အပိုင်း ၁၂၉
Viewers 18k

Chapter 129


အွန်လိုင်းမက်ခါပြိုင်ပွဲများ၏ အကြီးဆုံး အားသာချက်မှာ လူတိုင်းအတွက် တူညီသော မက်ခါများကိုသာ သာတူညီမျှ ပေးထားခြင်းဖြစ်သည်။ ရမ်ရှန့်နှင့် သူ့ပြိုင်ဘက်၏ မက်ခါများမှာလည်း ရင်ဘက်ပေါ်ရှိ လိပ်စာများနှင့် ခေါင်းပေါ်ရှိ စကားလုံးများမှတစ်ပါး လုံးဝ ထပ်တူညီ‌နေကြပေသည်။ 


ဟုတ်တယ် သူတို့ရဲ့ ရင်ဘက်ပေါ်မှာ စာတွေ ရေးထားတာ ... 


ပြိုင်ကွင်းထဲသို့ လှမ်းလာခဲ့ပြီးနောက် ရမ်ရှန့်သည် သူ့ပြိုင်ဘက်၏ ခေါင်းပေါ်၌ စာများရေးထားကြောင်း တွေ့လိုက်ရသည့်အတွက် တောင့်တင်းသွားတော့၏။ ထို့နောက်မှသာ သူ့ခေါင်းပေါ်တွင်လည်း အလားတူပင် ရေးထားကြောင်း သတိထားလိုက်မိတော့သည်။ 


လောယာအင်ပါယာ၏ သရုပ်ပြကွန်ယက်မှာ အလွန် လက်တွေ့ဆန်လှသည့်အတွက် ရမ်ရှန့်မှာ ရံဖန်ရံခါတွင် အွန်လိုင်းဖြစ်နေကြောင်းပင် မေ့သွား‌မိတော့သည်။ သူ့ပြိုင်ဘက်၏ နာမည်နှင့် စာတန်းများကို တွေ့လိုက်ရပြီးနောက်မှသာ လက်တွေ့အစစ်အမှန် မဟုတ်မှန်း သတိကပ်သွားတော့သည်။ 


သရုပ်ပြကွန်ယက်၏ ပြိုင်ပွဲဒိုင်မှာလည်း ကွန်ပျူတာဖြင့် ဖန်တီးထားသော ငှက်တစ်ကောင်ဖြစ်ကာ ၎င်းက ပြိုင်ပွဲဝင်နှစ်ဦး ရောက်လာသည်နှင့် တစ်ပြိုင်နက် အနားသို့ ပျံလာပြီး ပြောလိုက်သည်။ 


"ပြိုင်ပွဲစပြီ ..." 


ထိုစကားကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် ရမ်ရှန့်က စတင်လှုပ်ရှားရန် ပြင်လိုက်သော်ငြား တစ်ဖက်သူက လုံးဝ လှုပ်ရှားမလာသည့်အတွက် သတိကပ်သွားတော့သည်။ 


ဒီလူ့ဆီမှာ တစ်ခြားရည်ရွယ်ချက် ရှိနေသေးတာလား ... 


"ဂရင်တန် ဟုတ်တယ်နော် မင်းက အသက်မပြည့်သေးဘူး မဟုတ်လား မင်းက ဒီလိုပွဲမျိုးကို မလာသင့်ဘူးနော် ဒီပွဲမျိုးက အရမ်းကို သွေးထွက်သံယိုနဲ့ ရက်စက်ကြမ်းကြုတ်လွန်းတယ် ဆယ်ကျော်သက်ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာအတွက်ရော စိတ်ပိုင်းဆိုင်ရာအတွက်ပါ မကောင်းဘူး ..." 


သူနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေသူက ပြောလိုက်သည်။ ထို့နောက် သူက ရမ်ရှန့်ကို မကျေမနပ်ဖြင့် စိုက်ကြည့်ကာ လုံးဝ လှုပ်ရှားမလာတော့ပေ။ 


"..." 


ရမ်ရှန့်မှာလည်း ဆွံ့အသွားရတော့သည်။ 


ဒါဆို လုံးဝ လှုပ်ရှားမလာတာက အကြံရှိနေလို့ မဟုတ်ဘဲ သူ့ကို လက်ချာရိုက်ချင်လို့ပေါ့ ဟုတ်လား ... 


