အပိုင်း ၁၂၇
Viewers 18k

Chapter 127


ဖက်ဒရယ်တွင် အသက် ၁၈ နှစ်ပြည့်ပါလျှင် အရွယ်ရောက်ပြီဟု သတ်မှတ်ထားသည့်အတွက် ကျောက်လင်းယွီသည် ရမ်ရှန့်ကို အသက်ပြည့်ပြီးသူအဖြစ် စီစဉ်ထားခြင်းဖြစ်သည်။ 


အသက်မပြည့်သေးပါလျှင် ကိစ္စရပ်တော်တော််များများကို မဆောင်ရွက်နိုင်သည့်အတွက်သာ မဟုတ်ပါလျှင် ရမ်ရှန့်ကို ၁၄ နှစ် ၁၅ နှစ်အဖြစ်သာ စာရင်းသွင်းထားမည်ဖြစ်သည်။ 


လောယာအင်ပါယာသို့ ရောက်လာပြီးနောက် အချက်အလက်များ ပြန်ပြောင်းစဉ်ကလည်း စီစဉ်ပေးသူများသည် ရမ်ရှန့်၏ အချက်အလက်များနှင့် ဒဏ်ရာရပြီးနောက် တစ်ဖန် ပိန်ချုံးသွားသော ခန္ဓာကိုယ်ကို တိုက်ကြည့်ကာ မူလအသက်အတိုင်းသာ ကူးထည့်လိုက်တော့သည်။ 


ထို့ကြောင့် ကွန်ယက်အရာရှိ ထုတ်ပြလာသည့် အချက်အလက်ထဲတွင် ရမ်ရှန့်၏ အသက်မှာ ၁၉နှစ်ဖြစ်နေခြင်း ဖြစ်သည်။ 


ဖက်ဒရယ်ရှိ သာမန်လူတို့၏ ပျမ်းမျှသက်တမ်းမှာ နှစ် ၁၅၀ ဖြစ်ကာ ခွဲစိတ်ပြုပြင်ပြီး သက်တမ်းကို ဆွဲဆန့်သည့်တိုင် နှစ် ၂၀၀ ထက် ပိုရှည်ရန် ခဲယဉ်းလှပေသည်။ ထို့ကြောင့် အသက် ၁၉ နှစ်အရွယ်တွင် သိသင့်သိထိုက်သည်များကို သင်ယူပြီး ဖြစ်သော်ငြား လောယာအင်ပါယာအတွက်မူ ကွဲပြားလှပေသည်။ 


လောယာအင်ပါသာသားတို့၏ ပျမ်းမျှသက်တမ်းမှာ နှစ်ရာပေါင်းများစွာ ကြာမြင့်သည့်အပြင် ကဏ္ဍဏ္ဍလေးများမှာလည်း အလွန်အဖိုးတန်လှသည့်အတွက် အသက်မပြည့်သေးသူများကို တင်းတင်းကြပ်ကြပ် အကာအကွယ်ပေးထားလေရာ ပြည်သူများ၏ မျက်လုံးထဲတွင်မူ ၁၉ နှစ်သည် ကလေးသာသာအရွယ်သာ ရှိပေသေးသည်။ 


ရဲအရာရှိ၏ စကားကို ကြားပြီးနောက် အားလုံး၏ အကြည့်တို့မှာ ရမ်ရှန့်ထံ ကျရောက်သွားတော့သည်။ မက်ခါထဲမှ ထွက်လာချိန်တွင် သူ့ခေါင်းသည် အူဂျင်း၏ မေးစေ့ခန့်သာ ရှိနေပြီး ရုပ်ရည်မှာလည်း အလွန်ငယ်ရွယ်နေရာ သေချာပေါက်ကို အသက်မပြည့်သေးသူ ဖြစ်ရမည်။ 


