အပိုင်း ၁၃၃
Viewers 18k

Chapter 133


ကလေးရဲ့ အခြေအနေက ထူးခြားတယ်ဆိုတာ သူ့အဖေက အသက်မပြည့်သေးလို့များလား ပြီးတော့ ဘယ်သူက အမေလဲ ... 


သူက မည်မျှပင် ရှုပ်ထွေးနေပါစေ၊ ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့မှာတော့ ထွက်ခွါသွားကြပြီဖြစ်သည်။ သူက ဒူနီယာကို နောက်တစ်ကြိမ် ဆေးစစ်ပေးရန် ပြင်နေလိုက်စဉ် ဆက်သွယ်ရေးစက်မှာ မီးလင်းလာသည်။ ပေးပို့သူ၏ လိပ်စာမှာ ဗလာဖြစ်နေသော်ငြား အထဲတွင် ပါဝင်သည့် အကြောင်းအရာကြောင့် ထိတ်လန့်ရာမှ တစ်ဖြေးဖြေး ပြုံးလာမိတော့သည်။ 


ဒီနှစ်ယောက်ကတော့ တကယ်ကို မသိမသာ လုပ်ပေးသွားကြတာပဲ ... 


"ကလေးက ပြန်သွားပြီ ..." 


ဒူနီယာက ကလေးထွက်သွားသည့် လမ်းကြောင်းကို ကြည့်ရင်း နှမြောတသဖြင့် ပြောလိုက်သည်။ 


"ဘာပဲဖြစ်ဖြစ် သူတို့တွေက မိဘအရင်းပဲလေ ပြီးတော့ ကလေးကလည်း နေ့တိုင်း သူ့အဖေကို ရှာပေးဖို့ပဲ ပူဆာနေတာ မဟုတ်လား ..." 


သူက သက်ပြင်းချကာ ထပ်ပြောလိုက်သည်။


"အခန်းပြန်ကြရအောင် ကိုယ်တို့မှာ လုပ်စရာတွေ ရှိနေသေးတယ်လေ ကလေးကို သူ့အဖေ လာခေါ်သွားတယ်ဆိုတာ အားလုံးသိအောင် ပြောပြရဦးမယ် ဒါပေမယ့် ဂရင်တန်ရဲ့ အကြောင်းကိုတော့ ထုတ်ပြောလို့ မရဘူးနော် ..." 


"သိပါတယ် စိတ်ချပါ ..." 


ဒူနီယာက ခေါင်းငြိမ့်ပြလိုက်သည်။ ကလေး ပြန်သွားသည့်အတွက် သူတို့စုံတွဲမှာ ဝမ်းနည်းနေရသော်ငြား တစ်ဖက်တွင်မူ ကလေးပြန်ရောက်လာမှုကြောင့် လူပေါင်းများစွာ ပျော်ရွှင်ကုန်ကြတော့သည်။ တစ်နေကုန် ဓာတ်ခွဲခန်းထဲတွင်သာ အချိန်ကုန်နေတတ်သည့် ကိတ်ပင်လျှင် တံခါးဝသို့ ထွက်စောင့်နေသေးသည်။ 


ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့သည် လောယာအင်ပါယာသို့ မလာမီ သူ့ကို မျိုးစေ့နှင့် အပင်များ ပေးခဲ့သော်ငြား ကျောက်စံအိမ်တွင် ကောင်းစွာ ကြီးထွားနေသည့် အပင်များမှာ တစ်ဖြေးဖြေး ညှိုး‌လျော်လာကာ အစေ့များမှာလည်း အညှောင့်ပေါက်မလာတော့ချေ။ 


ကိတ်အနေဖြင့် ထိုအစေ့များမှာ အပင်ပေါက်နိုင်သေးကြောင်း သေချာသိနေသော်ငြား အပင်စွမ်းရည်ပိုင်ရှင်အများအပြားကို ရှာဖွေပြီးသည့်တိုင် အညှောင့်ပေါက်စေရန် မစွမ်းဆောင်နိုင်ခဲ့ချေ။ အင်ပါယာ၏ အခြေအနေကို ပြောင်းလဲလိုပါလျှင် ရမ်ရှန့်နှင့် ကျောက်လင်းယွီတို့၏ အကူအညီအပေါ်  မှီခိုနေရဦးမည် ဖြစ်သော်ငြား ထိုသူနှစ်ဦးမှာ ကူညီလိုစိတ် ရှိမရှိကိုမူ မခန့်မှန်းတတ်တော့ပေ။ 


