အပိုင်း ၁၃၄
Viewers 18k

Chapter 134


ရမ်ရှန့်တို့ ဝင်လာသည်ကို တွေ့လိုက်သည်နှင့်တစ်ပြိုင်နက် မတ်တပ်ထရပ်ကာ စက်ရုပ်များကို ထိုင်ခုံ သယ်လာစေလိုက်သည်။ လောယာအင်ပါယာ၏ လူဦးရေမှာ နည်းပါးလှသည့်အတွက် နန်းတော်ထဲတွင်လည်း လူများများစားစား မရှိ။ ဧကရာဇ်နှင့် ဧကရီကသာလျှင် နန်းတော်ထဲတွင် နေထိုင်ကြသူများ ဖြစ်ပေလိမ့်မည်။ 


"ကလေးတွေကိုရော ခေါ်မလာဘူးလား ..." 


ဧကရာဇ်က ကရုဏာသံလွှမ်းကာ မေးလိုက်သည်။ 


"သူတို့တွေက အရမ်းငယ်နေသေးလို့ပါ ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ 


"အဲဒီလိုကိုး ..." 


ဧကရီ ခေါင်းတဆတ်ဆတ် ငြိမ့်ရင်း ဗိုက်ကို ကိုင်လိုက်မိတော့သည်။ 


"ဧကရီက အမြွာကိုယ်ဝန်လွယ်ထားရတာနော် သူတို့နှစ်ယောက်စလုံး ကျန်းမာရေးကောင်းတယ်လို့ တွေ့နေရတော့ ချောချောမွေ့မွေ့နဲ့ပဲ မွေးလာနိုင်မယ်ထင်ပါတယ် ..." 


အင်ပါယာထဲသို့ ခြေချပြီးကတည်းက ကျောက်လင်းယွီသည် ကိုယ်ဝန်သည်ကို အာရူံခံပေးနိုင်သည့် ကိရိယာပါသော ဆက်သွယ်ရေးစက်အသစ်ကို ရကှိခဲ့သည်။ 


"ငါ့ရဲ့ အသက်အရဆို ကလေးရဖို့ မလွယ်လောက်တော့ဘူးဆိုပြီး ကိတ်ပေးထားတဲ့ ဆေးနှစ်လုံးလုံးကို သောက်ခဲ့မိတာလေ ဒါပေမယ့် မထင်မှတ်ထားဘဲ ..." 


ဧကရီက ပြုံးကာ ပြောလိုက်သည်။ သူမမှာ ဝမ်းသာသင့်သလားပင် မသိတော့ချေ။ 


"ဧကရီက ကလေးတွေအတွက် အထောက်အကူဖြစ်စေမယ့်အရာတွေ သုံးဆောင်ပေးနေသရွေ့ ကျန်းကျန်းမာမာနဲ့ မွေးဖွားနိုင်မှာပါ ..." 


ကျောက်လင်းယွီက ခပ်ပြုံးပြုံး ပြောလိုက်သည်။ 


"အဲဒီလို‌ဆိုတော့ ပူးပေါင်းကြမလား ..."


ညှိနှိုင်းနေစဉ်အတွင်း ရမ်ရှန့်က သူ့ဘေးနားတွင်သာ ရပ်နေပေသည်။ သူက နားမလည်သည့်တိုင် ဂရုတစိုက် နားထောင်နေပြီး အပြန်လမ်းမှသာ နားမလည်သမျှကို အတိုးချကာ မေးမြန်းတော့သည်။ ကျောက်လင်းယွီကလည်း သူ့ကို အလုံးစုံ ရှင်းပြပေးပြီးနောက် ခေါင်းကို ဖွဖွလေး ပုတ်ပေးလိုက်သည်။ 


"ကိုယ်က ဖက်ဒရယ်အတွက်ပဲ အဓိက လုပ်ခဲ့တာ ..." 


"သိပါတယ် ပြောရရင် အဲဒါ ကျွန်တော်တို့ရဲ့ အိမ်ပဲလေ ..." 


