အပိုင်း ၁၃၂
Viewers 18k

Chapter 132


ဤဆေးမှာ အရည်ဖျော်ထားသည့် အာဟာရဆေးရည် မဟုတ်။ မူလပထမ မျက်နှာအားဖြည့်ဆေးလုံး ဖြစ်သည့်အတွက် ခန္ဓာကိုယ်အတွက် များစွာ အကျိုးထူးလှပေသည်။ သူ့ရှေ့တွင် ရပ်နေသည့် အမျိုးသမီးမှာ စွမ်းရည်ပျက်သုဉ်းနေသည့်အတွက် သာမန်သူတို့ထက်ပင် အသက်တိုမည်ဖြစ်သည်။ သို့သော် ဤဆေးလုံးကိုသာ စားလိုက်ပါလျှင် အခြေအနေ တိုးတက်လာမည်ဖြစ်သည်။ 


"ဒါက ဘာကြီးလဲ ..." 


မူခါ့သီက သံသယအပြည့်ဖြင့် မေးလိုက်သည်။ 


"ပစ္စည်းကောင်းတစ်ခုခုပေါ့ ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ ပေးတဲ့လက်ဆောင်ပါ ..." 


ကျောက်လင်းယွီက သူ့ကို ပြောလိုက်သည်။ 


"ဒါက ခင်ဗျားဇနီးရဲ့ ကျန်းမာရေးကို ကောင်းမွန်စေလိမ့်မယ် ..." 


"တကယ်လား ..." 


"ခင်ဗျားကို လိမ်စရာ လိုလို့လား ..." 


ကျောက်လင်းယွီက မေးလိုက်သည်။ 


သူ့ခွန်အားအရဖြစ်စေ၊ အဆင့်အတန်းအရဖြစ်စေ မူခါ့သီကို အလွယ်တကူ နင်းခြေပစ်နိုင်ရာ လိမ်ညာလှည့်ဖျားနေရန် မလိုအပ်ပေ။ 


မူခါ့သီကလည်း ထိုအကြောင်းကို သိသည့်အတွက် ရမ်ရှန့်လက်ထဲမှ ဆေးလုံးကိုသာ စိုက်ကြည့်နေလိုက်သည်။ သို့သော် ဒူနီယာကတော့ မတုန့်မဆိုင်းဘဲ ယူကာ မော့သောက်လိုက်သည်။ သူမ၏ ညံ့ဖျင်းလှသော ကျန်းမာရေးကို ကုသရန် မူခါ့သီသည် ပိုင်ဆိုင်သမျှအားလုံးကို ထုခွဲရောင်းချနေရသည့်အတွက် ထိုဆေးကသာ သူမ၏ ခန္ဓာကိုယ်အတွက် တကယ်ကောင်းမွန်ပါလျှင် မဆိုင်းမတွဘဲ သောက်သုံးမည်ဖြစ်သည်။ 


ထိုဆေးမှာ ပြဿနာရှိနိုင် မရှိနိုင်ကိုမူ ... အကြောင်းပြချက် မရှိသော်ငြား ရမ်ရှန့်က သူမကို လိမ်ညာလိမ့်မည်မဟုတ်ဟု ယုံကြည်မိနေသည်။ ဤလူငယ်လေး၏ မျက်ဝန်းတို့မှာ အလွန်ကြည်လင်လှပေ၏။ 


သူမ၏ အပြုအမူကြောင့် ရမ်ရှန့်လည်း ပြုံးလိုက်မိတော့သည်။ သားကြီးက စိတ်စွမ်းအင်သုံးကာ ထိုသူနှစ်ဦးကို သဘောကျကြောင်း ဖော်ပြနေသည့်အတွက် သူသည်လည်း သူမတို့ကို အကောင်းမြင်နေမိပေသည်။ 


နောက်ပိုင်းကျ သူမခန္ဓာကိုယ်ကိုတောင် ကုသပေးချင် ပေးနိုင်မှာ ... 


သူက ထိုသို့ တွေးနေစဉ်မှာပင် ဒူနီယာ၏ စကားသံ ထွက်ပေါ်လာတော့သည်။ 


"ရေနည်းနည်းလောက် သောက်ချင်တယ် ဗိုက်ထဲမှာ ကသိကအောက် ဖြစ်နေလို့ ..." 


"အဆင်ပြေလား ..." 