အများစုမှာ အူဂျင်းကို ငယ်ရွယ်သည်ဟု ထင်မြင်ခဲ့ကြသည့်အတွက် သူ့ကို ပစ်မှတ်မထားခဲ့ခြင်း ဖြစ်သော်ငြား ယခု သူနှင့် ပဋိပက္ခဖြစ်သူမှာ သူ့ထက်ပင် အသက်တစ်ဝက်ခန့် ငယ်နေသေးသည်။ 


"မစ္စတာ ဂရင်တန်ဟာ လေ့ကျင့်ရေးကွင်းပြင်ကို အသုံးပြုနေစဉ်မှာ မစ္စတာအူဂျင်းရဲ့ နှုတ်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရပါတယ် အဲဒါကြောင့် ပြန်လည်တိုက်ခိုက်ရာကနေ မစ္စတာအူဂျင်းကို ထိခိုက်မိသွားစေပြီး ဒီလိုဖြစ်ရပ်မျိုး အစပျိုးလာခဲ့တာပဲ ဖြစ်ပါတယ် မစ္စတာ အူဂျင်းကတော့ ကွန်ယက်ရဲ့ သဟဇာတဖြစ်မှုကို ချိုးဖောက်ပြီး အသက်မပြည့်သေးတဲ့သူကို စော်ကားပြောဆိုခဲ့တဲ့အတွက် ရက်နှစ်ဆယ်ကြာ ကွန်ယက် အသုံးပြုခွင့် ပိတ်ဆို့ခံရမယ့်အပြင် ကွန်ယက်လုံခြုံရေးစင်တာမှာလည်း ပညာပေးအတန်း ခြောက်တန်း သင်ယူရပါလိမ့်မယ် မစ္စတာ ဂရင်တန်ကတော့ အကြမ်းဖက်မှု ကျူးလွန်ခဲ့ပေမယ့် အသက်မပြည့်သေးသူများကို ကာကွယ်စောင့်ရှောက်ပေးရေး နည်းဥပဒေအရ စိတ်ရောဂါဆရာဝန်ရဲ့ ဆွေးနွေးမှုကို ခံယူရရုံကလွဲပြီး  အပြစ်ပေးမှုတစ်စုံတစ်ရာကိုမှ ခံရမှာ မဟုတ်ပါဘူး ဒါပေမယ့် တိုက်ခိုက်မှုအတွင်းမှာ မတော်တဆ ဖြစ်သွားတဲ့အတွက် ဆွေးနွေးမှုကိုတော့ ဘယ်လိုနည်းနဲ့မှ ရှောင်လွှဲလို့ မရပါဘူး ..." 


အရာရှိက အပြီးသတ်ပြစ်ဒဏ်ကို ချမှတ်လိုက်သည်။ ထိုရလဒ်ကို အူဂျင်းမှတစ်ပါး မည်သူကမှ ငြင်းဆန်လိုဟန် မပြသော်ငြား သူ၏ လက်ရှိအမည်မှာ ဂရင်တန်ဖြစ်ကြောင်း သတိထားမိသွားသည့် ရမ်ရှန့်မှာတော့ အနည်းငယ် ရှက်ရွံ့သွားတော့သည်။ 


သူက ဒီမှာရှိနေတဲ့လူတွေ အကုန်လုံး ပေါင်းတာထက်တောင် အသက်ကြီးတာကို အသက်မပြည့်သေးတဲ့သူလို သဘောထားခံနေရတော့ ... 


ဒါနဲ့ ဖက်ဒရယ်မှာဆို အသက်မပြည့်သေးတဲ့သူ‌တွေက လက်ထပ်လို့ မရတဲ့အပြင် ပြစ်မှုလို့ပါ သတ်မှတ်ကြတာဆိုတော့ ... သူနဲ့ ကျောက်လင်းယွီ အတူတူ ရှိနေတာက တရားမဝင်တာတော့ မဟုတ်ပါဘူးနော် ... 


