အပိုင်း ၁၂၈
Viewers 18k

Chapter 128


ရမ်ရှန့်က ကွန်ယက်ကို အဆက်အသွယ်ဖြတ်ကာ အစမ်းမောင်းနှင်သည့် စက်ထဲမှ ထွက်လာချိန်တွင် ကလေးများကို အစာခွံ့နေသည့် ကျောက်လင်းယွီကို တွေ့လိုက်ရသည်။ သို့သော် အများစုမှာမူ ဒုတိယသား၏ ပါးစပ်ထဲသို့သာ ရောက်ကုန်ပေသည်။ 


သူ့ကလေးသုံးဦးမှာ ဂျင်ဆင်းမျိုးရိုး တစ်ဝက်ပါနေသည့်အတွက် စားသောက်ရန် မလိုအပ်ချေ။ ပုံမှန်အဖြင့် အာဟာရဖျော်ရည်ထဲတွင်သာ ရေစိမ်ကြပြီး သူတို့ကို အစာကျွေးခြင်းသည် အခြားသူများအတွက် အလုပ်ပိုရုံသာ ရှိပေသည်။ 


ကလေးတွေကို အများကြီး စားဖို့ တွန်းအားမပေးနိုင်တော့ အခြေအနေက ဒီလိုတွေ ဖြစ်ကုန်တော့တာပဲ ... 


ကျောက်လင်းယွီက အနှစ်တစ်ဇွန်းခပ်ကာ လက်ကို ဆန့်လိုက်သည်နှင့် တစ်ပြိုင်နက် ဒုတိယသားက " အာ ..."ဟု အသံပြုကာ တစ်လုတ်စားလိုက်သည်။ ထို့နောက် နောက်တစ်ဇွန်းခပ်ကာ တတိယသားထံ ရွှေ့လိုက်သော်ငြား လမ်းတစ်ဝက်တွင်ပင် ဒုတိယသားက လုစားလိုက်ပြန်သည်။ 


ကျောက်လင်းယွီက ဒုတိယသားကို ခဏကြာ စိုက်ကြည့်နေပြီးနောက် ချိုမြိန်သော အပြုံးပိုင်ရှင် ကောင်လေးကို သူ့နောက်ကျောပေါ် ပို့လိုက်ချိန်တွင် တတိယသားသည် ပျင်းတိပျင်းရွဲဖြင့် အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည့်အတွက် စတုတ္ထသားထံ ဇွန်းကို တိုးပေးလိုက်သည်။ သို့သော် သူက ပါးစပ်မဟသည့်အပြင် အနှစ်ကိုပင် မနှစ်မြို့ဟန်ဖြင့် ကြည့်နေသည်။


 သူ့နောက်ကျောပေါ်မှ ဒုတိယသာကလည်း တွယ်ဆင်းလာကာ တောက်ပနေသည့် မဟူရာရောင် မျက်ဝန်းတို့ဖြင့် သူ့ကို စိုက်ကြည့်လာပေသည်။ 


ဒီကောင်လေးက တကယ်ကို ချစ်စရာကောင်းတာပဲ ... 


ထို့နောက်တွင်တော့ သူ့ကို အနှစ်တစ်ဇွန်း ထပ်ခွံ့ကျွေးလိုက်တော့သည်။ 


ကလေးများအတွက် အာဟာရအနှစ်ကို Crohn က ပြင်ဆင်ပေးထားခြင်းဖြစ်ကာ အာဟာရရှိရုံသာမက အရသာလည်း ရှိပေသည်။ ရမ်ရှန့်၏ အစာစားနိုင်မှုကို မျက်မြင်တွေ့ထားသည့်အတွက် ပမာဏအမြောက်အများ ပြင်ဆင်ပေးထားသည်။ 


သို့သော် ကျောက်လင်းယွီက ကလေးခြောက်ယောက်စာနီးပါးခန့် ပြင်ဆင်ပေးထားပြီး ထိုပြင်ဆင်ပေးထားသမျှ အားလုံးမှာ ဒုတိယကလေး၏ ပါးစပ်ထဲသို့သာ ရောက်သွားသည့်တိုင် သူကတော့ ကျေနပ်သေးဟန်မတူ။ ပန်းကန်လုံးအလွတ်ကိုသာ သွားရည်တမြားမြားဖြင့် စိုက်ကြည့်နေပေသည်။ 


"သုံးပန်းကန်ခွဲပြီး သူတို့ဘာသာ စားခိုင်းလိုက်လေ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


"သူတို့က ကိုယ့်ဘာသာကိုယ် စားနိုင်တယ်လား ..." 