ကိတ်က ချဲ့ကားတွေးနေသော်ငြား Crohn ၏ အတွေးမှာမူ ရိုးစင်းလှပေသည်။ သူက ကလေးပြန်ရောက်လာသည့်အတွက် ဝမ်းသာနေကာ ဖန့်ချန်ကျွင့်နှင့် Gerd တို့မှာလည်း ပိုပြီး စိတ်လက်ကြည်လင်‌လာကြတော့သည်။ အကြီးအကဲဖန့်၏ သေဆုံးမှုကြောင့် စိတ်ညစ်နေခဲ့ရသူအားလုံး ပြန်လည်ရွှင်လန်းလာကြပေသည်။ 


ဒါပေမယ့် ... ကလေးက ကြီးလွန်းမနေဘူးလား ... 


Gerd က ရမ်ရှန့်ချီလာသော ကလေးကိုကြည့်ရင်း တအံ့တဩ ပြောလိုက်သည်။ 


"သစ်ပင်လူသားတွေက အာဟာရတွေပိုပြီး စုပ်ယူလေ ကြီးထွားလာလေပဲလေ ..." 


ရမ်ရှန့်က အကြောင်းအရင်းကို သူ၏ စိတ်ကူးယဉ်မျိုးနွယ်စုထံ ပုံချလိုက်တော့သည်။ 


"မိုက်လိုက်တာ ..." 


ကိတ်၏ မျက်လုံးတို့မှာ တလက်လက် တောက်ပလာသော်ငြား သက်ပြင်းကိုသာ အသာချလိုက်တော့သည်။ သူ၏ ကျွမ်းကျင်သုတေသီတစ်ယောက်၏ ကျင့်ဝတ်က အခြားသူများ၏ မျိုးရိုးဗီဇကို ခိုးယူပြီး သုတေသနလုပ်ခြင်းမျိုးကို လက်မခံနိုင်သည့်အပြင် ရမ်ရှန့်ကိုလည်း သူ့ကျေးဇူးရှင်အဖြစ် သတ်မှတ်ထားသည့်အတွက် ... 


"ကလေးက ချစ်ဖို့ကောင်းလိုက်တာ ..." 


Crohn ၏ အကြည့်တို့မှာ ကလေးထံတွင်သာ ကပ်ငြိနေတော့သည်။ 


"အခုချက်ခြင်းပဲ သူ့အတွက် သက်သေခံအထောက်အထားတွေ သွားစီစဉ်လိုက်တော့မယ် ဒါနဲ့ သူ့မှာ အထောက်အထား ရလာတဲ့အချိန်ကျရင်လေ အပြင်ကို ခေါ်သွားလို့ ရမလား အခု သူ့ပုံစံအတိုင်းဆို ဘယ်သူကမှ မင်းကလေးလို့ ထင်မှာမဟုတ်ဘူး ..." 


သူသာ ဒီကလေးကို ပါတီပွဲကို ခေါ်သွားရင် ဘယ်လိုတွေ တုန့်ပြန်ကြမလဲ မသိဘူး ... အမ် ... သူနဲ့ ကိတ်နဲ့ လက်ထပ်ရင် ဒီကလေးကို ရှေ့ကနေ ပန်းကြဲခိုင်းရမယ် ရမ်ရှန့်ရဲ့ တစ်ခြားကလေးသုံးယောက်ကလည်း ချစ်စရာကောင်းတယ်ဆိုပေမယ့် သူတို့က နည်းနည်း ငယ်လွန်းသေးတယ် ဒီကလေးကမှ ကွက်တိပဲ ... 


ကျောက်လင်းယွီက အထောက်အထား စီစဉ်ပေးရန် Crohn ကို တောင်းဆိုလိုသော်ငြား သူ၏ စကားကို ကြားပြီးနောက် တောင်းဆိုနေရန် မလိုတော့ကြောင်း သိလိုက်ရတော့သည်။ ရမ်ရှန့်ကို ဆွဲခေါ်ကာ ကလေးသုံးယောက် ကစားနေကြသည့် အခန်းထဲသို့ ပြန်လာခဲ့လိုက်သော်ငြား သူတို့ရောက်လာပြီး မကြာလိုက် ကလေးသုံးယောက်လုံးက တစ်ပြိုင်တည်း လှည့်ကြည့်လာကာ ဒုတိယသားက ဆိုင်းမဆင့်ဗုံမဆင့် ငိူချလိုက်တော့၏။ 