မူခါ့သီက စိုးရိမ်တကြီး မေးလိုက်သည်။ 


"အဆင်ပြေပါတယ် သူမရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို စွန့်ထုတ်ပစ်ဖို့ လိုအပ်နေတာ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ သို့သော် သူ့စကားမဆူံခင်မှာပင် ဒူနီယာက မေ့လဲသွားတော့သည်။ မူခါ့သီက သူမ၏ ဘေးနားတွင် ရပ်နေသည့်အတွက် ပွေ့ဖမ်းနိုင်လိုက်သော်ငြား ပူပန်မှုနှင့် ဒေါသစိတ်တို့ တစ်ပြိုင်တည်း ဖြစ်ပေါ်လာပြီး ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့၏ အမူအယာများမှာလည်း ပြောင်းလဲသွားတော့သည်။ 


"သူမကို ဘာပေးလိုက်တာလဲ ..." 


"သူမက အဆိပ်တွေ ထုတ်နေရုံ‌တင် ..." 


ရမ်ရှန့်က ပြောလိုက်သည်။ မျက်နှာအားဖြည့်ဆေးလုံးတွင် ဤကဲ့သို့သော အာနိသင်မျိုး မရှိချေ။ သူမ၏ ခန္ဓာကိုယ်က အလွန်အားနည်းနေ၍သာ ဤသို့ တုန့်ပြန်လာခြင်း ဖြစ်ရမည်။ 


"ဒါကို ဘယ်လိုလုပ် အဆိပ်ထုတ်တယ်လို့ ပြောလို့ရမှာလဲ ..." 


မူခါ့သီက သူ့ဇနီးကို ပွေ့ဖက်ရင်း မေးလိုက်သည်။ သူ့မျက်လုံးများမှာ ရဲရဲနီနေပြီး အသက်ရှူသံတို့ မြန်ဆန်လာသော်ငြား ရင်ခွင်ထဲရှိ ဒူနီယာမှာမူ တစ်စထက်တစ်စ ဖြူဖျော့လာတော့သည်။ 


"ဦးလေး အန်တီ့ကို စမ်းသပ်ကြည့်လိုက်ပါလား ..." 


ကလေးက ဝင်ပြောလိုက်သည်။ 


ထိုစကားကြားမှသာ မူခါ့သီလည်း အိမ်တွင် ကျန်းမာရေးစစ်ဆေးသည့် ကိရိယာများ ရှိနေမှန်း သတိရသွားတော့သည်။ ထို့ကြောင့် သူလည်း ဒူနီယာကို ပွေ့ချီကာ စက်ရှိရာဆီသို့ တစ်ဟုန်ထိုး ပြေးသွားတော့သည်။ စက်မှာ လဲလျောင်းနေရင်းဖြင့်လည်း တစ်ကိုယ်လုံးကို စစ်ဆေးနိုင်ပြီး စမ်းသပ်ချက်ရလဒ် ထွက်လာရန်မှာမူ အနည်းငယ် ကြာမြင့်ပေသည်။ ထိုအချိန်တွင် တစ်ကိုယ်လုံး ‌ချွေးများစိုရွှဲနေသော ဒူနီယာ၏ မျက်လုံးတို့ ပြန်ပွင့်လာတော့သည်။ 


"ရေ ..." 


မျက်လုံးပွင့်လာသည်နှင့်တစ်ပြိုင်နက် သူမက ရေကို တောင်းလိုက်သည်။ ထို့နောက် ဗိုက်ကို အလောတကြီး အုပ်ကိုင်လိုက်ပြန်တော့သည်။ 


"သန့်စင်ခန်းသွားဖို့ လိုအပ်နေပြီ ..." 


မူခါ့သီက ရေတစ်ခွက် ယူလာပေးသည့်တိုင် သူမကို ထထိုင်ခွင့် မပေးချေ။  


"မင်းက မသက်သာသေးဘူး မတ်တပ်မရပ်နဲ့ ကိုယ် ..." 


သူ့စကားပင် မဆုံးသေး။ ဇနီးဖြစ်သူက ရေခွက်ကို ဆွဲယူကာ အလောတကြီး မော့သောက်လိုက်ပြီး သန့်စင်ခန်းသို့ အမောကော ပြေးသွားလိုက်တော့သည်။ မူခါ့သီမှာ ထိုကဲ့သို့သော အရှိန်မျိုးကို တစ်ခါမှ မတွေ့ဖူးသည့်အတွက် မျက်စိအစုံ ပြူးကျယ်လာသည်အထိ အံ့ဩသွားရတော့သည်။ 


"စစ်ဆေးချက် ထွက်လာပြီ ..." 


