အပိုင်း ၁၃၀
Viewers 18k

Chapter 130


မူခါ့သီက ပြိုင်ဘက်၏ သွင်ပြင်ကြောင့် ကြက်သေသေနေသည့်အတွက် သူ့ပြိုင်ဘက်၏ ဦီးဆောင်တိုက်ခိုက်မှုကို ခံလိုက်ရတော့သည်။ သူ့ပြိုင်ဘက်၏ ရည်ရွယ်ချက်အစစ်မှာလည်း ထိုသို့သော ထူးဆန်းသည့် အပြင်အဆင်မျိုးဖြင့် အာရုံလွှဲလိုခြင်းပင်ဖြစ်သည်။ 


ထိုထူးဆန်းသည့် မက်ခါပိုင်ရှင်သည် ရမ်ရှန့်နှင့် တိုက်ခိုက်ခဲ့သူထက် ပိုပြီး ကျွမ်းကျင်ဟန် ရှိပေသည်။ သို့သော် ထိုသူသာ ရမ်ရှန့်နှင့် တိုက်ခိုက်ပါလျှင် ဤသို့ ထူးထူးဆန်းဆန်း ပြင်ဆင်ထားသည့်တိုင် ရှုံးနိမ့်မည်ဖြစ်သည်။ 


"ဟာ ..." 


ဒူနီယာက စိုးရိမ်တကြီးဖြင့် ပါးစပ်ကို ဖုံးအုပ်လိုက်သည်။ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို တစ်ခါမှ မမြင်ဖူးသည့်အတွက် အနည်းငယ် ထိတ်လန့်သွားလေသော သားကြီးမှာလည်း စိတ်စွမ်းအင်တို့ စိမ့်ထွက်လာတော့သည်။ 


ရမ်ရှန့်မှာ ရင်းနှီးနေသော စွမ်းအင်စိမ့်ထွက်မှုကို ပထမအကြိမ် ခံစားလိုက်ရစဉ်က မည်သူမည်ဝါမှန်း မသိခဲ့လိုက်သော်ငြား ယခုမူ ထိုသူမှာ သူ့ဘေးတွင်သာ ရှိနေကြောင်း သေချာ‌သွားချေပြီ။ 


ထို့ကြောင့် မသိလိုက်မသိဘာသာဖြင့်ပင် တစ်ဖက်သို့ လှည့်ကာ ဖက်ဒရယ်ဘာသာစကားဖြင့် ပြောလိုက်သည်။ 


"သားကြီး..."


သာကြီးက သူ့ကို ဗလာသပ်သပ်ဖြင့် စိုက်ကြည့်နေလိုက်သည်။ 


သားကြီး ဟုတ်လား အဲဒါ ဘာကြီးလဲ ... 


အများသုံးအင်တာနက်ဖြင့် အသုံးပြုသူများမှာ မျက်နှာအမူအယာများစွာ မလုပ်နိုင်သည့်အတွက် ရမ်ရှန့်သည် ယခင်ကထက် အနည်းငယ်ကြီးနေသည့် အမူအယာမဲ့သောမျက်နှာကို စိုက်ကြည့်နေလိုက်သည်။ ထို့နောက်မှသာ သူ့ဥများကို "ကလေးတွေ" ဟု ခေါ်ခဲ့ဖူးကြောင်း သတိရလိုက်တော့သည်။ 


"ကလေးလေး ..." 


ရမ်ရှန့်က နောက်တစ်ကြိမ် ထပ်ခေါ်ကာ သားကြီး၏ တစ်ကိုယ်လုံးကို သူ့စိတ်စွမ်းအင်များဖြင့် လွှမ်းခြုံရင်း သက်သေပြလိုက်သည်။ ထိုစိတ်စွမ်းအင်များမှာ သူနှင့် ရင်းနှီးနေသည့်အတွက် သားကြီးလည်း ရမ်ရှန့်ထံ မဆိုင်းမတွ ပြေးဝင်လာသော်ငြား လမ်းတစ်ဝက်တွင်ပင် တားမြစ်ခြင်း ခံလိုက်ရတော့သည်။ 


"ခွေးကောင် အရွယ်မရောက်သေးတဲ့သူတွေကို ကိုယ်ထိလက်ရောက် စော်ကားလို့ မရဘူးဆိုတာ မင်းမသိဘူးလား ဟင် ဘယ်လောက်တောင် အတင့်ရဲလိုက်သလဲ ..." 