ကလးသုံးယောက်မှာ မွေးကတည်းက တစ်ခါမှ မငိုဖူးပေ။ မကျေနပ်စရာ တွေ့လျှင်ပင် အများဆုံးမှ ဟမ့်ခနဲ့ နှာရှုံ့ရုံလောက်သာ တုန့်ပြန်သော်ငြား ယခုမူ ဒုတိယသားမှာ ရှိုက်ကြီးတငင် ငိုနေရှာတော့သည်။ သူသာမက တတိယသားကပါ ငုတ်တုတ်ထထိုင်လာတော့သည်။ မူလ ရမ်ရှန့်ကဲ့သို့ မြေကြီးပေါ်တွင် ပျင်းတိပျင်းရွဲ လှဲနေရ‌ခြင်းကိုသာ သဘောကျသော တတိယ‌သားသည် ရမ်ရှန့်အနီးသို့ အချိန်တိုအတွင်း ရောက်လာသည်။ အငယ်ဆုံးသားမှာလည်း ဆက်သွယ်ရေးစက်ကို မကြည့်တော့ဘဲ အကြီးဆုံးသားကိုသာ ဝင်းလက်နေသော အကြည့်တို့ဖြင့် စိုက်ကြည့်နေလိုက်သည်။ 


ဤရက်ပိုင်းအတွင်း ကလေးများသည် အကြီးဆုံးသားအကြောင်း လုံးဝ မမေးကြသည့်အတွက် သူတို့အစ်ကိုအကြောင်း မေ့သွားပြီဟုသာ ထင်ခဲ့သော်ငြား ယခုမူ ထိုသို့ဟုတ်ဟန် မတူပေ။ သူတို့မှာ အမြဲလိုလို အတူရှိနေခဲ့ကြသည့်အတွက် ရမ်ရှန့်လည်း အကြီးဆုံးသားကို ကြမ်းပေါ်သို့ ချပေးလိုက်သည်။ 


သားကြီးမှာလည်း အလွန်စိတ်လှုပ်ရှားနေရာ ရမ်ရှန့်က ချပေးလိုက်သည်နှင့် တစ်ပြိုင်နက် တတိယညီလေးကို ခုန်အုပ်လိုက်တော့သည်။ မြေကြီးပေါ် လဲကျသွားရှာသော တတိယသားမှာ အော်ငိုလိုက်လိုသော်ငြား သူ့အစ်ကိုက ဗိုက်တစ်ခုလုံးကို ဖိထားသည့်အတွက် ခြေထောက်နှစ်ချောင်းကိုသာ လှုပ်ရှားနိုင်တော့သည်။ 


ထိုအခါမှသာ အကြီးဆုံးသားလည်း သူ့ကိုယ်သူ သူ့ညီလေးတို့ထက် ထွားကျိုင်းနေကြောင်း အမှတ်ရသွားသည့်အတွက် မတ်တပ်ထရပ်လိုက်တော့သည်။ တတိယကလေးမှာ သာမန်ကလေးမဟုတ်သည့်အတွက် အနည်းငယ် အဖိခံရရုံဖြင့် ဘာမှ မဖြစ်သွားသော်ငြား ပျင်းတိပျင်းရွဲဖြင့် ပြန်လှဲချကာ ထမလာတော့ချေ။ 


ထိုအချိန်တွင် အားရပါးရ ငိုကြွေးပြီးသွားပြီဖြစ်သော ဒုတိယသားက သူ့အစ်ကိုကြီး၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားကာ အတော်ကြာ ပွေ့ဖက်ပြီး စိတ်ကျေနပ်သွားကာမှ မေးလိုက်သည်။ 


"မင်းက ထွားလိုက်တာ ကျွန်တော်လည်း အဲဒီလိုမျိုး ထွားချင်လိုက်တာ ..." 


"စွမ်းအင်တွေ အများကြီး စုပ်ယူရင် ဒီလိုမျိူး ထွားလာလိမ့်မယ် ..." 


