နေသူသည် အသက် ၁၉ နှစ်သာ ရှိသေးသည်။ 


Xxxxxxxx