အပိုင်း ၁၃၁
Viewers 18k

Chapter 131


ဒီဘက်ခေတ်မှာ အဆင့်မြင့်နည်းပညာတွေက ဂါထာအပေါ်ကို သက်ရောက်နိုင်တယ်ထင်တယ် ... 


"ကိုယ် မေးကြည့်လိုက်မယ် အဲ့ဒီလူရဲ့ နာမည်က မူခါ့သီနော် ဟုတ်လား ..." 


ကျောက်လင်းယွီက ထိုသို့မေးကာ သူ့ကိုယ်ပိုင်ဆက်သွယ်ရေးစက်ကို ဖွင့်ကြည့်လိုက်သည်။ 


"ဟုတ်တယ် မူခါ့သီ သူ့ဇနီးက ဒူနီယာတဲ့ ..." 


"မူခါ့သီ ... ဒူနီယာ ... တွေ့ပြီ ဒီနှစ်ယောက်က အလုပ်လက်မဲ့ပဲ ဒါပေမယ့် မူခါ့သီမှာ အာကာသယာဉ်အဟောင်းတစ်စီး ရှိနေပြီး‌တော့ အဲဒီ့ယာဉ်နဲ့ စွန့်ပစ်ထားတဲ့ ဂြိုဟ်တွေမှာ ပစ္စည်းသွားရှာပြီး အသက်မွေးဝမ်းကျောင်းတာတဲ့ ဆင်းကြည့်ကြည့်ရအောင်လေ ..." 


"ကောင်းပါပြီ..." 


ရမ်ရှန့်က ခေါင်းငြိမ့်ပြလိုက်သည်။ 


ကျောက်လင်းယွီက ယာဉ်ပျံကို မူခါ့သီ၏ အိမ်ဝိုင်းထဲသို့ တိုက်ရိုက်ဆင်းသက်လိုက်သည်။ အင်ပါယာကြယ်မှာ လူဦးရေကျဲပါးသည့်အတွက် မူခါ့သီ၏ အိမ်မှာ ကျယ်ဝန်းသော်ငြား ကျောက်လင်းယွီတို့ နေထိုင်သည့် အိမ်နှင့် နှိုင်းယှဉ်လျှင်မူ အဆင့်နိမ့်နေသေးပေသည်။ ထို မသေးငယ်လှသည့် ခြံဝန်းထဲတွင် အပျက်အစီး အကျိုးအပဲ့များဖြင့် ပြည့်နှက်နေပြီး အိမ်မှာ အလွန်အိုဟောင်းနေကာ တစ်နေရာလုံး ဟောင်းနွမ်းစုတ်ပြတ်နေသော်ငြား အိမ်ထဲမှ ရယ်မောသံများမှာ အပြင်ဘက်မှ ကြားရသည်အထိ လျှံထွက်နေပေသည်။ 


"သားကြီးက အထဲမှာ ရှိနေလောက်လား ..." 


ရမ်ရှန့်က မေးလိုက်သည်။ သူ့စိတ်စွမ်းအင်ကို သုံး၍ပင် စမ်းမကြည့်ရဲတော့ချေ။ 


"သေချာပေါက်ကို ရှိတာပေါ့ သူက ကိုယ်တို့ရဲ့ သားကြီးပဲလေ ..." 


ကျောက်လင်းယွီက သူ့လက်ကို ဆုပ်ကိုင်ကာ ပြောလိုက်သည်။ 


"တကယ်လို့ သားကို ပြန်တွေ့ရင် အဲဒီ့နာမည်တွေ ဆက်ခေါ်နေလို့ မရတော့ဘူးနော် နာမည်လှလှလေးတွေ ပေးမှဖြစ်မယ် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


အကြီးဆုံးသား ပျောက်ကွယ်သွားသည့်အတွက် နာမည်ပေးရန် အာရုံမလာတော့သောကြောင့်သာ ဤသို့ အလွယ်တကူ ခေါ်ခဲ့ခြင်း ဖြစ်သော်ငြား ယခု ပြန်စဉ်းစားကြည့်ပါမှ အနည်းငယ် တောဆန်သည်ဟု ခံစားမိလာတော့သည်။ 