ရမ်ရှန့်က ပြောလိုက်သည်။ ဖက်ဒရယ်သည် ဤကမ္ဘာသို့ ရောက်လာပြီးနောက် ပထမဆုံး‌ တွေ့ဆုံခဲ့ရသည့်နေရာဖြစ်သည်။ မူလက ထိုနေရာအပေါ်  ငြိတွယ်စိတ် မရှိသော်ငြား ယခုမူ အလွန် လွမ်းဆွတ်လာမိတော့သည်။ 


"ကျေးဇူးတင်ပါတယ် ..." 


ကျောက်လင်းယွီက ပြောလိုက်သည်။ ပူးပေါင်းမှုအတွက် ထောက်ပံ့ပေးရမည့် ဆေးလုံးအားလုံးမှာ ရမ်ရှန့်ထံတွင်သာ မူတည်နေပေသည်။ 


အင်ပါယာနှင့် ပူးပေါင်းမှုမှာ နှစ်ရှည်စီမံကိန်းဖြစ်၍ အင်ပါယာကြယ်ပေါ်ရှိ မြေပမာဏ အများအပြား သူတို့အပိုင်ဖြစ်သွားသည်မှလွဲ၍ ပြောင်းလဲမသွားချေ။ ရက်အနည်းငယ်ကြာပြီးနောက် ရမ်ရှန့်သည် ကွန်ယက်မက်ခါပြိုင်ပွဲသို့ သွားရောက်ရန် လိုအပ်ကြောင်း အကြောင်းကြားစာ ရလာတော့သည်။ 


ကလေးများနှင့်သာ အချိန်ဖြုန်းနေရသည့်အတွက် မက်ခါမောင်းရန် တစ်နေ့လျှင် နာရီအနည်းငယ်မျှသာ အချိန်ပေးနိုင်သော ရမ်ရှန့်မှာ အွန်လိုင်းပေါ်ရှိ သတင်းများကို အာရုံစိုက်နေရန်ပင် အချိန်မရှိတော့ချေ။ သို့သော် ပြိုင်ပွဲကိုတော့ တက်ရောက်ရမည်ဖြစ်သဖြင့် ပြိုင်ပွဲကျင်းပရာသို့ အလျင်အမြန် ထွက်လာလိုက်တော့သည်။ 


ကျင့်ကြံရေးလောကရှိ ပြိုင်ပွဲများတွင် ကံတရားကိုပါ ထည့်တွက်ရသော်ငြား လောယာအင်ပါယာတွင်တော့ မလိုအပ်ချေ။ နှစ်ယောက်ချင်း အနိုင်တိုက်ပြီးနောက် ကျန်ရှိနေသူများသည် လူတစ်ရာအနက် မည်သူက နောက်ထပ်ပွဲစဉ်ကို တက်လှမ်းနိုင်မလဲ ဆုံးဖြတ်သည့် ပြိုင်ပွဲအချို့ကို ယှဉ်ပြိုင်ရဦးမည်ဖြစ်သည်။ ဤစည်းမျဉ်းမှာ အလွန်မျှတသော်ငြား ပြီးခဲ့သည့်တိုက်ပွဲတွင် သူနှင့် တိုက်ခိုက်ခဲ့သူများက တိုက်ရိုက်အရှုံးပေးနေကြရာ ရမ်ရှန့်သည် သူ့ကိုယ်သူပင် အနိုင်ရရန် အရွယ်မရောက်သေးသူဟူသည့် နာမည်ကိုသာ မှီခိုနေသူဟု ခံစားလာရတော့သည်။ 


ကူကယ်ရာမဲ့စွာဖြင့်ပင် ရမ်ရှန့်လည်း ဒုတိယပွဲစဉ်ကို ယှဉ်ပြိုင်ရန် ပြင်လိုက်တော့သည်။ အကြီးဆုံးသား ပြန်ရောက်လာမှုကြောင့် စိတ်အခြေအနေမှာ အမြင့်ဆုံးအထိ မြင့်တက်နေသော်ငြား ကွင်းထဲသို့ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ့ပြိုင်ဘက်၏ လုပ်ရပ်ကြောင့် ဒေါသတို့ အစပျိုးလာတော့သည်။ 


"အသက်မပြည့်သေးတဲ့ကောင်လေး ..." 