ရမ်ရှန့်က အတွေးနွံထဲ နစ်နေဆဲဖြစ်သော်ငြား အူဂျင်းက သူ့ကို ဒေါသတကြီး လှည့်ကြည့်လိုက်သည်။ 


"သူက အသက်တောင် မပြည့်သေးဘူးပေါ့ ဟုတ်လား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ သူက တော်ဝင်အကယ်ဒမီရဲ့ ကျောင်းသားဆို ပြီးတော့ စည်းကမ်းအရဆို အသက်မပြည့်သေးတဲ့သူတွေက မက်ခါရင်ပြင်ကို ဝင်လို့မရဘူး မဟုတ်လား ..." 


"လေ့လာရေးကျောင်းသားတွေက အသက်အကန့်အသတ် မရှိဘဲ တော်ဝင်အကယ်ဒမီကို တက်လို့ရတယ်လေ အဲဒါကြောင့် အသက်မပြည့်သေးရင်တောင် မက်ခါရင်ပြင်ကို ဝင်လို့ရတယ် ..." 


ရဲအရာရှိက ပြောလိုက်သည်။ 


"မစ္စတာအူဂျင်းက ခင်ဗျားကို ရိုက်ခဲ့တဲ့ ကျောင်းသားက တော်ဝင်အကယ်ဒမီရဲ့ အရည်အချင်းစစ် ကျောင်းသားဖြစ်ဖို့ မသင့်တော်ဘူးလို့ ပြောချင်တာများလား ..." 


အူဂျင်းမှာ အံတင်းတင်းကြိတ်နေရုံမှလွဲ၍ ဘာမှ မပြောနိုင်တော့ချေ။ ရမ်ရှန့်မှာ လူအိုကြီးတစ်ယောက်က အယောင်ဆောင်ထားခြင်းဖြစ်ရမည်ဟု တွေးမိသဖြင့် သူ့ကို သင်ခန်းစာပေးရန် ကြံခဲ့မိသော်ငြား အသက်မပြည့်သူ ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားမိပေ။ 


သူကတော့ တကယ်ကို မျက်နှာပျက်ပါပြီ ... 


ထိုနေရာတွင် ကြာရှည်ကြာမျော မနေလိုတော့သည့်အတွက် အူဂျင်းလည်း အွန်လိုင်းပေါ်မှ ဆင်းသွားတော့သည်။ 


ရမ်ရှန့်မှာမူ သူထိုင်နေသည့် မက်ခါမှာ ဟန်ချက်မညီ ဖြစ်နေရာ မလှုပ်ရှားနိုင်သေးသည့်အတွက် ထိုနေရာတွင်သာ ထိုင်နေရပေသည်။


ပြင်ပကမ္ဘာတွင်မူ ဤမျှ တိုက်ခိုက်ရုံလောက်ဖြင့် ခွန်အားဆုံးရှုံးသွားမည် မဟုတ်ချေ။ သို့သော် သူ့ခန္ဓာကိုယ်ကို စကန်မဖတ်ခင် စိတ်စွမ်းအင်များကို အများအပြား ချုပ်တည်းထားခဲ့သည့်အတွက် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ အလွန်နည်းပါးသွားခဲ့တော့သည်။ 


သို့သော်ငြား ဤအခြေအနေမှာ သူ့အတွက် ဆိုးဝါးသည်တော့ မဟုတ်ချေ။ လူတစ်ယောက်ကို ရိုက်နှက်ကာ ဒေါသဖြေပြီးနောက်တွင်တော့ ယခင်ကထက် ပိုပြီး ခံစားချက်ကောင်းလာတော့သည်။ 


"မိတ်ဆွေလေး မင်းက တကယ်ကို တော်တာပဲ ..." 


သူ့အနားသို့ လူတစ်ယောက် ရောက်လာကာ ခပ်ပြုံးပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ ထိုသူသည် ရမ်ရှန့်၏ အလျင်အမြန် တိုက်ခိုက်နိုင်မှုအပေါ် အလွန်ပင် အထင်ကြီးမိနေပေသည်။ 


"ဟုတ်တယ် မင်းက ၁၉ နှစ်ပဲ ရှိသေးတာတောင် မက်ခါကို‌ မောင်းနိုင်နေပြီ တကယ်ကို အံ့ဩစရာ ကောင်းတာပဲ  ..." 