ရမ်ရှန့်က တုတ်တုတ်ပင် လှုပ်မလာသည့်အတွက် ထိုလူက ဆက်ပြောလိုက်သည်။ 


"မင်းမိဘတွေကရော ဒီလောက်ကလေးငယ်ငယ်လေးကို ဒီလိုပြိုင်ပွဲမျိုး ဘယ်လိုလုပ် ဝင်ပြိုင်ခိုင်းရတာလဲ တကယ်ကို လက်လွတ်စပယ်နိုင်လိုက်တာ မင်းသာ တကယ်ကို မက်ခါနဲ့ ပတ်သက်ပြီး ပါရမီပါရင် အခြေခံလှုပ်ရှားမှုတွေကို သင်ယူဖို့ ဆရာတစ်ယောက်လောက်ပဲ ရှာပါကွာ ..." 


ရမ်ရှန့်က ထိုသူ၏ စကားများကို လက်သီးတစ်ချက်ဖြင့် ဖြိုခွင်းလိုက်သည်။ ထိုသူမှာ ရည်ရွယ်ချက်ကောင်း ရှိသော်ငြား ပြိုင်ပွဲက ပြိုင်ပွဲသာ ဖြစ်သည်။ သူက တစ်ယောက်ယောက်နဲ့ တိုက်ခိုက်ချင်နေတာလို့ ... 


"ငါက အသက်မပြည့်သေးတဲ့ ကလေးတွေကို မရိုက်ဘူး ..." 


ထိုသူ၏ စကားမဆုံးခင်မှာပင် ရမ်ရှန့်၏ လက်သီးတို့က ထပ်ကာထပ်ကာ ကျရောက်လာတော့သည်။ ထိုသူက ပြန်လည်း မတုန့်ပြန်၊ ရှောင်လည်း မရှောင်ရှားသည့်အတွက် မြေကြီးပေါ်သို့ အလဲထိုးခြင်းကို ခံလိုက်ရတော့သည်။ 


"ထလို့ ..." 


ရမ်ရှန့်က သုံးချက်ထိုးပြီးနောက် သူ့တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။ 


သူ ဒီကိုလာတယ်ဆိုတာ အရည်အချင်းတွေကို သွေးချင်လို့ အသက်မပြည့်သေးတာလေး တစ်ခုတည်းနဲ့ အရှုံးပေးခံရဖို့ မဟုတ်ဘူး ... 


"ငါ အညံ့ခံတယ် ..." 


ထိုသူက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ 


"ကောင်လေး မင်းမိဘတွေက မင်းအပေါ်ကို ဆိုးဆိုးဝါးဝါး ဆက်ဆံနေတာဆိုရင် ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောနော် အုပ်ထိန်းသူအသစ် ထပ်လျှောက်လို့ ရတယ်လေ ..." 


ရမ်ရှန့်က နောက်ပြန်ကြည့်မနေဘဲ ထွက်လာလိုက်တော့သည်။ စိတ်အခြေအနေ မကောင်းသည့်အတွက် သူစိမ်းတစ်ဦးကို ရိုက်နှက်ကာ စိတ်ထွက်ပေါက်ရှာရန် စိတ်ကူးထားသော်ငြား ... ယခုမူ ပို၍ပင် ဆိုးဝါးလာကာ မွန်းကြပ်လာတော့သည်။ 


လောယာဧကရာဇ်ဆီသွားပြီး အသက်ပြန်ပြောင်းသင့်လား ... 


သူ့အနေဖြင့် လုံလုံလောက်လောက် စိတ်ဓာတ်ကျနေပြီးပြီဖြစ်သော်ငြား ကွင်းထဲမှ ထွက်လာချိန်တွင် ပရိသတ်ထဲမှ နာလိုခံခက်သံဖြင့် ပြောနေသည်ကို ကြားလိုက်ရသည်။ 


"ကလေးဖြစ်ရတာ တကယ်ကို ကောင်းတာပဲနော် ငါတောင် ကလေးဖြစ်ချင်လာပြီ ..." 


ရမ်ရှန့်လည်း လှမ်းကြည့်လိုက်ရာ ပိန်ပိန်ပါးပါး အမျိုးသမီးကို စကားပြောနေသည့် သက်လတ်ပိုင်းအမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ အကွာအဝေးမှာ အနည်းငယ် လှမ်းနေသည့်အတွက် ထိုသူများက သတိမထားမိကြသေးပေ။ 


ထိုသူ၏ စကားဆုံးလျှင်ဆုံးချင်း ခပ်ပိန်ပိန်အမျိုးသမီးက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ 


"ဒါပေါ့ အသက်‌ငယ်လေ ကောင်းတဲ့အချက်တွေ များလေပဲလေ ဒါပေမယ့် ရှင် အဲဒီ့လိုအရွယ်‌တုန်းက မက်ခါကို ထိတောင်ထိနိုင်ခဲ့ဖူးလို့လား ..." 