ကျောက်လင်းယွီက တအံ့တဩဖြင့် မေးလိုက်သည်။ 


ကလေးတွေက အခုမှ နှစ်လသားလေးပဲ ရှိသေးတာကို ကိုယ့်ဘာသာကိုယ် စားနိုင်နေကြပြီလား ... 


"ဒါပေါ့ စားနိုင်ပေမယ့် စားတဲ့ပုံစံကတော့ နည်းနည်းလေး ထူးခြားတယ် ..." 


ရမ်ရှန့်၏ စကားပင် မဆုံးလိုက်။ ဒုတိယသားက ပန်းကန်ထဲ မျက်နှာအပ်လိုက်ကာ ကျန်ကလေးနှစ်ယောက်က အမြစ်ကိုသုံးပြီး စားလိုက်ကြသည်။ 


"ဟမ် ..." 


ကျောက်လင်းယွီမှာ အနည်းငယ် ရှုပ်ထွေးသွားတော့သည်။ 


ရမ်ရှန့်ကမူ သူ့အမြစ်ကို ဆန့်ထုတ်ကာ ဒုတိယသား၏ မျက်နှာပေါ်မှ အာဟာရအနှစ်များကို ခပ်ဖွဖွ သုတ်ပေးရင်း သူ့တံတွေးအပါအဝင် မျက်နှာပေါ်ရှိ ရှိသမျှ အရာတိုင်းကို စုပ်ယူလိုက်သည်။ 


ထိုသည်ကို မြင်ကာမှ ကျောက်လင်းယွီလည်း သဘောပေါက်သွားတော့သည်။ 


ပြီးခဲ့သည့် ရက်ပိုင်းကလည်း ကလေးများမှာ ရမ်ရှန့်ကဲ့သို့ ဂျင်ဆင်းပုံစံ အပြည့်အဝ မပြောင်းနိုင်သည့်တိုင် အမြစ်များကိုတော့ ထုတ်နိုင်ကြောင်း တွေ့ခဲ့သေးပေသည်။ 


ဒါဆို သူ့ကလေးတွေက ဒီအနှစ်တွေကို ရွှံ့တွေလိုမျိုး စုပ်ယူမှာပေါ့ ဟုတ်လား ... 


ဒီကလေးတွေက တကယ်ကို ထူးခြားတာပဲ ... 


"အွန်လိုင်းကို သုံးလိုက်တော့ ဘယ်လိုခံစားရလဲ ..." 


သူက မေးလိုက်သည်။ 


"မိုက်တယ် မက်ခါအကြောင်း လေ့လာရတာလည်း အဆင်ပြေသလို လက်တွေ့ကျတယ်လို့လည်း ခံစားရတယ် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ သူ့ခွန်အားတို့ကို ခြေကုန်လက်ပမ်းကျသည်အထိ အသုံးပြုခဲ့ပြီး ခန္ဓာကိုယ်တွင် အနည်းငယ် ထိခိုက်လာခြင်းသည်ပင် ကောင်းမွန်လှသည်ဟု ခံစားမိလာကာ အွန်လိုင်းပေါ်တွင် လေ့ကျင့်ခန်းလုပ်ခြင်းသည် သူ့ခန္ဓာကိုယ်ကို အကျိုးရှိစေနိုင်သည်ဟု ယုံကြည်လာမိတော့သည်။ 


"လောယာရဲ့ နည်းပညာက ဖက်ဒရယ်ထက် အဆင့်မြင့်တယ်ဆိုတာတော့ အမှန်ပဲ ..." 