"မင်း မပင်ပန်းဘူးလား ဒီအရွယ်မှာဆို စိတ်စွမ်းအင်နဲ့ ခန္ဓာကိုယ်က ကောင်းကောင်း မဖွံ့ဖြိုးဘူးလေ အဲဒါကြောင့် ကောင်းကောင်း အနားယူဖို့ကို ပိုပြီး ဂရုစိုက်နော် ..." 


အများစုက ပွဲကြည့်ပြီးနောက် ထွက်ခွါသွားကြသော်ငြား ရမ်ရှန့်ကို စကားလာပြောသူများလည်း ရှိနေသေးသည်။ ထိုထဲတွင် ကျော်ကြားသော မင်ခါမောင်းနှင်သူများပင် ပါနေသေးသည်။ 


"ကောင်လေး မင်းရဲ့ လုပ်ဆောင်ချက်က တကယ်ကောင်းတာပဲ မင်းရဲ့ လက်အရှိန်ကလည်း တော်တော်ကို မြန်တာနော် ရှေ့လကျရင် ကွန်ယက်မှာ မက်ခါပြိုင်ပွဲရှိတယ် အပျော်တမ်းယာဉ်မောင်းတွေပဲ ပြိုင်လို့ရတာ မင်း ဝင်ပြိုင်ချင်လား ထိပ်ဆုံးသုံးယောက်ထဲ ဝင်ရင် နာမည်ကြီး ပညာရှင် ဖန်တီးထားတဲ့ မက်ခါကို ရမှာနော် ..." 


"မက်ခါပြိုင်ပွဲလား ပြိုင်မယ်လေ ..." 


ရမ်ရှန့်က ချက်ခြင်း သဘောတူလိုက်သည်။ သူ့ဆရာက တိုက်ခိုက်မှုအကြောင်း နားလည်လိုပါလျှင် များစွာ တိုက်ခိုက်ဖူးရမည်ဟု ပြောထားခဲ့ဖူးသော်ငြား ထိုစဉ်က သူသည် နေပူဆာလှုံရခြင်းကိုသာ သဘောကျသည့် သုံးလက်မအရွယ် လူပုလေး ဖြစ်နေသဖြင့် သူ့ဆရာကလည်း အနည်းငယ်သာ သင်ကြားပေးနိုင်ခဲ့ပေသည်။ ယခုမူ သူကိုယ်တိုင် လေ့လာခွင့် ရပေတော့မည်။ 


"လာလာ ဒီမှာ စာရင်းသွင်းလိုက် ..."

127.2


သတ်လက်ပိုင်းအရွယ် ခပ်ဝဝ အမျိုးသားက ရမ်ရှန့်ကို စာရင်းသွင်းသည့် စာရွက်နှင့်အတူ  အချက်အလက်များ ဖြည့်သွင်းပေးနိုင်ရန် ဘောပင်တစ်ချောင်းပါ ယူလာပေးလိုက်သည်။ 


ရမ်ရှန့်က သူ၏ အချက်အလက်များကို မမှတ်မိသေးသည့်အတွက် သူ့ဆက်သွယ်ရေးစက်ကို ဖွင့်ကာ ဖြေးဖြေးချင်း ကူးရေးလိုက်သည်။ ထိုသည်ကို မြင်လိုက်ရသော လူတိုင်းမှာ နှစ်လိုသည့် အပြုံးမျိုး ပြုံးလာမိကြတော့သည်။ 


"သူက တကယ်ကို အသက်မပြည့်သေးတဲ့ ကလေးလေးပဲ ကြည့်ပါဦး အချက်အလက်တွေကို တိုက်ရိုက်ထည့်လိုက်လို့ ရမှန်းတောင် မသိဘူး ..." 


"အပြာရောင်ဖက်တီးကတော့ တကယ်ကို မုန်းစရာပဲ ကလေးတစ်ယောက်ရဲ့ လက်ရေးကိုတောင် လှည့်ဖျားလိုက်သေးတယ် ..." 