ခပ်ဝဝ အမျိုးသားက ကလေးကို သူ့လက်ဖြင့် ဆွဲထားရင်း မွန်မွန်ရည်ရည်ဖြင့် ပြောလိုက်သည်။ သူ့အသွင်အပြင်မှာ အနည်းငယ် အဝလွန်နေသော်ငြား ခွန်အားမှာမူ လွန်စွာ သန်မာလှပေသည်။ 


ဒါက ငါ့သားကှ ... 


သားဖြစ်သူ ပွေ့ဖက်လာမည်ကို စောင့်ဆိုင်းနေသော ရမ်ရှန့်မှာ နှောင့်ယှက်ခံလိုက်ရသည့်အပြင် သင်ခန်းစာပါ အပေးခံလိုက်ရသည့်အတွက် ဖက်တီးကို စိုက်ကြည့်မည်ပြုလိုက်သော်ငြား လက်ရှိအခြေအနေကို ပြန်တွေးကာ အသာငြိမ်နေလိုက်‌တော့သည်။ 


သူက အနည်းငယ် ဒေါသထွက်သွားသော်ငြား ဒူနီယာတို့မှာမူ ထိတ်လန့်နေကြပြီဖြစ်သည်။ 


သူတို့က ကလေးတစ်ယောက်ကို ဖွက်ပြီး လက်ခံထားတဲ့အပြင် မလုံခြုံတဲ့ အများသုံးအင်တာနက်ကိုတောင် အသုံးပြုခွင့် ပေးလိုက်သေးတယ် ဒါကိုသာ တစ်ခြားသူတွေ သိသွားရင် ... 


"အရွယ်မရောက်သေးသူ" ဟူသည့် စကားလုံးကို ကြားလိုက်ရသည့်အတွက် အားလုံး မျက်ပြူးဆန်ပြာ ဖြစ်ကုန်ကြတော့သည်။ 


နေပါဦး ... ဒီဝတုတ်ကြီးက သူတို့ကလေးကို ဆွဲထားပြီးတော့ အရွယ်မရောက်သေးတဲ့သူကို ကိုယ်ထိလက်ရောက် မလုပ်ရဘူးဘာညာ ပြောနေတော့ သူ့ဆိုလိုချင်တဲ့ အရွယ်မရောက်သေးတဲ့သူ ဆိုတာက သူတို့ကလေးလေး မဟုတ်ဘဲနဲ့ ဘေးနားမှာ ထိုင်နေတဲ့ ကောင်လေးကို ပြောတာလား ... 


"ငါ့ကိုလွှတ် ..." 


သားကြီးက မကြည်မသာဖြင့် ရုန်းကန်ရင်း ရမ်ရှန့်ကို ပွေ့ဖက်ရန် ကြိုးစားနေပေသည်။ 


သူ့ကိုယ်ပိုင်ခန္ဓာကိုယ်နှင့်သာ ဖြစ်နေပါလျှင် ဤမြင်ကွင်းမှာ အလွန်ချစ်ဖို့ကောင်းနေမည် ဖြစ်သော်ငြား ယခု အများသုံး ရုပ်သွင်ကို အသုံးပြုထားသည့်အတွက် ... 


ရမ်ရှန့်ကို ပွေ့ဖက်လိုသည့်အတွက် အသည်းအသန် ရုန်းကန်နေသော မျက်နှာသေဖြင့် ၁၈၀ စင်တီမီတာ အမျိုးသားတစ်ဦးမှာ လုံးဝ ချစ်ဖို့မကောင်းလှသည့်အပြင် အများ၏ အမြင်တွင် ရမ္မက်စိတ်ကြီးသူဟုပင် သဘောရောက်နေပေသည်။ ကလေးချစ်တတ်သည့် ဒူနီယာပင် ထိုမြင်ကွင်းကြောင့် ဆွံ့အနေသည်။ သားကြီးနှင့် စိတ်စွမ်းအင်ချင်း ဆက်နွယ်နိုင်ပြီးဖြစ်သည့် ရမ်ရှန့်တစ်ဦးတည်းကသာ ဂရုမထားခြင်းဖြစ်သည်။ သူက သားကြီး၏လက်ကို လှိုက်လှိုက်လှဲလှဲ ဆုပ်ကိုင်ရင်း ဖက်တီးကို ပြောလိုက်သည်။ 


"လွှတ်ပေးလိုက်ပါ သူ့မှာ ဘာ ရည်ရွယ်ချက်မှ မရှိပါဘူး ..." 