ကျောက်လင်းယွီက သန့်စင်ခန်းရှိရာဘက်သို့ မျက်မှောင်ကြုတ်ကာ ကြည့်ရင်း ပြောလိုက်သည်။ မျက်နှာအားဖြည့်ဆေးလုံးမှာ အာနိသင် ထူးခြားနိုင်ရန် အကြိမ်အနည်းငယ် စားသုံးပေးရမည်ဖြစ်ပြီး အချို့လူများမှာ အာနိသင်ကိုပင် သတိမထားမိကြပေ။ ထို့ကြောင့်လည်း ရမ်ရှန့် ဆေးပေးလိုက်သည်ကို မတားမြစ်ခဲ့ခြင်း ဖြစ်သော်ငြား သူမ၏ တုန့်ပြန်ပုံမှာ အနည်းငယ် ပြင်းထန်နေပေသည်။ 


ဘာတွေ ဖြစ်ကုန်တာလဲ ... 


သူ သတိပေးလိုက်သည့်အတွက် မူခါ့သီလည်း ဆေးစစ်ချက်ကို ယူကြည့်လိုက်သည်။ 


"ပြင်းထန်တဲ့ ရေဓာတ်ခမ်းခြောက်မှု ၊ အာဟာရချို့တဲ့ခြင်းနဲ့ ဝမ်းပျက်ခြင်း ... ဒါက ဘာကြီးလဲ ..." 


‌မူခါ့သီက သူ့လက်ထဲရှိ ဆေးစစ်ချက်ကို အနည်းငယ် ကူကယ်ရာမဲ့နေဟန်ဖြင့် စိုက်ကြည့်လိုက်သည်။ 


"ကျန်တာတွေကရော ..." 


ကျောက်လင်းယွီက ထပ်မေးလိုက်သည်။ 


"အရင်အတိုင်းပဲ ..." 


သူက မျက်မှောင်ဖွဖွကြုတ်ကာ ပြောလိုက်သည်။ 


"မဟုတ်ဘူး နည်းနည်းလေး ကွဲပြားတယ် အရမ်းကို အားအင်ပြည့်‌ဝလာသလိုပဲ ..." 


ဒူနီယာက သန့်စင်ခန်းထဲမှ ထွက်လာကာ ရေတစ်ခွက် သောက်လိုက်သည်။ ထို့နောက် နှစ်ခွက်ဆက်တိုက် သောက်လိုက်ပြန်၏။ 


"ဒူနီယာ ..." 


မူခါ့သီက ဇနီးဖြစ်သူကို နှုတ်ခမ်းထောင့်စွန်းတို့ ကွေးညွတ်လျက် ကြည့်နေလိုက်သည်။ သူ့ဇနီး၏ အပြုအမူများမှာ အမြဲလိုလို တင့်တယ်နေခဲ့သော်ငြား ယခု သူမ ရေသောက်လိုက်သည့် ပုံစံမှာ ... 


ဘယ်လိုပြောရမလဲ နည်းနည်း သူရဲကောင်းဆန်နေတယ် ...

132.2


"ကျေးဇူးတင်ပါတယ် အခု ကျွန်မပုံစံက သိပ်အဆင်မပြေသေးတော့ အရင်ဆုံး သွားပြီး သန့်ရှင်းရေး လုပ်လိုက်ပါဦးမယ်  ..." 


လေးကြိမ်မြောက် ရေသောက်ပြီးနောက် သူမက ပြောလိုက်သည်။ သူမ၏ မျက်နှာမှာ ဖြူဖျော့နေကာ ဆံပင်မှာလည်း ချွေးတို့ဖြင့် စိုရွှဲနေသည့်အတွက် ရှက်ရွံ့မိသော်ငြား စိတ်စွမ်းအင်မှာမူ အလွန်ကောင်းမွန်နေပေသည်။ သူမ၏ တောက်ပနေသော အကြည့်တို့ကို တွေ့လိုက်မှသာ မူခါ့သီ၏ သတိထားနေဟန် အမူအယာတို့မှာ ပြေလျော့သွားတော့သည်။ 