ကျောက်လင်းယွီက သူ့ကို ပြရန် PDA စက်ထဲရှိ အချက်အလက်အချို့ကို တူးဆွလိုက်သည်။ 


ရမ်ရှန့်က များစွာ နားမလည်သော်ငြား ထိုထဲတွင် နည်းပညာအချို့ ပါနေကြောင်းကိုတော့ သေချာသိနေပေသည်။ 


"ဘာလုပ်ချင်လို့လဲ ..." 


"ဒါက Gerdမျိုးတူစုထားတဲ့ ဖက်ဒရယ်အတွက် အသုံးဝင်လောက်မယ့် နည်းပညာတွေ ကိုယ်တို့ ဒါတွေကို ပြန်သယ်သွားဖို့ တွေးထားတယ် ..." 


သူက ပြောလိုက်သည်။ 


Gerd သည် ကိုယ်ဝန်ရှိနေသည့်အတွက် တိုက်ခိုက်သတ်ဖြတ်ခြင်းနှင့် မက်ခါဖွဲ့စည်းပုံအကြောင်း သင်ယူခြင်းတို့ကို မလုပ်နိုင်ရာ အင်ပါယာ၏ နည်းပညာများကိုသာ ဝမ်းသာအားရ ခိုးနေလိုက်တော့သည်။ 


"Mm-hmm..." 


ရမ်ရှန့်သည် ကနဦးကထက်ပိုပြီး ဗဟုသုတကြွယ်ဝလာကာ စကားလုံးအစိမ်းများဖြင့်လည်း ပိုပြီး ရင်းနှီးလာသည့်အတွက် ကျောက်လင်းယွီ၏ စကားများကို ကြားပြီးနောက် ခေါင်းကိုသာ ငြိမ့်ပြလိုက်သည်။ 


"ကောင်းသားပဲ ..."


"ဧကရာဇ်ကလည်း မျက်စိစုံမှိတ်ပြီး သဘောတူမှာပဲ ဟိုအစွန်းရောက်အဖွဲ့က ကိုင်တွယ်ဖို့ တော်တော်ခက်တယ်လေ ရမ် ကိုယ်လည်း နောက်ပိုင်းကျ ကိုယ်ပိုင်အင်အားစုတစ်ခု တည်ထောင်ဖို့ ကြိုးစားရမယ် ..." 


သူက ပြောလိုက်သည်။ အခြားသူအပေါ် မှီခိုနေရခြင်းသည် လုံခြုံမှု မရှိသည့်အပြင် အင်ပါယာ၏ လတ်တလောအခြေအနေများကိူလည်း နားလည်ထားသည့်အတွက် သူ့ကိုယ်ပိုင်အင်အားတစ်ရပ် စုစည်းလိုစိတ်များ ဖြစ်ပေါ်လာတော့သည်။ 


ထို့အပြင် ရမ်ရှန့်၏ ဆေးလုံးများအပေါ်လည်း မှီခိုလိုပေသည်။ သန္ဓေတည်ဆေးတော့ မဟုတ်။ မျက်နှာအားဖြည့်ဆေးလုံးနှင့် ချီအားဖြည့်ဆေးလုံးသာဖြစ်သည်။ 


သန္ဓေတည်ဆေးကိုမူ သူ့သားကြီးကို ပြန်မတွေ့မချင်း ထုတ်ပေးမည် မဟုတ်ချေ။ 


"ကျွန်တော် မက်ခါပြိုင်ပွဲ ဝင်ပြိုင်မလို့ ..." 


ရမ်ရှန့်လည်း ကျောက်လင်းယွီကို ထိုအကြောင်း မပြောရသေးမှန်း သတိရသွားတော့သည်။ 


"မက်ခါပြိုင်ပွဲ..." 


ကျောက်လင်းယွီက နားမလည်ဟန်ဖြင့် မေးလာသည့်အတွက် သူလည်း ဖြစ်ကြောင်းကုန်စင် ရှင်းပြပေးလိုက်တော့သည်။ 


"ဒီလိုပြိုင်ပွဲမျိုးက ကျွန်တော့်အရည်အချင်းကို သွေးပေးနိုင်မယ်ထင်တယ် ပထမပွဲစဉ်ကတည်းက လူထူးလူဆန်းတွေနဲ့ မတွေ့ရဖို့ပဲ မျှော်လင့်ရမှာပဲ ..." 