"ဟုတ်သားပဲ ခေါင်းဆောင် ခင်ဗျားအသက်ကဖြင့် နှစ်ကို ရာနဲ့ချီနေပြီ အခုအချိန်အထိ အူဂျင်းကိုတောင် ရိုက်မချနိုင်သေးဘူးလေ ခင်ဗျားသာ ဆယ်ကျော်သက် ဖြစ်ခဲ့ရင်တောင် လုပ်နိုင်မယ် မထင်ဘူး ..." 


"ဟုတ်တယ် သူတို့က အသက်မပြည့်သေးဘူးဆိုပေမယ့် ငါ့ထက်တော့ အများကြီး သာနေတုန်းပဲ ..." 


"ကလေးလေး ကြည့်ပါဦး သူ‌တို့တွေက ငါ့ကို ဝိုင်းအနိုင်ကျင့်နေကြတယ် ..."


မူခါ့သီက သူ့ဘေးတွင် ထိုင်နေသော သားကြီးကို ဝမ်းနည်းလေဟန်ဖြင့် ပြောလိုက်သည်။ 


"ဦးလေးရေ တိုက်ခိုက်ဖို့ အဆင်သင့်ပြင်ထားသင့်နေပြီနော် ..." 


သားကြီးက စိတ်မဝင်စားလေဟန်ဖြင့် ပြောလိုက်သည်။ သူ့အသံမှာ အများသုံးအကောင့်များအတွက် ပေးထားသည့် အသံဖြစ်နေရာ မည်သူကမှ သူ၏ အသက်အစစ်အမှန်ကို မရိပ်မိကြပေ။ 


သို့သော် ထိုအသံက ရမ်ရှန့်ကို ရှင်းမပြတတ်သည့် ခံစားချက်တစ်ရပ် ပေးစွမ်းလာပေသည်။ ထို့ကြောင့် သူ မရေမတွက်နိုင်လောက်အောင် အသုံးပြုခဲ့သည့် သွေးသားဆက်နွယ်မှုကို အာရုံခံစားသည့် ဂါထာကို ရွတ်လိုက်သော်ငြား ဘာမှ တုန့်ပြန်မလာချေ။ အနည်းငယ် မယုံနိုင် ဖြစ်သွားပြီးမှသာ ဤနေရာသည် သရုပ်ပြကွန်ယက်ဖြစ်နေကြောင်း သတိရသွားတော့သည်။ 


သူ့ခန္ဓာကိုယ်မှာ အစစ်အမှန်မဟုတ်၊ စိတ်စွမ်းအင်ကိုသာလျှင် အသုံးပြုနိုင်သည့် နေရာမျိုးတွင် ဤဂါထာသည် အလုပ်ဖြစ်လိမ့်မည် မဟုတ်ချေ။ 


မူခါ့သီက ပြင်ဆင်ရေးစားပွဲသို့ သွားရန် မတ်တပ်ရပ်ရင်း မမေ့မလျော့ ပြောလိုက်သည်။

129.2


"ဘုရားသခင်က ငါ အဆင့်နိမ့်တဲ့ ခွန်အားနဲ့ တွေ့မှာကို တားမြစ်တယ် ဒီတစ်ခေါက် အနိမ့်ဆုံးအဆင့် စက်ကို သုံးထားတာဆိုတော့ ငါ့ရဲ့စက်က အဆင့်မြင့်စက်တွေလိုတော့ ချောမွေ့မှာ မဟုတ်ဘူး ..." 