"ဘာရည်ရွယ်ချက်မှ မရှိဘူး ဟုတ်လား ဒါဆို သူက ဘာဖြစ်လို့ အရွယ်မရောက်သေးတဲ့သူအပေါ် ဒီလိုအပြုအမူမျိုး လုပ်ရတာလဲ ..." 


ဖက်တီးက ထိုသို့ပြောကာ သားကြီးကို သူ့ထိုင်ခုံပေါ် ထိုင်စေပြီး သူ့လက်များကို ရမ်ရှန့်နှင့် ဝေးရာသို့ ဆွဲယူရင်း ပုခုံးကို ပုတ်လိုက်သည်။ 


"လူငယ်လေး မင်းက အရွယ်မရောက်သေးတဲ့သူတွေကို ရိုက်လို့မရဘူး နားလည်လား ဒီမှာပဲ ငြိမ်ငြိမ်လေး ထိုင်နေပြီး လုံးဝ မလှုပ်ရင် ပိုကောင်းမယ် ..." 


အစွပ်စွဲခံလိုက်ရသည့် သားကြီးမှာ ငိုချတော့မည့်ဟန်ပင် ပြင်နေသည်။ သူသာ ရမ်ရှန့်ကဲ့သို့ အဆင့်မြင့် အစမ်းမောင်းနှင်စက်ကို အသုံးပြုထားပါလျှင် သူ့ခံစားချက်များကို မျက်ဝန်းမှတစ်ဆင့် ဖတ်၍ ရနိုင်သော်ငြား ယခုမူ အဆင့်အနိမ့်ဆုံး အများသုံးစက်ဖြင့် အင်တာနက်ကို သုံးနေရသည့်အတွက် ... 


အခြားသူများအမြင်တွင် သူသည် ရမ်ရှန့်ကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေသည်ဟုသာ ဖြစ်နေပေသည်။ 


"တော်လိုက်တဲ့ကလေး ..." 


ရမ်ရှန့်က သူ့ခေါင်းကို ပုတ်ပေးလိုက်ကာမှသာ ရုတ်ချည်း စိတ်ငြိမ်သွားတော့သည်။ ရမ်ရှန့်၏ စိတ်စွမ်းအင်များက ဖေဖေဟု အော်မခေါ်ရန် ပြောနေ၍သာ မဟုတ်ပါလျှင် သူ၏ အော်ခေါ်ချင်စိတ်ကို ချုပ်တည်းထားနိုင်မည် မဟုတ်ချေ။ 


ထိုသို့ မခေါ်လိုက်သည့်တိုင် ခေါင်းကိုတော့ အဆက်မပြတ် ငြိမ့်ပြနေဆဲဖြစ်သည်။ 


"ဟုတ်တယ် ကျွန်တော်က လူတော်လေး ..." 


နောက်ဆုံးတွင်တော့ သူ့အဖေကို ရှာတွေ့သွားလေပြီ။ 


သူ့မျက်နှာမှာ အမူအယာမဲ့နေသည့်တိုင် အပြုအမူများမှာတော့ အလွန်အံ့ဩဖွယ်ရာပင်ဖြစ်သည်။ ရမ်ရှန့် ပုတ်ပေးလိုက်သည့် လက်ကို ဆွဲယူကာ လျာဖြင့် လျက်လိုက်သည့်အတွက် သူ့စိတ်စွမ်းအင်များသည် ရမ်ရှန့်၏ စိတ်စွမ်းအင်များဘေးတွင် ရစ်ပတ်ထွက်ပေါ်လာကာ ရမ်ရှန့်၏ နှလုံးသားတစ်ခုလုံး ပျော့ပြောင်းသွားသော်ငြား ကျန်သူများမှာမူ နားဝေတိမ်တောင် ဖြစ်‌ကုန်ကြတော့၏။ 


သားကြီးကို ဩဝါဒချွေရန် စဉ်းစားထားသည့် ဖက်တီးမှာလည်း အနည်းငယ် ရှက်ရွံသွားတော့သည်။


"ဒီတစ်ယောက်ရဲ့ အပြုအမူတွေက ထူးဆန်းပါတယ်လို့ ထင်နေတာ တကယ်တမ်းတော့ သူ့ခေါင်းမှာ ပြဿနာ ရှိနေတာကိုး ..." 