"လုပ်ပါ ..." 


ကျောက်လင်းယွီကလည်း သူ့ကို မတား။  အတိတ်ကာလများတွင် သူကသာ ရမ်ရှန့်ကို ထာဝစဉ် ကာကွယ်ပေးထားလိုသော်ငြား ယခုမူ ထိုအကြံမှာ လက်တွေ့မကျတော့ချေ။ 


"ဖေဖေ့ မပြောနဲ့တော့ ..."

128.2


ဒုတိယသားက ရမ်ရှန့်၏ ခြေထောက်ကို ရုတ်ချည်း လှမ်းပုတ်လိုက်သည်။ 


"ဟုတ်ပြီ ဖေဖေ စကားပြောနေတာ ရပ်လိုက်ပြီ ..." 


ကလေးက တစ်ယောက်တည်း ချန်ထားမခံလိုကြောင်း သိနေသည့်အတွက် ရမ်ရှန့်လည်း ပြုံးပြရင်း လေးနက်နေသည့် အမူအယာကို သိမ်မွေ့စေလိုက်သည်။ 


ထို့နောက်တွင်တော့ ဒုတိယကလေးကို မချီနိုင်ခင်မှာပင် ထိုကလေးက သူ့ခြေထောက်ကို ရိုက်ကာခြေ မကို ကုန်းကိုက်လိုက်သည်။  


"ဘာတွေလုပ်နေတာလဲ ဖေဖေ့ကို မကိုက်ရဘူးဆိုတာ မသိဘူးလား ..." 


ရမ်ရှန့်က သူ့ကို ကောက်ချီလိုက်သည်။ 


"ဟုတ်တယ် မကိုက်ရဘူးလေ ..." 


ကျောက်လင်းယွီက ဝင်ပြောလိုက်သည်။ သူ့ခြေထောက်ပေါ် လှဲနေကာ အရသာခံရန် ကြိုးစားနေသည့် ဒုတိယ‌ကလေးမှာ ချစ်စရာကောင်းလှသော်ငြား လူကြီးတစ်ယောက်၏ ခြေထောက်ကို ကိုက်ရန်မှာမူ ... တွေးကြည့်ရုံဖြင့်ပင် ကြက်သီးထလာတော့သည်။ 


ဒါကြီးက ခြေမကြီးလေ ... ရမ်ရှန့်ရဲ့ ခြေထောက်က ဖြူဖွေးပြီး ချစ်စရာကောင်းတယ်ဆိုပေမယ့် သူတောင် အလွန်ဆုံးမှ ထိရုံပဲထိပြီး ဘယ်တော့မှ မကိုက်ဖူးဘူးလေ ... 


ကျောက်လင်းယွီက ထိုသို့ တွေးနေသော်ငြား ရမ်ရှန့်မှာမူ ... 


"ဖေဖေ့ကို ကိုက်လို့မရဘူး ကိုက်ချင်ရင် ဒယ်ဒီ့ခြေထောက်ကိုကိုက် ..." 


ရမ်ရှန့်က ရုပ်တည်ကြီးဖြင့် ကျောက်လင်းယွီ၏ ခြေထောက်ကို ညွှန်ပြလိုက်သည်။ 


သူ့ကလေးများမှာ သန်မာသော ခွန်အားများဖြင့် မွေးဖွားလာခြင်းဖြစ်ရာ သူ့အရေပြားကို ဖောက်ကာ ကိုက်နိုင်သည့်အတွက် မည်သို့သော နည်းနှင့်မျှ သူ့ကို ကိုက်ခွင့်ပေးမည် မဟုတ်ချေ။ သို့သော် သူတို့သာ ကိုက်လိုစိတ် ပြင်းပျနေပါလျှင် အရေပြား ထူကာ မပေါက်နိုင်သည့် ကျောက်လင်းယွီမှာ  ရွေးချယ်စရာကောင်းတစ်ခုဖြစ်ပေသည်။ 


သူ့စကားကို ကြားပြီးနောက် ဒုတိယသားက ကျောက်လင်းယွီ၏ ခြေထောက်ကို ကုန်းကိုက်လိုက်တော့သည်။ 


"..." 