"ဒီကလေးက တကယ်ကို ချစ်စရာလေး ..." 


"သူ့လက်ရေးလေးကလည်း ကောင်းလိုက်တာ ...."


.... 


"တိုက်ရိုက် ဆက်သွယ်ရေးစာတို ဟုတ်လား ..." 


ရမ်ရှန့်က သူ့ဘေးနားရှိ ဆံပင်အနီရောင်နှင့် အလှလေးကို တအံ့တဩ ပြန်မေးလိုက်သည်။ 


"ဟုတ်တယ် မင်းရဲ့ ကိုယ်ပိုင်ဆက်သွယ်ရေးစက်ကို ဒီပေါ်မှာ နှိပ်လိုက်လေ ..." 


အလှလေးက သရုပ်ပြကာ ရှင်းပြ‌လိုက်ပြီးနောက် ရမ်ရှန့် မည်သို့ လုပ်နေသည်ကို ပြန်ကြည့်ပေးလိုက်သည်။ 


"အာ ... အင်တာနက် အသုံးပြုမှု တစ် ဟုတ်လား အဲဒါ ဘယ်လိုကြီးလဲ  ... " 


အလှလေးမှာ လုံးဝ မင်သက်သွားရရှာတော့သည်။  သူမ အွန်လိုင်းသုံးစွဲခဲ့သည့် အကြိမ်အရေအတွက်မှာ ... ၇၆၅၀၈ ... 


"ကျွန်တော် အွန်လိုင်းသုံးတာ ပထမဆုံးအကြိမ်လေ ..." 


ရမ်ရှန့်က ပြုံးကာ ပြောလိုက်သည်။ 


"ဒီလိုကိုး ... အင်ပါယာက အသက်မပြည့်သေးတဲ့ ကလေးတွေ သရုပ်ပြကွန်ယက်ကို လာဖို့ သဘောမတူတာလည်း အမှန်ပဲပေါ့ ... နေပါဦး မင်းရဲ့ အွန်လိုင်းသုံးတာက တစ်ကြိမ်ပဲ ရှိသေးတာ‌ဆိုရင် ဘယ်လိုဖြစ်ပြီးတော့ အူဂျင်းကို အလဲထိုးနိုင်ရတာလဲ ..." 


သူမမှာ အလွန်ရှုပ်ထွေးနေလေပြီ။ 


"တကယ်တမ်းတော့ ကျွန်တော်က လက်တွေပဲ သုံးတတ်သေးတာ လဲကျတုန်းကဆို ဘယ်လိုလမ်းလျှောက်ရမလဲ သင်နေတုန်းပဲ ရှိသေးတာလေ တော်သေးတာပေါ့ ဟိုလူကလည်း လုံးဝ ပြန်ထမလာလို့ ..." 


လက်သီးကိုသာ အသုံးပြုခြင်းသည် အခြားလှုပ်ရှားမှု၌ မကျွမ်းကျင်သေး၍ဖြစ်ကာ ပွဲသိမ်းကန်ချက်မှာလည်း ထိုအချိန်ရောက်မှသာ စိတ်စွမ်းအင်ကို ထိန်းချုပ်နိုင်သွား၍ ဖြစ်သည်။ 


"..." 


ဒါဆို အူဂျင်းရဲ့ ဒေါသကို ဆွဖို့အတွက် လဲကျတာ မဟုတ်ဘဲနဲ့ တကယ်ကြီး လမ်းမလျှောက်နိုင်တာပေါ့ ဒါဆို အူဂျင်းက ဘယ်လို လမ်းလျှောက်ရမလဲတောင် မသိသေးတဲ့ ကလေးဆီကနေ အရိုက်ခံလိုက်ရတာလား  ... 