သာမန်လူများသာဆိုလျှင် သူ့လိုမျိုး တုန့်ပြန်လိမ့်မည် မဟုတ်ချေ။ 


ငါ့သားရဲ့ ဦးနှောက်မှာ ဘာပြဿနာမှ ရှိမနေဘူးကွ ... သူ့သားတွေက လွဲရင် ဒီကမ္ဘာပေါ်က ဘယ်သူတွေကများ လသားအရွယ်ကတည်းက စွမ်းအင်ကြီးလာနိုင်လို့လဲ ... 


ရမ်ရှန့်က ဖက်တီးကို မကျေမချမ်း စိုက်ကြည့်ပြီးကာမှ ရုတ်တရက် သတိရသွားသည်။ 


"ခင်ဗျားက ဒီမှာ ဘာလုပ်နေတာလဲ ..." 


"မင်းကို စိတ်မညစ်ဖို့ ပြောချင်လို့ပါ မင်းက အရမ်းသန်မာမှန်း လူတိုင်းသိပါတယ် ..." 


သူက ပြောလိုက်သည်။ မတိုင်ခင်က အရွယ်မရောက်သေးသူ ဟူသည့် အကြောင်းပြချက် တစ်ခုတည်းဖြင့် သူ့ပြိုင်ဘက်က အရှုံးပေးလိုက်သည့်အတွက် ရမ်ရှန့်မှာ မုချ စိတ်ကြည်လင်နေမည် မဟုတ်ချေ။

130.2


"သိပါတယ် ကျွန်တော်လည်း စိတ်မညစ်ပါဘူး ..." 


ရမ်ရှန့်က ပြောလိုက်သည်။ သူက ဝမ်းမနည်းတော့သည့်အပြင် ပျော်လွန်း၍ ထခုန်ချင်နေပြီဖြစ်သည်။ ကွန်ယက်အဆက်အသွယ်ကို ဖြတ်တောက်ကာ သူ့သားကို အဆောတလျင် သွားရှာလိုသည့်အတွက် ဖက်တီးနှင့်ပင် စကား မပြောလိုတော့ပေ။ 


"ဒီလိုဆို တော်သေးတာပေါ့ ..." 


ဖက်တီးက ပြောလိုက်သည်။ 


"ဟုတ်ကဲ့ ..."


ရမ်ရှန့်က ခေါင်းငြိမ့်ပြလိုက်သည်။ သူက ကွန်ယက်မှ ထွက်ခွါတော့မည့် အချိန်တွင် သူတို့ စကားပြောနေသည်ကို ကြားလိုက်သော မူခါ့သီနှင့် ပက်ပင်းတိုးမိတော့သည်။ 


"မင်းက ဂရင်တန်လား ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ ..." 


မူခါ့သီက သူ့ကို မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်နေလိုက်သည်။ ယခုလေးတွင်ပင် သူ့ပြိုင်ဘက်ကို အောင်အောင်မြင်မြင် အလဲထိုးနိုင်ခဲ့သည့်အတွက် မိသားစုတစ်ခုလုံးက သူ့ကို အောင်ပွဲခံကာ ပြန်လာသည့် သူရဲကောင်းနှယ် သောင်းသောင်းဖျဖျ ကြိုဆိုကြလိမ့်မည်ဟု တွေးထားမိသော်ငြား ရမ်ရှန့်အပေါ်တွင်သာ အာရုံရောက်နေကြသည့်အတွက် မည်သူကမှ သူ့ပြိုင်ပွဲကို ကြည့်မနေခဲ့ကြချေ။ 


အခုလေးတင် သူတို့နဲ့ စကားပြောနေတဲ့သူက သူတို့ အတင်းပြောထားမိတဲ့သူ ဖြစ်နေတာပဲ ... 


ဒူနီယာက အနည်းငယ် အားနာမိသွားသည့်အတွက် မူခါ့သီကိုသာ ကြည့်ကာ ပြောလိုက်သည်။ 


"ဂရင်တန်က ကျွန်မတို့နဲ့ စကားလာပြောတာပါ ..." 


သူမ၏ စကားများမှာ ရိုးစင်းလှသော်ငြား သင်္ကာမကင်း ဖြစ်နေဆဲပင်ဖြစ်သည်။ 


ရမ်ရှန့်က သူတို့အပေါ် အရမ်းဖော်ရွေလွန်းတယ် သူက အရွယ်တောင် မရောက်သေးပေမယ့် တော်ဝင်အကယ်ဒမီရဲ့ ကျောင်းသား ဖြစ်နေတဲ့အပြင် မက်ခါကိုလည်း မောင်းနိုင်နေပြီဆိုတော့ သူ့မိသားစုနောက်ခံက‌ သေချာပေါက်ကို ကောင်းမှာပဲ ဒါဆို ဘယ်လိုဖြစ်လို့ သူတို့နဲ့လာပြီး စကားစမြည် ပြောရတာလဲ ပြီးတော့ သူတို့ကလေးရဲ့ အမူအယာ သူ့အမူအယာကလည်း ထူးဆန်းနေတယ် ... 