အကြီးဆုံးသားက လောယာစကားဖြင့် ပြောလိုက်သည်။ ဒုတိယသားသည်လည်း လောယာစကားကို နားယဉ်နေပြီဖြစ်ရာ ချောချောမွေ့မွေ့ ပြန်မပြောနိုင်သည့်တိုင် နားလည်နိုင်သည့်အတွက် ထပ်ကာတလဲလဲ ခေါင်းငြိမ့်ပြလိုက်သည်။

133.2


သူတို့နှစ်ယောက်၏ စကားဝိုင်းကို ကြားလိုက်မှသာ ရမ်ရှန့်လည်း သူ့လက်ထဲမှ သိုလှောင်အိတ်တစ်လုံးကို ထုတ်ကာ အကြီးဆုံးသား၏ လည်ပင်းတွင် ချိတ်ဆွဲပေးလိုက်သည်။ 


"သားကြီး ဒါက သားအတွက် ..." 


ထိုထဲတွင် သူ၏သွေး၊ စွမ်းအင်ပုံဆောင်ခဲနှင့် ကျန်ကလေးသုံးယောက်ကို ပေးခဲ့သည့် ပစ္စည်းအားလုံးကို ဝေစုတစ်စုစာ ချန်ပေးထားသည်။ 


အကြီးဆုံးသားမှာ စွမ်းအင်အမြောက်အများ စုပ်ယူကာ ကျန်သုံးယောက်ထက်ပင် ကြီးထွားခဲ့သော်ငြား သူ၏ စွမ်းရည်မှာ ပျက်စီးသွားသည့်အတွက် ထိုအချိန်က မည်မျှ နာကျင်ခဲ့မည်ဖြစ်ကြောင်း တွေးကြည့်၍ ရပေရာ ရမ်ရှန့်သည် သူပေးသည့် ပစ္စည်းများမှာ နည်းပါးလွန်းသည်ဟုပင် ခံစားမိလာတော့သည်။ 


အကြီးဆုံးသားတွင် စွမ်းရည်မရှိတော့သည့်တိုင် အပင်ဝိဉာဉ်၏ လက္ခဏာများမှာတော့ ရှိနေဆဲဖြစ်သည့်အတွက် အရာအားလုံးကို စုပ်ယူနိုင်သေး၍သာ တော်ပေသေးသည်။ အိတ်ကို လှန်လှောကြည့်ပြီးနောက် အကြီးဆူံကလေး၏ အကြည့်တို့မှာ ဝင်းလက်သွားတော့သည်။ 


"သားကြီးရေ ဒယ်ဒီ့ကို ဖက်ခွင့်ပေးပါဦး ..." 


ကျောက်လင်းယွီက အနားသို့ လျှောက်လာကာ ညင်ညင်သာသာ ပြောလိုက်သည့်အတွက် သားကြီးကလည်း သူ့လက်မောင်းများကို ဆန့်တန်းကာ ပွေ့ဖက်စေလိုက်သည့်အပြင် သူ့ပါးကိုပင် ညွှန်ပြလိုက်သေးသည်။ 


"နမျးပါဦး ..." 


ကျောက်လင်းယွီက ကလေး၏ ဖြူဖွေးနူးညံ့သော ပါးပြင်ကို နမ်းပေးလိုက်လျှင် ဒုတိယသားနှင့် တတိယသားတို့ကလည်း သူ့ခြေထောက်တစ်ဖက်စီကို ဖက်တွယ်လာကြတော့သည်။ 


"ဒယ်ဒီ့ နမ်းပါဦး ..." 


ထိုသည်မှာ ကလေးလေးဦး ရမ်ရှန့်ခေါင်းပေါ်တွင် ကြီးထွားနေခဲ့စဉ်ကနှင့် အတူတူပင်ဖြစ်သည်။ ထိုစဉ်ကလည်း တစ်ဥကို နမ်းပါလျှင် ကျန်ဥများကိုပါ အလှည့်ကျနမ်းပေးရသည့်အတွက် ကျောက်လင်းယွီမှာ အပြုံးပန်းတို့ ပွင့်လန်းလာတော့သည်။ အကြီး‌ဆုံးသားကို ပွေ့ချီရင်း ငုတ်တုပ်ထိုင်ချကာ သူ့ခြေထောက်ကို ဖက်ထားသူနှစ်ဦးသာမက ဘေးတွင် ထိုင်နေသည့် အငယ်ဆုံးသားကိုပါ နမ်းလိုက်သော်ငြား သူက ဘာမှ တုန့်ပြန်မလာချေ။ ထို့နောက် အကြီးဆုံးသားကို ပွေ့ချီလျက် မတ်တပ်ရပ်လိုက်ချိန်တွင်မူ သားကြီး၏ ခြေထောက်ကို ဆွဲထားသည့် စတုတ္ထသားပါ ပါလာတော့သည်။ 