သူထွက်သွားပြီးနောက် ရမ်ရှန့်လည်း ချီတုံချီချဖြင့် ထိုသူများထံ ချဉ်းကပ်လိုက်သည်။ ဤကမ္ဘာတွင် ဆဌမအာရုံကဲ့သို့သော ကြိုတင်နိမိတ်ဖတ်မှုများ ရှိနေသည်။


 ကျောက်လင်းယွီ၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးထံတွင်ပင် ဤစွမ်းရည်မျိုး ရှိနေပြီး ကျင့်ကြံရေးကမ္ဘာတွင် ပို၍ပင် တွေ့ရပေသည်။ ကျင့်ကြံသူများသည် သူတို့ချစ်ရသူ အန္တရာယ်နှင့် ကြုံလာပါလျှင် အာရုံခံစားနိုင်ရန် အလို့ငှာ နှလုံးခုန်သံကိုပင် အရေးတကြီး ဆက်နွယ်ထားလေ့ရှိကြပြီး ရမ်ရှန့်သည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ယခု သူသည် မသိလိုက်စွာဖြင့်ပင် ပိုပြီး နီးကပ်လာလိုစိတ်များ ဖြစ်ပေါ်နေပေသည်။ 


ရမ်ရှန့်သည် ပြိုင်ကွင်းထဲမှ ထွက်လာပြီးဖြစ်၍ သူ့ေခါင်းပေါ်မှ နာမည်နှင့် ဝတ်ဆင်ထားသော မက်ခါလည်း ပျောက်ကွယ်သွားပြီး သာမန်ဆယ်ကျော်သက်ရုပ်ရည်လေးသာ ကျန်နေတော့သည်။ 


လောယာအင်ပါယာ၏ အသက်မပြည့်သေးသူများကို အကာအကွယ်ပေးရေးဆိုင်ရာ ဥပဒေတွင် အရွယ်မရောက်သေးသူများ၏ အချက်အလက်များကို လူသိရှင်ကြား ထုတ်ဖော်ပြသခြင်းကို တင်းတင်းကြပ်ကြပ် ကန့်သတ်ထားသည်။ ထို့ကြောင့် သူ့နာမည်ကို လူအများအပြားက သိနေကြသည့်တိုင် သူတိုက်ခိုက်သည့် ဗီဒီယိုတွင် မျက်နှာကို ဝါးထားသည့်အတွက် သူ့ကို ကောင်းကောင်းမြင်ဖူးသူဟူ၍ များများစားစား မရှိချေ။ 


ရမ်ရှန့်မှာ သူ့မျက်နှာကို ဝါးထားသည်မှာ အလွန်ရုပ်ဆိုးလှသည့်အတွက် အနည်းငယ် မ‌ကျေမနပ် ဖြစ်ခဲ့သော်ငြား ယခုမူ အတော်ကို သဘောတွေ့နေလေပြီဖြစ်သည်။ သူကသာ အရွယ်မရောက်သေးသည့် ပြိုင်ပွဲဝင် ဂရင်တန်ဖြစ်သည်ဟု သိကြပါလျှင် ထိုသူများက ဤမျှ ဝမ်းသာအယ်လဲ ဖြစ်ကြမည် မဟုတ်ချေ။ 


မူခါ့သီနှင့် ထိုသူများအနီးသို့ လျှောက်လာစဉ်က နှုတ်ဆက်ကာ သတင်းအချို့ အစ်ထုတ်ရန်သာ တွေးထားသော်ငြား မူခါ့သီ၏ ဇနီး ဒူနီယာက သူ့အပေါ် ထင်မှတ်မထားလောက်အောင်ပင် ကြင်နာသလို ကျန်သူများကလည်း အလွန် ဖော်ရွေနေကြပေသည်။ 


"ကောင်လေး မင်းလည်း ပြိုင်ပွဲလာကြည့်တာပဲလား ..." 


သူနှင့် စကားစမြည် ပြောဆိုပြီးနောက် ဒူနီယာက သူ့ကို ပြုံးကာ ကြည့်နေလိုက်သည်။ ကလေးချစ်တတ်သူတစ်ဦးအနေဖြင့် သူမ၏ မျက်လုံးထဲတွင် ရမ်ရှန့်သည်လည်း ကလေးအရွယ်သာ ဖြစ်ပေသည်။ 


ရမ်ရှန့်၏ ရိုးရှင်းလှသော အကြည့်တို့ကို တွေ့လိုက်ရသည့်အခါ ပို၍ပင် စကားစမြည် ပြောလိုစိတ်များ ဖြစ်ပေါ်လာရတော့သည်။ 


"ဟုတ်ကဲ့ ..." 


သူက ခေါင်းငြိမ့်ပြလိုက်သည်။ 


ဟုတ်တယ်လေ သူကလည်း တစ်ခြားသူတွေ ပြိုင်တာကို ကြည့်ပြီး သူတို့ရဲ့ လှုပ်ရှားပုံတွေကို သင်ယူမလို့ပဲလေ ... 