"တစ်ယောက်တည်း လာရတာ‌ဆိုတော့ ပျင်းနေလို့လေ ဒါနဲ့ မူခါ့သီ ခင်ဗျားရဲ့ တိုက်ပွဲက တကယ်မိုက်တာနော် ..." 


ရမ်ရှန့်က ထိုသို့ပြောကာ ပြန်ရန် ပြင်ထားသော်ငြား အနိုင်ရလာသည့်တိုင် ချီးကျုးမည့်သူ မရှိသည့် မူခါ့သီ၏ ဆွဲခေါ်ထားခြင်းကို ခံလိုက်ရတော့သည်။ 


"မင်းလည်း ငါ့ရဲ့တိုက်ပွဲက အံ့ဩစရာကောင်းတယ်လို့ တွေးထားတယ်ပေါ့ ဟုတ်လား အဲဒီ့တစ်ယောက်ကလေ ထူးထူးဆန်းဆန်းပုံကြီး ပြင်လာတာနဲ့ပဲ ငါ့ကို အနှောင့်အယှက် ပေးနိုင်မယ် ထင်နေတာလေ တကယ်ကို လျော့တွက်ထားတာပဲ ..." 


မူခါ့သီနှင့် ယှဉ်ပြိုင်ရသူမှာ ပင်ကိုယ်အရည်အချင်း မပြောင်မြောက်လှသည့်အတွက် ထိုကဲ့သို့ ထူးထူးဆန်းဆန်း ပြင်ဆင်ကာ ပြိုင်ဘက်ကို စိတ်အနှောင့်အယှက် ဖြစ်စေရန် ကြံစည်ခဲ့ခြင်းဖြစ်သည်။ သို့သော် မူခါ့သီကဲ့သို့ အတွေ့အကြုံ ပြည့်ဝနေသူအဖို့ ကြီးကြီးမားမား သက်ရောက်မှု မရှိချေ။ 


မူလက အနည်းငယ် ကြောင်အနေမိသေးသော်ငြား တစ်ဖက်လူ စတင်တိုက်ခိုက်လာကတည်းကပင် ထိုသူ၏ ဟာကွက်ကို တွေ့ထားပြီးဖြစ်၍ လွယ်လင့်တကူ အနိုင်ရခဲ့ခြင်းဖြစ်သည်။ မူခါ့သီသည် အလွန် စိတ်ဓာတ်တက်ကြွနေသည့်အတွက် လူတိုင်းကို ဆွဲထားကာ ပြိုင်ပွဲအကြောင်း မမောနိုင်မပန်းနိုင် ပြောနေတော့သည်။ သူပြောပြီးနောက် ခပ်ဝဝအမျိုးသားက နှုတ်ဆက်ကာ ခပ်သွက်သွက် ပြေးသွားလိုက်တော့၏။ 


"ငါ့မှာ လုပ်စရာလေးတွေ ရှိသေးလို့ သွားနှင့်တော့မယ်နော် ..." 


သူနှင့် ရမ်ရှန့်တို့ ထွက်သွားပြီးနောက် ဒူနီယာက မူခါ့သီကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။ 


"ဘာလို့ ဒီလောက်တောင် ကြွားလုံးထုတ်နေရတာလဲ ..." 


"ကိုယ်က သူတို့ကို နှင်ထုတ်ချင်လို့ပါကွာ ..." 


သူက ပြောလိုက်သည်။ 


"ကွန်ယက်ပေါ်ကနေ ဆင်းကြရအောင် ကလေးက ငယ်သေးတော့ အင်တာနက်အကြာကြီးသုံးတာ သူ့အတွက် မကောင်းဘူး ... နေပါဦး သူက ဆင်းတောင် ဆင်းသွားပြီလား  ..." 


အစောပိုင်းတုန်းကလည်း သူပဲ အင်တာနက် သုံးချင်တာ မဟုတ်ဘူးလား ဘာဖြစ်သွားတာလဲ ... 