ထိုသူက မက်ခါကို အဝေးသို့ လွှင့်ပစ်ကာ ရမ်ရှန့်ကို လက်ပိုက်ကြည့်ရင်း ဟမ့်ခနဲ လှောင်ပြောင်လိုက်သည်။ 


"အသက်မပြည့်သေးတဲ့သူကို ဝင်ပြိုင်ခိုင်းတယ် ဒါက ပြိုင်ပွဲသမိုင်းတစ်လျှောက် အဆိုးဆုံး မတရားမှုပဲ ငါ အရှူံးပေးတယ် ..." 


ရမ်ရှန့်၏ စိတ်ကောင်းဝင်မှုတို့မှာ လွင့်စင်သွားရှာတော့သည်။ သူ့အရည်အချင်းများကို သွေးရန် ပြိုင်ပွဲဝင်ပြိုင်ခဲ့သော်ငြား ပြိုင်ဘက်များက တစ်ယောက်ပြီးတစ်ယောက် အရှုံးပေးလာသည့်အတွက် နည်းလမ်းတစ်မျိုး အပူတပြင်း လိုအပ်လာတော့သည်။ 


ထိပ်ဆုံးနေရာအတွက် တိုက်ခိုက်ချိန်တွင် သူ့အပေါ် မညှာတာကြသည့်တိုင် ရှုံး‌နိမ့်ပါက အရည်အချင်းမရှိဟု ပြောကြကာ နိုင်သွားလျှင်လည်း ပြိုင်ဘက်က ပေါ့လျော့ပေး၍ဟု ဆိုလာကြပြန်သည်။ သူ့ကို အရှုံးပေးလိုက်သည့်ပြိုင်ဘက်က အခြားသူများကိုတော့ အားသွန်ခွန်စိုက် တိုက်ခိုက်နေကာ တိုက်ပွဲမှာလည်း အလွန်ပြင်းထန်ကြောင်း တွေ့လိုက်ရသည့်အခါ ရမ်ရှန့်မှာ မျက်မှောင်တို့ကို တွန့်ခေါက်ထားမိတော့သည်။ 


တစ်ချိန်တည်းတွင်ပင် အမည်မဲ့ဖိုရမ်၏ ချဉ်စူးနေသော ပို့စ်များစွာအနက် တစ်ခုမှာ တင်လျှင်တင်ချင်း အများ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရတော့သည်။ 


"အသက်မပြည့်သေးတဲ့သူ ဖြစ်ရတာ ကောင်းကျိုးတွေ များချက်ပဲ ကွန်ယက်မက်ခါပြိုင်ပွဲရဲ့ နောက်ချန်ပီယံအသစ်တွေအားလုံးက အသက်မပြည့်သေးတဲ့သူတွေပဲ ဖြစ်လာတော့မလားတောင် မသိတော့ဘူး ..." 


ထိုပို့စ် တက်လာသည်နှင့်တစ်ပြိုင်နက် ရမ်ရှန့်ကို ပြိုင်ဘက်များက အရှုံးပေးနေသည့် ဗီဒီယိုနှစ်ခုကို မူရင်းပိုစတာ စာသားများနှင့် တွဲကာ တင်လိုက်ကြတော့သည်။

134.2


"ကွန်ယက်မက်ခါပြိုင်ပွဲမှာ ပွဲစီစဉ်သူတွေက တကယ်ကြီး အသက်မပြည့်သေးတဲ့သူကို ဝင်ပြိုင်ခိုင်းတယ်ပေါ့ ငါတို့က ကလေးတွေကို ရိုက်ခွင့်ရှိလို့လား သေချာပေါက်ကို မရှိဘူးလေ ဒီလိုနည်းနဲ့ပဲ သူက အကြီးဆုံးဖျက်မြင်းဖြစ်လာပြီးတော့ ဖိုင်နယ်အထိ လူတိုင်းကို အရှုံးပေးခိုင်းတော့မှာပဲ ဘယ်သူကများ ဒီ အသက်မပြည့်သေးတဲ့တစ်ယောက်ကို ဝင်ပြိုင်ခိုင်းရတာလဲ ..." 