"ဟုတ်တယ် ကိုယ်တို့တွေ နာမည်ပေးရဦးမယ် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ ထို့နောက် ရှေ့တစ်လှမ်းတိုးကာ အိမ်တံခါးကို ခေါက်လိုက်တော့သည်။ 


ကျောက်လင်းယွီ၏ အပြုအမူမှာ အလွန်လျင်မြန်လှပေသည်။ တံခါးကို ခေါက်ပြီးနောက် အထဲမှ လဲကျသွားသော အသံတစ်ခုနှင့်အတူ လှုပ်ရှားနေသံ ခပ်တိုးတိုးများကိုပါ ကြားလိုက်ရပြီး တစ်မိနစ်ခန့်အကြာမှသာ တံခါးပွင့်လာတော့သည်။ 


တံခါးကို လာဖွင့်ပေးသူမှာ မူခါ့သီဖြစ်သည်။ ကွန်ယက်မှ ထွက်လာပြီး မကြာလိုက်၊ ကလေးမှာ တံခါးဝဆီသို့သာ အပြေးသွားနေသည့်အတွက် သူ့ဇနီးသည်က ချောမော့နေခြင်းဖြစ်သည်။ ထိုစဉ် တံခါးခေါက်သံကို ကြားလိုက်ရပြီး တံ‌ခါးခေါက်သူကိုလည်း တစ်ခါမှ မမြင်ဖူးသည့်အတွက် သတိကပ်သွားကာ ရှင်းလင်းမှုအချို့ လုပ်ပြီးမှသာ ခပ်ပြုံးပြုံးဖြင့် တံခါးဖွင့်ပေးလိုက်တော့သည်။ 


"မင်္ဂလာပါ ဘာများ အလိုရှိလို့လဲ မသိဘူး ... ဟမ် ဂရင်တန် ..." 


မူခါ့သီသည် ကျောက်လင်းယွီကို မသိသည့်တိုင် ရမ်ရှန့်ကိုတော့ မြင်ဖူးထားပြီး ဖြစ်သည့်အတွက် သူ့ကို တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် အမူအယာ ပြောင်းသွားတော့သည်။ 


ဒီလူက တကယ်ကို အကြံရှိလို့  ချဉ်းကပ်ခဲ့တာပေါ့ ..." 


"ကျွန်တော်တို့က ဒီမှာ လူလာရှာတာပါ ..." 


ကျောက်လင်းယွီက မဖုံးကွယ်စတမ်း ပြောလိုက်သည်။ 


"လူလာရှာတာ ဟုတ်လား ဘယ်လိုလူကိုများ ရှာတာလဲ မသိဘူး ..." 


မူခါ့သီက ပြုံးကာ မေးလိုက်သည်။ သူ့မျက်နှာပေါ်တွင် ပူပန်နေသည့် အရိပ်အယောင် တစ်စွန်းတစ်စကိုမျှ မတွေ့ရသော်ငြား လက်တို့မှာမူ တဆတ်ဆတ် တုန်နေပေသည်။ 


"ကျွန်တော်တို့ တံခါးခေါက်လိုက်ပေမယ့် ခင်ဗျားက ချက်ခြင်း လာဖွင့်မပေးဘူးလေ ဒီကြားထဲမှာ ဘာတွေ လုပ်နေတာလဲ ..." 


ကျောက်လင်းယွီက အိမ်ထဲသို့ ဝင်လာကာ လှည့်ပတ်ကြည့်လိုက်သည်။ သူ့ကိုယ်ပေါ်မှ အရှိန်အဝါတို့ကို လုံးဝ ဖုံးကွယ်မထားတော့။ 


"ခင်ဗျားက တစ်ခုခုဖွက်နေတာတော့ မဟုတ်ပါဘူးနော် ..." 