ဆံပင်နီနှင့် အလှလေးမှာ အတော်ကို အံ့ဩသွားရှာတော့သည်။ 


သက်လတ်ပိုင်းအမျိုးသားမှာလည်း ထပ်တူပင် အံ့ဩနေရှာသည်။ ရမ်ရှန့်သည် လေ့လာရန်အတွက် မက်ခါပြိုင်ပွဲကို လာခဲ့ခြင်း ဖြစ်ရမည်ဟု ထင်ခဲ့သော်ငြား စင်စစ်တွင်မူ ယခုမှ စတင်လေ့လာမည့်သူ ဖြစ်နေပေသည်။ 


ဒီကလေးက ပထမပွဲမှာတင် သဲအိတ်လိုမျိုး အထိုးခံရပြီးတော့ ပွဲကနေ ထွက်လိုက်ရမှာတော့ မဟုတ်လောက်ပါဘူးနော် ... 


အပြာရောင်ဦးလေးမှာ လူငယ်လေးကို စာရင်းသွင်းခိုင်းမိသည့်အပေါ် နောင်တရနေမိသည့်တိုင် နောက်ကျသွားချေပြီ။ ဒီကလေးက စာရင်းသွင်းပြီးသွားပြီကွ ...


"အားလုံးပဲ မပူပါနဲ့ ကျွန်တော်က သင်လွယ်တတ်လွယ်တဲ့သူပါ တကယ်လို့ မလုပ်နိုင်ရင်‌တောင် စိတ်စွမ်းအင်ကို သုံးလို့ ရသေးတယ်လေ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


အသက်မပြည့်သေးဘဲနဲ့တောင် တော်ဝင်အကယ်ဒမီရဲ့ အရည်အချင်းစစ် ကျောင်းသား ဖြစ်လာတာ မထူးဆန်းတော့ပါဘူး သူက အဆင့် ၇ တွေလိုမျိုး မက်ခါကို စိတ်စွမ်းအင်နဲ့ ထိန်းချုပ်နိုင်တယ်တဲ့ ဒီကလေးကတော့ တကယ်ကို အလားအလာ ကောင်းတာပဲ ... 


သက်လတ်ပိုင်း အပြာရောင်အမျိုးသားမှာ ရမ်ရှန့်ကို ရွေးခဲ့သည့် ဆုံးဖြတ်ချက်မှာ မှန်ကန်သည်ဟုပင် တွေးမိလာတော့သည်။ 


"ဒါဆိုလည်း ကောင်းကောင်းကြိုးစား ..." 


ထိုသူက ရမ်ရှန့်၏ ပုခုံးကိုပုတ်ကာ အားပေးလိုက်သည်။ 


"ဂရင်တန် မင်းက ဒီရောက်နေတာကိုး ..." 


ထိုအချိန်တွင် အကြီးအကဲထန့်နှင့် ဖန့်ချန်ကျွင့်တို့သည်လည်း သူတို့၏ မိတ်ဆွေကို ရှာတွေ့သွားလေတော့သည်။ 


"ခင်ဗျားတို့က ဒီရောက်နေတာကိုး လာ လာ မက်ခါအကြောင်း အတူတူလေ့လာရအောင် ..." 


သူက ပြောလိုက်သည်။ 


"ငါ့ရဲ့ စိတ်စွမ်းအင်က အရမ်းအားနည်းတယ် ..." 


ဖန့်ချန်ကျွင့်က ချီတုံချီချဖြင့် ပြောလိုက်သည်။ သူ့စိတ်စွမ်းအင်မှာ အားနည်းသည်ထက်ပင် ပိုကာ လုံးဝ မတည်ရှ်ိလုနီးပါး ဖြစ်နေသည့်အတွက် ထိုစွမ်းအင်ကို မထိန်းချုပ်နိုင်ချေ။ 


"စိတ်စွမ်းအင် မရှိရင်တောင် ကွန်ပျူတာကို သုံးပြီးတော့ အပြည့်အဝ ထိန်းချုပ်နိုင်ပါတယ် မတူတဲ့ ခလုတ်တွေကို ပေါင်းလိုက်ရင် ရလာတဲ့ အကျိုးဆက်ကလည်း မတူဘူးလေ ..." 