"တော်လိုက်တဲ့ကလေးလေး လာ လာ တစ်ခုခု စားချင်တာ ရှိသေးလား လက်တွေ့ဘဝမှာဆို အသင့်စားအစားအစာတွေက အများကြီး စားလို့ မသင့်တော်ပေမယ့် ဒီနေရာမှာတော့ ပူနေစရာ မလိုဘူး အဲဒါကြောင့် ငါဆို အွန်လိုင်းသုံးတဲ့အချိန်တိုင်း အများကြီး စားတာလေ ..." 


ဒူနီယာက သူ့ရှေ့သို့ ခြင်းတစ်လုံးကို ချပေးလိုက်သည်။ 


"စားကြည့်ကြည့် အရသာက အပြင်လောကလိုမျိုး အရမ်းကြီး မကောင်းပေမယ့် အရသာရှိတယ်လို့ ပြောလို့ ရနေတုန်းပဲ ..."


ခြင်းထဲသို့ ငုံ့ကြည့်လိုက်ရာ ဆီကြော်စာမျိုးစုံနှင့် အသားကင်များကို အများအပြား တွေ့လိုက်ရတော့သည်။ ထိုအရာများမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့်အတွက် အများအပြား စားသုံးရန် မသင့်တော်လှသော်ငြား ဤသရုပ်ပြကွန်ယက်တွင်မူ အလွန်နာမည်ကြီးလှသည်။ ဝိတ်ချလိုသော အမျိုးသမီးများက ဤသို့သော အစားအစာမျိုးကို အားရပါးရ စားသောက်ရန် သရုပ်ပြကွန်ယက်အတွင်း လာရောက်ကြသည်ဟုပင် ပြောစမှတ် ပြုကြသေးသည်။ 


မုန့်တစ်ခုကိုယူကာ ရမ်ရှန့်လည်း ကျေးဇူးတင်စကား ဆိုလိုက်သည်။ ထို့နောက် အနည်းငယ် တွေးဆဆ ပြုပြီးကာမှ စပ်စုလိုက်သည်။ 


"အန်တီတို့ကလည်း ဒီအင်ပါယာကြယ်မှာ နေတာပဲလား ဘယ်ခရိုင်မှာ နေတာလဲ ...." 


"ဒါပေါ့ တို့တွေက အင်ပါယာကြယ်မှာ နေတဲ့သူတွေလေ ခရိုင်အမှတ် ၉ မှာ နေတာ ..."


ဒူနီယာက ခပ်ပြုံးပြုံး ပြောလိုက်သည်။ လက်ရှိကွန်ယက်မှာ အလွန် လက်တွေ့ဆန်လှသည့်အတွက် အမည်မဖော်ပြရမည့် အထူးနေရာအချို့မှလွဲ၍ ကျန်နေရာများတွင် ကိုယ်ပိုင်နာမည်ကို အသုံးပြုနိုင်ပေသည်။ သူမနှင့် မူခါ့သီတို့မှာ  မငယ်ရွယ်တော့သည့်အပြင် လူသိလည်း များကြသည့်အတွက် ... သူမတို့၏ လိပ်စာမှာ လျှို့ဝှက်ထားရန် မလိုအပ်ချေ။ 


"ကျွန်တော်နေတဲ့နေရာနဲ့ သိပ်မဝေးဘူးပဲ ..." 


ရမ်ရှန့်က ပြုံးပြလိုက်သော်ငြား ဤသည်မှာ လောကဝတ်မျှသာဖြစ်သည်။ လောယာအင်ပါယာကို ခရိုင်ဆယ်ခု ပိုင်းခြားထားပြီး အစောပိုင်းခရိုင် အနည်းငယ်မှာ စီးပွားရေးအချက်အခြာ ကျလှသည်။ ထို့ကြောင့် ရမ်ရှန့်နေထိုင်သည့် ခရိုင် W သည် ခရိုင်အမှတ်ကိုးနှင့် ဂြိုဟ်တစ်ဝက်ခန့် ဝေးသော်ငြား ဂြိုဟ်တစ်ခုတည်းပေါ်ရှိ အကွာအဝေးသည် ဖက်ဒရယ်အတွက်ပင် စာမဖွဲ့လောက်ရာ သူသာ ခရိုင်အမှတ်ကိုးသို့ သွားလိုပါလျှင် ‌မကြာမီမှာပင် ရောက်နိုင်ပေသည်။ 


"အဲဒီလိုကိုး ..." 