စတုတ္ထသားက မဟူရာရောင်မျက်ဝန်းတစ်စုံကို ဖွင့်လျက် အမူအယာမဲ့စွာဖြင့် ‌ခြေထောက်ကို မလွှတ်တမ်း ဆွဲထားသည့်အတွက် ကျောက်လင်းယွီ၏ နှလုံးသားတစ်ခုလုံး အရည်ပျော်သွားရတော့သည်။ အခန်းတစ်ခုလုံး ထူးထူးခြားခြား သက်ဝင်လှုပ်ရှားနေသော်ငြား တံခါးခေါက်သံတစ်ချက်ကြောင့် အားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။ 


"ဘာဖြစ်လို့လဲ ..." 


ရမ်ရှန့်က တံခါးဖွင့်ပေးကာ Crohn ကို မေးလိုက်သည်။ 


"အကြီးဆုံးသားအတွက် အထောက်အထားတွေ ရပြီနော် အထောက်အပံ့ပစ္စည်းတွေ အများကြီး သုံးလို့ရပြီဆိုပေမယ့် တစ်ယောက်ယောက်ရဲ့ နာမည်အောက်မှာတော့ ရှိနေရမှာ ..." 


သူက ကျောက်လင်းယွီကို ပြောလိုက်သည်။ 


"သူ့ကို ဖုံးကွယ်ထားဖို့ လိုအပ်သေးတယ်ဆိုပေမယ့် ကြာကြာခံမယ် မထင်ဘူးနော် ..." 


"ဟုတ်တယ် ..."


ကျောက်လင်းယွီက ထိုသို့ပြောကာ သူ့ကို စိုက်ကြည့်လိုက်သည်။ 


"ဧကရာဇ်မှာ ကလေးရှိနေပြီ မဟုတ်လား ..." 


"ဘယ်လိုလုပ်သိတာလဲ ..." 


Crohn က မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။ 


"ကိတ်ကို သန္ဓေတည်ဆေး လေးလုံး ပေးခဲ့တုန်းက သူက တစ်လုံးပဲ စားခဲ့တာလေ ပြီးတော့ ဒီရက်ပိုင်းမှာ ဧကရီက နာမကျန်းဖြစ်နေလို့ ဧည့်တွေ့လက်မခံတာ တစ်လလောက် ရှိနေပြီလို့လည်း ကြားမိသေးတယ် ..." 


သူက ပြောလိုက်သည်။ 


လောယာဧကရာဇ်မှာ အဆင့်ကိုးစွမ်းရည်ပိုင်ရှင် ဖြစ်သည်။ ပုံမှန်အားဖြင့် ဤအဆင့်ပိုင်ရှင်များသည် နှစ်တစ်ထောင်နီးပါး အသက်ရှည်ကြသော်ငြား အများစုမှာ နှစ်ရှစ်ရာ၊ ကိုးရာခန့်တွင်ပင် ဆုံးပါးသွားကြသည်။ ဧကရာဇ်မှာလည်း နှစ်ခုနစ်ရာကျော်နေပြီဖြစ်ရာ ကလေးမလိုချင်စရာအကြောင်း မရှိပေ။ ထို့အပြင် ဤရက်ပိုင်းအတွင်း Crohn မှာလည်း နန်းတော်ထဲသို့ ချောင်းပေါက်မတတ် သွားနေရပေသည်။ 


"ဟုတ်တယ် ဧကရီမှာ ကိုယ်လေးလက်ဝန် ရှိနေတာ ဒါပေမယ့် ကလေးက သားအိမ်ထဲမှာ မကြီးထွားဘူး ...." 


Crohn က ပြောလိုက်သည်။ ဤရက်ပိုင်းအတွင်း ဧကရာဇ်လည်း အတော်ပင် သောကပွေနေရရှာသည်။ ဧကရီမှာ အဆင့်ရှစ်စွမ်းရည်ပိုင်ရှင်တစ်ဦးသာ ဖြစ်ကာ ဧကရာဇ်ထက် အသက်ငယ်သည့်တိုင် များစွာ ငယ်နေသည်တော့ မဟုတ်ချေ။ 


သူတို့သည် သန္ဓေတည်ဆေးကို စမ်းသပ်ရုံမျှသာ စမ်းကြည့်လိုသော်ငြား မထင်မှတ်ထားစွာဖြင့် ကိုယ်ဝန်ရလာခဲ့ပေသည်။ ကိတ်သည် ဖက်ဒရယ်တွင် နေထိုင်ခဲ့စဉ်က အာဟာရဆေးရည်များစွာ ရရှိခဲ့သော်ငြား မသောက်သုံးရဲခဲ့သည့်အတွက် ထိုဆေးရည်အားလုံးကို နန်းတော်သို့ ပို့လိုက်ရတော့သည်။ သူ့အနေဖြင့် ဆန္ဒမရှိသော်ငြား ဧကရာဇ်သည် သူတို့၏ ခေါင်းဆောင်ဖြစ်‌သည့်အတွက် ... 