ဒူနီယာ၏ အခြေအနေမှာ ထူးခြားသည့်အတွက် ရမ်ရှန့်နှင့်‌ ကျောက်လင်းယွီတို့လည်း ချက်ခြင်း ပြန်မသွားခဲ့ချေ။ သူမ၏ ကျန်းမာရေးမှာ အလွန်ဆိုးဝါးနေကာ မျက်နှာအားဖြည့်ဆေးလုံးမှာလည်း ခန္ဓာကိုယ်အတွက် ကောင်းမွန်လှသည့်အတွက် ကျေးဇူးတင်လက်ဆောင်အဖြစ် ပေးခဲ့ခြင်း ဖြစ်သော်ငြား သူမက ဤသို့ တုန့်ပြန်လာလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားမိချေ။ အနည်းငယ် နောင်တရစိတ်များ ဖြစ်လာသော်ငြား မကြာမီမှာပင် ပျောက်ကွယ်သွားတော့သည်။ 


ကိစ္စများမှာ ဖြစ်ပွားပြီးဖြစ်၍ နောင်တရနေရန် မလိုအပ်တော့ချေ။ သူသာ ပိုပြီး သန်မာလိုပါလျှင် ထာဝစဉ် ပုန်းအောင်းနေ၍ မရချေ။ ထိုသို့ တွေးပြီးနောက်တွင်တော့ သူ့အာရုံအလုံးစုံမှာ သားကြီးထံ ပြန်ရောက်သွားတော့သည်။ 


သူ့လက်မောင်းထဲရှိ ကလေးမှာ သူ့ရင်သွေးအစစ်ဖြစ်ကြောင်း သိနေသည့်တိုင် သားကြီး၏ အသွင်အပြင်ကိုတော့ အနည်းငယ် အံ့ဩမိနေဆဲဖြစ်သည်။ သူ့ကလေးသုံးယောက်မှာ သာမန်ကလေးများထက် ပိုပြီး ကြီးထွားကြသော်ငြား ဤသားမှာ ထိုသုံးယောက်ထက်ပင် ပိုပြီး ကြီးထွားနေပေသေးသည်။ 


ဘာတွေ ဖြစ်ကုန်တာလဲ ... 


ကလေးခန္ဓာကိုယ်ထဲရှိ စွမ်းအင်များမှာ ကသောင်းကနင်းဖြစ်နေကြောင်း တွေ့လိုက်ရချိန်တွင် ရမ်ရှန့်မှာ အံ့အားသင့်သွားမိတော့သည်။ မဟုတ်ဘူး သူ့စွမ်းအင်တွေက ကသောင်းကနင်း ဖြစ်နေရုံတင် မကဘူး ကျောက်လင်းယွီ မိစ္ဆာကျင့်ကြံသူ ဖြစ်သွားတုန်းကနဲ့ တစ်ပုံစံတည်းပဲ ... 


သားကြီးမှာ ရမ်ရှန့်၏ စိတ်စွမ်းအင်များ သူ့ကိုယ်ထဲသို့ ဝင်ရောက်လာခြင်းအပေါ်  မပြင်ဆင်ထားမိပေ။ ထို့နောက် ရမ်ရှန့်သည် ကလေး၏ ‌အခြေ‌အနေကို အလျင်အမြန် သုံးသပ်နိုင်သွားတော့သည်။ ကလေးသည် တစ်‌စုံတစ်ယောက်၏ စွမ်းရည်များကို အလွန်အကျူး စုပ်ယူမိသွားခြင်းဖြစ်ကာ အစုပ်ယူခံလိုက်ရသူမှာ သူ့ကို ပြန်ပေးဆွဲသွားသူသာ ဖြစ်ပေလိမ့်မည်။ 


သူ့ကလေးသည် ဥပေါက်တော့မည် ဖြစ်သော်ငြား အချိန်မကျသေးသည့်အတွက် စွမ်းအင်အမြောက်အများ လိုအပ်ပေသည်။ ကျန်ကလေးသုံးယောက်မှာ သူ့သွေးကို စုပ်ယူ၍သာ ဥထဲမှ အောင်အောင်မြင်မြင် ထွက်လာနိုင်ခဲ့သော်ငြား အကြီးဆုံးသားမှာမူ ပုံမှန်ထက်စောကာ မွေးဖွားလာရသည့်အတွက် အနီးအနားရှိ စွမ်းအင်များကို စုပ်ယူရန် ကြိုးစားမည် ဖြစ်ရာ စွမ်းအင်စုပ်ယူနှုန်းကို မထိန်းချုပ်နိုင်င်မှာ သဘာဝကျပေသည်။ 