ဒူနီယာက ထိုသို့ပြောလိုက်သည့်တိုင် အိမ်သို့ အလည်လာရန်တော့ မဖိတ်ကြား။ သူမ၏ မိသားစုတွင် စာရင်း မသွင်းရသေးသည့် ကလေးငယ်တစ်ဦး ရှိနေသည့်အတွက် မည်သူ့ကိုမှ သတိလက်လွတ် မဖိတ်ခေါ်ရဲပေ။ ရမ်ရှန့်ကလည်း သတိပြုမိသည့်အတွက် သူမနှင့် စကားဆက်ပြောနေရင်း ဘေးလူများကို အကဲခတ်နေသည့်တိုင် သူ့အတွက် ထူးခြားစေမည့် တစ်စုံတစ်ယောက်ကိုမှ မတွေ့ရပေ။ 


သို့သော် ထိုအချက်မှာလည်း ဤမျှ အရေးမကြီးပေ။ အွန်လိုင်းမှ ထွက်ခွါပြီးပါလျှင် ခရိုင်အမှတ်ကိုးသို့ သွားရောက်ရန် ဆုံးဖြတ်ထားသည်။ ဒူနီယာ့ထံတွင် သူ့သားကြီးကို တွေ့ရလိမ့်မည်ဟုပင် ခံစားမိနေပေသည်။ သူတို့နှစ်ဦး စကားပြောနေရင်းမှာပင် မူခါ့သီ၏ အလှည့်သို့ ရောက်လာသည့်အတွက် ဒူနီယာ၏ အာရုံအလုံးစုံသည် ပြိုင်ကွင်းထဲသို့ ရောက်ရှိသွားတော့သည်။ 


စနစ်က ထောက်ပံ့ပေးထားသည့် မက်ခါတို့၏ အရောင်မှာ အဖြူရောင်နှင့် ငွေရောင်သာ ဖြစ်ပြီး အကယ်၍ အရောင်ပြောင်းလဲလိုပါလျှင် ကျသင့်ငွေကို ပေးချေရမည်ဖြစ်သည်။ ရမ်ရှန့်က ထိုအကြောင်းကို မသိသည့်အတွက် ငွေရောင်ကိုသာ ဆက်သုံးခဲ့ပြီး မူခါ့သီမှာမူ ထိုအကြောင်းကို သိသည့်တိုင် ဤကဲ့သို့သော နေရာမျိုးတွင် ငွေမသုံးလိုသည့်အတွက် မက်ခါကို ငွေရောင်အတိုင်းသာ ဆက်ထားထားသည်။ သို့သော် သူ့ပြိုင်ဘက်မှာမူ မတူညီပေ။  


မက်ခါ၏ လုပ်ဆောင်ပုံများကို ပြောင်းလဲ၍ မရသော်ငြား ငွေကုန်ကြေးကျခံရန် ဆန္ဒရှိပါလျှင်မူ အသွင်အပြင်ကို ပြောင်းလဲ၍ ရပေသည်။  မူခါ့သီ၏ ပြိုင်ဘက်က သူ့မက်ခါကို အနီရောင်ဆေးခြယ်ကာ ကျစ်ဆံမြီးအရှည်နှစ်ချောင်း တပ်ဆင်ပေးထားပြီး ရင်သားမှာ ဖွံဖြိုးကာ ခါးကို သေးသွယ်အောင် ဖန်တီးထားသည်။ 


ထိုပြင်ဆင်မှုများသည် အမျိုးသမီးတစ်ယောက်အတွက်သာ ဖြစ်ပါလျှင် အလွန်ကြည့်ကောင်းမည် ဖြစ်သော်ငြား မက်ခါအတွက်မူ မဟုတ်ချေ။ 


မက်ခါတွင် မျက်နှာအစိတ်အပိုင်းများ ပါရှိသည့်တိုင် ၎င်းတို့သည် ခုခံရန် သို့မဟုတ် လက်နက်များအတွက်သာ ဖြစ်သည်။ ကျစ်ဆံမြီးနှစ်ဖက်နှင့် ခါးသေးသေးလေး ပိုင်ဆိုင်ထားသော မက်ခါမှာပင် အလွန်ထူးဆန်းနေကာ ထိုထဲရှိ ပိုင်ရှင်က ခေါင်းကို မော့ပြီး တင်နှင့် ခါးတို့ကို လှုပ်လီလှုပ်လဲ့ဖြင့် လှုပ်ယမ်းနေသည်မှာ ပို၍ပင် ထူးဆန်းလှသေးသည်။ 


Xxxxxxx