ရမ်ရှန့်က ထိုသို့ပြောရင်း မက်ခါထဲသို့ ဝင်သွားလိုက်သည်။ 


လေ့ကျင့်ရေးအခန်းထဲတွင် အခြေခံလှုပ်ရှားမှုများကို လေ့ကျင့်နေသော မက်ခါသုံးစီး ပေါ်ထွက်လာတော့သည်။ တစ်ခုက တူညီသော လှုပ်ရှားမှုကိုသာ ထပ်တလဲလဲ ဆောင်ရွက်နေပြီး အကြိမ်တိုင်း ပိုတိုးတက်လာကာ လှုပ်ရှားမှုတစ်ခုနှင့် တစ်ခုအကြား ပိုပြီး ချောမွေ့လာသော်ငြား ကျန်မက်ခါနှစ်ခုမှာမူ မ‌တူညီလှပေ။ 


အကြီးအကဲထန့်နှင့် ဖန့်ချန်ကျွင့်တို့၏ မက်ခါများမှာ မြေကြီးပေါ်သို့ ပြုတ်ကျသွားပြန်သည့်အတွက် ရမ်ရှန့်မှာ ဆွံ့အသွားရတော့သည်။ 


ထိုသူနှစ်ဦး၏ အလေ့ကျင့်ရဆုံး လှုပ်ရှားမှုမှာ မြေကြီးပေါ်မှ မတ်တပ်ရပ်နည်းပင် ဖြစ်ပေသည်။ 


နောက်တစ်စက္ကန့်အကြာတွင်တော့ တွားသွားနေရာမှ လက်များကို မြေကြီးပေါ် ချကာ ဒူးတစ်‌ဖက်ထောက်ထားသည့် အနေအထားသို့ ပြောင်းလဲသွားတော့သည်။ ထို့နောက်တွင်တော့ ဒူးတစ်ဖက်ပြီးတစ်ဖက် တစ်ဖြေးဖြေး ပြောင်းလဲရင်း မတ်တပ်ရပ်နိုင်သွားတော့သည်။ 


သူတို့နှင့် မတူညီဘဲ ရမ်ရှန့်သည် တစ်ခါတစ်ရံတွင်သာ ကွန်ပျူတာကို အသုံးပြုကာ များသောအားဖြင့် စိတ်စွမ်းအင်ကို အသုံးပြုပြီး အချိန်တိုအတွင်းမှာပင် လှုပ်ရှားမှု အများစုကို မှတ်မိသွားတော့သည်။ 


ပြီးခဲ့သည့် အဖြစ်အပျက်ပြီးနောက် ရမ်ရှန့်ကို အာရုံစိုက်မိလာသူ အနည်းငယ် ရှိလာကာ ထိုသူများက သူ့ကို ရပ်ကြည့်ပြီး အ‌ခြေအနေကို တွက်ဆနေကြတော့သည်။ 


ရမ်ရှန့်တွင် စံချိန် မရှိသေးသော်ငြား သူ၏ လှုပ်ရှားမှုများမှာ ကနဦးကစားသမားနှင့် လုံးဝ မတူညီရာ လက်တွေ့ဘဝတွင် မက်ခါနှင့် အကျွမ်းတဝင် ရှိလှသူသာ ဖြစ်ပေလိမ့်မည်။ 


သာမန်မက်ခါတစ်စီးမှာ များစွာ ဈေးမကြီးလှသည့်အတွက် အင်ပါယာ၏ လူဦးရေ သုံးပုံတစ်ပုံခန့်က ဝယ်ယူနိုင်သော်ငြား ထိန်းသိမ်းစရိတ်မှာ ကြီးလေးသည့်အတွက် အများစုက ဝယ်မထားကြပေ။ 