အများအပြား စုပ်ယူမိခြင်းကြောင့် သူ့စွမ်းရည်များ ပျက်သုဉ်းကာ ပိုပြီး ကြီးထွားလာခြင်းဖြစ်သည်။ သို့သော် သူသာ ကောင်းကောင်းဂရုစိုက်ပေးပါလျှင် ပြန်သက်သာလာမည်ဖြစ်သည်။


"ကလေးကို ဘယ်ကနေ ရှာတွေ့လာတာလဲ တောင်ပံကျိုးနေတဲ့ မက်ခါထဲကနေ တွေ့လာတာ မဟုတ်လား ..." 


ရမ်ရှန့်က မူခါ့သီကို ကြည့်ကာ မက်ခါ၏ အခြေအနေကို တိတိကျကျ သရုပ်ဖော်ပြလိုက်သည်။ 


"ဟုတ်တယ် ကလေးကို အဲဒီ့မက်ခါထဲက တွေ့လာတာ အဲဒီ့အချိန်တုန်းက သူ့ဆွေမျိုးတွေကို ရှာပေးရအောင် ခေါ်လာတာလေ ဒါပေမယ့် ကလေးပျောက် ကြောင်း ကြေငြာချက်တွေကို ‌မတွေ့တာနဲ့ ..."


ရမ်ရှန့်၏ စကားများကို ကြားပြီးနောက် မူခ့ါသီလည်း ကလေးမှာ သူတို့၏ ကလေးအစစ်ဖြစ်ကြောင်း ယုံကြည်သွားတော့သည်။ သူတွေ့ခဲ့သည့် မက်ခါ၏ အ‌ခြေအနေမှာ ရမ်ရှန့်ပြောပြသည်နှင့် တစ်ထပ်တည်းပင်ဖြစ်သည်။ 


"ကျွန်တော်တို့လည်း ကြေငြာချင်ပေမယ့် ကလေးအခြေအနေက နည်းနည်းထူးခြားလို့ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


"ကလေးအကြောင်း ပြောပြပေးလို့ ရမလား ..."


မူခါ့သီက အတော်ကြာ တုန့်ဆိုင်းနေပြီးမှ ခေါင်းငြိမ့်ပြလိုက်တော့သည်။ 


"ကောင်းပြီလေ ..." 


ကျောက်လင်းယွီမှာ အလွန်သန်မာသည့်အတွက် သူ့ကို သတ်နိုင်ရန်မှာ မခဲယဉ်းလှပေ။ လက်ကို သွေးမစွန်းလို၍ ကလေးခိုးယူထားပါသည်ဟုသာ တိုင်ကြားလိုက်ပါလျှင် သူ့တစ်ဘဝလုံးကို ထောင်ထဲတွင်သာ ကုန်ဆုံးရမည်ဖြစ်ရာ တစ်ဖက်သူက စိတ်ရင်းမှန်ကို ထုတ်ပြလာချိန်တွင် သူသည်လည်း အလားတူပင် တုန့်ပြန်ရမည်ဖြစ်သည်။ 


သူက ကလေးအကြောင်း မမောနိုင်မပန်းနိုင် ပြောပြခဲ့ပြီး ပြောလေလေ ပိုပြီး လေးနက်လာလေပင်ဖြစ်သည်။ ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့ အတူတူ နားထောင်နေကြချိန်တွင် အဝတ်အစားသွားလဲနေသော ဒူနီယာတစ်ယောက် အောက်ထပ်သို့ ပြန်ရောက်လာတော့သည်။ သူမသည် အလွန်ပိန်လှီလှသော်ငြား ရုပ်ရည်မှာမူ အလွန်ကြည့်ကောင်းလှပေသည်။ ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့ကို ကြည့်ကာ ညင်ညင်သာသာ  ပြုံးပြလိုက်တော့၏။ 


"ဒီဆေးက တကယ်ကို ကောင်းတာပဲ ကျေးဇူးအများကြီး တင်ပါတယ် ..." 