1 reply : အသက်မပြည့်သေးတဲ့သူ ဟုတ်လား သူ့ကို မက်ခါပြိုင်ပွဲ ဝင်ခွင့်ပေးတယ်ပေါ့ ဒါကြီးက တအား အန္တရာယ်များတာကြီးကို ဒီလိုပွဲမျိုးက အသက်မပြည့်သေးတဲ့သူ အကုန်လုံးကို ဘန်းလိုက်သင့်တာလေ ... 


2 reply : အသက်မပြည့်သေးတဲ့ ပြိုင်ပွဲဝင်တွေကို တကယ်ဘန်းလိုက်သင့်တယ် 


3 reply : အသက်မပြည့်သေးတဲ့သူတွေက ကောင်းကောင်းမဖွံ့ဖြိုးသေးဘူးလေ ပြီးတော့ မက်ခါလေ့ကျင့်ရေးဆိုတာ အရမ်း အန္တရာယ်များတာကို သူသာ အရိုက်‌ခံရရင်လည်း အဆုံးသတ်က လှမှာ မဟုတ်ဘူး တော်သေးတာပေါ့ တစ်ခြားသူတွေက အရှုံးပေးလိုက်ကြလို့ 


...


15 reply:မွေးဖွားနှုန်းက နိမ့်တယ်ဆိုပေမယ့်ကွာ တစ်ချို့တစ်ချို့တွေက အရမ်းကို တစ်ဖက်စောင်းနင်း ဖြစ်လွန်းတယ် ကလေးတွေဆိုတာနဲ့ အလိုလိုက်တာများ အထိန်းအကွပ်မဲ့ပဲ ဒီလိုကလေးမျိုးဆိုလေ ပြိုင်ပွဲဝင်ပြိုင်ဖို့ တားမြစ်လိုက်သင့်တာကွာ သူက အသက်မပြည့်သေးလို့ အန္တရာယ်များလို့ ဆိုတာတင်မကဘူး သူလုပ်လိုက်တာ ပြိုင်ပွဲရဲ့ အနှစ်သာရပါ ပျောက်သွားပြီ 


16 reply: အပေါ်ထပ် +1 သူက အသက်မပြည့်သေးတာ‌နဲ့ပဲ တစ်ခြားသူတွေက အရှုံးပေးရရောလား ဒါဆို တစ်ခြားပြိုင်ပွဲဝင်တွေအတွက် မျှတတယ်တောင် ပြောလို့ရပါတော့မလား 


....


157 reply :ငါသာ ပြိုင်ပွဲဝင်ဆို ဂရင်တန်နဲ့ မတွေ့ဖို့ပဲ ဆုတောင်းနေမိတော့မှာ တော်တော်ကို ကံဆိုးတဲ့သူတွေမှပဲ သူနဲ့ တွေ့ကြမှာပဲ သူ့ကို ရိုက်လည်း မရိုက်နိုင်ဘူးလေ တကယ်လို့ ရိုက်ကြည့်လိုက်ပါလား နောင်တစ်ချိန် ပြဿနာ မရှာပါဘူးလို့ ဘယ်သူ အာမခံရဲလဲ 


158 reply: ငါ ဂရင်တန်နဲ့‌ တွေ့ဖူးတယ် သူက တကယ်ကို‌ လေးနက်တဲ့လူနော် ပြိုင်ပွဲမစခင်ကတည်းက ဆရာကြီးတစ်ယောက်ကို အနိုင်တိုက်နိုင်နေပြီးသား သူ့အရည်အချင်းနဲ့ဆို အလကားနေရင်း အဆင့်တက်ပေးလိုက်တာမျိုး လိုကိုမလိုဘူး 