ကျောက်လင်းယွီက သူ့ခြေထောက်ကို အနောက်သို့ အနည်းငယ် ပြန်ဆုတ်လိုက်သည်။ သူသည် အပြင်က ‌ပြန်ရောက်လာသည်နှင့်တစ်ပြိုင်နက် ရေချိုးတတ်သဖြင့် ခြေဗလာဖြစ်နေသော်ငြား နောင်တွင်မူ ခြေအိတ်နှင့် အိမ်တွင်းစီးဖိနပ် စီးထားမှသာ အဆင်ပြေပေတော့မည်။   


တတိယသားက ဆက်အိပ်နေချိန်တွင် စတုတ္ထသားက သူ၏ ဒုတိယအစ်ကိုကို အေးတိအေးစက်ဖြင့် စိုက်ကြည့်‌နေလိုက်၏။ 


အခွံထဲကနေ ထွက်လာတော့ ဘာလို့များ ခြေတစ်လှမ်း နောက်ကျခဲ့ပါလိမ့် အဲဒါတွေအားလုံးက သူ့ကို အောက်ဆုံးမှာ ထားခဲ့တဲ့ ဒယ်ဒီနဲ့ ဖေဖေရဲ့ အပြစ်တွေပဲ ... 


ရှေ့ရက်များတွင်တော့ ရမ်ရှန့်သည် လှုပ်ရှားမှုအမျိုးမျိုးကို တစ်ရက်လျှင် ဆယ်နာရီကြာ လေ့ကျင့်နေတော့သည်။ 


အူဂျင်း၏ ကျေးဇူးကြောင့် အွန်လိုင်းပေါ်တွင် ရမ်ရှန့်ကို အာရုံစိုက်သူများ များပြား‌လာတော့သည်။ အစပိုင်း တစ်ရက်နှစ်ရက်တွင် ကြိုးကြိုးစားစား လေ့ကျင့်နေသော ကလေးကို အားပေးသူများဖြင့် စည်ကားနေသော်ငြား ရမ်ရှန့်သည် နေ့တိုင်း ထပ်ကာတလဲလဲ လေ့ကျင့်နေသည့်အပြင် အချို့လှုပ်ရှားမှုများကို ကြိမ်ဖန်များစွာ လုပ်ဆောင်နေကြောင်း သိလိုက်ရသည့်အတွက် အသံတိတ်ကုန်ကြတော့သည်။ 


အွန်လိုင်းပေါ်မှ မက်ခါကို လေ့ကျင့်ရာတွင် အထူးသဖြင့် အခြေခံ လှုပ်ရှားမှုများကို လေ့ကျင့်ရာတွင် စနစ်သည် လေ့ကျင့်သူကို ဆယ်မှတ်အထိ ပေးတတ်ပြီး ခြောက်မှတ်ရလျှင် အောင်မြင်သည်ဟု ယူဆနိုင်ပေသည်။ 


၇ မှတ် ၈ မှတ် ရရန်မှာ အလွန်ခက်ခဲလှကာ ၈မှတ်မှ ၁၀ မှတ်သို့ တိုးလာရန်မှာ ပို၍ပင် ခက်ခဲလှသေးသည်။ ထို့ကြောင့် အများစုက ၇ မှတ် ၈ မှတ် ရသည်နှင့် အခြားတစ်ခုသို့ ပြောင်းလိုက်ကြသော်ငြား ရမ်ရှန့်ကမူ ဆယ်မှတ်ရသည့်တိုင် ဆက်လေ့ကျင့်နေသေးသည်။ 


ကလေးတွေအားလုံးက ဒီလိုပဲ ကြောက်စရာကောင်းကြတာလား သူမပျင်းဘူးလားပဲနော် ...