"ဘာလုပ်ချင်တာလဲ မင်း ငါ့အိမ်ထဲကို ဝင်လာရင် ရဲကင်းကို လှမ်းတိုင်လိုက်မှာနော် ..." 


မူခါ့သီက ပြောလိုက်သည်။ သိူ့သော် ထိုသည်မှာလည်း စကားအဖြစ်သာ ပြောလိုက်ခြင်း ဖြစ်ပေသည်။ သူကိုယ်တိုင်ကပင်လျှင် ကလေးတစ်ယောက်ကို အိမ်ထဲ ဖွက်ထားသည့်အတွက် မည်သည့်နည်းနှင့်မှ ရဲကို မခေါ်နိုင်ချေ။ 


ဒါပေမယ့် သူ့ရှေ့က လူတွေက ဘယ်သူတွေလဲ ... 


သူက ကျောက်လင်းယွီကို တိတ်တဆိတ် အကဲခတ်လိုက်သော်ငြား အကဲခတ်မိလေ ပိုပြီး ထိတ်လန့်လာ‌မိလေပင် ဖြစ်သည်။ ကျောက်လင်းယွီ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အရှိန်အဝါမှာ အဆင့်မြင့်စွမ်းရည်ပိုင်ရှင်တို့နှင့် ဆင်တူနေပြီး လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးသည့်ဟန် သွေးညှီနံ့တို့ကိုပါ ခံစားမိနေပေသည်။ 


လောယာအင်ပါယာ၏ တပ်မတော်သားများတွင်ပင် ဤကဲ့သို့သော အရှိန်အဝါမျိုး ရှိမနေပေ။ အဆင့်နိမ့် မျိုးနွယ်စုများကို လုယက်သတ်ဖြတ်တတ်သည့် ကြယ်ဓားပြများနှင့် တွေ့ခဲ့ဖူးသော်ငြား ထိုဓားပြများသည်ပင်လျှင် သူ့ရှေ့တွင် ရပ်နေသူကဲ့သို့ ကြောက်မက်ဖွယ် မကောင်းပေ။ 


ဒီလူက ဘယ်သူလဲ ပြီးတော့ ကလေးကရော သူတို့ တွေးထားသလိုမျိုး ရာဇဝတ်ကောင်ရဲ့ကလေး ဖြစ်နေတာလား မဟုတ်သေးဘူး အဲဒီ့ရာဇဝတ်ကောင်ရဲ့ ကြံရာပါထင်တယ် သူက ဘယ်လိုသတ္တိနဲ့များ အင်ပါယာကြယ်ကို လာရဲရတာလဲ ... 


"ရဲ ဟုတ်လား ..." 


ကျောက်လင်းယွီက ပြုံးကာ သူ့ဆက်သွယ်ရေးစက်ကို အကြိမ်အနည်းငယ် နှိပ်နေလိုက်သည်။ ထို့နောက် သူ့ဆက်သွယ်ရေးစက်တွင်သာမက မူခါ့သီ၏ ဆက်သွယ်ရေးစက်တွင်ပါ အချက်အလက်များ ပေါ်လာသည့်အတွက် ထိုသူလည်း သဘောပေါက်သွားတော့သည်။ 


"မြို့တော်ကြယ် ပတ္တရောင်လှည့်ကင်းတပ်ဖွဲ့ရဲ့ ဒုတိယ ဗိုလ်မှူးကြီး ဟုတ်လား ..." 


ဒီလူက တကယ်ကြီး ဒုတိယ ဗိုလ်မှူးကြီးလား ... 


မူခါ့သီမှာ ဟန်ပျက်လောက်အောင်ပင် ထိတ်လန့်သွားတော့သည်။ 


လောယာအင်ပါယာတွင် လှည့်ကင်းအဖွဲ့၏ အဆင့်အတန်းမှာ မနိမ့်လှချေ။ 


ဒီလူက လှည့်ကင်းအဖွဲ့ရဲ့ ဒုဗိုလ်မှူးကြီးဆိုတော့ ရာဇဝတ်ကောင်တော့ မဟုတ်တော့ဘူးပေါ့ ဒါဆို သူက ကလေးအတွက်နဲ့ ဒီကို ရောက်လာတာလား ... 