မူခါ့သီနှင့် ကျန်သူများလည်း တစ်ဦးပြီးတစ်ဦး ကွန်ယက်မှ ထွက်ခွါလာလိုက်ကြတော့သည်။ 


တစ်ချိန်တည်းတွင်ပင် ရမ်ရှန့်သည်လည်း အစမ်းမောင်းနှင်သည့် စက်ထဲမှ ထွက်လာခဲ့လေသည်။ 


ဒုတိယသား၊ တတိယသားနှင့် စတုတ္ထသားတို့ကို အခန်းအပြင်တွင် Gerd က ထိန်းပေးနေပြီး ကျောက်လင်းယွီကိုတော့ မတွေ့ရသေးပေ။ ထို့ကြောင့် သူ့လက်ပေါ်ရှိ ဆက်သွယ်ရေးစက်နှင့် ကျောက်လင်းယွီကို ဆက်သွယ်လိုက်ရာ တစ်ဖက်သူက အသက်ရှူသံကို တည်ငြိမ်အောင် လုပ်ရင်း သူ့ကိုကြည့်ကာ မေးလိုက်သည်။ 


"ရမ် ဘာဖြစ်လို့လဲ ..."


"အင်တာနက်ပေါ်မှာ သားကြီးကို တွေ့လိုက်တယ် သူက ခရိုင်နံပါတ်ကိုးမှာ ..." 


ရမ်ရှန့်က အမောတကော ပြောလိုက်သည်။ 


"တကယ်လား ..." 


ကျောက်လင်းယွီ၏ အကြည့်တို့မှာ အံ့ဩမှုတို့ ဖြာထွက်လာတော့သည်။ 


"ဟုတ်တယ် ခင်ဗျား အခု ဘယ်မှာလဲ ကျွန်တော် ... ကျွန်တော်တို့တွေ ခရိုင်နံပါတ်ကိုးမှာပဲ ဆုံကြရအောင်ပါ ..." 


ရမ်ရှန့်မှာ သယ်ယူပို့ဆောင်ရေးများနှင့် မရင်းနှီးသေးသည့်အတွက် ကျောက်လင်းယွီကို လာခေါ်ပေးစေလိုသော်ငြား အရာရာတိုင်းကို သူ့အပေါ် အားကိုးနေ၍ မရဟု တွေးမိသွားတော့သည်။ 


"ကိုယ် အခုပဲ မင်းကို လာခေါ်မယ် ..." 


ကျောက်လင်းယွီက ထိုသို့ပြောကာ ဆက်သွယ်ရေးကို ဖြတ်တောက်လိုက်သည်။ ရမ်ရှန့်၏ အတွေးကို သူသိနေသော်ငြား ရမ်ရှန့်ကို တစ်ယောက်တည်း လွှတ်ရမည့်အပေါ် စိတ်မသက်သာလှချေ။ သိပ်မကြာခင်မှာပင် အိမ်ပြန်ရောက်လာကာ မနက်ခင်းက သူဝတ်ခဲ့သည့် အဝတ်အစားများကို လဲလိုက်သည်။ ရမ်ရှန့်က သူ့ကို မေးမည် ပြင်နေစဉ် အလို‌အလျောက် မောင်းနှင်သည့်စက်မှ အသံထွက်ပေါ်လာသည်။ 


"ခရိုင်အမှတ်ကိုးကို ရောက်နေပါပြီ ကျေးဇူးပြုပြီး အရှိန်လျော့ပေးပါ ..." 


ခရိုင်အမှတ်ကိုးကို ရောက်ပြီတဲ့လား ... 


ရမ်ရှန့်က သူ့လက်ထိပ်ကို ဖောက်ကာ သွေးတစ်စက် ညှစ်ထုတ်လိုက်ပြီး ထိုသွေး၏ စွမ်းအင်ဖြင့် ဂါထာကို အသုံးပြုလိုက်သည်။ 


"သူနဲ့ တအားနီးနေပြီ ဒီနားမှာပဲ ရှိနေမှာ သေချာတယ် ဒါပေမယ့် ဘယ်နားမှာ ရှိနေတယ်လို့ တိတိကျကျ မသိဘူး ..." 


ရမ်ရှန့်က မျက်မှောင်ကြုတ်လိုက်သည်။ သူ့စွမ်းအင်များစွာ ကုန်ဆုံးသွားသည့်တိုင် နေရာကို အတိအကျ မရှာနိုင်သေးပေ။ 


Xxxxxx