သူက အခုမှ ၁၉ နှစ်ပဲ ရှိသေးတာလေ နှစ်တွေ ရာနဲ့ချီပြီး လေ့လာလို့ ရနေသေးတာကို ဘာလို့များ တစ်နေ့ဆယ်နာရီ သုံးပြီး ဒီလှုပ်ရှားမှုတွေကိုပဲ ထပ်ကာတလဲလဲ လုပ်နေရတာလဲ .... 


အများစုက နားမလည်နိုင်ကြသော်ငြား ရမ်ရှန့်၏ ကြိုးစားမှုကို မြင်ပြီးနောက် ပိုပြီး လေ့ကျင့်လာကြတော့သည်။ 


လောယာအင်ပါယာမှာ သန်မာသော်ငြား လူဦးရေ ယုတ်လျော့မှုက ဖူံကွယ်ထားသော ပြဿနာများစွာကို ဖြစ်ပွါးစေပေသည်။ ထိုအချက်ကို လူတိုင်းလည်း ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်သည်။ 


မျက်စိတစ်မှိတ်အတွင်းမှာပင် မက်ခါပြိုင်ပွဲသို့ ရောက်လာတော့သည်။ 


တစ်လကုန်ဆုံးသွားပြီးနောက်တွင်တော့ ရမ်ရှန့်သည် လိုအပ်သည့် လှုပ်ရှားမှုအားလုံးကို ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်နေသည်အထိ လေ့ကျင့်ပြီးသွားတော့သည်။ သူ၏ တောင်းဆိုချက်အရ အကြီးအကဲထန့်နှင့် ဖန့်ချန်ကျွင့်ပင်လျှင် လှုပ်ရှားမှုအများအပြား ပြုလုပ်နိုင်ကာ လွတ်မြောက်ရန် စက်ကုန်ဖွင့်ကာ မောင်းနှင်နိုင်နေပြီဖြစ်သည်။  


ပြိုင်ပွဲပထမနေ့တွင် သူနှင့် အကြီးအကဲထန့်တို့သည် ပွဲထဲသို့ မနက်အစောပိုင်းကတည်းက ရောက်နေပေသည်။ ၎င်းမှာ ကြီးမားသည့် စက်ဝိုင်းပုံ ရင်ပြင်ကြီးဖြစ်ကာ အဆုံးသတ်ကိုပင် မမြင်ရချေ။ ဖက်ဒရယ်၏ ညီလာခံအဆောက်အဦးထက် အဆ‌ ရာပေါင်းများစွာ ပိုကြီးမားပေသည်။ 


စက်ဝိုင်းပုံစင်မြင့်၏ အစွန်းတွင် ရပ်နေပါလျှင် ကျန်တစ်ဖက်ခြမ်းကို လုံးဝ မြင်နိုင်မည် မဟုတ်ချေ။ သို့သော် အွန်လိုင်းပြိုင်ပွဲ ဖြစ်သည့်အတွက် အံ့ဩဖွယ် မြင်ကွင်းကျယ်ကို ရွေးချယ်နိုင်ရာ ပရိသတ်အနေဖြင့် မမြင်ရမည်ကို ပူနေရန် မလိုအက်ပေ။ 


ရမ်ရှန့်က ပြိုင်ပွဲနှင့် ပတ်သက်သည့် အချက်အလက်များကို ဖတ်နေလိုက်သည်။ နောက်ပိုင်းပွဲစဉ်များကို တစ်ဦးချင်း ယှဉ်ပြိုင်ရမည် ဖြစ်သော်လည်း ပထမဆုံးပွဲစဉ်မှာမူ... 