"အခု အထဲဝင်လို့ ရပြီလား ..." 


ကျောက်လင်းယွီက ထိုသို့ပြောကာ အထဲ ဝင်လာလိုက်သည်။ ဤရက်ပိုင်းအတွင်း သူသည် Crohn နှင့် ကိစ္စများစွာ ဆောင်ရွက်နေခဲ့ပြီး သူ့အပေါ် အပြစ်ရှိသည့်စိတ်ကြောင့် Crohn က နောက်တံခါး ဖွင့်ပေးခဲ့၍သာ ဤသို့ အဆင့်မြင့်သော ကိုယ်ရေးအကျဉ်းကို ပိုင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။

131.2


သူက အိမ်ထဲသို့ ဝင်လိုကြောင်း ပြောနေစဉ်မှာပင် ရမ်ရှန့်က အထဲသို့ လှစ်ခနဲ ဝင်သွားကာ သေတ္တာတစ်လုံးအနား ကပ်သွားပြီး အဖုံးဖွင့်လိုက်တော့သည်။ 


"ဘာတွေ လုပ်နေတာလဲ ..." 


မူခါ့သီက စိုးရိမ်တကြီးဖြင့် လှမ်းအော်လိုက်သည်။ သို့သော် ရမ်ရှန့်ကတော့ သူ့ကို ဂရုပင် မစိုက်။ သေတ္တာအဖုံးကို လှပ်ကာ အနည်းငယ် လှန်လှောပြီးနောက်တွင်တော့ သူ့လက်မောင်းထဲသို့ ကလေးတစ်ဦး ခုန်ဝင်လာတော့သည်။ 


"ဖေဖေ့ ..." 


မူခါ့သီသည် ‌ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့၌ ကလေးကို ထိခိုက်လိုစိတ်များ ရှိနေမလားဟု စိုးရိမ်မိသော်ငြား ကလေးက ရမ်ရှန့်ကို ဖေဖေဟု ခေါ်လိုက်လိမ့်မည်ဟုတော့ ထင်မှတ်မထားပေ။ မူလက ကလေးသည် ကြုံတွေ့ခဲ့ရသည်များကြောင့် အနည်းငယ် ထူးဆန်းနေသော်ငြား နောက်ပိုင်းတွင် တစ်ဖြေးဖြေး သာမန်ပြန်ဖြစ်လာကာ စကားများပင် တစ်ခွန်းစ နှစ်ခွန်းစ ပြောလာခဲ့သည်။ ထို့ကြောင့် စနောက်ကာ သူ့ကို ဖေဖေဟု ခေါ်ခိုင်းခဲ့ဖူးသော်ငြား ကလေးက ငြင်းပယ်ခဲ့၍သာဆက်မတိုက်တွန်းခဲ့ခြင်းဖြစ်သည်။ 


ဒါပေမယ့် အခုကျ ဂရင်တန်ကို ဖေဖေလို့ ခေါ်လိုက်တာလား ... 


နေပါဦး ဂရင်တန်က အသက်မပြည့်သေးဘူးလေ အရွယ်မရောက်သေးဘဲနဲ့ ဘယ်လိုဖြစ်ပြီး ဒီလောက်ကြီးတဲ့ ကလေး ရှိနေတာလဲ ... 