သို့သော် ကိုယ့်ကလေးကသာ ဤနယ်ပယ်တွင် ပါရမီ ပါလာပါလျှင်မူ အခြေအနေမှာ လုံးဝ ကွဲပြားသွားတော့သည်။ မိဘအနေဖြင့် မည်မျှပင် ဆင်းရဲနေပါစေ ကလေး၏ ပညာသင်ထောက်ပံ့‌ကြေး လျှောက်ထားကာ ဝယ်ပေးမည်ဖြစ်သည်။ 


ရမ်ရှန့်သာ တကယ် ပါရမီပါတာဆိုရင် သူ့မိဘတွေကလည်း သန်မာကြမှာဆိုတော့ ငွေရေးကြေးရေး ပြတ်လပ်နေမှာ မဟုတ်ဘူး ... သူက တကယ်ပဲ အထက်တန်းလွှာ မိသားစုက ဆက်ခံသူထင်တယ် ... 


ရမ်ရှန့်က ထိုအတွေးတို့ကို မသိသော်ငြား ထိုသူများက သူ့လှုပ်ရှားမှုအပေါ် အံ့ဩဟန် မပြသည့်အတွက် စိတ်အေးသွားရတော့သည်။ 


ထိုအချိန်တွင် မူခါ့သီသည်လည်း ဟိုဟိုသည်သည် လှည့်ပတ်စပ်စုနေသော လူငယ်လေးကို သူ့အဖွဲ့သားများ ခြံရံကာ မက်ခါရင်ပြင်သို့ ခေါ်လာလိုက်သည်။ 


"ကလေးလေး စကားသံ မထွက်စေနဲ့နော် ဟုတ်ပြီလား တကယ်လို့သာ သုံးလေးနှစ်သားလေးကို အများပြည်သူသုံး helmet နဲ့ ကွန်ယက်ကို သုံးခွင့်ပြုမှန်း လူသိသွားရင် ငါတော့ သေချာပေါက် အဖမ်းခံရတော့မှာ ..." 


မူခါ့သီက အလယ်ရှိ လူငယ်လေးကို ပြောလိုက်သည်။ 


မျက်မှောက်ခေတ်အင်တာနက်သည် ကိုယ်ပိုင်အကောင့်များဖြင့် ချိတ်ဆက်ထားသော်ငြား ကိုယ်ပိုင်အချက်အလက်များဖြင့် အွန်လိုင်းမသုံးချင်သူများအတွက်လည်း အများသုံးအကောင့်များ ရှိနေသေးသည်။  သူသည် လူငယ်လေး၏ ဆန္ဒကို မငြင်းပယ်နိုင်သည့်အတွက် အသုံးပြုခွင့် ပေးလိုက်ရတော့သည်။ 


အများသုံး helmet ဖြင့် များများစားစား လုပ်ဆောင်၍ မရ။ ယေဘုယျအားဖြင့် ဘေးနားမှသာ ရပ်ကြည့်နိုင်သော်ငြား ကလေးငယ်များကို အသုံးပြုစေခြင်းမှာတော့ တရားမဝင်ပေ။ 


"မပြောပါဘူး ..." 


အကြီးဆုံးသားက ခေါင်းငြိမ့်ပြကာ ပတ်ပတ်လည် ဆက်ကြည့်နေလိုက်သည်။ 


ဘယ်တစ်ယောက်ကများ သူ့အဖေ ဖြစ်နေမလဲ ဒီကလူတွေက ဘာလို့ သူ့အဖေ ပြော‌တာတွေနဲ့ မတူရတာလဲ ...


"တော်တယ် အရင်ဆုံး စာရင်းသွင်းလိုက်ရအောင် ငါ့မှာ မက်ခါမရှိပေမယ့် အင်တာနက်ပေါ်မှာတော့ ငါက နာမည်ကြီး မက်ခါဆရာကြီးပဲနော် ပြီးခဲ့တဲ့တစ်ခေါက်ကဆို ထိပ်ဆုံးနှစ်ရာထဲတောင် ပါခဲ့သေးတယ် ..." 


မူခါ့သီက အားရဝမ်းသာ ပြောလိုက်သည်။ 


Xxxxxx