သူမသည် စွမ်းအင်ပျက်သုဉ်းသွားကတည်းက နေ့စဉ်ရက်ဆက် ဝေဒနာ ခံစားနေရကာ မူခါ့သီနှင့်သာ မဆုံခဲ့ပါလျှင် အစောကြီးကတည်းက ဘဝကူးနှင့်နေပြီဖြစ်သည်။ နှစ်ရှည်လများ ကြာမြင့်ပြီးမှသာလျှင် တစ်ဖန်ပြန်လည်ကာ သက်တောင့်သက်သာဖြစ်မှုကို ခံစားမိလာတော့ပေသည်။ 


ကျေးဇူးတင်စကား ဆိုပြီးနောက်တွင်တော့ ဆေးစစ်ပေးသည့် စက်ပေါ်သို့ လဲလျောင်းလိုက်၏။ ဤတစ်ကြိမ်တွင်မူ စမ်းသပ်ချက်မှာ အလျင်အမြန်ပင် ထွက်ပေါ်လာပေသည်။ 


သူမ၏ ကျန်းမာရေးမှာ အပြည့်အဝ ပြန်လည်ကောင်းမွန်မလာသေးသော်ငြား ဆေးလုံး၏ ကျေးဇူးကြောင့် ယခင်ထက် များစွာ တိုးတက်လာပြီဖြစ်သည်။ ထိုအခြေအနေကို မြင်လိုက်ရသည့် မူခါ့သီမှာလည်း အနည်းငယ် အားတုံ့အားနာ ဖြစ်သွားရတော့သည်။ 


"တောင်းပန်ပါတယ် နားလည်မှု လွဲမိသွားတယ် ..." 


"ကိစ္စမရှိပါဘူး ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ သူ့ကိုယ်သူလည်း ရေးကြီးခွင်ကျယ် လုပ်မိသည်ဟု ခံစားမိလာတော့၏။ ဒူနီယာ၏ ကျန်းမာရေးမှာ တိုးတက်လာသည့်တိုင် အပြည့်အဝ မကုသ‌နိုင်သေးသည့်အတွက် သူမ၏ ခန္ဓာကိုယ်တွင် ပြဿနာများစွာ ရှိနေဆဲဖြစ်သည်။ 


"ကျေးဇူးအများကြီး တင်ပါတယ် ဒီဆေးက တကယ်ကို အံ့ဩစရာ ကောင်းတာပဲ ဒီဆေးကို သတိလက်လွတ် ထုတ်မပြမိအောင် ဂရုစိုက်နော် ..." 


ဒူနီယာက ပြောလိုက်သည်။ သူမသည် ကုသမှုမျိုးစုံ ခံယူခဲ့ဖူးသော်ငြား မည်သည်ကမှ မထိရောက်ခဲ့ချေ။ ဤဆေးလုံး၏ အာနိသင်မှာ ရမ်ရှန့်နှင့် ကျောက်လင်းယွီအတွက်မူ သာမန်မျှသာ ဖြစ်ကောင်းဖြစ်နိုင်သော်ငြား သူမအတွက်မူ ထူးဆန်းထွေလာပင်ဖြစ်သည်။ 


"စိတ်ချပါ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ 


"ကျွန်တော်တို့ သွားတော့မယ် ..." 


ဒူနီယာနှင့် မူခါ့သီတို့မှာ မသွားစေလိုသေးသော်ငြား တားမြစ်စကားလည်း မဆိုခဲ့ပေ။ 


"ဂွတ်ဘိုင် ..." 


"ဘိုင့် အန်တီနဲ့ ဦးလေး ..." 


အကြီးဆုံးသားက သူ၏ လက်ဖောင်းဖောင်းတုတ်တုတ်လေးများကို ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။ 


"သူတို့ကို အန်တီနဲ့ ဦးလေးလို့ ခေါ်တာလား သူတို့က မင်းအဘိုးအဘွားထက်တောင် အသက်ကြီးသေးတယ်လေ ..." 


ကျောက်လင်းယွီက သားဖြစ်သူကို စိုက်ကြည့်လိုက်သည်။ 


"ဟမ် ..." 


သားကြီးက သူ့ကို နားမလည်ဟန်ဖြင့် ပြန်ကြည့်လိုက်သည်။ 


မူခါ့သီလည်း ကလေး၏ အသက်အရွယ်အကြောင်း မသိကြသေးကြောင်း အမှတ်ရသွားသော်ငြား ရမ်ရှန့်၏ အသက်အကြောင်း တွေးမိချိန်တွင် စိတ်ရှုပ်ထွေးသွားရတော့သည်။ 


Xxxxx