မူခ့ါသီမှာ ရူးချင်စိတ်ပင် ဖြစ်လာတော့သည်။ 


သားကြီးမှာ အလွန်ဝမ်းသာနေကာ ကွန်ယက်မှ ထွက်လာကတည်းက ရမ်ရှန့်ကို ထွက်ရှာလိုသော်ငြား မူခါ့သီက တားထား၍သာ အထဲတွင် နေနေရခြင်းဖြစ်သည်။ တံခါးခေါက်သံ ကြားရသည့်အါ မူခါ့သီက သူ့ကို သေတ္တာထဲ ဝင်ပုန်းစေပြီး အလင်းရောင် ထုတ်ပေးသည့် ခရစ်စတယ်ဘောလုံးတစ်လုံးနှင့် အရုပ်တစ်ရုပ်ပေးကာ မကြောက်ရန် ချော့မော့ပြောလိုက်သည်။ 


သူကလည်း မကြောက်ပါဘူးနော် ဥထဲမှာ ဒီ့ထက်အကြာကြီး နေလာရတာကို ... 


ကလေးသည် သေတ္တာထဲတွင် နေရခြင်းမှာလည်း မဆိုးလှဟု တွေးမိနေသည်။ သေတ္တာမှာ အသံလုံနေသည့်တိုင် သူ့အဖေ မကြာခင် ရောက်လာတော့မည်ဖြစ်ကြောင်း သေချာသိနေပေသည်။ ဖခင်ဖြစ်သူ၏ စိတ်စွမ်းအင်ကို ထိတွေ့မိပြီး မကြာမီ သေတ္တာအဖုံး ပွင့်သွားကာ သူ့အဖေကို တွေ့လိုက်ရတော့သည်။ 


သူသည် ရမ်ရှန့်၏ ခေါင်းပေါ်တွင် ညီအစ်ကိုများနှင့်အတူ ကြီးထွားလာခဲ့ပြီး နောက်ပိုင်း ခေါင်းပေါ်မှ ပြုတ်ကျလာချိန်ထိတိုင် ရမ်ရှန့်က သူတို့နှင့် ဖက်အိပ်ပေးသည့်အပြင် မှတ်ဉာဏ်အချို့ကိုပါ လွှဲပြောင်းပေးခဲ့သည့်အတွက် သူ့အဖို့ ဤကမ္ဘာတွင် ရမ်ရှန့်ထက် ရင်းနှီးရသည့်သူ မရှိတော့ချေ။ ထို့ကြောင့် ရမ်ရှန့်ကို တစ်ခါမှ မတွေ့ဖူးသေးသည့်တိုင် မှတ်မိနေခြင်းဖြစ်သည်။ 


"ဖေဖေ့ ..." 


သူက ရမ်ရှန့်ကို အားရဝမ်းသာ ပွေ့ဖက်နမ်းရှုံ့လိုက်သည်။ ရမ်ရှန့်က သူတို့ကို ဤကဲ့သို့ နမ်းခဲ့ဖူးသည်ဟု မှတ်မိနေသော်ငြား အမှန်တကယ် နမ်းပေးခဲ့သူမှာ တစ်ခြားတစ်ယောက်ဖြစ်သည်။ သားကြီး၏ အကြည့်တို့က ကျောက်လင်းယွီထံ ကျရောက်လာပြန်ကာ အံ့ဩတကြီး စိုက်ကြည့်နေလိုက်သည်။ 


ကျောက်လင်းယွီသည် ကလေးသုံးဦး ရှိထားပြီးဖြစ်၍ ခံနိုင်ရည် ရှိနေပြီဖြစ်သော်ငြား အကြီးဆုံးသားကို တွေ့လိုက်ရချိန်တွင် သူ့နှလုံးသားမှာ လှုပ်ရှားလာကာ ခန္ဓာကိုယ်တစ်ခုလုံး နူးညံ့သွားတော့သည်။ သို့သော် အကြီးဆုံးသားက သူ့ကို စိုက်ကြည့်ပြီးနောက် ရမ်ရှန့်ရင်ခွင်ထဲ ခေါင်းဖွက်ကာ စူးစူးရဲရဲ အော်လိုက်သည်မှာတော့ ဝမ်းနည်းစရာပင်ဖြစ်သည်။ 


"ဖေဖေ့ ဖေဖေ့ ..." 


"ကလေးလေး ..." 