159 reply: အပေါ်ထပ်ရေ လာနောက်နေတာလား သူ့ရဲ့ ပထမဆုံး ပြိုင်ဘက်က သူ့အသက်ထက် အပြန် ၂၀ လောက် ပိုကြီးတဲ့အပြင် မက်ခါကိုလည်း နှစ်တွေ ရာနဲ့ချီပြီး လေ့လာထားတာနော် သူ့ကို မရိုက်နိုင်တာ မဟုတ်ဘူး ပဝါကိုပစ်ပြီး အရှုံးပေးလိုက်လို့ မတိုက်ခိုက်နိုင်တာဟဲ့ 


..... 


898 reply: လောကကြီးက အသက်မပြည့်သေးတဲ့ ပေါက်စတွေကို မရပ်တန့်ပေးတော့ဘူးလား 


899 reply: ကလေးတွေက စိတ်ပျက်စရာ အကောင်းဆုံးပဲ 


... 


ပို့စ်အောက်ရှိ မှတ်ချက်များမှာ များသည်ထက် များလာပြီး ရမ်ရှန့်ဘက်မှ ကူပြောပေးသူ အရေအတွက်မှာမူ မရှိသလောက်ပင် နည်းပါးသွားတော့၏။  


အချို့လူများက အသက်မပြည့်သေးသည့် ကလေးကို အပြစ်မတင်သင့်ဟု ခံစားမိကြသော်ငြား တစ်ချိန်တည်းတွင်ပင် သူ့ကို ဝင်မပြိုင်သင့်ဟုလည်း ပြောလိုနေကြပေသည်။ 


ရမ်ရှန့်က ထိုပို့စ်အကြောင်း မသိသေး။ အစောပိုင်းက စိတ်မကြည်မလင် ဖြစ်ခဲ့သေးသည့်တိုင် သူ့ကလေးများကိုလည်း ဂရုစိုက်ပေးနေရသေးသည့်အတွက် အွန်လိုင်းပေါ်တွင်သာ အမြဲနေနေရန် အချိန်မရှိပေ။ သို့သော် သူမသိသည့်တိုင် အခြားသူများကတော့ သိကြပေသည်။ အကြီးအကဲထန့်သည် အွန်လိုင်းကို အများဆုံးသုံးသူဖြစ်ကာ သူ၏ အချိန်အများစုကို သရုပ်ပြကွန်ယက်တွင်သာ ကုန်ဆုံးတတ်ပေသည်။ ဤသည်မှာလည်း မက်ခါအကြောင်း လေ့လာလို၍ မဟုတ်ဘဲ ဖက်ဒရယ်တွင် ပြန်အသုံးပြုနိုင်မည့် အချက်အလက်များကို ရှာဖွေနေ၍ဖြစ်သည်။ 


သို့သော် ရမ်ရှန့်နှင့် လေ့ကျင့်ရေးအခန်းထဲတွင် အတူရှိခဲ့သော မက်ခါကို နှစ်သက်သူအချို့နှင့်လည်း မိတ်ဖွဲ့နိုင်ခဲ့ပေသည်။ 


"ဂျေး ဒီ အမည်မဲ့ဖိုရမ်မှာ ဂရင်တန်အကြောင်း တင်ထားတယ် ..." 


မြစိမ်းရောင်ဆံနွယ်နှင့် အမျိုးသမီးက သူ့ကို ဆက်သွယ်လာသည်။ 


"အမည်မဲ့ဖိုရမ် ဟုတ်လား ..." 


အကြီးအကဲထန့်မှာလည်း ထိုအကြောင်းကို မသိသေးချေ။ 


"ညာဘက် အပေါ်နားက ပုံလေးကို နှိပ်ကြည့်လိုက်ရင် တွေ့လိမ့်မယ် ..." 