"ဧကရာဇ်ကို ပူးပေါင်းလိုလားလို့ မေးကြည့်လိုက်ပေါ့ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


Crohn သည် ဖက်ဒရယ်တွင် ဆက်သွယ်ရေးစက်နှစ်လုံး ချန်ထားခဲ့သည့်အတွက် ဖက်ဒရယ်၏ သတင်းများကို ကြားနေရပေရာ မည်သည့် ထူးဆန်းမှုမျိုးမှ မကြုံရသေးချေ။ သို့သော် အင်ပါယာကတော့ သူတိူ့အပေါ် ဓားမိုးထားဆဲဖြစ်သည်။ 


လောယာအင်ပါယာမှာ အလွန်သန်မာလှကာ သူတို့၏ နည်းပညာမှာလည်း ဖက်ဒရယ်ထက် အဆပေါင်းများစွာ အားကောင်းလှပေသည်။ ပြီးခဲ့သည့် လုပ်ကြံမှုတွင် လူအချို့က အသိဉာဏ်တုများဖြင့် ညီလာခံခန်းမထဲရှိ စက်ရုပ်များကို ထိန်းချုပ်သွားပြီး ဤဖြစ်ရပ်မျိုးသာ များပြားလာပါလျှင် ဖက်ဒရယ်တစ်ခုလုံး ကမောက်ကမ ဖြစ်ကုန်တော့မည်ဖြစ်သည်။ ထို့ကြောင့် ကျောက်လင်းယွီအနေဖြင့် မျက်နှာလွှဲခဲပစ် မလုပ်နိုင်ချေ။ 


"ကောင်းပြီလေ ..." 


Crohn က ချောင်းခြောက်နှစ်ကြိမ်ဆိုးရင်း ပြောလိုက်သည်။ 


"ကတိတော့ မပေးနိုင်သေးဘူး အရှင့်ကို အရင်ဆုံး မေးကြည့်ရဦးမယ် ..." 


"အကြောင်းပြန်လာမှာကို စောင့်နေပါ့မယ် ..." 


သူက ပြောလိုက်သည်။ 


Crohn လည်း လှည့်ထွက်သွားပြီး နောက်တစ်နာရီ အကြာတွင်မူ တစ်ဖန် တံခါးခေါက်လာပြန်သည်။ 


"အရှင်က မင်းကို တွေချင်နေတယ် ..." 


"သွားကြရအောင် ..." 


ကျောက်လင်းယွီက ရမ်ရှန့်ကို ပြောလိုက်သည်။ 


"ကောင်းပြီလေ ..." 


သူကလည်း ခေါင်းငြိမ့်ပြလိုက်သည်။ 


နန်းတော်မှာ သူတို့ နောက်ဆုံးရောက်ခဲ့စဉ်ကနှင့် အတူတူပင်ဖြစ်သော်ငြား ပရိဘောဂများမှာမူ ပြောင်းလဲသွားချေပြီ။ ချွန်ထက်သည့် အရာအားလုံးကို ဖယ်ရှားထားကာ လှပသော ကြမ်းခင်းကို‌လည်း ကော်ဇောထူထူ ခင်းထားပေသည်။ 


ကန့်လန့်ကာအတွင်းသို့ ဝင်လိုက်ပါလျှင် ဘေးချင်းယှဉ်ကာ ထိုင်နေသော ခပ်ဝဝ ဧကရာဇ်နှင့် ဧကရီကို တွေ့ရမည်ဖြစ်သည်။ 


ဧကရီမှာ ရုပ်ရည်မလှပပေ။ သဘောမနောကောင်းသည်ဟုသာ ဖော်ပြ၍ ရသော်ငြား ဧကရာဇ်နှင့်အတူ ယှဉ်တွဲကာ တွေ့လိုက်ရသည့်အခါတွင်မူ အလွန် လိုက်ဖက်ညီလှသည်ဟု ခံစားမိပေတော့၏။ 


Xxxxxx