ရင်ပြင်ကို ၁၆ ပိုင်း ပိုင်းထားကာ ပြိုင်ပွဲအားလုံး တစ်ချိန်တည်း စတင်ပြီး ပထမပွဲစဉ် ပြီးဆုံးသည်အထိ အုပ်စု တစ်ခုပြီးတစ်ခု ယှဉ်ပြိုင်သွားရမည်ဖြစ်သည်။ 


ထိုအတွက် လိုအပ်သည့် အချိန်မှာတော့ မများပြားလှပေ။ လောယာအင်ပါယာ၏ လူဦးရေမှာ နည်းပါးလှသည့်အပြင် အသက်အရွယ် အိုမင်းသူ နှင့် နာမည်ကြီးသူများ မယှဉ်ပြိုင်နိုင်သဖြင့် ပြိုင်ပွဲဝင်အရေအတွက်မှာ နှစ်ထောင်သုံးထောင်ခန့်သာ ရှိပေသည်။ 


သားကြီးက နောက်ဆုံး ယှဉ်ပြိုင်သူများ၏ နံပါတ်ကိုတစ်လှည့် မူခါ့သီ၏ နံပါတ်ဖြစ်သော ၁၉၈ ကိုတစ်လှည့် ကြည့်ပြီးနောက် သူ၏ ယာယီမွေးစားဖခင်ကို ပြောစရာစကားပင် မရှိတော့ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။ 


၁၉၈ ယောက်မြောက်တဲ့ နံပါတ်က ကောင်းတော့ ကောင်းပေမယ့် အထင်ကြီးစရာတော့ မရှိဘူးပဲ ... 


"ဒါက တကယ်ကို ကောင်းတာပဲ ဟား ဟား မင်းလို လာဘ်ကောင်လေးပါ ပါလာရင် ဒီတစ်ခေါက် ထိပ်ဆုံးတစ်ရာထဲ ပါမှာ ကျိန်းသေတယ် ..." 


မူခါ့သီက ပြောလိုက်သည်။ 


"အဲဒါ ဘာလို့လဲဆိုတော့ ဘယ်လူအိုကြီးကမှ ရှင့်လို မပြိုင်လို့လေ ..." 


စိတ်ချမ်းသာနေဟန်ရှိသော မူခါ့သီ၏ ဇနီးက ပြိုင်ပွဲကြည့်ရန် လာရင်း အညှာအတာမဲ့စွာဖြင့် ပြောလိုက်သည်။ သို့သော် သူမ၏ မျက်ဝန်းတို့တွင်မူ ချစ်ခြင်းမေတ္တာတို့ လျှံကျနေကာ စကားအဆုံးတွင် မူခါ့သီကို နမ်းရှုံ့လိုက်သေးသည်။ 


"ကြိုးစားခဲ့ ..." 


"စိတ်ချပါ ..." 


မူခါ့သီက အားလုံးကို ပွေ့ဖက်လိုက်သည်။ 


"ကြိုးစားထား ..." 


ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကို ခံလိုက်ရသော သားကြီးကလည်း စိတ်ဓာတ်တက်ကြွလာကာ သူ့ကို ပွေ့ဖက်အားပေးလိုက်သည်။ 


သူ့သားကြီးရဲ့ စိတ်စွမ်းအင်ကို ခံစားလိုက်မိသလားလို့ ... 


ဒုတိယပွဲစဉ်အတွက် စီစဉ်ရင်း ပြိုင်ပွဲနေရာတွင် စောင့်ဆိုင်းနေသော ရမ်ရှန့်မှာ ထိုသို့ အာရုံရလာသည့်အတွက် လှည့်ပတ်ရှာဖွေလိုလာတော့သည်။ 


ထို့နောက်တွင်တော့ သားကြီး၏ စိတ်စွမ်းအင်မှာ တစ်ဖန် ပျောက်ကွယ်သွားပြန်ကာ ပြိုင်ပွဲကွင်းပြင်သိူ့ ပထမအုပ်စု ဝင်ရောက်လာပြီဖြစ်၍ သူတို့ကိုလည်း ပြင်ဆင်ထားရန် အကြောင်းကြားလာသည်။ 


သူ့ဘေးတွင် ပြင်ဆင်နေသော ပြိုင်ဘက်ကို ကြည့်ရင်း ရမ်ရှန့်မှာ ရုတ်ချည်း ကုလားမနိုင် ရခိုင်မဲလိုစိတ်တို့ ဖြစ်ပေါ်လာတော့၏။ 


Xxxxxxx