မိန်းမလှလေးက ဆံပင်ကို လှန်တင်ရင်း ပြောလိုက်သည်။ 


"ဒီ ခွေးကောင်တွေကတော့ သူတို့က ဂရင်တန် ဘယ်လောက် ကြိုးစားလဲဆိုတာ မသိဘဲနဲ့ သွားပုတ်လေလွင့် ပြောရဲသေးတယ်ပေါ့ ရွံစရာကောင်းလိုက်တာ ..." 


"ငါ ကြည့်ကြည့်လိုက်ဦးမယ် ..." 


အနည်းငယ် ရှာဖွေပြီးနောက် ဖိုရမ်ရှိ ပို့စ်ကို တွေ့သွားသော အကြီးအကဲထန့်လည်း ဖန့်ချန်ကျွင့်ကို ဆက်သွယ်လိုက်ပြန်သည်။ 


"ရမ်ရှန့်က တကယ်ကို သန်မာတာလေ ဒီလူတွေက သူ့ခြေဖျားတောင် မမီပေမယ့် ခွန်အားကို ပြခွင့်လည်း မပေးချင်ကြဘူး ..." 


ဖန့်ချန်ကျွင့် မျက်မှောင်ကြုတ်လိုက်သည်။ 


"ကြည့်ရအောင် ... ဒါကို ကျွန်တော်တို့ မဖြေရှင်းနိုင်ပေမယ့် Crohn ဆိုရင်တော့ ပြဿနာ မရှိလောက်ဘူး ..." 


လတ်တလောတွင် Crohn သည် ကျောက်လင်းယွီနှင့် အတူတူ အလုပ်လုပ်နေသည့်အတွက်  ရမ်ရှန့် အနိုင်ကျင့်ခံရသည်ကို လက်ပိုက်ကြည့်နေမည် မဟုတ်ချေ။ ဖန့်ချန်ကျွင့်၏ မျက်လုံးတို့ ဝင်းလက်သွားကာ ကွန်ယက်မှ ထွက်ခွါပြီး Crohn ကို စာပို့လိုက်သည်။ 


ထို့နောက် သူက ဓာတ်ခွဲခန်းထဲသို့ သွားကာ Gerd ၏ အလုပ်များ လက်စသတ်ပြီးချိန်တွင် ပြောလိုက်သည်။ 


"မင်းမှာ ကိုယ်ဝန်ရှိနေပြီဆိုတော့ အကြာကြီး ထိုင်မနေနဲ့တော့ လာ လာ နည်းနည်းလောက် အနားယူရအောင် ထလိုက်တော့ ..." 


ထိုသို့ပြောရင်း သူ့လက်ကို Gerd ၏ ဗိုက်ပေါ်သို့ တင်လိုက်သည်။ Gerd ၏ ဗိုက်မှာ သိသိသာသာ ထွက်လာပြီ ဖြစ်သည့်အတွက် သူက မျက်မှောင်ကြုတ်ကာ ငုံ့ကြည့်လိုက်သည်။ 


"ရှေ့လနည်းနည်းလောက်ဆိုရင် ခွဲထုတ်လို့ ရလောက်ပြီဆိုလို့သာ တော်သေးတာပေါ့ မဟုတ်ရင် ငါတော့ မတ်တပ်ကို ရပ်နိုင်တော့မှာ မဟုတ်ဘူး ..." 


လောယာအင်ပါယာ၏ လက်ရှိနည်းပညာအရ လေးလသားအရွယ် သန္ဓေသားသည် မိခင်၏ ဝမ်းဗိုက်မှ ဖယ်ထုတ်လိုက်သည့်တိုင် အသက်ရှင်နိုင်နေပြီဖြစ်ကာ သာမန်သူများမှာမူ ပို၍ပင် ဖြစ်နိုင်သေးသည်။ သို့သော် ကလေး၏ ကျန်းမာရေးကြောင့်သာ ချက်ခြင်း ခွဲမထုတ်ဘဲ လအနည်းငယ် ထားထားခြင်းဖြစ်သည်။ 


"သူတို့က လှုပ်နေတယ် ..." 