ရမ်ရှန့်၏ မျက်လုံးတို့မှာ ငွေ့ရည်ဖွဲ့လာတော့သည်။ သူ့ကလေးကို ဆုံးရှုံးလိုက်ရစဉ်က ငိုချလိုစိတ်များကို ထိန်းထားခဲ့ရသော်ငြား ယခုမူ ထိန်းချုပ်မထားနိုင်တော့ချေ။ 


သူ့ကလေး... တကယ်ပဲ သူ့ကလေးလေး သူ့ကလေးလေးကို ရှာတွေ့သွားပြီ ... 


သူ့မျက်လုံးထဲမှ မျက်ရည်တို့ တမံကျိုးသည့်နှယ် စီးကျလာတော့သည်။ အကြီးဆုံးသားက လျာထုတ်ကာ သူ့မျက်နှာတစ်ခုလုံးကို လျက်လိုက်ရင်း ကောင်းသည်ဟုပင် အလိုအလျောက် ခံစားလိုက်မိတော့သည်။ လူသားသွေးတစ်ဝက် နှောနေသည့်အပြင် မူခါ့သီတို့နှင့်လည်း အတူနေလာခဲ့သည့်အတွက် ပါးစပ်ဖြင့် စားသောက်ရသည်ကို အကျင့်ဖြစ်နေတော့သည်။ 


ကျောက်လင်းယွီသည် သားအဖစုံတွဲကို ကြည့်ကာ စိတ်လက်ကြည်နူးနေရသော်ငြား တံတွေးကိုသုံးကာ သူ့ဇနီးကို မျက်နှာသစ်ပေးနေသည့် ပေါက်စကို သတိထားမိလိုက်ချိန်တွင်မူ ပြောစရာစကားပင် မရှိတော့ချေ။ 


ဒါက သူ့ဇနီးလေးကွ ... တကယ်လို့ သားအဖချင်း နမ်းတယ်ဆိုရင်တောင် မင်းတံတွေးတွေနဲ့ သူ့မျက်နှာကို သစ်ပေးစရာ မလိုဘူးလေ ... 


သူက ‌ဆွံ့အနေမိသော်ငြား နောက်ပိုင်းတွင်တော့ ရယ်လိုစိတ်ကို ထိန်းထား၍ မရတော့ချေ။ 


ရမ်ရှန့်နှင့် သားကြီးတို့အကြား ဆက်ဆံရေးမှာ အလွန်နွေးထွေးနေသလို ကျောက်လင်းယွီ၏ အရှိန်အဝါတို့မှာလည်း ပျောက်ကွယ်သွားသော်ငြား မူခါ့သီကမူ ထိတ်လန့်လာချေသည်။ 


စောက်ကျိုးနည်း ဘာတွေဖြစ်ကုန်တာလဲ ဂရင်တန်က ၁၉ တောင် မရှိသေးတာကို ဘယ်လိုဖြစ်ပြီး သုံးနှစ်သားကလေးတစ်ယောက် ရနေရတာလဲ ဘယ်လိုမိန်းမမျိုးကများ ၁၅ နှစ်သားလေးကို သွေးဆောင်ဖြားယောင်းရဲတာလဲကွ ဒါက ‌လုံးဝကို ပြစ်မှုကျူးလွန်တာပဲနော် ... 


သူ့အမူအယာမှာ အလွန်ထူးဆန်းနေပေသည်။ ထိုအချိန်တွင် ကျောက်လင်းယွီက သူ့ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။ 


"သူက ငါတို့မိသားစုရဲ့ ကလေးဆိုတော့ ပြန်ခေါ်သွားတော့မယ် ..." 