ဖန့်ချန်ကျွင့်က အလန့်တကြား ပြောလိုက်သည်။ 


"သိသားပဲ ..." 


Gerd ကမူ စိတ်လှုပ်ရှားဟန်ပင် မပြ။ သူက အခြားအရာတစ်ခုကိုသာ ပိုပြီး အာရုံစိုက်နေပေသည်။ 


"ဗိုက်ဆာပြီ ..." 


ဖန့်ချန်ကျွင့်က ကိုယ်ဝန်ဆောင်ထားသော ခင်ပွန်းအတွက် စားစရာ ပြင်ဆင်ပေးနေချိန် ပို့စ်ကို ဖတ်မိသွားပြီဖြစ်သော Crohn မှာလည်း အလွန် စိတ်အနှောင့်အယှက် ဖြစ်နေတော့သည်။ 


ရမ်ရှန့်က သူတို့အားလုံးရဲ့ ရတနာလေးလေ ဘယ်က သတ္တိကောင်းနေတဲ့ကောင်ကများ သူ့ကို အနိုင်ကျင့်ရဲရတာလဲ သူ့အနေနဲ့ တစ်ခုခုကို မဖြစ်မနေ လုပ်မှ ရတော့မယ် ကျောက်လင်းယွီက သူတို့နဲ့ ပူးပေါင်းနေပြီဆိုတော့ သိပ်မကြာခင် သူ့သရုပ်မှန်ကို ချပြရတော့မှာပဲလေ ဒီလိုဆိုမှတော့ သူကပဲ လက်ဦးမှုယူပြီး အဲဒီ့လူတွေကို သတိပေးလိုက်မှပဲ ... 


အင်တာနက်မက်ခါပြိုင်ပွဲတွင် အရွယ်မရောက်သေးသူများကို ယှဉ်ပြိုင်ခွင့်မပြုဟု ကန့်သတ်မထားသော်ငြား ကလေးသူငယ်များကို တင်းတင်းကြပ်ကြပ် အကာအကွယ်ပေးထားသည့် ဥပဒေကြောင့် မည်သူကမှ ဝင်မပြိုင်ခဲ့ဖူးချေ။ ရမ်ရှန့်ကသာ ပထမဆုံးဖြစ်သည်။ ဖက်တီးက သူ့ကို ဝင်ပြိုင်ခိုင်းစေသည်မှာလည်း အရည်အချင်း ရှိကြောင်း မြင်နေရသည့်အတွက် ထွန်းတောက်လာစေရန်ဖြစ်သည်။ သို့သော် ရမ်ရှန့်မှာ ယှဉ်ပြိုင်ကာ သူ့အရည်အချင်းကို ချပြရမည့် အခွင့်အရေးပင် မရခဲ့‌သည့် အဖြစ်မျိုး ကြုံလာရလိမ့်မည်ဟုတော့ ထင်မထားမိပေ။ 


"ဖက်တီး ဒီကလေးကို မင်းပဲ ပြိုင်ဖို့ အကြံပေးခဲ့တာ ဆိုတော့ အခုကိစ္စကိုလည်း မင်းပဲ ဖြေရှင်းသင့်တယ် မဟုတ်လား ..." 


"သူ့ကြောင့် မေးခွန်းထုတ်တဲ့သူ များလာရင် ငါတို့ပြိုင်ပွဲကို ဆက်ကျင်းပဖို့ ခက်သွားလိမ့်မယ် ..." 


"ဟုတ်တယ် ငါတို့က အမြဲတမ်း မျှတဖို့ကိုပဲ ဦးတည်ခဲ့ပေမယ့် အခု လူတိုင်းက မမျှတဘူးလို့ ခံစားနေကြရပြီ အဲဒါကြောင့် ဒါကို ဖြေရှင်းမှ ဖြစ်တော့မှာ ..." 


"သူ့ကို ဆက်ပြီး ပြိုင်ခိုင်းဖို့ မဖြစ်နိုင်တော့ဘူး ..." 


....


Xxxxxxx