မူခါ့သီက သူ့လက်ထဲမှ ရုန်းထွက်လိုက်ချင်သော်ငြား မရုန်းနိုင်ခဲ့ချေ။ ကျောက်လင်းယွီ၏ လက်တို့မှာ ပေါ့ပါးသည်ဟု ထင်ရသော်ငြား အမှန်တွင်မူ ပေါင်ချိန်ထောင်ပေါင်းများစွာ လေးလံနေပေသည်။ 


"ကလေးက ပြန်ပေးဆွဲခံလိုက်ရတာလေ သူ့ရဲ့ သရုပ်မှန်က သာမန်မဟုတ်တော့ ငါတို့လည်း လူသိရှင်ကြား လိုက်မရှာနိုင်ဘူး ဖြစ်သွားတာ အခု ကလေးကို တွေ့သွားပြီ ဆိုပေမယ့် လျှို့ဝှက်ထားဖို့တော့ လိုနေတုန်းပဲနော် မဟုတ်လို့ရှိရင်တော့  ... ပြန်ပေးသမားရဲ့ ကြံရာပါက ... ဘာကိုဆိုလိုချင်လဲ သဘောပေါက်မယ်လို့ ထင်ပါတယ် ..." 


ကျောက်လင်းယွီက ခြိမ်းခြောက်မှုအပြည့်ဖြင့်ပြော လိုက်သည်။ 


သူက မူခါ့သီကို ကျေးဇူးတင်မိသည့်တိုင် နောက်ကွယ်တွင် မည်သူရှိနေမှန်း မသိရသေးသည့်အတွက် ဖြစ်နိုင်ချေရှိသည်များကို အစောပိုင်းကတည်းက ကိုင်တွယ်ထားခြင်းသည် ပိုပြီး လုံခြုံပေသည်။ သူ့စကားများကို ကြားသည့်တိုင် မူခါ့သီက အံ့ဩမသွား။ ကလေး၏ သရုပ်မှန်မှာ ထူးကဲကာ သူ့ကို ခေါ်လာပါလျှင် ပြဿနာ ဖြစ်လာ‌နိုင်ကြောင်း သိခဲ့သော်ငြား သူ့စိတ်ကို လွန်ဆွဲရင်း ခေါ်လာခဲ့ခြင်းဖြစ်သည်။ ကလေးတစ်ယောက်ကို ပျိုးထောင်နိုင်တော့မည်ဟု ထင်ခဲ့မိသော်ငြား ယခုမူ မဖြစ်နိုင်တော့ချေ။ 


"ကလေးက အစာစားချင်စိတ် ကြီးတယ် သူက အသီးအရွက်တွေကို စားရတာ ကြိုက်ပြီးတော့ အမူအကျင့်လည်း ကောင်းပါတယ် စကားတွေ အများကြီး မပြောတတ်သေးပေမယ့် သူများပြောတာကိုတော့ ကောင်းကောင်းကြီး နားလည်တယ် ..." 


ဒူနီယာက ရုတ်ချည်း ဝင်ပြောလိုက်ပြီးနောက် မျက်ရည်လည်ရွှဲဖြင့် စကားကို အဆုံးသတ်လိုက်သည်။ 


"ရှင်တို့ ... ဆောရီး ကျွန်မ စကားအပိုတွေ ပြောမိသွားပြီထင်တယ် ရှင်တို့ရဲ့ ကလေးဆိုတော့ သူ့အပေါ်  သေချာပေါက် ကြင်နာပေးကြမှာပဲလေ ဟုတ်တယ် မဟုတ်လား ..." 


"ကျေးဇူးတင်ပါတယ် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ သူက ဒူနီယာပြောခဲ့သမျှကို မှတ်သားထားကာ သူမ၏ စကားအဆုံးတွင် မျက်နှာအားဖြည့်ဆေးလုံးကို ထုတ်ပေးလိုက်သည်။ 


"ဒါက ခင်‌ဗျားအတွက်ပါ ဒီဆေးက တကယ်ကို ကောင်းတဲ့ဆေးဆိုတော့ သောက်ဖြစ်အောင်သောက်နော် ..." 


"ချက်ခြင်းကြီးလား ..." 


သူမက နားမလည်နိုင်ဟန်ဖြင့် ပြန်မေးလိုက်သည်။ 


"တကယ်လို့ မစားဘူးဆိုရင် မပေးတော့ဘူးနော် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


Xxxxxx